Sunday, February 3, 2013

အေးအတူ ပူအမျှ ငြိမ်းချမ်းတဲ့ဘဝလေးများ

by Seaman Nayminthu on Saturday, February 2, 2013 at 9:49pm ·


၁၉၉၄ မှာ ကျနော် ဟိုင်းကြီးကျွန်းကို ပြောင်းရွှေ့ရတဲ့အခါ ဂုဏ်ယူနှစ်လိုဖွယ် တပ်တခုမှာ ၂ နှစ်တာမျှ တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဂုဏ်ယူနှစ်လိုဖွယ် တပ်စခန်းလို့ ကျနော်တင်စားသုံးနှုန်းလိုက်ရတာက တခြားအကြောင်းခြင်းရာ တွေကြောင့် မဟုတ်ပါဘူး။ အဲဒီတပ်ငယ်လေးမှာ ကျနော်မရောက်မီကရော ကျနော်ရောက်ပြီး ၂ နှစ်လောက် ကြာတဲ့အထိ တပ်ပြေး စစ်သည် တဦးတယောက်မှ မရှိလို့ပါ။

အထက်ဌာနတွေကို လစဉ်ပေးပို့နေကျ စစ်ပြေးစစ်သည်ပြန်တမ်းနဲ့ စစ်စည်းကမ်း အခြေပြပြန်တမ်းတွေမှာ ဇယားကွက် ဖြည့်စရာ မလိုလောက်အောင် စစ်စည်းကမ်းကောင်းမွန်တဲ့ အနေအထား ဖြစ်ခဲ့ရပါတယ်။ အဲတော့ ဌာနချုပ်ရုံး၊ တပ်မှူးများ အစည်းအဝေးလုပ်ရာမှာ ကျနော်တို့တပ်မှူး မျက်နှာပွင့်တာပေါ့။


အဲဒီလို စစ်ပြေးစစ်သည်မရှိ၊ ခိုက်ရန်ဖြစ်ပွားမှု မရှိသလောက်နည်းပါးနေပြီး အခြား အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြစ်မှုတွေလည်း မရှိတဲ့ တပ်မှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်သည်တွေဟာ ရပေါက်ရလမ်းကောင်းသူတွေ မဟုတ်ကြပါဘူး။ တပ်မိသားစုတွေ သက်သက်ချောင်ချိရေးကိုလည်း ဖောဖောသီသီ လုပ်ပေးနိုင်တာမျိုးလည်း မရှိပါဘူး။

သိကြတဲ့အတိုင်း လက်နက်ခဲယမ်းတပ်ဆိုတာ အခန့်မသင့်ရင် ချောက်ထဲအချိန်မရွေးပြုတ်ကျနိုင်တဲ့ ဌာန၊ တပ်မတော်ရဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေကို ကိုင်တွယ်ထိန်းသိမ်းရတဲ့ တပ်။ ဒီကြားထဲ တပ်သစ်လည်း ဖြစ်ပြန်ဆိုတော့ နေ့တဓူဝ တပ်တွင်းလုပ်အားပေး ( Working Party) နဲ့သာ အချိန်ကုန်နေရတာ ခပ်များများ ရယ်ပါ။ ဒါပေမဲ့ ရဲဘော်တွေဟာ မစားရပျော်ပျော် စားရပျော်ပျော် စည်းလုံးညီညွှတ်နေကြပါတယ်။

တပ်/စခန်း အသစ်တွေ တိုးချဲ့ဖွင့်လှစ်ကြတဲ့အခါ သင်တန်းဆင်းပြီးခါစ လုပ်သက်နု စစ်သည်တွေကို အရင်ဆုံး ပို့လွှတ်တတ်တာကြများပါတယ်။ တည်ဆောက်ရေးကာလ ဖြစ်တာနဲ့အညီ တပ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာ တွေထက် အလုပ်ကြမ်း လုပ်အားပေးတာဝန်ကို ဦးစားပေးလုပ်ကြရပါတယ်။ ဒီတော့ တက်ကြွဖျတ်လတ်ပြီး မခိုမကပ် လုပ်အားကောင်းတဲ့ ရဲဘော်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာပေါ့။

