Tuesday, February 5, 2013

အသံ (၂)

by Nay Myo on Monday, February 4, 2013 at 8:43am ·


“ခင်ဗျားတို့ ဗမာကို မမုန်းနဲ့ မပြောပါဘူး။ မုန်းပါ…မုန်းခွင့်လဲ ရှိပါတယ်။ ဒါပေမဲ့ အဆင့်အတန်းရှိရှိလေး မုန်းမှပေါ့ဗျာ။ ကျွန်တော် စာလာသင်တာ မကြိုက်ရင် ကျွန်တော့်လို သင်နိုင်အောင်လုပ်ပေါ့။ အဲဒါဆို ခင်ဗျားတို့ မကြိုက်တဲ့ ဗမာကိုလဲ မြင်စရာမလိုဘူး။ ဒေသခံတွေလဲ မနစ်နာဘူး။ အခုတော့ ကောင်းတဲ့ဗမာ တစ်ယောက်မှ မရှိဘူး၊ ရှိတဲ့ဗမာတွေလဲ တစ်ယောက်မှမကောင်းဘူးဆိုပြီး ဆဲနေတာပဲ ရှိတယ်။ ဗမာမှန်သမျှ ထိုင်ဆဲနေရုံ၊ အရက်သောက်ပြီး ဂစ်တာတီးနေရုံ၊ ဘိန်းစိုက်နေရုံနဲ့တော့ ခင်ဗျားတို့ဒေသရော၊ လူမျိုးရော ဘာမှဖြစ်လာမှာ မဟုတ်ဘူး။”


ပြီးခဲ့တဲ့ (၅) နှစ်ခန့်က တိုင်းရင်းသားဒေသတစ်ခုမှာ ကျွန်တော်ပြောခဲ့တဲ့ စကားတွေပါ။ တစ်နှစ်နီးပါးလောက် အခမဲ့စာသင်ပေးနေတဲ့သူတစ်ယောက်ကို ဗမာမှန်းသိတော့ မကြည်လင်ကြပါဘူး။ ရန်ကုန်ကလာတယ် ဆိုတာလဲသိရော ပေါ်တင်ပဲ ပြဿနာရှာကြပါတယ်။ သည်းခံပါတယ်။ ထပ်ပြီး ပြဿနာရှာကြပြန်ပါတယ်။ ထပ်ပြီး သည်းခံပါတယ်။ ထပ်ခါ ထပ်ခါ ပြဿနာရှာကြပါတယ်။ သည်းမခံနိုင်တဲ့အဆုံးမှာတော့ ကျွန်တော်လဲ ပေါက်ကွဲမိပါတော့တယ်။
---------------------------------------------------------------------------------------------------------------------

အားလပ်တဲ့အချိန် မေးလ်စစ်ဖို့၊ သတင်းဖတ်ဖို့အတွက် အွန်လိုင်းပေါ်တက်လိုက်ရင်ပဲ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲထက် ပိုမိုပြင်းထန်တဲ့ အွန်လိုင်းတိုက်ပွဲ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တိုက်ပွဲကို တွေ့ရတော့တာပါပဲ။ အစိုးရဘက်ရော၊ KIO/KIA ဘက်ကပါ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ ၀ါဒဖြန့်နေကြတာ စိတ်ပျက်ဒေါသထွက်စရာကောင်းသလို၊ ရယ်စရာလဲ ကောင်းလှပါတယ်။ အဆိုးဝါးဆုံးကတော့ လေဖမ်းဒါန်းစီးပြီး အွန်လိုင်းတိုက်ပွဲဆင်နွှဲနေကြတဲ့ ဗမာ နဲ့ ကချင်များပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နှစ်ဘက်စလုံးကို မေးကြည့်ချင်တဲ့ မေးခွန်းလေးတွေ၊ ပြောချင်တဲ့ စကားလေးတွေ ပေါ်လာပြန်ပါတယ်။ (အပြင်မှာသွားပြီး ဘန်ကီမွန်း လုပ်လိုက်တာ ကချင်တွေကလဲ ဒီကောင် ဗမာဆိုတော့ သူတို့ဗမာဘက်ကပဲ ပါတယ်၊ ဗမာတွေကလဲ ဒီလောက် အလကားနေရင်း သိမ်းကြုံးဆဲခံနေရတာတောင် ကချင်တွေဘက်ကပါတယ်ဆိုပြီး မကြည်ကြတော့ အွန်လိုင်းပေါ်ကနေပဲ မေး/ပြော ကြည့်ပါရစေ။ :P )

