Monday, February 11, 2013

အီဂျစ်အကြောင်း မြန်မာတွေ လေ့လာကောင်းတယ်။ မျိုးသန့်

by Myo Thant on Saturday, February 9, 2013 at 9:19pm ·

           
အာရပ်နွေဦးလို့ ခေါ်တဲ့ အာရပ်ကမ္ဘာက အာဏာရှင်တွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးဟာ အာရပ်ကမ္ဘာမှာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေသော အာဏာရှင်တွေဆီကို လျင်မြန်စွာ ပျံ့နှံ့လာခဲ့တယ်။ ဒီတော်လှန်ရေးဟာ ကျူနီးရှားနိုင်ငံက လမ်းဘေးဈေးသည်လေး တယောက်က မိမိကိုယ်ကို သေကြောင်းကြံရာနေ စခဲ့ဒါပါ။ မြန်မာတွေအတွက် စိတ်ဝင်စားစရာတခုက အီဂျစ်နိုင်ငံအတွင်းက ဖြစ်ပျက်တွေ ဖြစ်တယ်။ (၁၉၅၂) ခုနှစ် အီဂျစ်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့မှုက မြန်မာနိုင်ငံမှလည်း (၁၉၆၂) ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့မှုထက် (၁၀) နှစ် လောက်စောခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ချင်း တူနေဒါမို့ အီဂျစ်နိုင်ငံ၏ အဖြစ်အပျက်တွေကို လေ့လာကောင်းတယ်လို့ စာရေးသူက ယူဆတယ်။



နောက်ခံ
အီဂျစ်နိုင်ငံဟာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင်တည်ရှိနေပြီး၊ ကမ္ဘာပေါ်တွင် နံပတ် (၁၅) မြောက် လူဦးရေ အများဆုံး နိုင်ငံတခုဖြစ်တယ်။ မျက်မှောက်နိုင်ငံတွေထဲမှာ ရှည်လျားသော သမိုင်းကြောင်း ရှိနေသည့် နိုင်ငံတခုဖြစ်ပြီး၊ ပလီတိုမက်၊ ရိုမန်နဲ့ အော်တိုမန် တူရကီအင်ပါယာ လက်အောက်များသို့ ကျရောက် ခဲ့ဖူးတယ်။ နောက်ပြီးတော့- ပြင်သစ်အင်ပါယာကို ထူထောင်ခဲ့သူ နပိုလီယံ၏ ကျူးကျော်မှုနှင့် ဗြိတိသျှတွေ၏ လွှမ်းမိုးခြယ်လှယ်မှု ကိုလည်း ကြုံခဲ့ရတယ်။


မိုဟာမက်အလီ ပါရှား (၁၈၀၅ - ၁၈၄၈) http://www.touregypt.net/images/touregypt/muhammadali1.jpg

အော်တိုမန်အင်ပါယာတွင် စစ်သူကြီး ဖြစ်ခဲ့သူ (အရှင်သခင်) မိုဟာမက်အလီ ပါရှား (၁၈၀၅ - ၁၈၄၈) ၏ မင်းဆက် (၁၂) ဆက် အတွင်းတွင် (၁၈၇၉) ခုနှစ်မှ (၁၉၃၅) ခုနှစ်အတွင်းတွင် စုစုပေါင်း အခြေခံဥပဒေ (၄) ခုကို ပေါ်ပေါက် ပြဌာန်းခဲ့တယ်။ (၁၈၇၉) အခြေခံဥပဒေ၊ (၁၈၈၂) အခြေခံဥပဒေ၊ (၁၉၂၃) အခြေခံဥပဒေနှင့် (၁၉၃၀) အခြေခံဥပဒေတို့ဖြစ်တယ်။

ဘုရင်စနစ် ဖြုတ်ကျသွားပြီးနောက် (၁၉၅၇) ခုနှစ် သမ္မတနိုင်ငံဖြစ်လာသော အချိန်မှ စ၍ ယနေ့အချိန်အထိ - ယာယီ အခြေခံဥပဒေ (၂)ခုနှင့် (၂၀၁၂) အခြေခံဥပဒေအပါအ၀င် အခြေခံဥပဒေပေါင်း (၆) ခုပေါ်ပေါက်ခဲ့ပြီးဖြစ်တယ်။ (၁၉၅၆) အခြေခံဥပဒေ၊ ညီညွတ်သော အာရပ် သမ္မတ နိုင်ငံ၏ အခြေခံဥပဒေ (ဆီရီးယားနှင့်ပေါင်းစည်းခြင်း)၊ (၁၉၆၃) ယာယီ အခြေခံဥပဒေ၊ (၁၉၇၁) အခြေခံဥပဒေ၊ (၂၀၁၁) ယာယီ  အခြေခံဥပဒေနှင့် (၂၀၁၂) အခြေခံဥပဒေတို့ဖြစ်တယ်။