တပ်မှာ စီနီယာကျတဲ့ ဆရာကြီးတချို့တော့ ရှိပါတယ်။ သူတို့ဟာလည်း စစ်သက်တလျှောက် ထားရာနေ စေရာသွားဘဝနဲ့ ဌာနချုပ်၊ ကျွန်းစခန်းပေါင်းများစွာမှာ တာဝန်ကျခဲ့ဖူးတွေ ဖြစ်နေတာမို့ လူပေါင်းစုံနဲ့ထိတွေ့ ဆက်ဆံဖူးပြီး အလိုက်အထိုက် နေတတ်သူတွေများပါတယ်။

တပ်တွေမှာလည်း ကိုယ်နဲ့ပတ်သက်ရာ အစုအဖွဲ့စွဲ၊ ဌာနစွဲလေးတွေ ရှိနေတတ်ကြတယ်။ ကျနော်တို့ ရေတပ် မှာတော့ ပင်မတပ်တွေဟာ အစုအဖွဲ့စွဲစိတ်ဓာတ်ကို မြေတောင်မြှောက်ပေးရာ ဌာနတွေလိုဖြစ်နေပါတယ်။ ကိုယ်နဲ့သက်ဆိုင်ရာ မိခင်တပ်မှာ နှစ်ပေါင်းကြာရှည် တာဝန်ထမ်းဖူးသူတွေဟာ ကိုယ်နဲ့ တူရာ နီးစပ်ရာ အစုအဖွဲ့တွေနဲ့သာ အထိအတွေ့များတာကြောင့် အဲဒီအသိုင်းအဝိုင်းမှာသာ နေသားတကျဖြစ်နေတတ်ပါတယ်။ ပညာသည် အုပ်စုတခုရဲ့ လုပ်ငန်းသဘာဝနဲ့ တာဝန်ထမ်းဆောင်ပုံကိုလိုက်ပြီး မတူညီတဲ့ လှုပ်ရှားသွားလာမှုနဲ့ ပြောဆိုဆက်ဆံမှုလေးတွေ မသိမသာ ကွဲပြားတတ်ကြတယ်။
ဌာနချုပ်လက်အောက်ခံ တပ်စခန်းတွေမှာကျ ပညာသည်အုပ်စုပေါင်းစုံ ရောနှောတာဝန်ထမ်းဆောင်ရတာမို့ ကိုယ့်တာဝန် ကိုယ်လုပ်ရင်း ထိတွေ့ပူးပေါင်းဆက်ဆံမှုတွေလည်း ရှိလာကြတယ်။ ရင်းနှီးမှုတွေ ရလာကြတယ်။

သင်တန်းဆင်းခါစ စစ်သည်တွေမှာ အဲဒီလို အုပ်စုအစွဲတွေ ငြိတွယ်ဖို့အချိန်လည်း မရခဲ့ကြတော့ တပ်တခု တည်းမှာ အတူတာဝန်ကျတဲ့သူချင်း ပညာသည်အုပ်စုမတူတောင်မှ အလွယ်တကူ သဟဇာတ ဖြစ်ကြတယ်။ ပင်မတပ်တချို့မှာဆို ကိုယ့်တာဝန်ကိုယ်မလုပ်ရဘဲ ချောင်ထိုးခံရတာမျိုးတွေ ကြုံရတတ်တယ်။

နောက်ပြီး စစ်သည်တွေရဲ့ စားသောက်ရေး အဆင်ပြေအောင် စီစဉ်ပေးနိုင်တာကလည်း တပ်နေပျော်ရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ အထူးသဖြင့် လူပျိုစားရိပ်သာက ပိုအရေးကြီးပါတယ်။ လူပျိုဆောင်မှာက စုပေါင်းစားရိပ်သာဖြစ်တာမို့ အားလုံးရဲ့စားသောက်မှုဟာ စီမံချက်ပြုတ်သူတွေအပေါ် မူတည်နေတာပါ။