ဒီနေရာမှာ ရှင်းအောင်ကြိုတင်ပြောထားချင်တာက အစိုးရတပ်က ဘယ်လို၊ KIO/KIA က ဘယ်ဝါ စသည်ဖြင့် ငြင်းခုံလိုခြင်းမဟုတ်ဘဲ ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေဇာပင်ဖြစ်နေရရှာတဲ့ အပြစ်မဲ့ပြည်သူလူထု အတွက်သာ ရည်ရွယ်လိုရင်း ဖြစ်ပါတယ်။

ဒီလိုတစ်ဖက်နဲ့ တစ်ဖက် အွန်လိုင်းပေါ်ကနေ အပြန်အလှန်ဆဲဆိုနေကြခြင်းအားခြင့် မည်သည့် အကျိုးကျေးဇူးများ ရရှိသွားနိုင်ပါသလဲ။ အစိုးရတပ်နဲ့ KIO/KIA အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ လျော့ကျသွားမှာလား၊ ဒုက္ခသည်တွေအတွက် စွန့်ပစ်ထားခဲ့ရတဲ့ မိမိအိုးအိမ်တွေမှာ ပြန်လည် နေထိုင်နိုင်မှာလား၊ ဒုက္ခသည်ကလေးတွေ စာသင်ကျောင်းတွေမှာ ပြန်လည်သင်ကြားခွင့် ရနိုင်မှာလား။ အနည်းဆုံး ဒုက္ခသည်စခန်းထဲကသူတွေအတွက် ထမင်းတစ်နပ်စာ ပိုထွက်လာမယ်ဆိုရင်တောင် ကျွန်တော်ကိုယ်တိုင် တစ်တပ်တစ်အားနဲ့ ပါဝင်အားဖြည့်ပြီး ဆဲပေးမှာ အသေအချာပါပဲ။ မည်သူတစ်ဦးတစ်ယောက် အတွက်မျှ ကောင်းကျိုးမရှိတဲ့အလုပ်ကို မည်သည့်အတွက်ကြောင့် ဇွဲနဘဲကြီးစွာ အုံနဲ့ကျင်းနဲ့ လုပ်နေကြသလဲဆိုတာကိုတော့ လုပ်နေသူတွေကိုယ်တိုင်သာလျှင် သိကြပါလိမ့်မယ်။

အလကားနေရင်း အဆဲခံနေရလို့ မခံမရပ်နိုင်ဖြစ်နေကြတဲ့ ဗမာများအနေနဲ့လည်း ကချင်ပြည်နယ်သာမက၊ ဒေသအသီးသီးမှာ (ဗမာအပါအ၀င်) တိုင်းရင်းသားအားလုံး ခံစားနေရတဲ့ ဒုက္ခတရားတွေကို မျက်မြင်ကိုယ်တွေ့  မကြုံတွေ့ဖူးရင်တောင်မှ စာနာစိတ်နဲ့ နားလည်ခံစားပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ၄ တန်းကလေးက ၃ တန်းကလေး၊ ၃ တန်းကလေးက ၂ တန်းကလေးကို စာပြန်သင်ပေးနေရတဲ့ ပညာရေးအခြေအနေတွေ၊ မည်သည့်ကျန်းမာရေး စောင့်ရှောက်မှုမျှမရှိလို့ မသေသင့်ဘဲ သေခဲ့ရတာတွေဟာ ပြည်နယ်တွေမှာသာမကဘဲ အညာ၊ မြေလတ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာပါ အများအပြားရှိနေတာ မှန်ပေမယ့် နှစ်ပေါင်း (၆၀) ကျော် စစ်ဘေးစစ်ဒဏ်ခံထားရတဲ့ ဘ၀တွေအတွက်တော့ ပိုမိုပြီး စာနာနားလည်ပေးနိုင်ဖို့ လိုအပ်သလို စစ်ပြေးဒုက္ခသည်တွေဟာ အင်တာနက်မသုံးနိုင်ဘူး ဆိုတာကိုလဲ သတိချပ်ကြစေချင်ပါတယ်။