သမ္မတဟောင်း မူဘာရက် http://i.telegraph.co.uk/multimedia/archive/01294/Hosni_Mubarak_1294158c.jpg

ဒီနေရာမှာ အခြေခံဥပဒေတခု ရှိတယ်ဟု- ဆိုတိုင်း ဒီမိုကရေစီနှင့် နိုင်ငံသားတွေ၏ အခြေခံအခွင့်အရေးတွေ ရရှိနေပြီလို့ ပြောရန် ခက်တယ်။ အကြောင်းက အီဂျစ်နိုင်ငံမှာ အခြေခံဥပဒေအရ သမ္မတ တဦးတည်းကသာ အုပ်ချုပ်သော စနစ်ဖြစ်ခဲ့တယ်။ နှစ်ပေါင်း (၄၃) အုပ်ချုပ်ခဲ့သော အီဂျစ်ဘုရင် မိုဟာမက် အလီ ပါရှား ပြီးလျင် - သမ္မတဟောင်း မူဘာရက်က နှစ်ပေါင်း (၃၀) ကြာစွာ အုပ်ချုပ်ခဲ့၍ အီဂျစ်နိုင်ငံရေးသမိုင်းမှာ ဒုတိယ အကြာဆုံး အုပ်ချုပ်ခဲ့သူဖြစ်နေတယ်။


(၁၉၅၂)ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းမှု
အီဂျစ်နိုင်ငံအနေဖြင့် ပြင်ပမှ ဖိအားများစွာကို ရင်ဆိုင်ခဲ့ရတယ်။ စစ်အေးခေတ်ဖြစ်နေဒါကြောင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက်အုပ်စုတို့၏ ဖိအားတွေက အီဂျစ်နိုင်ငံအပေါ် များစွာ ရှိခဲ့တယ်။ ဒီအပြင် အစ္စရေးတို့နှင့်ပါ စစ်ပွဲများဖြစ်ခဲ့ရပြီး၊ ဗြိတိသျှတွေကိုလည်း နိုင်ငံမှ ထွက်သွားအောင်လုပ်ဆောင်ရသေးတယ်။ နောက်ပိုင်းတွင် ဆူဒန်ကို အီဂျစ်က လက်လွှတ်ရသော အခြေအနေတွေပါ ဖြစ်လာခဲ့တယ်။

ထိုသို့သော အခြေအနေတွေ အကြားတွင် စစ်တပ်ထဲမှ ပြုပြင်ပြောင်းလဲလိုသော စစ်အရာရှိတွေက (၁၉၄၈) ခုနှစ် အစ္စရေးနှင့် ဖြစ်ပွားသော စစ်ပွဲတွင် ဘုရင်၏ ကိုင်တွယ်ဆောင်ရွက်မှု ညံ့ဖျင်းမှုရှိခဲ့တယ်ဟု အပစ်တင်ကာ အကျင့်ပျက်လဒ်စားပြီး၊ ဗြိတိသျှတို့၏ သြဇာခံ ရုပ်သေးအစိုးရအဖြစ် အမြင်ခံနေရသော ဘုရင်ကို ဖြုတ်ချဖို့အထိ ဖြစ်လာခဲ့တော့တယ်။


(၁၉၅၄) ခှုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် (၂) ဦး ဗိုလ်ချုပ် မိုဟာမက် နဂျာနှင့် ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာတို့ ဆော်ဒီအာရေဗျဘုရင်နှင့် အတူ အီဂျစ်သမ္မတ၏ ဧည့်ရိပ်သာတွင် အတူတကွတွေ့ရစဉ် http://weekly.ahram.org.eg/2009/969/cov05.jpg