အဲဒီ အချိန်က စစ်သည်တဦး တနေ့အတွက် ခွင့်ပြုရိက္ခာစိုငွေ ၅ ကျပ်ရပြီး ဌာနချုပ်က ၃ ကျပ်နှုန်း ထောက်ပံ့ပေးပါတယ်။ ကျနော်က လူပျိုစားရိပ်သာ ငွေကြေးကိုစီမံရတာမို့ လူပျိုတွေ အဆင်ပြေအောင် လူပျိုစစ်သည်အားလုံးပေါင်း ယူနစ်အရ ရိက္ခာတွက်ချက်ထုတ်ယူ၊ ပိုလျှံတဲ့ ပစ္စည်းအမယ်တချို့ကို ရောင်းချပြီး စားရိပ်သာ ရံပုံငွေ လုပ်ထား ပါတယ်။ ရိက္ခာဆိုတာ စုပေါင်းစားသောက်တဲ့အခါ ပိုလျှံမှုရှိတတ်မြဲပါ။ ဆန်၊ ပဲ၊ ဆီ တချို့ရောင်းရပါတယ်။ နုံနက်ပိုင်း လက်ဖက်ရည် ဖျော်မသောက်ကြတာမို့ ကိုယ်တာနို့ဆီထဲက တဦးကို ၂ လုံးထုတ်ပေးပြီး ကျန်တာတွေ ရောင်းပစ်ပါတယ်။ အဲဒီရောင်းရငွေထဲက ၂ ကျပ်နှုန်း သုံးစွဲလိုက်တဲ့အခါ စစ်သည်တဦး တနေ့ဟင်းဖိုး ၁၀ ကျပ်ဖြစ်သွားလို့ လောက်ငှမှုရှိပါတယ်။ အဲဒီအချိန်က ပင်လယ်ငါး ၁ ပိသာ ၅၀ ကျပ်၊ ဝက်သားတပိသာ ၈၀ ကျပ်ဈေးလောက်ပဲ ရှိတာပါ။

စားရိပ်သာအတွက် အဝယ်တော်ကို လူပျိုဆောင်နေ စစ်သည်အားလုံးရဲ့ ဆန္ဒအရ ရွေးချယ်ခန့်အပ်ကြပါတယ်။ အဝယ်တော်က ဘဝတူစစ်သည်တွေအပေါ် စေတနာထားပြီး စနစ်တကျသုံးစွဲသလို ချက်ပြုတ်သူကလည်း ချက်ပြီးပစ်ထားမလုပ်ဘဲ စားသောက်ချိန်မှာ အညီအမျှရအောင် ဝေခြမ်းပေးတာမို့ အားလုံးလောက်ငှပါတယ်။ လကုန်ရက်တွေ စာရင်းချုပ်လိုက်တဲ့အခါ စားရိပ်သာငွေပိုထွက်လာပါတယ်။ အဲဒီငွေထဲက အချို့ကို စစ်သည်တွေအလိုကျ ဟင်းကောင်းကျွေးကောင်း (ကျနော်တို့အခေါ် Special Curry) ချက်စားကြတဲ့အပြင် လူပျိုဆောင်အတွက် လိုအပ်တဲ့ တံမြက်စည်း၊ သောက်ရေအိုး၊ ဓာတ်ဗူး စတာတွေ ဝယ်ခြမ်းနိုင်ပါတယ်။ ကျန်တာကိုတော့ လိုရမယ်ရ ရံပုံငွေလုပ်ထားပါတယ်။

ကျနော်တို့တပ်မှူးဟာ ပစ္စည်းထိန်းတပ်နဲ့ လက်နက်ခဲယမ်းတပ် ၂ ခုကို တပ်မှူးတာဝန် ယူထားရသူပါ။ စီအိုက တပ်ပိုင်ငွေကြေးကို ရုံးအုပ်တွေနဲ့ လွှဲအပ်ထားပါတယ်။ လစဉ်တပ်ဆောင်ငွေကို ကျနော်တို့ကပဲ စီမံခန့်ခွဲ သုံးရပါတယ်။ တချို့လတွေမှာ အကြောင်းကြောင်းကြောင့် တပ်ဆောင်ငွေ နောက်ကျတဲ့အခါမျိုးမှာ ပစ္စည်းထိန်းတပ် ရုံးအုပ်ကြီးက လူပျိုစားရိပ်သာအတွက် အသုံးစရိတ်ကို တပ်မှူးထံမှာ ခေတ္တချေးယူ တတ်ပါတယ်။ ကျနော်တို့တပ်က ငွေမချေးတော့ တပ်မှူးက ကျနော့်ကိုမေးပါတယ်။ ‘မင်းတို့ရိပ်သာမှာ ဘယ်လိုသုံးနေသလဲ’ တဲ့။ ကျနော်တို့လူပျိုရပ်သာမှာ အသုံးစရိတ်ပုံစံလေး ရှင်းပြလိုက်ပြီး လစဉ်ငွေပိုရှိလို့ အဲဒီငွေနဲ့ ယာယီစိုက်သုံးထား ကြောင်းပြောပြတဲ့အခါ စီအိုက ပြုံးပြီး ခေါင်းညိတ်ပါတယ်။  