ကချင်လူမျိုးတင် မကဘဲ၊ ဗမာ မဟုတ်တဲ့ အခြားတိုင်းရင်းသားအားလုံးကိုလဲ မေးကြည့်ချင်ပါသေးတယ်။ ဗမာပြည် (ပြည်မအား တိုင်းရင်းသားများအခေါ်) က မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပဲခူး၊ ပြည်၊ မကွေး၊ တောင်ငူနှင့် ပုသိမ် စတဲ့မြို့တွေမှာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ အများအပြားရှိကြပါတယ်။ ဗမာလူမျိုးတွေက မည်သည့်တိုင်းရင်းသားကိုများ ကချင်မို့လို့၊ ရှမ်းမို့လို့၊ ကရင်မို့လို့ဆိုပြီး  နှိမ်ချစော်ကား ဖူးပါသလဲ၊ ခွဲခြားဆက်ဆံဖူးပါသလဲ။ ရှိခဲ့ဖူးတယ်ဆိုရင် ကျေးဇူးပြုပြီး ပြောပြပေးစေလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့၊ နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသက တိုင်းရင်းသားတွေရဲ့ “စစ်တပ်နဲ့ ဗမာနဲ့ အတူတူပဲ” ဆိုတဲ့ အထင်အမြင် လွဲမှားမှုကို နားလည်ပေးနိုင်ပေမယ့် ကျည်ကွယ်မျက်ကွယ်က ဆူလွယ်နပ်လွယ် စကားတွေကိုတော့ ခံစားလို့မရတာလဲ အမှန်ပါပဲ။ “ဗမာအားလုံးကို သိမ်းကြုံးဆဲနေသူတွေ” နဲ့ “I will always be KIA”  ဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ လက်သီးလက်မောင်းတန်းနေသူတွေကို ကြည့်လိုက်ရင်လည်း အများစုဟာ ရပ်ဝေးမြေခြားမှာ ဆီဦးထောပတ်တွေ စားနေသူတွေ၊ ရန်ကုန်နဲ့ မန္တလေးမှာ လာနေတဲ့သူတွေချည်း ဖြစ်နေတာက စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ကချင်ပြည်နယ်က လူထုကို သရော်လှောင်ပြောင်နေသလိုဖြစ်နေပါတယ်။
၂၀၁၀ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်မှာ လူမှုရေးနဲ့ ပညာရေးသင်တန်းတစ်ချို့ ပေးနိုင်ဖို့အတွက် မြစ်ကြီးနားဒေသခံတစ်ချို့ကို မေးကြည့်ခဲ့ဖူးပါတယ်။ မြစ်ဆုံကို သိကြပါတယ်။ လိုင်ဇာကိုလဲ တရုတ်ပြည်ဘက် ထွက်ပေါက်ဖြစ်တဲ့အတွက် သိကြပါတယ်။ အင်ဂျန်းယန် ကျတော့ ကျွန်တော်မေးကြည့်မှ ကြားဖူးကြပါတယ်။ ဒုက္ခသည်စခန်းက ကလေးတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ အခြားပစ္စည်းများလိုအပ်နေလို့ မြစ်ကြီးနားက သူငယ်ချင်းအချို့ထံ အလှူခံကြည့်ရာမှာလည်း “နင့်ဆီမှာပိုနေရင် ငါတို့ဆီ ပြန်ပို့လိုက်ဦး” ဆိုတဲ့ စကားထက် ပိုကောင်းတဲ့ တုံ့ပြန်မှုမျိုး မရခဲ့ဖူးသေးပါဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ ကချင်ပြည်နယ်က သူတွေတင်သာမက အခြားနေရာဒေသ အတော်များများက သူတွေမှာလည်း ထိုနည်းလည်းကောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဥပမာ။        ။ စစ်တွေကနေ ရန်ကုန်ကို သင်တန်းလာတက်တဲ့သူက မြောက်ဦး လိုနေရာမျိုးကိုတောင်မှ ဘယ်လိုသွားရမှန်း မသိတာမျိုးတွေဟာ နာကျင်ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတွေပါ။

ကျွန်တော်မြင်တွေ့မိသလောက် အွန်လိုင်းပေါ်မှာ ဗမာနဲ့ ကချင် အပြန်အလှန်ဆဲနေကြတာကနေ သိသာထင်ရှားစွာ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်ကတော့ တစ်ခုပဲရှိပါတယ်။ ဘာလဲဆိုတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက်နှင့် ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းအချို့အတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်လာခြင်းပါပဲ။ အစိုးရတပ်နဲ့ KIO/KIA ကျွဲနှစ်ကောင်ခတ်တဲ့ကြားမှာ မြေဇာပင် ဖြစ်နေရရှာတဲ့ ကချင်ပြည်နယ် ဒေသခံလူထုအတွက်တော့ “နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း” ဆိုသလို ဖြစ်နေပါတယ်။ (သိသာထင်ရှားတဲ့ လက်တွေ့လုပ်ငန်း မရှိဘဲ အွန်လိုင်းသူရဲကောင်းသက်သက်လုပ်လိုခြင်းဟာ “၀ဲ” ရောဂါလို ကူးစက်ပြန့်နှံ့လွယ်သလို “သူခိုး” အဆင့်အတန်းလောက်ရှိတဲ့သူတွေပဲ လုပ်လေ့ရှိကြပါတယ်။ :P)