ဇူလိုင်လ (၂၃) ရက် (၁၉၅၂) ခုနှစ်တွင် စစ်တပ်မှ လွတ်မြောက်ရေးအတွက် အရာရှိတို့၏ လှုပ်ရှားမှု တရပ်ပေါ်ပေါက်ခဲ့တယ်။ ဘုရင်စနစ်ကို တော်လှန်ရန် ဗိုလ်ချုပ် မိုဟာမက် နဂျာနှင့် ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာတို့ ဦးဆောင်သော စစ်တပ်မှ အရာရှိတွေက အီဂျစ်ဘုရင် မိုဟာမက် အလီ၏ မင်းဆက်ဖြစ်သော ဖာလို (ခ်) ဘုရင် (၁) နှင့် (၂) တို့ကို ဖြုတ်ချပြီး၊ စစ်ကောင်စီက အာဏာရရှိလာခဲ့တယ်။

စစ်ကောင်စီက အာဏာရရှိလာပြီးနောက် ဇန်န၀ါရီလ (၁၆) ရက်နေ့ (၁၉၅၃) တွင် နိုင်ငံရေးပါတီတွေအားလုံးကို တားမြစ် ဖျက်သိမ်းခဲ့ပြီး၊ အထူးသဖြင့် မွတ်စလင် ညီအကိုတော်များ အဖွဲ့ကို ဖြစ်တယ်။ အသွင်ကူးပြောင်းရေးကာလကို (၃) နှစ် သတ်မှတ်ကြောင်းနှင့် စစ်ကောင်စီမှ နိုင်ငံတော်၏ အာဏာကို ဆက်လက် ရယူထားမည် ဖြစ်ကြောင်းကြေညာလာခဲ့တယ်။

အာဏာသိမ်းကောင်စီအတွင်း အရပ်သားအစိုးရဖွဲ့စည်းပေးပြီး၊ အာဏာလွဲပြောင်းရေးကိစ္စအပေါ် သဘောထားကွဲလာခဲ့တယ်။ ဗိုလ်ချုပ် မိုဟာမက် နဂျာက အရပ်သားအစိုးရကို ဖွဲ့စည်းပေးကာ အာဏာလွဲပြောင်းပေးရေးကို လိုလားပေမယ့် ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာကတော့ စစ်ကောင်စီဝင်တွေကဘဲ အာဏာကို ဆက်လက်ဆုပ်ထားလိုတယ်။

၎င်းတို့ခေါင်းဆောင်နှစ်ဦးအကြားရှိ ပြဿနာသည် အာဏာသိမ်းစစ်ကောင်စီအတွင်းမှာ နောက်လိုက်အင်အားကောင်းကောင်း ရရှိခဲ့သူ ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာက နောက်ဆုံးတွင် ဗိုလ်ချုပ် မိုဟာမက် နဂျာကို အဓမ္မရာထူးက ဆင်းစေခဲ့တယ်။ ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာသည် စစ်ကောင်စီအတွင်း သြဇာအာဏာကြီးထွားလာရာ နောက်ဆုံးတွင် စစ်ကောင်စီကို ဖျက်သိမ်း၍ ဇူလိုင်လ (၂၄) ရက်နေ့ (၁၉၅၄) ခုနှစ်တွင် စစ်ကောင်စီ၏ တော်လှန်းရေးလည်းပြီးဆုံးကြောင်းကြေညာခဲ့တယ်။

ဗိုလ်မှူးကြီး ဂါမာ အဒူလား နဇာက အာဏာကို ပြိုင်ဘက်မရှိ ရရှိသွားရာ နောက်ဆုံးမှာ တပါတီစနစ်ဖြင့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရစနစ်ကို တည်ထောင်လာခဲ့တယ်။ သမ္မတအနေဖြင့် အစိုးရအဖွဲ့ဝင်တွေကို ခန့်အပ်ခွင့်နှင့် ဖြုတ်ချခွင့်တို့ကို ရရှိပြီး၊ (၁၉၅၆) ခုရွေးကောက်ပွဲတွင် အီဂျစ်နိုင်ငံသမိုင်းမှာ ပထမဦးဆုံးအဖြစ် အမျိုးသမီးတွေကို ရွေးကောက်ပွဲတွင် မဲပေးခွင့်ပေးခဲ့တယ်။

ဘုရင်အုပ်ချုပ်သော စနစ်ကနေ သမ္မတနိုင်ငံဖြစ်လာခဲ့တယ်။ ရွေးကောက်ပွဲများအလီလီ ဖြစ်ပေါ်ခဲ့သော်လည်း၊ ၎င်းအာဏာသိမ်း စစ်ဗိုလ်တွေထဲကဘဲ နိုင်ငံ၏ သမ္မတဖြစ်ခဲ့တယ်။ အာဏာရ စစ်ကောင်စီဝင် အချင်းချင်းလည်း အာဏာလု ဖြုတ်ထုတ်ရင်းနဲ့ အီဂျစ်နိုင်ငံတွင် (၁၉၅၆) အခြေခံဥပဒေကို ရေးဆွဲ ပြဌာန်းလာခဲ့တယ်။ ယနေ့တိုင် စစ်တပ်၏ နိုင်ငံရေးတွင် သြဇာကြီးမားနေမှုကို မည်သူကမှ  မကျော်လွှာနိုင်သေးဒါကိုလည်း တွေ့နိုင်တယ်။


