Sunday, February 10, 2013

မြန်မာပြည်က တက္ကသိုလ် ကျောင်းသား

by Hla Shwe on Sunday, February 10, 2013 at 8:36pm ·

 နိုင်ငံခြားက တက္ကသိုလ်တွေမှာ ကျောင်းတက်ခွင့်ရတဲ့ ကျောင်းသားတွေရဲ့ ဘ၀နဲ့ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတဦးရဲ့ ဘ၀တွေက ဘယ်လိုကွာနေသလဲ၊ ဘယ်လို ဖြတ်သန်းကြရသလဲ ဆိုတာကို လက်ရှိ တက္ကသိုလ် ပညာကို ဆည်းပူးနေတဲ့ လူငယ်လေးတွေ အတွက်မျှဝေလိုပါတယ်။


၁၉၉၀ ခုနှစ်မှာ ကျနော် ဆယ်တန်းအောင်တော့ ကောလိပ်ပညာကို ဆက်လက် သင်ကြားလိုတဲ့အတွက် စစ်တွေမြို့ကို သွားရောက်ခဲ့ပါတယ်။ ၁၉၉၀ ခုဝန်းကျင် တောရွာက ဆယ်တန်းအောင်တဲ့ ကျောင်းသား အများစုက မူလတန်း ဆရာအလုပ်ကို လျှောက်ကြတာက ကျနော်တို့ တောရွာရဲ့ ဓလေ့ လို့တောင် ပြောလို့ရပါတယ်။ ငယ်ရွယ်စဉ်ကတည်း စွန့်စားလုပ်ရတဲ့ အလုပ်ကို နှစ်သက်တဲ့အတွက် မိဘတွေရဲ့ စကားကို ဆန့်ကျင်ပြီး ပညာရေးခရီး အိမ်မက်ကို အကောင်အထည်ဖေါ်ဖို့ စတင်ရွက်လွှင့်ခဲ့ပါတော့တယ်။

မိဘတွေရဲ့ စီးပွားရေးအခြေအနေက ကောလိပ်ပို့နိုင်လောက်တဲ့ အခြေအနေ မရှိတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ရအောင် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေ မြို့ကို သွားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့တော်မှာ အချိန်ပိုင်းအလုပ် လုပ်လို့ ရလိုရငြားမျော်လင့်ခဲ့ပေမယ့် အမှန်တကယ် စစ်တွေကို ရောက်တဲ့အခါ မှန်းချက်နဲ့ နှိုင်းထွက် ကြီးအကျယ် လွဲနေတာကို တွေ့ခဲ့ရပါတယ်။ ရခိုင်လူဦးရေ သုံးသန်းကျော်တို့ရဲ့ မြို့တော်မှာ စက်မှုလုပ်ငန်းဆိုတာ ဗလာနတ္ထိ ဖြစ်နေတာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။

ကျနော်ရဲ့ မျှော်မှန်းချက်က အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ကောလိပ်ပညာရေးကို ဆက်လက်သင်ကြားမယ်ဆိုတဲ့ စိတ်ကူးပါ။ ကျနော်တို့ ရခိုင်ပြည်နယ် တောင်ပိုင်းက လူငယ် တော်တော်များများဟာ ပညာရေး၊ စီးပွားရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ရန်ကုန်ကို ရွှေးတတ်ကြပေမယ့် ကျနော်ကတော့ တခြားလူတွေနဲ့ ဆန့်ကျင်ဘက် မြောက်ပိုင်းက ပြည်နယ် မြို့တော်ကို ရွေးခဲ့ပါတယ်။
ဆွေမျိုး အသိမိတ်ဆွေ မရှိတဲ့မြို့တော်ကို ရောက်တော့ စစ်တွေမြို့က အထင်ကရ ဘုန်းကြီးကျောင်း တကျောင်းမှာ ခေတ္တ တည်းခိုခွင့်ရရှိခဲ့ပါတယ်။ ကန်တော်ကြီးဘေးက ဘုန်းတော်ကြီးကျောင်းမှာ နေရင်း အလုပ်ရလိုရငြား ရှာဖွေပေမယ့် ဘယ်အလုပ်ကိုမှ မရခဲ့ပါဘူး။ ဘုန်းကြီးရဲ့ ဆက်သွယ်ပေးမှုနဲ့ စစ်တွေမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း တည်ဆောက်ရေး လုပ်ငန်းမှာ အုတ်ကျောက်သယ်ရတဲ့အလုပ် ကိုရှိခဲ့ပါတယ်။ ဒီလုပ်ငန်းက ကောလိပ်တက်ဖို့ လူငယ်တဦးအတွက် သင့်တော်မယ့် အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ခြောက်လလောက် အလုပ်လုပ်ပြီး ခြိုးခြံချွေတာစု ဆောင်းလို့ မြန်မာငွေ ၂၀၀၀ နှစ်ထောင်ကျော် ရရှိခဲ့ပါတယ်။

