Monday, February 4, 2013

လွယ်မလိုနဲ့ ခက်၊ တိမ် မလိုနဲ့ နက် ... (၁)

by Ko Htike on Thursday, May 17, 2012 at 3:14am ·
 
ကျွန်တော် တွေးမိတာလေး တစ်ခု တင်ပြပါရစေ။ အတွေးကို တင်ပြတာ ဖြစ်ပါတယ်။ အမြင်တစ်ခုကို စဉ်းစားမိသလို ချရေးတာပါ။ အခုလို စကားချီနေရတာကလည်း .. ဒီကိစ္စကို အရမ်းကို ထိလွယ်၊ ရှလွယ်၊ ပြဿနာ ဖြစ်လွယ်ပြီး .. မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အဓိကကျတဲ့ ပြဿနာအဖြစ် ရေရှည် မှာ ပြောရ ဆိုရမယ့် ကိစ္စ ဖြစ်နေလို့ပါပဲ။ အဲဒါကတော့ နိုင်ငံသား အမှတ်အသား (political identity) ပြဿနာပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ ပုံစံ (Form) ဖြည့်ပြီးဆိုရင် .. နိုင်ငံ (Country of Origin) က .. Myanmar (ကျွန်တော်ကတော့ Burma လို့ ဖြည့်ပါတယ်။ စစ်အာဏာရှင်တွေ ပြောင်းချင်တိုင်း ပြောင်းတာကို လက်မခံတဲ့ သဘောပါပဲ။) လူမျိုးဆိုရင်တော့ ကျွန်တော့် အတွက်  ... Burmese ပေါ့၊ အခြားလူတွေကတော့ Mon ဖြစ်ချင် ဖြစ်မယ်၊ Chin ဖြစ်ချင် ဖြစ်မယ်။ တခုခုပေါ့။ Burmese, Mon, Chin, Kachin စသဖြင့် ကွဲနေတာဟာ တိုင်းရင်းသား အမှတ်အသား Ethinic identity ပေါ် မူတည် ကွဲနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံသား အမှတ်အသား (political identity) မရှိဘူး ဖြစ်နေတယ်။ (တိုင်းပြည်ရဲ့ သမိုင်းကို စစ်အာဏာရှင်တွေ ရှုပ်ထားခဲ့တော့ ပြဿနာက မရှင်းလင်းတာတွေ ပိုရှိလာပါတယ်။ ဒါကို (http://tinyurl.com/b4ervd7) အပိုင်း (၂) မှာ ဆက်ဖတ်နိုင်ပါတယ်။)

နိုင်ငံရေးမှာ ကိုယ်ပိုင် အမှတ်အသား (identity) ဟာ အရမ်း အရေးကြီးပါတယ်။ အဲဒီ identity  အားကောင်းနေရင် စည်းလုံးမှု တည်ဆောက်နိုင်ပြီး .. လွန်သွားရင် လူမျိုးကြီးဝါဒ အဖြစ် .. အန္တရာယ် ဖြစ်ပါတယ်။ အားနည်းနေရင်လည်း အကွဲကွဲ အပြဲပြဲ ဖြစ်သလို .. နိုင်ငံတစ်ခုတည်းမှာ အဲဒီ identity တွေ တန်းတူ သိပ်များနေရင်လည်း .. ညီညွတ်ရေး အားပျော့တာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် တသက်လုံး တောက်လျှောက် ဆွေးနွေး ပြောဆို ထိန်းသိမ်းနိုင်မှ တော်ကာ ကြမယ့် အခြေအနေ ဖြစ်ပါတယ်။

identity မှာ မျိုးစုံ ရှိပါတယ်။ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ နိုင်ငံ၊ အသားအရောင်၊ ဒေသစွဲ၊ ဘာသာစကား၊ စီးပွားရေး၊ အလုပ်အကိုင်၊ ကျား၊ မ ... စသဖြင့် အမျိုး စုံပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးမှာလည်း ဒီပြဿနာတွေဟာ နေ့တိုင်း ရင်ဆိုင်နေရာဖြစ်ပါတယ်။

တိုင်းရင်းသားတွေ ရပိုင်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုတာ ... တိုင်းရင်းသား အမှတ်အသား (ethinc identity) ပေါ် မူတည်ပြီး ဖြစ်လာတာ ဖြစ်ပါတယ်။ ဥပမာ ဗမာ လူမျိုးအချင်းအချင်း ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာ မရှိပါဘူး။ ဒီကြားထဲမှာ လူမျိုးရေး (ethnic identity) ပြဿနာထဲ အတင်းရောက်လာတာကတော့ ကတော့ "ရိုဟင်ဂျာ တိုင်းရင်းသား မဟုတ်" ဆိုတဲ့ ပြဿနာကို ကြည့်ရင် သိသာနိုင်ပါတယ်။ မကြာခင်ကပဲ ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီကို ခွင့်မပြုဆိုတာ .. အဲဒါ ethnic identity ပြဿနာပါပဲ။ (ဇိုမီး အမျိုးသား ကွန်ဂရက်ပါတီ ခွင့်မပြုတာဆိုတော့ ... ရိုဟင်ဂျာ ပါတီထောင်မယ်ဆိုလည်း ခွင့်ပြုမှာ မဟုတ်တာ သေချာပါတယ်။)

ဘာသာရေးမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယန်၊ မူစလင် ဆိုပြီး ဘာသာရေး identity ပေါ် မူတည်ပြီး ဘုရားကျောင်းဖျက်တယ်၊ ပလီဖျက်တယ် စသဖြင့် ပြဿနာတွေ မနည်းပါဘူး။ ကမ္ဘာမှာ ဘာသာရေး စစ်ပွဲတွေ ဆယ်ကြိမ်ကျော် ဖြစ်ခဲ့တာ သက်သေပါပဲ။ အယူဝါဒမှာလည်း စစ်ဝါဒ၊ အာဏာရှင်ဝါဒ၊ လစ်ဘရယ် ဒီမိုကရေစီ ဝါဒ၊ ဖက်ဒရယ်ဝါဒ၊ ကွန်မြူနစ် ဝါဒ စသဖြင့် .. ကိုယ်ရပ်တည်နေတဲ့ ဝါဒတွေရဲ့ identiy ပေါ် မူတည်ပြီး ပြဿနာ ဖြစ်နေတာလည်း နေ့စဉ်ပါပဲ။ ကမ္ဘာမှာလည်း ဒီပြဿနာဟာ အရမ်းကြီးမားပါတယ်။

ဒေသစွဲကလည်း .. တောင်ပေါ်က တိုင်းရင်းသား၊ မြေပြန့်သား၊ အညာသား၊ ရန်ကုန်သား၊ တောနယ်ကလူ .. စသဖြင့် .. ဒေသ identity ပေါ် မူတည်ပြီး ပြဿနာလေးတွေလည်း ရှိကြပါတယ်။ ဘာသာစကားမှာလည်း တိုင်းရင်းတစ်မျိုးတည်းမှာတင် ဘာသာစကား identity ပြဿနာကလည်း မသေးပါဘူး။ တိုင်းရင်းသား ပေါင်းစုံဆိုတော့ ပိုဆိုးပါတယ်။ လူချမ်းသာ လူတန်းစား၊ ဆင်းရဲသား စတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် identity ပြဿနာ၊ ကျား မ ခွဲခြားတဲ့ ပြဿနာ .. စတဲ့ ပြဿနာ အကုန်လုံးဟာ မိမိရှိနေတဲ့ identity နဲ့ အခြား identity တွေရဲ့ မတူညီမှုပေါ် အခြေခံပြီး ဖြစ်လာတဲ့ identity ပြဿနာတွေဆိုတာ ငြင်းမရပါဘူး။