အီဂျစ်နိုင်ငံ၏စစ်တပ်
အီဂျစ်နိုင်ငံစစ်တပ်ကို (၁၉၂၂) မှာ စတင်ဖွဲ့စည်းထားခဲ့ပြီး၊ ယနေ့တွင် ကမ္ဘာမှာ နံပတ် (၁၀)မြောက် အင်အားတောင့်တင်းသော စစ်တပ်ဖြစ်နေတယ်။ အမြဲတမ်းတပ်ဖွဲ့ဝင်ပေါင်း (၄) သိန်း (၅) သောင်းရှိပြီး၊ အစ္စရေးနိုင်ငံမှာ ရှိသည့် ခေတ်မှီ စစ်လေယာဉ်များ ရှိနေသလို- အီဂျစ်နိုင်ငံတွင်လည်း လေတပ်အတွက် ခေတ်မှီသော စစ်လေယာဉ်များစွာ ရှိနေတယ်။ ခေတ်မှီ တင့်ကား၊ တာဝေးပစ်နှင့် လေယာဉ်ပစ် လက်နက်တွေပါ ရှိနေသည်ဟု အစ္စရေးတွေက ယုံကြည်ထားတယ်။

အီဂျစ်နိုင်ငံတွင်လည်း ထောက်လှမ်းရေးြ့ဂိုလ်တုရှိနေပြီး၊ ဒေသတွင်းမှ ဒုတိယမြောက် ထောက်လှမ်းရေးဂြိုလ်တုအများဆုံး ပိုင်ဆိုင်ထားတယ်။ (၁၉၈၀) ခုနှစ်နောက်ပိုင်း ဆိုဗီယက်တွေနဲ့ အပြီးအပိုင်လမ်းခွဲခဲ့ပြီး၊ အမေရိကန်နဲ့ နီးကပ်စွာ ဆက်ဆံလာသောကြောင့် စစ်တပ်တွင် ဆိုဗီယက်လုပ် စစ်လက်နက်ပစ္စည်းတွေကို ဖယ်ရှားကာ- အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်လုပ် စစ်လက်နက် ပစ္စည်းတွေဖြင့် အစားထိုးလာခဲ့တယ်။ မကြာသေးမှီနှစ်များအတွင်း အီဂျစ်နိုင်ငံ၏ တပ်မတော်ကို ပိုမိုခေတ်မှီအောင်ဆိုပြီး၊ စစ်တပ်ကို ကြီးမားစွာ ပြုပြင်တည်ဆောက်ရေးကို အကြီးအကျယ်ပြုလုပ်ခဲ့သေးတယ်။ အထူးသဖြင့် လေတပ်ကို အကြီးမားဆုံးဖြစ်အောင် တည်ဆောက်ထားတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုက နှစ်စဉ် အီဂျစ်နိုင်ငံ၏ စစ်တပ်ကို ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ထောက်ပံ့ ထားတယ်။

စစ်တပ်အနေဖြင့် စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာရေး၊ အိမ်ရာတည်ဆောက်ရေး၊ အ၀တ်အစား၊ အစားအသောက်၊ မော်တော်ကားများ၊ ကျောက်မျက်ရတနာ၊ ဟိုတယ်နှင့် ခရီးသွားလာရေး စသော လုပ်ငန်းတွေအပါအ၀င် နိုင်ငံ စီးပွားရေး၏ (၄၀) ရာခိုင်နှုန်းကျော်ကို စစ်တပ်က ပိုင်ဆိုင်ထားတယ် လို့ သုံးသပ်သူတချို့က ယုံကြည်ထားတယ်။ စစ်တပ်နှင့် ပတ်သတ်သည် သတင်းအချက်အလက်များကို ပြင်ပက လူများ ရရှိနိုင်ရန် အင်မတန်ခက်ခဲ့တယ်။

