Saturday, February 2, 2013

ဘယ်လိုသတင်းသမားဘ၀မျိုးနဲ့ ရပ်တည်ကြမလဲ - မိုးအေး

by Myanmartandawsint Newspaper on Thursday, January 31, 2013 at 6:39am ·
 
ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဒီကနေ့သတင်းလောကမှာလည်း သတင်းဌာနတွေ၊ သတင်း ထောက်တွေ လိုက်နာရမယ့်ကျင့်ဝတ်တွေနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေလည်း ပိုများလာပါတယ်။

အချက်အလက် တိတိကျကျနဲ့ မျှမျှတတ ဘက်လိုက်မှုမရှိ ရေးသားရိုက်ကူးတင်ပြနိုင်ရေးဟာ သတင်းသမားရဲ့အဓိက တာဝန်ဖြစ်တယ်။ ကိုယ်တင်ပြမယ့်သတင်းမှာ ကိုယ်တိုင်ပါဝင် ပတ်သက်လို့ မရဘူး။ ဖြစ်ရပ်တစ်ခုကို ပွဲကြည့်ပရိသတ်လိုမျိုး ဘေးကကြည့်ပြီး တင်ပြရမယ်ဆိုတာတွေဟာ သတင်းလောကမှာ  နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးလာတဲ့ အခြေခံသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သတင်းရဲ့အခြေခံဖြစ်တဲ့ ဘ ၆ လုံးထဲက (ဘာဖြစ်တာလဲ၊ ဘယ်မှာဖြစ်တာလဲ၊ ဘယ်တုန်းက ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်သူတွေလဲ) ဘယ်သူလဲဆိုတဲ့ နေရာမှာ သတင်းထောက်ကိုယ်တိုင် ဖြစ်မနေဖို့၊ ပါဝင်ပတ်သက်မနေဖို့ ဆိုလိုတာပါ။ ရှင်းအောင်ထပ်ပြောရရင် ကျွန်တော့်အိမ်မှာ အခုမီးလောင်နေတယ်၊ ဆေးလိပ်မီးကနေလောင်တယ် ယူဆရတယ်။ လောလောဆယ် လောင်နေဆဲပဲ၊ မီးသတ်ကား ၃ စီးရောက်ပြီး မီးငြှိမ်းဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ သတင်းထောက်အိမ် မီးလောင်တာကို သတင်းထောက်က သတင်းလုပ်ခွင့်မရှိဘူးဆိုတဲ့ သဘောပါ။ သူများအိမ် မီးလောင်ရင် သတင်းလုပ်။ ကိုယ့်အိမ်မီးလောင်ရင် သတင်းမလုပ်နဲ့ မီးငြှိမ်းဖို့ပဲကြိုးစား။ သူများအိမ်မီးလောင်ရင် သတင်းဖြစ်တယ်။ ကို်ယ့်အိမ်မီးလောင်ရင် ကိုယ့်အတွက်သတင်းမဖြစ်ဘူးဆိုတဲ့အယူအဆပါပဲ။  သူများအိမ် မီးလောင်တာ သတင်းလုပ်မယ်ဆိုရင်လည်းသတင်းထောက်ဟာ ၀င်ရောက်မီးငြှိမ်းသတ်ခွင့်မရှိဘူး။ မီးလောင်မှုမှာ ဘယ်လိုနေရာကမှ မပတ်သက်နဲ့ဆိုတဲ့ သဘောပါ။