နောက်တခုကတော့ သက်သာချောင်ချိရေး ကိစ္စပါ။ တပ်တွင်းသက်သာဆိုင်က ရတဲ့အမြတ်ကို လစဉ် ခွဲဝေပေး ရာမှာ စစ်သည်တွေ လစာတဝက်လောက် ခုသာခံသာ ဖြစ်ပါတယ်။ ခွင့်ခံစားမှုကိုလည်း လုပ်ငန်းတာဝန် အနေ အထား နဲ့ လူအင်အားမျှတမှုကို ချင့်ချိန်ပြီး  စစ်သည်တွေ  အဆင်ပြေလွယ်ကူအောင် ဆောင်ရွက်ပေးလေ့ရှိလို့ အားလုံးကကျေနပ် ကြပါတယ်။
ကျနော်တို့တပ်မှာရှိတဲ့ စစ်သည်အများစုဟာ ၁၀ တန်းအောင်မြင်ပြီးသားတွေ ဖြစ်တာကြောင့် နှစ်စဉ် အဝေးသင်တကသိုလ် စာမေးပွဲရာသီရောက်တိုင်း အင်အားတဝက်နီးပါး ခွင့်ပြန်ကြတယ်။ တခြားတပ်က စစ်သည်တွေ ခွင့်စေ့လို့ တပ်ပြန်သတင်းပို့ချိန်မှာ လူစေ့တက်စေ့ ပြန်မရောက်ပေမဲ့ ကျနော်တို့က စစ်သည် အားလုံး တပ်ကိုပြန်သတင်းပို့ကြပါတယ်။

တခါတရံ စေတနာဇောနဲ့ လုပ်မှားကိုင်မှားဖြစ်တတ်တာလေးတွေတော့ ရှိပါတယ်။ တပ်မှူးရဲ့ နှုတ်မိန့်အရ စစ်သည်တဦးကို ခွင့်ပေးတဲ့နေရာမှာ လုပ်ပိုင်ခွင့် ဘောင်ကျော်သွားတာမျိုး ကျနော်ဖြစ်ဖူးပါတယ်။

တပ်မှူးကို အခြေအနေကို ရှင်းပြလိုက်တော့ ထွေထွေထူးထူး အပြစ်မပြောပါ။ စစ်သည်ကိုယ်တိုင်လည်း ခွင့်စေ့တဲ့ရက်မှာ အတိအကျပြန်ရောက်လာပါတယ်။

ကျနော်က စစ်သည်အပေါ် ယုံကြည်မှု နဲ့ စွန့်ပြီး ခွင့်ပြုလိုက်တာဖြစ်သလို တပ်မှူးကလည်း ကျနော်အပေါ် ယုံကြည်မှုနဲ့ အပြစ်မဆိုခဲ့တာ ဖြစ်ပါတယ်။ လူ့သဘာဝအရ ယုံကြည်မှုရှိတဲ့အခါ စည်းဘောင်တွေလျှော့ပေး တတ်ပါတယ်။ ဒါပေမဲ့ ဒီယုံကြည်မှုကို အတိုင်းအတာထက်လွန်ပြီး အလွဲသုံးစားလုပ်လို့တော့ မရပါ။ ယုံကြည်မှုတခါ
ရရှိဖို့ အချိန်ယူတည်ဆောက်ရတာ ဖြစ်ပေမဲ့ အတိမ်းအစောင်းများလို့ အယုံအကြည်မဲ့သွားရင် နောက်ထပ်ရရှိဖို့ မလွယ်ကူပါဘူး။

တဦးနဲ့တဦး ယုံကြည်မှု နဲ့ဆက်ဆံကြ၊ အေးအတူပူအမျှ ညီညွှတ်နေကြတာဟာ ကြမ်းတမ်းတဲ့ ဘဝတွေ အတူဖြတ်သန်းကြရင်း ခင်မင်ရင်းနှီးမှုပိုလာရာက ခံစားဖြစ်ပေါ်လာတဲ့ စာနာထောက်ထားမှုတရား တွေကြောင့် ဖြစ်နိုင်ပါတယ်။ တကယ့် ရဲဘော်စိတ်ဆိုတာ အဲဒီလိုကနေ ဖြစ်တည်လာတယ်လို့ တွေးမိပါတယ်။
………………………………………………………………………………………………………….