စစ်တပ်သည် အထင်ကရနှင့် လွတ်လပ်စွာ တည်နေပြီး - ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းသော လက်နက်ကိုင် တပ်ပေါင်းစုံတို့၏ ထိပ်တန်းကောင်စီက စစ်တပ်အားလုံးကို အုပ်ချုပ်ကိုင်ထားတယ်။ (၂၀၁၁) အီဂျစ်နိုင်ငံအတွင် အာဏာရှင်တော်လှန်ရေးကြောင့် သမ္မတ မူဘာရက် ရာထူးကနေ ဆင်းပေးရသောအခါတွင် - ၎င်း၏ သမ္မတအာဏာကို လက်နက်ကိုင်တပ်ပေါင်းစုံ၏ ထိပ်တန်းကောင်စီသို့ လွဲပြောင်းပေးအပ်ခဲ့ရတယ်။ အခြေခံဥပဒေထဲတွင် စစ်တပ်၏ အခန်းကဏ္ဍကို ကာကွယ်ပေးရန် တောင်းဆိုခဲ့ရာ - ယခင်က ရရှိထားသော အခွင့်အရေးတွေအတိုင်း (၂၀၁၂) အခြေခံဥပဒေထဲတွင် တရားဝင် ထည့်သွင်းပေးထားရတယ်။

သမ္မတ မူဘာရက်နုတ်ထွက်ပြီး၊ နှစ်ပေါင်း (၃၀)အတွင်း တည်ရှိခဲ့သော အရေးပေါ်ဥပဒေတွေကို အဆုံးသတ်ခဲ့တယ်။ ပါလီမန်ကို ဖျက်သိမ်း၍ အခြေခံဥပဒေကို ရပ်ဆိုင်းကာ လက်နက်ကိုင်တပ်ပေါင်းစုံတို့၏ ထိပ်တန်းကောင်စီက အာဏာကို ထိန်းထားလျက်၊(၂၀၁၂) ခုနှစ်တွင် ရွေးကောက်ပွဲတွေကို ကျင်းပ ပေးခဲ့တယ်။ ပြည်သူတွေက ရွေးကောက် တင်မြောက်သော အစိုးရလက်ထဲသို့ အာဏာ လွဲပြောင်းပေးခဲ့တယ်။


မွတ်စလင် ညီအကိုတော်များ အဖွဲ့
အာရပ်ကမ္ဘာမှာ သြဇာရှိပြီး အင်အားအကောင်းဆုံး အဖွဲ့တခုဖြစ်ပြီး - အာရပ်နိုင်ငံများစွာမှာ ဒေသခံ အဖွဲ့ခွဲများစွာ တည်ရှိနေတယ်။ ယနေ့ဆိုလျင် - အာရပ်နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့တွေထဲတွင် မပါလျင်တောင်မှ လွှတ်တော်တွေထဲမှာ အနည်းနဲ့ အများဆိုသလို မွတ်စလင် ညီအကိုတော်များ အဖွဲ့ဝင် အမတ်များ ရှိနေကြပြီ ဖြစ်တယ်။

မွတ်စလင် ညီအကိုတော်များ အဖွဲ့ကို (၁၉၂၈) ခုနှစ်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စတင်ဖွဲ့စည်းလာခဲ့ဒါပါ။ ဒုတိယကမ္ဘာစစ် အပြီးတွင် အဖွဲ့ဝင်ပေါင်း (၂) သန်းကျော်အထိ တိုးပွားလာခဲ့တယ်။ ၎င်းတို့၏ ဘာသာရေးအခြေခံ အယူအဆကြောင့် ထောက်ခံ သူများ များပြားလာတယ်။ ခေတ်သစ် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေတို့ပေါင်းစပ်ထားသောကြောင့် အခြားမွတ်စလင်အုပ်စုတွေ အပေါ်မှာ များစွာ သြဇာလွှမ်းမိုးထားနိုင်တယ်။

ရည်ရွယ်ချက်တွေက ကုရမ်နှင့် စူနာ (ခေါ်) တမာန်တော် မိုဟာမက်၏ ဆုံးမတော်များနှင့်အညီ မွတ်စလင် မိသားစုများ၊ တဦးချင်းဆီ၊ လူများနှင့် နိုင်ငံတော်အထိပါ နေထိုင်နိုင်ရေးဖြစ်တယ်။ ယခုလို လှုပ်ရှားမှုတွေ၏ ရည်မှန်းချက်ရောက်ရန်အလို့ဌာ- အကြမ်းဖက်ပြီး ဆောင်ရွက်ဒါမျိုးကို ဆန့်ကျင်တယ်။ သို့သော်လည်း တချိန်တုန်းက အီဂျစ်နိုင်ငံ၏ ၀န်ကြီးချုပ် - မိုဟာမက် အန် နုလားရှီ ပါရှားကို မွတ်စလင် ညီအကိုတော်များ အဖွဲ့၏ လက်နက်ကိုင်တွေက လုပ်ကြံသတ်ဖြတ်ခဲ့ဖူးတယ်။