အဲဒီလို သတ်မှတ်ချက်တွေနဲ့ပဲ သတင်းထောက်တွေဟာ သတင်းထူး သတင်းဦးရဖို့ဦးစားပေးရင်း လူသားမဆန်တဲ့ လူတွေလို့ စွပ်စွဲမူတွေပေါ်လာပါတယ်။ မီးလောင်တာကို ၀င်ရောက်ငြှိမ်းသတ်ဖို့ထက် မီးဘယ်လိုလောင်တယ်ဆိုတာ ထူးထူးခြားခြားတင်ပြနိုင်ဖို့၊ ရေနစ်နေသူကို ကယ်တင်ဖို့ထက် ရေနစ်နေသူ ရုန်းကန်နေရတဲ့ ပုံတွေကို ရှုထောင့်မျိုးစုံကရအောင် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ဖို့က ပိုအရေးကြီးသလို ဖြစ်လာပါတယ်။  သတင်းထောက်ဟာ သတင်းထောက်အလုပ်ပဲ လုပ်ရမယ်ဆိုတဲ့မူကိုပဲ ကိုင်စွဲလာခဲ့ကြတာပါ။
ပညာရှင်သတင်းထောက်များ သတင်းထောက်ဟာ သတင်းထောက် အလုပ်ပဲ လုပ်သင့်တယ်ဆိုတဲ့မူ ကို ငြင်းခုံဆွေးနွေးဖို့ဖြစ်လာတာကတော့ ပညာရှင်သတင်းထောက် တွေက ဇာတ်လမ်းစတယ်လို့ပြောနိုင် ပါတယ်။ စစ်အေးကာလအဆုံးသတ်ပြီးနောက်ပိုင်း နည်းပညာတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှု နှိမ်နင်းရေးစစ်ပွဲတွေ၊ လူ့အခွင့်အရေးပြဿနာ၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူချစ်သူများ၊ ကလေးစစ်သား၊ လူကုန်ကူးမှု၊ ဒုက္ခသည်ပြဿနာ၊ တရားမ၀င်ရွှေ့ပြောင်း အလုပ်သမားအရေး၊ ဆင်းရဲချမ်းသာကွာဟမှု၊ ငွေကြေးဖောင်းပွမူပြဿနာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြဿနာ၊ နျူကလီးယားပြဿနာ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ မကြာခဏရင်ဆိုင်လာရတဲ့အခြေအနေ ကြက်ငှက်တုပ်ကွေးလိုမျိုး ပထ၀ီနယ်နိမိတ်ကိုကျော်ဖြတ်လာတဲ့ ကူးစက်ရောဂါတွေ စတဲ့ တစ်ချိန်ကမကြုံခဲ့ဖူးတဲ့ ပြဿနာအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေလည်း တိုးလာပါတယ်။ အဲဒီလိုစိန်ခေါ်မှု အသစ်တွေဟာ သတင်းဌာနတွေနဲ့သတင်းထောက်တွေအပေါ် အကြီးအကျယ်ရိုက်ခတ်လာပါတယ်။
ဟိုတစ်ချိန်ကလို သတင်းဌာနတစ်ခုအနေနဲ့ အဆင်ပြေမယ့်သတင်းထောက် တစ်ယောက်ယောက်ကို တာဝန်ပေးလို့ မရတော့တဲ့အခြေအနေ ဖြစ်လာပါတယ်။  နျူကလီးယားအကြောင်း နားမလည်တဲ့ သတင်းထောက်ကို မြောက်ကိုရီးယားရဲ့ နျူကလီးယားသတင်းကို တာဝန်ပေးလို့ မဖြစ်နိုင်သလို ကျန်းမာရေးအကြောင်း မသိတဲ့ သတင်းထောက်ကို ကြက်ငှက်တုပ်ကွေးသတင်း တာဝန်ပေးဖို့ခက်လာပါ တယ်။  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်နားမလည်သူကို ကမ္ဘာကြီးဘာကြောင့် ပူနွေးလာသလဲဆိုတဲ့သတင်း ကိုတာဝန်ပေးလို့လည်းမဖြစ်နိုင်တော့ပါဘူး။ အရင်လိုပဲ အဆင်ပြေမယ့် သူတစ်ယောက်ယောက်ကို  တာဝန်ပေးလိုက်မယ်ဆိုရင် ကိုယ့်သတင်းထောက်တင်ပြမယ့် သတင်းဟာ သာမန်လူတစ်ယောက်သိထားတာထက် မပိုမယ့် တစ်နည်းအားဖြင့် အရည်အသွေးမမီတဲ့ သတင်းတွေပဲထွက်လာနိုင်ပါတယ်။ မီဒီယာအပြိုင်အဆိုင်ခေတ်ကြီးမှာ ကိုယ့်သတင်းဌာနအပေါ် ပရိသတ် ယုံကြည်လေးစားမှု လျော့ကျသွားနိုင်ပါတယ်။