အဲဒီလို Identity ပြဿတွေ အများကြီးထဲကမှာ ... အခြား ပြဿနာတွေ ခဏ ထားပြီး .. မြန်မာပြည်ရဲ့ အဓိက ပြဿနာ ဖြစ်လာနေတဲ့ ethnic identity နဲ့ national identity ကိစ္စကို အဓိက ပြောလိုပါတယ်။ ethnic identity ကတော့ အခု ဖြစ်နေတဲ့ တိုင်းရင်းသား အရေး ကိစ္စတွေ ဖြစ်ပြီး၊ ဖြေရှင်းနေကြဆဲလည်း ဖြစ်ပါတယ်။ နိုင်ငံသား ပြဿနာကတော့ သတ်မှတ်ချက်ကို မရှိသေးတာဖြစ်ပါတယ်။

ကျွန်တော်တို့ကို ဘယ်နိုင်ငံသားလို့ သတ်မှတ်မလဲ။ အဲဒါ အခက်အခဲ ဖြစ်လာပါတယ်။ လူမျိုးကတော့ .. မိမိ လူမျိုးပေါ့၊ နိုင်ငံကတော့ မြန်မာပြောပြော .. ဘားမား ပြောပြော ဖြစ်ပါတယ်။ နိုင်ငံသား အကုန် ခြုံပါတဲ့ ... နိုင်ငံသား ဆိုတာ မရှိဘူး ဖြစ်နေပါတယ်။

ဥပမာ .. စကော့လူမျိုး ဖြစ်ဖြစ်၊ အင်္ဂလိပ် လူမျိုး ဖြစ်ဖြစ်၊ ... သူ့ political Identity က British ဖြစ်ပါတယ်။ U. S မှာလည်း ဘယ်လူမျိုးကို အခြေခံပါလေ့စေ ... သူ့ political identity က American ဖြစ်ပါတယ်။ အလားတူ Indian, Singaporian, Japanese, Chinese, Swedish  စသဖြင့် ရှိကြပါတယ်။  မြန်မာနိုင်ငံမှာရော ...... ။ တိုင်းရင်းသားဆို .. ဗမာ၊ ရှမ်း၊ ရခိုင် လုပ်လို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံသားဆို သတ်မှတ်ချက် မရှိတော့ပါဘူး။

ဒါကြောင့် ဘယ်တိုင်းရင်းသားကို အခြေခံတာပဲ ဖြစ်ဖြစ် ... နိုင်ငံသားကို "Myanmese" လို့ သတ်မှတ်ကြမှာလား ဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ ဒါဟာ ရုတ်တရက် ကြည့်ရင် "နာမည်လေး တစ်ခုပါပဲကွာ" လို့ ပြောစရာ ဖြစ်ပေမယ့် ... ကမ္ဘာမှာ British တွေဟာ သူတို့ နိုင်ငံသားကို မတရားထိခိုက်ရင် အစိုးရရော .. ပြည်သူတွေကပါ မခံကြပါဘူး။ ဒါဟာ နိုင်ငံသား သတ်မှတ်မှု (Political identity) ပေါ် မူတည်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား (ethnic) ကတော့ အင်္ဂလိပ် လူမျိုး ဖြစ်ဖြစ်၊ အိန္ဒိယ လူမျိုး ဖြစ်ဖြစ် ပါ။ British ဖြစ်ခဲ့ရင် .. British identity ပေါ်မှာ တည်မှီပြီး ဆုံးဖြတ်ပါတယ်။ ဒီပေါ်ကနေ စည်းလုံးရေးကို တည်ဆောက်ယူပါတယ်။ ဒီအပေါ်ကနေ ညီညွတ်မှုကို တည်ဆောက်ပြီး ပြဿနာ တစ်ချို့ကို ပြေလည်စေပါတယ်။ ဒီအတွက် လိုအပ်ရင် အခြား နိုင်ငံသားတွေနဲ့ စစ်ပွဲတောင် ဆင်နွဲမယ်ဆိုတဲ့ အတွေး ရှိကြပါတယ်။ အမေရိကန်လည်း အလားတူပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံသား ပြဿနာဟာ "Myanmese" ဖြစ်သင့် မဖြစ်သင့် တွေးမိပြီး  .. လွယ်မလိုနဲ့ ခက်၊ တိမ် မလိုနဲ့ နက်နေပါကြောင်း ...

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...