ဘာသာရေးဆိုင်ရာ လူမှုရေးအဖွဲ့အဖြစ် စတင်ခဲ့ပြီး - အစ္စလာမ်သာသနာ ပြန့်ပွားရေးအတွက် သင်ကြားပေးခြင်း၊ စာမတတ် သူများကို စာသင်ပေးခြင်း၊ ဆေးရုံဆေးခန်းများကို တည်ဆောက်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို တည်ထောင်ပေးခြင်းတို့ ပြုလုပ်ပေးတယ်။ ထိုသို့ဖြင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုတွေက တိုးပွားကျယ်ပြန့်လာတယ်။

အဲဒီလို (၁၉၃၆) ခုနှစ်ရောက်လာတော့ - အီဂျစ်ပြည်ကို ဗြိတိသျှအုပ်ချုပ်နေမှုကို စတင် ဆန့်ကျင်လာခဲ့တယ်။ နောက်ပိုင်း အီဂျစ်အမျိုးသားရေးလှုပ်ရှားသူတွေက မွတ်စလင် ညီအကိုတော်များ အဖွဲ့သည် အကြမ်းဖက်သတ်ဖြတ်မှု များစွာကို ပြုလုပ် လာတယ်ဟု စွပ်စွဲခဲ့တယ်။

(၁၉၅၂) ခုနှစ်တွင် ဘုရင်စနစ်အား တော်လှန်ရေးကို ထောက်ခံခဲ့ပေမယ့် - နောက်ပိုင်း သမ္မတကို လုပ်ကြံရန် ကြိုးစားမှုတွေကြောင့် မွတ်စလင် ညီအကိုတော်များ အဖွဲ့အား နောက်တခါ အစိုးရ၏ ပိတ်ပင်တားဆီးခြင်းကို ခံခဲ့ရပြီး၊ ဆက်လက်၍ အစိုးရ၏ နှိပ်ကွပ်မှုများကို ခံခဲ့ရတယ်။

ထို့နည်းတူစွာဘဲ - အခြားနိုင်ငံတွေမှာရှိသည့် မွတ်စလင် ညီအကိုတော်များ အဖွဲ့တွေလည်း တားမြစ်ပိတ်ပင် ခံခဲ့ရပြီး နှိပ်ကွပ်မှုတွေ ခံခဲ့ရတယ်။ အထင်ရှားဆုံးကတော့ (၁၉၈၂) ခုနှစ်တွင် ဆီးရီယားနိုင်ငံရှိ ဟမာမြို့တွင် မွတ်စလင် ညီအကိုတော်များ အဖွဲ့ဝင်တွေက အစိုးရကို တော်လှန်သောကြောင့်  ဆီးရီယားစစ်တပ်တို့၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။

မွတ်စလင် ညီအကိုတော်များ အဖွဲ့၏ လှုပ်ရှားမှုများအတွက် အဖွဲ့ဝင်တွေ၏ ငွေကြေးထည့်ဝင်ပေးမှုဖြင့် ရပ်တည်နေတယ်။ တချို့ရန်ပုံငွေတွေက ဆော်ဒီအာရေဗျနိုင်ငံနှင့် အခြားသော ရေနံကြွယ်ဝသော နိုင်ငံတွေတွင် အလုပ်လုပ်နေကြသူများဖြစ်ကြတယ်။

(၂၀၀၅) ခုနှစ် အီဂျစ်နိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲတွင် မွတ်စလင် ညီအကိုတော်များ အဖွဲ့သည် တရားဝင်ရပ်တည်ခွင့် မရှိခဲ့၍ သီးခြား ကိုယ်စားလှယ်များအဖြစ် အရွေးခံခဲ့ရာ နေရာပေါင်း (၈၈) နေရာကို ရရှိခဲ့ပြီး၊ တရားဝင်အတိုက်အခံပါတီကတောင် (၁၄) နေရာဘဲ ရရှိခဲ့တယ်။