အလုပ်လုပ်ရင်း ကောလိပ်တက်နိုင်တဲ့ အချိန်ပိုင်း အလုပ်ရှာတာ မဖြစ်နိုင်တော့တဲ့အတွက် စုဆောင်းငွေလေးနဲ့ ဆိုက်ကား တစ်စီးဝယ်ကာ ဆိုက်ကားသမား ဘ၀ကို ရောက်ခဲ့ရပါတယ်။ ဆိုက်ကားနင်းရင်း ကျောင်းတက်တာက တော်တော် အဆင်ပြေတယ်လို့ ပြောရပါမယ်။ ကျောင်းသွား ကျောင်းပြန် နင်းရုံလောက်နဲ့ကို မြန်မာငွေ ၃၀ ကျပ်လောက်ငွေဟာ ၁၉၉၂ ခုနှစ်က ကောလိပ်ကျောင်းသားတဦး အဖို့ တရက်စာ လုံလောက်တဲ့ ငွေဖြစ်နေပါတယ်။ အချိန်ပိုလေး နည်းနည်း နင်းလိုက်တာနဲ့ မိဘဆီက လက်ဖြန့် တောင်းစရာ မလိုတော့တဲ့ အခြေအနေကိုမျိုး ဖြစ်နေပါတယ်။

အခြေအနေအမျိုးမျိုးကြောင့် ကျနော် တော်လှန်ရေးနယ်မြေကို ရောက်ဖြစ်ခဲ့ရပြန်တယ်။ ၂၀၀၁ ခုနှစ် ဘန်ကောက်က တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ မိတ်ဆွေတွေဆီကို သွားလည်ဖြစ်ပါတယ်။ ထိုင်းလူမျိုး တက္ကသိုလ် ကျောင်းသားတွေနဲ့ပါ ခင်မင်ခွင့် ရရှိလေတော့ သူ့အကြောင်း ကိုယ့်အကြောင်း လေးတွေကို ဖေါက်သယ်ချခွင့် ရရှိခဲ့ပါတယ်။
ထိုင်းကျောင်းသားတဦးကတော့ သူတို့အနေနဲ့ ၁၉၉၆ ခုနှစ်က ထိုင်းအစိုးရ ပြဌာန်းခဲ့တဲ့ Thailand’s loan for Educational Fund အရ အစိုးရဆီက လိုအပ်တဲ့ငွေ အချို့ကိုချေးယူနိုင်ပါတယ်။ ဘွဲ့ကြိုကျောင်းသား တဦး ချေးယူနိုင်တဲ့ ငွေပမာဏက ဘတ်ငွေ တစ်သိန်းထိ( ကျပ် ၂၇ သိန်း) ချေးယူနိုင်ပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ထိုင်းအစိုးရက ကျောင်းသားတွေကို ထုတ်ချေးခဲ့တဲ့ စုစုပေါင်းငွေ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့တယ်လို့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေသာ မဟုတ်ဘဲ အထက်တန်း ပညာကို သင်ယူနေတဲ့ ကျောင်းသားတွေအနေနဲ့လည်း ချေးငွေ ထုတ်ယူပိုင်ခွင့်ရှိပါတယ်။ ဒါက အဆင့်မြင့် ပညာကို ဆက်လက်သင်ယူလိုတဲ့ ကျောင်းသားတွေကို အစိုးရက ကမကထပြု ထောက်ပံ့ပေးတဲ့ အစီအစဉ်ပါ။ အစိုးရရဲ့ ထောက်ပံ့ကြေး အပြင် အဖွဲ့အစည်း အမျိုးမျိုးတွေရဲ့ ပညာသင်ဆု တွေကလည်း တော်တော်များပါတယ်။

အစိုးရရဲ့ ချေးငွေမရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပညာရှာချင်တယ်ဆိုရင်လည်း အချိန်ပိုင်းအလုပ်တွေက ဘန်ကောက်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ ရရှိနိုင်ပါတယ်။ ကျနော်နဲ့သိတဲ့ ထိုင်းအမျိုးသမီးတဦးဆိုရင် နေ့ဘက်မှာ ကျောင်းတက်ပြီး ညနေဆိုရင် လမ်းဘေးမှာ ဖွင့်လှစ်ရောင်းချတဲ့ စားသောက်ဆိုင်တွေမှာ စားပွဲထိုး ၀င်လုပ်ပါတယ်။ ကျောင်းသားတဦးအဖို့ အလုပ်လုပ်ရင်း ပညာရှာတာ ခက်ခဲပင်ပန်းပေမယ့် ပညာရှာဖို့ တဖက်တလမ်းက ၀င်ငွေတွေကို ဖန်တီးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပညာသင်ဆုနဲ့ ပတ်သက်ရင် တိုင်းရင်းသားလူမျိုးတွေ၊ ဘာသာရေး၊ လူမှုရေး၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလည်း ပညာသင် ထောက်ပံ့ကြေးတွေ ပေးတတ်ကြပါတယ်။