အရည်အသွေးပြည့်တဲ့ သတင်းတွေထုတ်လုပ်နိုင်ဖို့ဆိုပြီး သတင်းဌာနတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိတဲ့ ပညာရှင်တွေကို ရွေးချယ်ခန့်အပ်လာရပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ သတင်းထောက်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းထောက်၊ နည်းပညာဆိုင်ရာသတင်းထောက်၊ ကျန်းမာရေးနဲ့ ဆေးပညာသိပ္ပံသတင်းထောက်၊ လွှတ်တော်ဆိုင်ရာသတင်းထောက် စသဖြင့် နယ်ပယ်အလိုက် ကျွမ်းကျင်မယ့်သတင်းထောက်တွေကို တာဝန်ပေးခန့်အပ်ရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်သတင်း ထောက်တွေကို ရှာဖွေခန့်အပ်နိုင်စွမ်းမရှိသေးဘူးဆိုရင်လည်း ရှိပြီးသားသတင်းထောက်တွေထဲက နယ်ပယ်အလိုက် စိတ်ဝင်စားမှုရှိသူတွေကို သက်ဆိုင်တဲ့ အထူးပြုသင်တန်းတွေကို စလွှတ်သင် ယူခိုင်းရပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဆေးသိပ္ပံနဲ့နည်း ပညာဆိုင်ရာနယ်ပယ်မှာတော့ ကိုယ့်သတင်းထောက်တွေကို အချိန်တိုတိုနဲ့ သင်တန်းတက်လေ့လာခိုင်းဖို့ဆိုတာမဖြစ်နိုင်တာမို့ ပညာရှင်တွေကိုပဲ မဖြစ်မနေငှားရမ်းလာရပါတယ်။
ဒီကနေ့  (CNN) စီအန်အန် သတင်းဌာနမှာဆိုရင် ဆေးပညာဆိုင်ရာ သတင်းထောက်အကြီးအကဲအဖြစ် ဒေါက်တာဆန်ဂျေဂူပ်တာ၊ (CBS) စီဘီအက်စ်သတင်းဌာနမှာဆိုရင် ဆေးပညာသတင်းထောက် ဒေါက်တာဂျနီဖာအပ်ရှ်တန်၊ (NBC) အန်ဘီစီ သတင်းဌာနရဲ့ ကျန်းမာရေးသတင်းအယ်ဒီတာချုပ်အဖြစ် ဒေါက်တာနန်စီ၊ (ABC) အေဘီစီသတင်းဌာနရဲ့ ကျန်းမာရေးနဲ့ ဆေးပညာသတင်းအယ်ဒီတာချုပ်အဖြစ် ဒေါက်တာရစ်ချပ်ဒ်တို့လို တကယ့်ဆေးပညာရှင်တွေကို ခန့်အပ်တာဝန်ပေးလာရပါတယ်။
အလားတူ တခြားနယ်ပယ်တွေမှာလည်း သက်ဆိုင်ရာပညာရှင်တွေကို သတင်းဌာနတွေက သူတို့သတင်းထောက်တွေအဖြစ် သီးသန့်ခန့်အပ်လာရပါတယ်။ သတင်းထောက်အနေနဲ့ ခန့်အပ်နိုင်ခြင်း မရှိရင်တောင် သက်ဆိုင်ရာ နယ်ပယ်အလိုက် ပညာရှင်တွေကို သတင်းအကြံပေးတွေအဖြစ်ထားရှိလာရ တဲ့အခြေအနေပါ။ လိုအပ်တဲ့အချိန်မှာ သတင်းထောက်တွေက အကြံပေးတွေကို မေးမြန်းသတင်း တင်ပြ ရလေ့ရှိပါတယ်။ တစ်ချိန်က မဂ္ဂဇင်းဂျာနယ်အွန်လိုင်းတွေပေါ်မှာပဲ ရေးသားလာတဲ့ပညာရှင်တွေဟာ သတင်းထောက်တွေအဖြစ်ကို ပြောင်းလဲရောက်လာပါတယ်။