(၂၀၁၁) ခုနှစ် တော်လှန်ရေးနှင့် နောက်ပိုင်း မွတ်စလင် ညီအကိုတော်များ အဖွဲ့သည် တရားဝင်အဖြစ် ရပ်တည်နိုင်ရန် - လွတ်လပ်ပြီး၊ တရားမျှတသော ပါတီကို ဧပြီလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့တယ်။ မတ်လ (၂၀၁၁) ခုနှစ်တွင် လစ်ဘရယ်တွေက ဆန့်ကျင်ပြီး၊ စစ်တပ်က ထောက်ခံထားသော အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လုပ်ရန် မွတ်စလင် ညီအကိုတော်များ အဖွဲ့ကလည်း ထောက်ခံခဲ့တယ်။


အီဂျစ်သမ္မတ မော်စီ http://topnews.in/law/files/mohamed-morsi-15.jpg

မွတ်စလင် ညီအကိုတော်များ အဖွဲ့က စက်တင်္ဘာလတွင် ပါလီမန်ရွေးကောက်ပွဲတွင် ၎င်းတို့ ပါလီမန်နေရာ၏ ထက်ဝက်ကျော်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်ခဲ့တယ်။ သမ္မတကိုယ်စားလှယ်လောင်းကို ရွေးခြယ်ရာတွင် အမျိုးသမီးများနှင့် လူနည်းစု ခ( ခ်) ထ (စ်) ခရစ်ယာန်များကို ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအဖြစ်ရွေးခြယ်ရန် ငြင်းပယ်ခဲ့ပြီး၊ မိုဟာမက်မော်စီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့တယ်။ (၂၀၁၂) သမ္မတရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် သန်း (၃၀) ထဲမှ (၆၀) ရာခိုင်နှုန်း မဲလာ ထည့်ခဲ့တယ်။ မွတ်စလင် ညီအကိုတော်များ အဖွဲ့မှ မိုဟာမက်မော်စီက (၅၁) ဒသမ (၇၅) ရာခိုင်နှုန်း ရရှိပြီး၊ ပထမအကြိမ် ဒီမိုကရေစီနည်းကျ အရပ်သားသမ္မတဖြစ်လာတယ်။


(၂၀၁၂) အခြေခံဥပဒေ
ဧပြီလတွင် တရားရုံးချုပ်က ပါလီမန်သည် အခြေခံဥပဒေနဲ့မညီညွတ်ကြောင်း မဆုံးဖြတ်သေးမှီ မတ်လအတွင်းတွင် အခြေခံဥပဒေရေးဆွဲရေးညီလာခံအား ပါလီမန်က တာဝန်ပေးအပ်ခဲ့တယ်။ ဒုတိယအကြိမ်ညီလာခံကို ပါလီမန်က နွေရာသီမှာ ထပ်မံ တာဝန်ပေးအပ်ခဲ့ရာ ပုဒ်မပေါင်း (၂၃၄) ပါဝင်သော အခြေခံဥပဒေ(အကြမ်း)ကို ရေးဆွဲနိုင်ခဲ့တယ်။ နိုင်ငံတကာစံနှုန်းတွေကို လက်ခံပြီး စံချိန်မှီအောင်ရေးဆွဲရန် ငြင်းပယ်လျက် - နိုဝင်ဘာ (၂၉) ရက်နေ့တွင် ပုဒ်မတခုချင်းစီ အလိုက် (၁၉) နာရီကြာအောင် စစ်ဆေးပြီး အတည်ပြုခဲ့တယ်။

သမ္မတတွင် အာဏာကို စုပုံထားနေမှုကို အဆုံးသတ်ထားပြီး၊ ပါလီမန်ကို အားကောင်းအောင်လုပ်ထားဒါကိုတွေ့ရှိနိုင်တယ်။ တရားရုံးမတင်ဘဲ ဖမ်းဆီး၊ နိုပ်စက်ဒါတွေကို ဆန့်ကျင်ထားတယ်။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေ၏ အာဏာများနှင့် အခွင့်အရေးများကိုတော့ ဆက်လက်အသိအမှတ်ပြုထားဒါကို တွေ့နိုင်တယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဥပဒေမဲ့ ဖမ်းဆီးမှုကို မရှိအောင် ကာကွယ်ပေးထားပေမယ့် အရပ်သားတွေနေဖြင့် စစ်တပ်ကို ထိခိုက်စေသော လုပ်ဆောင်ချက်များရှိလာလျင် စစ်တပ်မှ စစ်ခုံရုံးတင် နိုင်မှုတို့ကိုတော့ အဆုံးသတ်ထားခြင်း မရှိကြောင်းကို ထောက်ပြဝေဖန်ထားတယ်။ အစ္စလာမ်နှင့် အီဂျစ်ဥပဒေတွေ ဆက်စပ်ရှိနေပုံကို ဖေါ်ပြ၍ - အခြေခံအားဖြင့် ယခင်အခြေခံဥပဒေအဟောင်းအတိုင်းဆက်လက်ရှိနေပြီး၊ အစ္စလာမ်ဥပဒေတွေအပေါ်မှာ အခြေခံထားတယ်။

ခွဲခြားဆက်ဆံရေးမှ ကင်းလွတ်ရမည်ဆိုထားသော်လည်း အမျိုးသမီးများနဲ့ လူနည်းစုဘာသာဝင်တွေ (ခရစ်ယန်နှင့်အခြား မူဆလင်မဟုတ်သူများ)ကို အခြေခံဥပဒေတွင် ကာကွယ်ပေးထားဒါကို မတွေ့ရပေ။

သမ္မတကို လေးနှစ် သက်တမ်းကို (၂) ကြိမ်သာ ထမ်းဆောင်ရမည်ဆိုထားသော်လည်း၊ သမ္မတအာဏာအပေါ် စမ်းစစ်ထားတယ် ဆိုဒါကတော့ မရှင်းလင်းပေ။ ကာကွယ်ရေး ၀န်ကြီးကို ထိပ်တန်းစစ်ဗိုလ်ချုပ်တွေက ရွေးချယ်ရမယ်တဲ့။ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားသော အထူးကောင်စီက စစ်တပ်ရေးရာကိစ္စနှင့် ကာကွယ်ရေးဆိုင်ရာဘဂျက်တို့ကို စိစစ် ကြီးကြပ်ခွင့် ရှိနေတယ်။ ဗဟိုအစိုးရက ခန့်အပ်ထားသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ လက်ထဲတွင် အာဏာများစွာ ရှိနေခြင်းဖြင့် အစိုးရအနေ၏ ဒီမိုကရေစီတည်ထွန်းရေးအတွက် ထိရောက်စွာ လုပ်ကိုင်နိုင်သော အခြေအနေနှင့် အဂတိလိုက်စားမှုများကို စိစစ်တိုက်ဖျက်နိုင်ရေးတို့အတွက် အာမခံထားခြင်း မရှိပေ။


အချုပ်အားဖြင့်ဆိုလျင် - အီဂျစ်နိုင်ငံ၏ စိန်ခေါ်မှု့က စစ်တပ်နှင့် အစ္စလာမ်ဝါဒီတွေအကြား အားပြိုင်မှု၊ အမျိုးသမီးများနှင့် လူနည်းစု ခ( ခ်) ထ (စ်) ခရစ်ယာန်များ၏ စိုးရိမ်မှုနှင့် လစ်ဘရယ်တွေ၏ မကျေနပ်မှု စသည့်တွေက အီဂျစ်နိုင်ငံ တည်ငြိမ်မှုအတွက် စိန်ခေါ်မှု့ တရပ် ဖြစ်နေတယ်။

နိုင်ငံတခု၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည့် အခြေခံဥပဒေအတွင်းတွင် လောကပါလတရား (၃) ပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတာကို စာရွက်ပေါ်မှာ ရေးထားရုံလောက်မဟုတ်ဘဲ - ရှင်းလင်း တိကျစွာ ဖေါ်ပြပြီး၊ အစိုးရအနေဖြင့် လက်တွေ့ အကောင်အထည်ဖေါ်ပေးနိုင်ခြင်းတို့ကို အခြေပြုထားခြင်း မရှိခြင်း၊ အာဏာကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီးရင်ရေးဟူး သီးသီးခြားခြားသတ်မှတ်ထားပြီး - လွတ်လပ်စွာ လုပ်ပိုင်ခွင့်တို့ကို ရှင်းလင်းစွာ ဖေါ်ပြထားခြင်း မရှိခြင်း၊ ၎င်းအာဏာ (၃) ရပ်ကို အပြန်အလှန်ထိန်းကျောင်းထားသော စနစ် မရှိခြင်း၊ စသည့်တို့ဖြင့် ၎င်း အခြေခံဥပဒေကိုပါ လူတွေက အယုံအကြည်မရှိခြင်းတို့ ဖြစ်နေတယ်။

- ပြီးပါပြီ -

ဖတ်သည့်အတွက် အထူးကျေးဇူးတင်လျက် -
မျိုးသန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...