ဒေါ်အောင်ဆန်းစုကြည် နဲ့  ကျွန်တော်တို့ ရွှေပြည်
၁၅ နှစ်သမီးကတည်းက
ရွှေပြည်ကထွက်ခွာခဲ့ရတဲ့ဘ၀မှာ အမေ့မျက်နှာတစ်ခုပဲ တစ်ကမ္ဘာပြုပြီးနေလာ ရင်းနဲ
့ ၁၉နှစ်အရွယ်မှာတော့အမေကိုပါထပ်မံစွန့် ခွာပြီး ရပ်ဝေးမြေခြားမှာ
ထပ်မံနေထိုင်လာခဲ့ရတာပါ။ နိုင်ငံခြားသားကိုယူဖြစ်ခဲ့ရတာတွေ
ဗိုလ်ချုပ်မျိုးဆက်ပြတ်တောက်ခဲ့ရတာတွေ အတွက်ကတော့ ကျွန်တော်တို့ အားလုံး
စိတ်မကောင်းဖြစ်ကြရ ၀မ်းနည်းကြရလည်း ပြန်ပြင်လို့ မရတဲ့ အရာတွေပဲ
ဘာကြောင့်ညာကြောင့်လို့ ပြောနေလည်း ဘာမှမထူးလာမယ့်အတူတူ အတိတ်မှာပဲ ထားခဲ့လိုက်ကြပါတယ် ။မဆလ ဖိနှိပ်မှုအောက်က မွန်းကျပ်လွန်းတဲ့ဘ၀တွေထဲ နေ့ စဉ်စားဖို့ ကလွဲလို့  ဘာကိုမှ စိတ်မ၀င်စားနိုင်တော့တဲ့ အခြေအနေမှာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့  မကျန်းမာမှုကြောင့် အိမ်ပြန်လာခွင့် ရခဲ့တဲ့ ဗိုလ်ချုပ်သမီးကို ပြည်သူမေတ္တာရရှိအောင် အဓိက အခန်းဏ္ဍကနေ ပံ့ပိုးစင်တင်ပေးခဲ့တဲ့သူကတော့ ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီး ပဲဖြစ်ပါတယ်။
အဲဒီအချိန်က ပေဖူးလွှာမဂ္ဂဇင်းတွေမှာ အခန်းဆက်ဆောင်းပါးတွေနဲ့  ဒေါ်ခင်ကြည် ဘယ်လို ဆင်းရဲချို့ တဲ့စွာ အထီးကျန်စွာ ကူဖော်လောင်ဘက် မဲ့စွာ နေနေခဲ့ရတယ်ဆိုတာကို ပြည်သူက စုပ်တသပ်သပ် ရှိခဲ့ရတာပါ ။ သားလေးတွေကို အမေမျက်စိအောက်မှာ သာသနာ့ဘောင်ကို သွတ်သွင်းချီးမြှင့်ပေးခဲ့တော့လည်း ပြည်သူက စိတ်မကောင်းခြင်းကြီးစွာနဲ့  အတူမျက်ရည် ၀ဲပေးခဲ့ကြတာပါ။ကလေးတွေဗမာစကားမတတ်ဘူးတို့  နိုင်ငံရေးကိုစိတ်မ၀င်စားပါဘူးတို့ ဆိုတဲ့ စိမ်းစိမ်းကားကား စကားတွေကိုလည်း သြော် ...ရင်ထဲမှာ စူးတွေပေါက်နေခဲ့လို့ ပဲရယ်လို့  ပြည်သူက မငြိုမငြင်ထွေးပွေ့ ပေးချင်ခဲ့ကြတာပါ ။ အဖေ့သွေးတွေပါနေခဲ့တာ ဗိုလ်ချုပ်သွေးတွေ စီးဆင်းနေခဲ့တာ ဒီတိုင်းပြည်နဲ့ ဒီပြည်သူကို အရေးဆို ဘယ်စွန့် ပစ်နိုင်မှာလည်းလို့  ကျွန်တော်တို့  ပြည်သူတွေ ယုံကြည်ထားခဲ့ကြပြီးသားပါ ။ ပြည်သူရဲ့ မျှော်လင့်ခြင်းတွေ အလကားမဖြစ်ခဲ့ကြပါဘူး ။ ပြည်သူကလိုအပ်နေတဲ့အချိန်မှာ ပြည်သူနဲ့ တစ်သားတည်း ရပ်တဲ့လမ်းကိုပြတ်ပြတ်သားသားရွေးခဲ့ပါတယ် ။ အရာရာကို စွန့် လွှတ်ပြီး ပခုံးပေါ်က