နော်ဝေမှာရောက်နေတဲ့ အစ်မက သူ့ကို စာသင်ပေးတဲ့ ဆရာမတဦး အရှေ့ဥရောနိုင်ငံတွေမှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်လေးအကြောင်း ပြန်ပြောပြတာကို ကျနော်ကြားခဲ့ဖူးပါတယ်။

အဲဒီ နော်ဝေလူမျိုး ဆရာမဟာ အရှေ့ဥရောပ နိုင်ငံတချို့ကို ဗော်လံတီယာ သွားရောက်ခဲ့ဖူးတယ်။ အဲဒီမှာရှိတဲ့ ဒေသခံအများစုဟာ နော်ဝေလူမျိုးတွေလို အဆင့်အတန်း မြင့်မြင့် နေနိုင်စားနိုင်ကြတာ မဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိဘဝလေးမှာ မိသားစု စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့ တဦးကိုတဦး အကြင်နာတရား ပြည့်ဝစွာ လက်ရည်တပြင်တည်း လုပ်ကိုင်စားသောက်ကြတာတွေကို မြင်ရတော့ ဆရာမခမျာ မျက်ရည်ဝဲအောင် အားကျနှစ်သက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

နော်ဝေလူမျိုးတွေဟာ အကြင်နာ မေတ္တာတရား ကြီးမားသူတွေဖြစ်ကြောင်း ကမ္ဘာက အသိအမှတ်ပြုထား ပါတယ်။ လူ့အခွင့်အရေးသာမက တိရစာန် အခွင့်အရေးတွေတောင် ချမှတ်ပေးအပ်ထားတဲ့ နိုင်ငံတခုပါ။ သို့သော်လည်း အဲဒီနိုင်ငံမှာ လင်ကွဲမယားကွဲ ရာခိုင်နှုန်းမြင့်မားပါတယ်။ ဘဝမှာ ဘယ်လိုပြည့်စုံကုံလုံမှုရှိပါစေ မိသားစု ကွဲကွာရခြင်း ဒုက္ခက လူတွေရဲ့နှလုံးသားကို တနည်းနည်းနဲ့ ထိခိုက်နာကျင်စေမှာ အမှန်ပါပဲ။ အပြင်ဘန်းက ကြည့်ရင် မသိသာနိုင်တဲ့ ရင်တွင်းစိတ်ဒဏ်ရာတွေ သူတို့ခံစားနေရပုံ ရှိပါတယ်။

ဒါကြောင့်လည်း သူတို့လောက် လူ့အဆင့်အတန်းမီမီ မနေနိုင်ပေမဲ့ နွေးထွေးလုံခြုံမှု၊ အေးချမ်းပျော်ရွှင်မှုကို ပေးနိုင်စွမ်းသော မိသားစုအတွင်း နွေးထွေးသံယောဇဉ် အထုံးအဖွဲ့ကို တွေ့မြင်လိုက်ရတဲ့အခါ လူသားပီပီ အားကျမြတ်နိုးမိတာ ဖြစ်မှာပါ။
………………………………………………………………………………………………..

အဲဒီအကြောင်းလေးတွေ ဆက်စပ်စဉ်းစားမိရင်း… ချမ်းမြေ့ပျော်ရွှင်ဖွယ် ဘဝတွေ၊ အသိုက်အမြုံရပ်ဝန်း လေးတွေ ဖြစ်လာအောင် ဘယ်လိုအကြောင်းခြင်းရာတွေက ဖေးမထောက်ကူပေးနိုင်ပါသလဲ … ဆိုတဲ့ အတွေးတခု ကျနော့်ခေါင်းထဲ တိုးဝင်ရောက်ရှိလာပါတော့တယ်….။

နေမင်းသူ
၃-၂-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...