ဆရာဝန်သတင်းထောက်နဲ့ ဟေတီ ငလျင်ပညာရှင်သတင်းထောက်တွေထဲမှာမှ သတင်း ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ အမြဲ အငြင်းအခုံဖြစ်ရသူတွေကတော့ ဆရာဝန် သတင်းထောက်တွေပဲဖြစ်ပါတယ်။   လူ့အသက်ကယ်ဆယ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆရာဝန်ဖြစ်လာသူတွေအနေနဲ့ သတင်းထောက်ဖြစ်လာပေမယ့်  သူတို့ရဲ့စိတ်မှာ လူ့အသက်ကယ်ဆယ်ရေးက ပိုအရေးကြီးတယ်လို့ယူဆပါတယ်။ သဘာဝဘေး အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မျိုးတွေ၊ စစ်ပွဲဖြစ်ရာနေရာတွေမှာ ဆရာဝန်သတင်းထောက်တွေနဲ့ သတင်းထောက်ကျင့်ဝတ်ကြား ပြဿနာတက်လေ့ရှိပါတယ်။
အထင်ရှားဆုံးကတော့ ၂၀၁၀ ခုနှစ် ဟေတီငလျင်ဖြစ်ရပ်ပါ။ ငလျင်နောက်ဆက်တွဲအခြေအနေတွေကို နိုင်ငံတကာသိအောင် တင်ပြနိုင်ဖို့ သတင်းမီဒီယာတွေ ဟေတီကိုသွားရောက်ပြီး အပြိုင်သတင်းပို့ခဲ့ကြပါတယ်။ ငလျင်ဒဏ်ခံပြည်သူတွေအတွက် ဆေးဝါးကုသမူ၊ ဆေးဝါးလိုအပ်မှုအခြေအနေတွေကို တင်ပြမယ့် ဆရာဝန်သတင်းထောက်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာဆေးဝါး အကူအညီ ဘယ်လောက်လိုနေတယ် နိုင်ငံတကာက ဘယ်လိုဆရာဝန်မျိုးတွေလာရောက်ကူညီ ပေးဖို့လိုနေတယ် ဘယ်လိုဆေးဝါးမျိုးပို လိုအပ်နေတယ်ဆိုတာကို အဓိကထားတင်ပြရေးသားကြဖို့ပါ။ ဒီအထဲမှာ စီအန်အန်ရုပ်သံသတင်းဌာနက ဆေးပညာသတင်းထောက် ဦးနှောက်ခွဲစိတ်ဆရာဝန် ဒေါက်တာဆန်ဂျေဂူတာလည်း ပါဝင်ပါတယ်။ ဒေါက်တာဆန်ဂျေဟာ ဒဏ်ရာရနေသူတွေအခြေအနေ လေ့လာသတင်းယူရင်း ဦးခေါင်းဒဏ်ရာနဲ့ အသက် အန္တရာယ်ရှိနေတဲ့ ၁၅ ရက်သား ကလေးငယ်တစ်ဦးကိုတွေ့ခဲ့ပါတယ်။ အဲဒီကလေးငယ်ကို သူကိုယ်တိုင်ပဲ အချိန်မီဆေးကုသပေးလိုက်ပါတယ်။ သူကိုယ်တိုင် ကုသပေးလိုက်တဲ့ ကလေးငယ်ကိုချီပြီး ကလေးကို အရေးပေါ်ဘယ်လို ကုပေးလိုက်ရတယ်။ ဒီလိုမျိုးကလေးတွေ အများကြီးရှိနေတာမို့ ဘယ်လိုဆေးဝါးအကူအညီတွေ အရေးတကြီးလိုနေတယ်ဆိုတာကို သတင်းအဖြစ်တင်ပြလိုက်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဦးခေါင်းဒဏ်ရာနဲ့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးကိုလည်း