သမိုင်းပေးတာဝန်ကို ၀န်ထမ်းပေးခဲ့ပါပြီ ။ ကျွန်တော်တို့ တိုင်းပြည် ဒီနေ့ ဒီအခြေအနေလေး လူးသာလွန့် သာရောက်ခဲ့ ရခဲ့ရတဲ့အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စွမ်းဆောင်မှု အနစ်နာခံမှု စိတ်ရှည် သည်းခံမှုတွေ မပါဘူးလို့  ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ကြပါဘူး ။ လိုချင်တဲ့ အနေအထားကို အပြည့် မရခဲ့ပေမယ့်လည်း အပြောင်း အလဲအတွက် ထပ်မံကြိုးစားဖို့ အခွင့်အလမ်းတွေ အများကြီး လမ်းစ ပေါ်ထွန်းလာခဲ့တဲ့ အခြေအနေသစ် တစ်ခုက အခု ကျွန်တော်တို့ ကို ဆီးကြိုနေခဲ့ပါပြီ ။
တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ရယ်လို့  စကားအဟောင်းကြီးကိုပဲ ပြန်သုံးရမလောက်ကို ကျွန်တော်တို့ တိုင်းပြည်ဟာ အခြေအနေသစ်မှာလည်း တိမ်းတိမ်းမူးမူးနဲ့  ဘာကိုယုံကြည်ရမှန်းမသိအောင်ဖြစ်နေဆဲပါ ။ဒီမိုကရေစီ ဆိုတာကြိးကို ဘာမှန်းမသိပဲ တစ်စိုက်မတ်မတ် တောင်းလာခဲ့ကြတဲ့ပြည်သူတွေ ရပြီလည်းဆိုရော ဘာလုပ်လို့  ဘာကိုင်ရမှန်းမသိ နဲ့  သိမ်းထားရမှာလိုလို စားပစ်ဝါးပစ်လိုက်ရမှာလိုလို ပျော်ရတော့မှာလိုလို ငိုပဲငိုရတော့မှာလိုလို နဲ့  သူခိုးရွှေရသလိုမျိုးထုတ်ပြရုံကလွဲလို့  ဘာတစ်ခုမှကို မလုပ်တတ် မကိုင်တတ် ရှိနေခဲ့ကြရတာပါ ။ အာဏာရှင်အောက် တစ်သွေးတစ်သံအောက်မှာနှစ်တွေအကြာကြီး နေလာခဲ့ကြရတော့ အမိန့် တွေနဲ့ နေသားကြနေကြရတဲ့ဘ၀မှာ ရုတ်တစ်ရက်ကြီး လွတ်လပ်သွားပြီလည်း ဆိုရော ဒီမိုကရေစီရဲ့ အနှစ်သာရကို ကျွန်တော်တို့ ပြည်သူတွေ ဘေးထွက်ဆိုးကျိုးကင်းကင်း အသုံးမချတတ်သေးပါဘူး ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မှုပုံရိပ်ကို ပြန်ကြည့်မယ်ဆိုရင် သာမာန် နိုင်ငံရေးခေါင်းဆောင်မဟုတ်ပဲ အမျိုးသားခေါင်းဆောင် နိုင်ငံ့ခေါင်းဆောင် အဖြစ်သတ်မှတ် တန်ဖိုးထားခဲ့ကြတာကို တွေ့ ကြရမှာပါ ။ တစ်နိုင်ငံလုံးက တစ်ညီတစ်ညွှတ်တည်း သတ်မှတ်ထားတဲ့ လူထုခေါင်းဆောင်ပုံရိပ်ပါ ။ ကျွန်တော်တို့ တိုင်းပြည်က ဖိနှိပ်မှုအဖုံဖုံကြားမှာ သက်ဆိုးရှည်ကြာနေလာ ခဲ့ကြရတာ ။ အဲဒိအတွက် ပွင့်ထွက်လာခဲ့တဲ့ ပြည်သူရဲ့  မျှော်လင့်ခြင်းတွေ လိုအင်ဆန္ဒတွေ တောင့်တ မှုတွေဖြစ်ချင်တာတွေကလည်း များလာခဲ့ကြရပါတယ် ။ ဖြစ်သင့်တာ ဖြစ်နိုင်တာထက်စာရင် ဖြစ်လိုတဲ့ ဆန္ဒတွေက အလျှံတညီးညီးနဲ့  သည်းမခံနိုင်အောင် တောက်လောင်လာနေခဲ့ကြတာပါ ။ ဒီအချိန်မှာ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သာမာန်လူသားတစ်ယောက်ဆိုတာကို မေ့ပြီး တန်ခိုးရှင်တစ်ယောက်လောက်နီးနီး အားကိုးမျှော်လင့်လာခဲ့ကြပါပြီ ။ သူ့ နေရာမှာနေကြည့်ဖို့ သူ့ နေရာကနေ၀င်ခံစားပေးဖို့  သူ နေနေ လုပ်ကိုင်နေရတဲ့အနေအထားကို သဘောပေါက်နားလည်ပေးဖို့ အတွေးမျိုး စိတ်ကူးမျိုးကိုယ်ချင်းစာနာမှုမျိုး မရှိခဲ့ကြပါဘူး ။ မြန်မာတွေက နဂိုကတည်းကိုက ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုကို အားသန်ခဲ့တာဆိုတော့အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို တန်ခိုးရှင်လောက်နီးနိး အုံဖွ မန်းပေးဖို့  ဖြစ်လိမ့်နိုးနိုး မျှော်လင့်ကြည့်ခဲ့ ဖြစ်ချင်ခဲ့ကြတာပါ ။ ဘဲအုပ်ကတစ်ရာနှစ်ရာဆိုသလို များမြောင်လှတဲ့ တိုင်းပြည်ရဲ့ အထွေထွေ ချို့ ယွင်းပျက်စီးမှုများကြားမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ယောက်တည်းပါ ။ ၀ါးအစည်းပြေသလို ဖွာထွက်နေတဲ့ အနားစများစွာမှာ အစတိုင်းကလည်း မဖြစ်မနေကို ဆုပ်ကိုင်ရမယ့်အခြေအနေပါ ။ ဒီအချိန်မှာ ပြည်သူတွေ မေ့နေတာက ဒေါ်အောင်ဆန်းစုကြည်ကလူသားပါ ။ သွေးနဲ့ သားနဲ့ ပဲ ဖွဲ့ စည်းတည်ဆောက်ထားတဲ့ လူသား စင်စစ်တစ်ယောက်ပါ ။ အခြေအနေကခွင့်ပြုထားသမျှထဲကပေးထားချက်အရပဲ ကစားနေရတဲ့ကစားကွက်ဆိုတာကို ကျွန်တော်တို့  ကြိမ်ဖန်များစွာ မေ့လျော့နေကြပါတယ် ။ သူဘယ်လောက်မောပန်းနေပြီလည်း သူဘယ်လောက်အားအင်ကုန်ခန်းနေပြီလည်း သူဘယ်လောက်နားချင်နေလိမ့်မလည်းလို့  ကျွန်တော်တို့  မတွေးမိကြပါဘူး ။ စဉ်းစားမပေးနိုင်ခဲ့ကြဘူး ။ တစ်ခုခုဆို ကျွန်တော်တို့  မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ကျွန်တော်တို့ ဖြစ်စေချင်တဲ့ အဖြေမထွက်ရင် ကျွန်တော်တို့ လိုချင်တာတွေ ချက်ချင်းမရရင် ကျွန်တော်တို့ ရဲ့  လူထုခေါင်းဆောင်ပင်ဖြစ်ပါစေ ဝေဖန်ကဲ့ရဲ့ ပြစ်တင်လိုက်ဖို့  အမနာပပြောဆိုလိုက်ဖို့  ရှုံ့ ချ ပစ်လိုက်ဖို့  ကျွန်တော်တို့ နည်းနည်းမှ မတွန့် ဆုတ်ခဲ့ကြပါဘူး ။