ပစ္စက္ခကာလမှာ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ KIO/KIA တို့ ပန်ဆန်းမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီထားပြီးဖြစ်ပေမယ့် ဆွေးနွေးပွဲရလဒ်ဟာ မည်သို့မည်ပုံဖြစ်လာမလဲဆိုတာ မည်သူမျှမပြောနိုင်သေးပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်သွားခဲ့ရင်တောင်မှ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ မူလအနေအထားတိုင် ပြန်လည်ရောက်ရှိနိုင်ဖို့ဆိုတာ အနည်းဆုံး နှစ်နဲ့ချီကြာမြင့်ပါလိမ့်မယ်။

အထက်မှာ ကျွန်တော်ရေးခဲ့သလိုပဲ ဗမာများအနေနဲ့လဲ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြသူအားလုံး သွေးသားညီရင်းအစ်ကိုတွေလို့ သတ်မှတ်ခံစားနိုင်ရင် ဖေ့စ်ဘွတ်ခ်မျိုးချစ်များရဲ့ ဆဲရေးမှုဒဏ်ကို လျစ်လျူရှုနိုင်ရပါမယ်။ ဗမာမဟုတ်သော တိုင်းရင်းသားအားလုံးနီးပါးက ထင်မြင်ခံစားနေကြသလို မဟာဗမာ ၀ါဒမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ဖို့ရာအတွက် ခန္တီစတရားဟာဖြင့် ပြည်ထောင်စုအတွင်းမှာ လူမျိုးကြီး (အင်အားအများဆုံး) ဖြစ်တဲ့ ဗမာလူမျိုးများအတွက် နောက်တစ်ခေါက်ပြန်ရနိုင်ဖို့ မလွယ်ကူတဲ့ အခွင့်အရေးတစ်ရပါပဲ။
ကချင်လူမျိုးများအနေနှင့်လည်း ဗမာများကို မည်သည့်နည်းနှင့်မျှ လက်ခံနှစ်သက်ခြင်းမရှိနိုင်လျှင် ရပ်ကွက်ထဲမှ အမူးသမားအော်ဆဲနေသကဲ့သို့ မည်သူ့ကို ရည်ရွယ်မှန်းမသိ၊ မည်သည့်အကြောင်းအရာကို ဆိုလိုမှန်းမသိနိုင်စွာ ဆဲရေးနေမည့်အစား “မင်းတို့ ဗမာတွေ လာလုပ်နေစရာ မလိုဘူး။ ငါတို့ ကချင်ပြည်နယ်က လူထုအတွက် လိုအပ်တာမှန်သမျှ ငါတို့လုပ်ပေးနိုင်တယ်” ဟူသော စိတ်မျိုးနှင့် ဆဲရေးခြင်းက ပိုမို၍ လက်တွေ့ကျပြီး အကျိုးရှိသော မျိုးချစ်စိတ်ကို သက်သေပြရာ ရောက်ပါလိမ့်မယ်။

၈၈ အရေးတော်ပုံကာလအတွင်းက “နိုင်မြန်မာ” ရေးစပ်ပြီး “သင်္ကန်းကျွန်းမြို့နယ် ကျောင်းသားသမဂ္ဂ” မှ ထုတ်ဝေခဲ့တဲ့ “ကမ္ဘာမကျေ မျိုးဆက်သစ်” သီချင်းခွေထဲမှ ယခုထိတိုင် စွဲကျန်နေတဲ့ စာသားတစ်ချို့ရှိပါတယ်။ “စစ်တပ်ထဲက ညီတော်၊ အစ်ကိုတော်တို့ရေ….ပြည်သူတွေဘက်လည်း ငဲ့ကြည့်ပါဦး” ဆိုတဲ့ စာသားပါပဲ။ ဖေ့စ်ဘွတ်ခ်ထက်က ညီတော် အစ်ကိုတော်များအနေနဲ့လည်း စစ်ဘေးစစ်ဒဏ်ခံ အပြစ်မဲ့ပြည်သူလူထုအတွက် ငဲ့ကြည့်သင့်ပါကြောင်း မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်တယ်ခင်ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...