သူကိုယ်တိုင်ပဲ ဖြစ်သလို ခွဲစိတ်ကုသပေးခဲ့ပါတယ်။ အလားတူ တခြားသတင်းဌာနတွေက ဆရာဝန်သတင်းထောက်တွေကလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေကို  ဆေးကုသမှုပေးရင်း သတင်းတွေအဖြစ်တင်ပြခဲ့ပါတယ်။ ကလေးမိဘတွေနဲ့ဟေတီပြည်သူတွေက ဆရာဝန်သတင်းထောက်တွေကို ကျေးဇူးတင် လေးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သတင်းသမားတချို့ကတော့  ဆရာဝန်သတင်းထောက်တွေဟာ သူတို့ကိုယ်တိုင် ဇာတ်ကောင်လုပ်၊ သတင်းလုပ်နေတာဟာ သတင်းကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုပြီး ဝေဖန်လာရာကနေ သတင်းထောက်ကျင့်ဝတ်နဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံလာကြရတာပါ။
ဟေတီငလျင်က ချန်ထားခဲ့တဲ့မေးခွန်းများ
သတင်းထောက် ကိုယ်တိုင်ဝင်ရောက်ကူညီမှ အသက်ဘေးကချမ်းသာရာရမယ်ဆိုရင် သတင်းထောက်တွေဟာ ကယ်ဆယ်ရေးလုပ်သားအဖြစ်နဲ့ ကူညီခွင့်ရှိတယ်။ ကူညီတာကိုလည်း သတင်းလုပ်ခွင့်ရှိသင့်တယ်လို့ ယူဆသူတွေက ယူဆပါတယ်။
တချို့ကတော့လည်း ကယ်ဆယ်ရေးလုပ်သားအနေနဲ့ကူညီနိုင်ပေမယ့် သတင်းအနေနဲ့မလုပ်သင့်ဘူးလို့ သုံးသပ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားရော၊ သတင်းသမားရော တစ်ပြိုင်တည်းမဖြစ်သင့်ဘူး လို့ထောက်ပြပါတယ်။ ကယ်ဆယ်ရေး သမားအနေနဲ့ရပ်မလား၊ သတင်းသမားအနေနဲ့ရပ်မလား ဆုံးဖြတ်သင့်တယ်လို့ ယူဆကြပါတယ်။
တချို့ကတော့လည်း ပညာရှင်တွေကို သတင်းထောက်တာဝန်မပေးတာ အကောင်းဆုံးလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒီသုံးသပ်ချက်ကို သတင်းဌာနအများစုက လက်မခံပါဘူး။ ဓာတုလက်နက်သုံးတယ်၊ မီးလောင်ဗုံးတွေ သုံးတယ်ဆိုတဲ့စစ်ပွဲဖြစ်တဲ့နေရာ၊ ဆန္ဒပြပွဲနှိမ်နင်းတဲ့နေရာမျိုးတွေ ကူးစက်ရောဂါဖြစ်နေတယ်ဆိုတဲ့အချိန်မျိုး တွေ၊ ရေထုညစ်ညမ်းမှုဖြစ်တယ်ဆိုတဲ့ နေရာမျိုးတွေမှာ အချိန်နဲ့အညီ တိတိကျကျ မှန်မှန်ကန်ကန် သတင်းပေးပို့နိုင်မယ့်သူတွေဟာ ပညာရှင်သတင်းထောက်တွေပဲဖြစ်တယ်လို့ သတင်းဌာနကြီးတွေက ယူဆပါတယ်။
တချို့ကတော့လည်း ပညာရှင် သတင်းထောက်တွေကို ခန့်အပ်ပြီး သူတို့သတင်းဌာနနာမည်ရအောင် အကျိုး အမြတ်ရှိအောင် အသုံးချနေတယ်လို့ စွပ် စွဲပါတယ်။