လက်ရှိအချိန်မှာ မြန်မာပြည်နဲ့ ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ထက် ပိုကြီးကျယ်တဲ့ icon ရှိပါရဲ့ လား ။ ဒေါ်အောင်ဆန်းစုကြည်ထက် ပိုသင့်တော်ထက်ခေါင်းဆောင် ရှိကြပါလို့ လား ။ သူ့ ထက်ပိုပြီးမြင့်မြတ်တဲ့သူတို့  စွန့် လွှတ်အနစ်နာခံပေးနိုင်တဲ့သူလို့  ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်တော်တို့  လက်ခံချင်သည်ဖြစ်စေ လက်မခံလိုသည်ဖြစ်စေ ဒီနေ့ ကမ္ဘာက အသိအမှတ်ပြု လက်ခံထားကြတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့  သင်္ကေတက ဒေါ်အောင်ဆန်းစုကြည် ပါ ။ ဒီနေ့  သူ ပြောသမျှစကားတွေက သမိုင်းဝင်ပြီး သူ့ လှုပ်ရှားမှုမှန်သမျှက သမိုင်းဖြစ်နေတာပါ ။ဒီနေ့ တိုင်းပြည်အများစု မှာ ဒေါ်အောင်ဆန်းစုကြည်မှ သူတို့ တိုင်းပြည်မလာခဲ့ရင် တစ်ခေတ်နောက်ကျတော့မလောက် အပြေးအလွှားဖိတ်ကြား နေကြရတာပါ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက စန်း ဆိုတာကိုယုံကြပါတယ် ။ လူသားတွေမှာသာမက တိုင်းပြည်နိုင်ငံတွေမှာလည်း စန်းဆိုတာရှိတယ်လို့ ယူဆကြပါတယ် ။ စန်းထချိန်ဆိုရင်တော့ အရာရာဟာ လုပ်သမျှ တင့်တယ်နေတာမျိုး အောင်မြင်နေတာမျိုးပါ ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေး စန်းထချိန် ဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး ။ ထိသမျှရွှေဖြစ်တယ်လို့  ပြောနိုင်တဲ့အချိန်ပါ ။ လူသားစင်စစ်ပါ ဆိုတာကိုလည်း သိပါတယ် ။ ပင်ပန်းလွန်းနေလိမ့်မယ် ဆိုတာကိုလည်း နားလည်ပါတယ် ။ ကန့် သတ်ထားတဲ့ ပေးထားချက်တွေနဲ့ ပဲ အဖြေရှာနေရတယ် ဆိုတာကိုလည်း နားလည်ပါတယ် ။ ဒါပေမယ့်လည်း ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ဖိုးက အထပ်ထပ်တန်ဖိုးမြှင့် ထားတဲ့အခြေအနေမျိုးပါဒေါ်အောင်ဆန်းစုကြည်ရဲ့  နှုတ်ထွက်စကား မှန်သမျှကို ကမ္ဘာက တလေးတစား နားစိုက်ထောင်နေတဲ့ အခိုက်ပါ ။
ပညာရှိ သတိဖြစ်ခဲဖြစ်သွားခဲ့မှာကိုလည်း စိတ်ပူပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်က သက်ရှိလူသားဖြစ်လို့  ၆၈ နှစ်ဆိုတဲ့ အမေအိုတစ်ယောက်ရဲ့  ကျန်းမာရေးကိုလည်း စိတ်ပူပါတယ် ။ သူရဲကောင်းကိုးကွယ်မှုဝါဒတွေရဲ့  ကျဆုံးခန်းက အဲဒီသူရဲကောင်းပျောက်ကွယ်သွားတဲ့အခါ ပိုကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ကြုံကြရတာမျိုးပါ ။သေချာတာကတော့ အခုအခြေအနေမှာ ကျွန်တော်တို့ အတွက် အစားထိုး ရွေးချယ်စရာ second line , third line ခေါင်းဆောင်မျိုး ရှိမနေတာပါ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  တိုင်းပြည်အတွက် လက်ဆင့်ကမ်းပေးခဲ့နိုင်မယ့် ခေါင်းဆောင်မျိုးကို အသေအချာလေ့ကျင့်ပျိုးထောင်ရွေးချယ်သင့်ပြီ လို့ ယူဆပါတယ် ။တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း စနစ်နဲ့  ခေါင်းဆောင်မျိုးဆက်အတွက် အချိန်ယူပြင်ဆင် ဖို့ က နောက်တောင်ကျနေပြီ ဖြစ်ပါတယ် ။
ဝါးအစည်းပြေနေတဲ့ NLD ရဲ့ ထိပ်ပိုင်း ၊ ကွဲသံ အက်သံ တညံညံထနေတဲ့ NLDရဲ့  အတွင်းစည်း ၊ သူတစ်လူ ငါတစ်မင်း အောက်ခြေ ။ အဲဒါတွေဟာ နိုင်ငံကို ခေါင်းဆောင်မယ့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ လျစ်လျူရှုလို့  မဖြစ်တဲ့ အခြေအနေဆိုးတွေပါ ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူက ပြတ်ပြတ်သားသား တာဝန်ကျေခဲ့ပါတယ် ။ NLD အနေနဲ့  အပြန်ပြန်အလှန်လှန် စိစစ်ရွေးချယ်ထားခဲ့တယ်လို့  ယူဆရတဲ့ လွှတ်တော်ကိုယ်စားလည်လောင်းကိုအခုတော့မှ ကိုယ့်ပါတီကပဲ ပြန်ဖြုတ်ချကြရဦးမယ် ဆိုတဲ့အဖြစ်တွေဟာ တစ်ကယ်ကို မဖြစ်သင့်တဲ့ အရာတွေပါ ။ ပြည်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကွယ်ယုံကြည်နေပါတယ် ။လမ်းမှန်ပြဖို့ ကတော့ ခေါင်းဆောင်ရဲ့  တာဝန်ပါ ။ မသိသေးရင်လည်း သိအောင် ၊ နားမလည်သေးရင်လည်း နားလည်အောင်သဘောမပေါက်သေးရင်လည်း ပေါက်လာအောင် ၊ လက်မခံသေးရင်လည်း လက်ခံလာအောင် လမ်းပြပေးရမှာက ခေါင်းဆောင်ရဲ့ တာဝန်ပါ ။ အစစမှီတွယ်လွန်းပြီး အားကိုးလွန်နေတဲ့ ပြည်သူတွေနဲ့ မို့  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ရှေ့ ဆက်ချီတက်ရတဲ့ ခရီးက ၀န်ပိလေးလံမှာလည်း အမှန်ပဲဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ရှောင်လွှဲလို့ မဖြစ်တဲ့ သမိုင်းပေးတာဝန်တစ်ခုပဲ ဖြစ်လိမ့်မယ် ထင်ပါတယ် ။ မင်းက ဘာတတ်လို့ လည်း ဘာသိလို့ လည်း ဆို ဘာမှမသိမတတ်ပေမယ့်လည်း ဘောလုံး ပွဲနဲ့ ပဲ ဥပမာ ပေးပါရစေ ။ ဘေးကကြည့်တော့ ပိုမြင်တာပေါ့ ဗျာ ။ ။

0 comments:
Post a Comment