 ရခိုင်လူမျိုးတွေ အတွက်တော့ ရခိုင်သဟာယ အသင်းကပေးတဲ့ ပညာသင်ဆု ရှိပါတယ်။ ကျနော် ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဂုဏ်ထူးတန်း တက်တော့ ရခိုင်သဟာယ အသင်းမှာ ပညာသင်ဆု လျှောက်ဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှတာ ကျနော်ယူတဲ့ဘာသာက ရိုးရိုး ၀ိဇ္ဖာ သိပ္ပံ ဖြစ်နေတတာကြောင့် ပညာသင်ဆုနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ အင်ဂျင်နီယာဘာသာရပ်၊ ဆေးပညာရပ် ဆိုင်ရာ ကိုလေ့လာဆည်းပူးနေတဲ့သူတွေ အများစုသာ ရခိုင်သဟယအသင်းရဲ့ ပညာသင်ဆုကို မျော်လင့်နိုင်ပါတယ်။ အဲဒီတုန်းက ကျနော့်လို ကျောင်းသားတွေ ရင်နာနာနဲ့ ပြောတဲ့ စကားကို ခုထိ သတိရနေသေးတယ်။ “ ၀ိဇ္ဖာ သိပ္ပံ ကျောင်းသားတွေ လောကကို အလှမဆင်နိုင်ဘူး”။

“ပညာမြင့်မှ နိုင်ငံတင့်မယ်” ဆိုတဲ့မြန်မာနိုင်ငံမှာ အဆင့်မြင့် ပညာကိုသင်ယူလိုတဲ့ ကျောင်းသားတဦး အဖို့ အစိုးရဆီက ဘာထောက်ပံ့ကြေးကိုမှ မျော်လင့်လို့မရနိုင်သလို အချိန်ပိုင်းအလုပ်လုပ်ရင်း ပညာ ဆက်ရှာဖို့ဆိုတာကလည်း အိမ်မက်တောင် မက်လို့မရနိုင်တဲ့အခြေအနေမှာ ဆက်ရှိနေဆဲပါ။ အစိုးရဲ့ တက္ကသိုလ်ဝင်ခွင့် စာအုပ်မှာထင်တယ်။ မိသားစုတစုမှာ တက္ကသိုလ် ကျောင်းသား သုံးဦးရှိရင် အစိုးရရဲ့ ပညာသင်ဆုကို လျှောက်နိုင်တယ်လို့ ကြေငြာထားပေမယ့် တကယ့်လက်တွေ့မှာ မရတဲ့ကျောင်းသားတွေက များတယ်။ ရပြန်ရင်လည်း ပညာသင်ဆု ထောက်ပံ့ကြေးက ထမင်းနှစ်နပ်စာဘဲ ရှိပါတယ်။

နိုင်ငံတခုရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုဆိုတာ အဲဒီနိုင်ငံကို စီမံအုပ်ချုပ်နေတဲ့ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။  မြန်မာအစိုးရရဲ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ပညာရေး အသုံးစရိတ်က (၃၁၀၄၀၁.၆၉၈ သန်း) ဒေါ်လာ သန်း (၄၀၀) လောက်သာ ရှိပါတယ်။ ပညာရေးစနစ်တခုလုံးကို ပြုပြင်ပြောင်းလဲဖို့ အတိုက်အခံရော အစိုးရကပါ ပြောဆိုလာတာ တွေ့ရပါတယ်။ တကယ့်လက်တွေ့ အခြေအနေမှာ စစ်အုပ်ချုပ်ရေးအောက်မှာ ပြားပြားဝပ်ဝပ် လာခဲ့ရတဲ့ လူထုရဲ့အခြေအနေ၊ ဥပဒေပြု လွှတ်တော် အမတ်တွေတော်တော်များရဲ့ ခေါင်းထဲစွဲနေတဲ့ “ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဆိုတဲ့ ဆောင်ပုဒ်ကို “ ပညာမြင့်မှ နိုင်ငံတင့်မယ်” ဆိုတဲ့ ဆောင်းပုဒ်နဲ့ အစားထိုးနိုင်မှသာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် တော်ရာကျနိုင်မယ်ထင်တယ်။
 
လှရွှေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...