ကာကယံရှင် ဆရာဝန်သတင်းထောက်တွေရဲ့အယူအဆကလည်း စိတ်ဝင်စားစရာပါ။ ကယ်ဆယ်ရေးသမားအနေနဲ့ ရပ်မလား၊ သတင်းသမားအနေနဲ့ရပ်မလား ဆိုတာထက် ဘယ်လို ကျင့်ဝတ်နဲ့ရပ်တည်မလဲဆိုတာ ပိုအရေးကြီးတယ်လို့ ဆရာဝန်သတင်းသမားတွေက တုံ့ပြန်ပါတယ်။   ဆရာဝန်တစ်ယောက်ဖြစ်လို့ ဆေးပညာကျင့်ဝတ်ကို လိုက်နာရမယ့်တာဝန်ရှိသလို သတင်းထောက်လည်းဖြစ်နေတာမို့ သတင်းကျင့်ဝတ်လည်း လိုက်နာဖို့လိုတယ်။ တစ်ချိန်တည်းမှာ လူသားတစ်ဦးဖြစ်နေတဲ့အတွက် လူ့ကျင့်ဝတ်လည်း လိုက်နာဖို့လိုတယ်လို့ သူတို့ကယုံကြည်ပါတယ်။ ဆေးပဲကုသပြီး ကျင့်ဝတ်အတိုင်း လိုက်နာရမယ်။ သတင်းမလုပ်ရဘူးဆိုရင် ဒီအခြေအနေတွေကို ဘယ်သူသိနိုင်မလဲလို့ မေးခွန်းထုတ်ထားပါတယ်။ သတင်းသမားလည်း လူဖြစ်တာမို့ ပညာရှင်ပဲဖြစ်ဖြစ်သာမန် သတင်းထောက်ပဲဖြစ်ဖြစ် ဒုက္ခရောက်နေသူကို ကူညီပြီး သတင်းလုပ်တာဟာ လူသားဆန်တဲ့သတင်းထောက်ဖြစ်တယ်လို့ သူတို့က ယူဆပါတယ်။
ဆရာဝန်သတင်းထောက်တွေရဲ့ ဟေတီငလျင် သတင်းပေးပို့မှုနဲ့ ပတ်သက်လို့ အခုထိတော့  သူ့အမြင် ကိုယ့်အမြင် ငြင်းခုံဆွေးနွေးနေကြဆဲပါ။ ပညာရှင်သတင်းထောက်တွေရဲ့ အခန်းကဏ္ဍသာမက သတင်းသမားတစ်ယောက်အနေနဲ့ ကယ်ဆယ်ရေးလုပ်သားအနေနဲ့ ရပ်မလား၊ သတင်းထောက် အနေနဲ့ရပ်မလား၊ ကယ်ဆယ်ရေးသတင်းထောက်အနေနဲ့ ရပ်မလားဆိုတာကိုလည်း မျိုးဆက်သစ် သတင်းသမားတွေ ဆွေးနွေးစဉ်းစား အဖြေရှာထားသင့်တဲ့ မေးခွန်းတွေလို့ယူဆမိပါတယ်။

မိုးအေး
moeayedvb@gmail.com

မှီငြမ်း
-http://sanjayguptamd.blogs.cnn.com/
http://www.globalethics.org/newsline/2009/01/12/media-ethics-6/
-An e_amination of the  ethics of MD-reporter involvement in Haiti by Gary Schwitzer (Jan 18, 2010)
-Professional Ethics v. Morality (European Journalism Observatory, Feb 16,2010)
-Journalists Conflicted Between Ethics, Humanity In Earthquake Aftermath (npr.org, Jan 21,2010)
-TV Docs Mi_ Media With Medicine in Haiti  by By James A. White (WSJ, Jan 20, 2010)
-Journalistic Ethical Issu e: Sanjay Gupta and the Li mitations of Journalism by Andy Groen (Dec 15,2006)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...