ပင်လုံစာချုပ်ပါ နိုင်ငံအတွက် အရေးကြီးသော သဘောတူညီချက်များ
by Kyaw Naing on Sunday, February 10, 2013 at 6:07pm ·
ပြည်မနှင့်
တောင်တန်းဒေသများ ပူးပေါင်းပါမည်ဆိုသော သဘောတူညီချက်အတွက်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇
ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌
စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ်
လွတ်လပ်ရေးရအပြီး သဘောတူညီမှုပျက်ပြားကာ ပြည်တွင်းစစ်ဖြစ်လာခဲ့သည်။
ဒုတိယပင်လုံ ကျင်းပရေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဇိုမီးအမျိုးသားကွန်ဂရက် ZNC က စစ်ကိုင်းတိုင်း ကလေးမြို့၌ “ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း” ဟူ၍ ထုတ်ပြန်ကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ကာ ကျင်းပရန် စတင်အဆိုပြုခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ ပြန်လွတ်ခဲ့ပြီးနောက် ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရန် တာဝန်လွှဲပြောင်းပေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့်လမ်းညွှန်-၇ချက်မှာ -
(၁) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်။
(၂) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလ ပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရှိရမည်။
(၃) အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ ဆင်းသက်စေရမည်။
(၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တိုင်းသူပြည်သားမှန်သမျှသည် လူမှုရေးရာ၌လည်းကောင်း၊ စီးပွားရေးရာ၌လည်းကောင်း၊ နိုင်ငံရေးရာ၌လည်းကောင်း၊ တရားမျှတမှုရှိစေလျက်၊ အဆင့်အတန်းအခွင့်အရေးနှင့် ဥပဒေ သက်သေခံမှုတို့တွင် ဆူကြုံနိမ့်မြင့်မရှိ၊ ပကတိတူညီစေရမည့်အပြင်၊ တရားဥပဒေနှင့်သော်လည်းကောင်း၊ အများပြည်သူတို့ စောင့်စည်းအပ်သော အကျင့်သိက္ခာနှင့်သော်လည်းကောင်း၊ မဆန့်ကျင်သမျှ လွတ်လပ်စွာ ကြံစည်ပိုင်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်၊ ဘာသာတရား ကိုးကွယ်ပိုင်ခွင့်၊ ဝတ်ပြုပိုင်ခွင့်၊ ပရိယေသနရှာမှီးပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ပြုမူဆောင်ရွက်ပိုင်ခွင့်တို့ ရရှိတည်မြဲစေရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်အခိုင်အလုံသတ်မှတ်ထားရှိစေရမည်။
(၅) ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစုများအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဋ္ဌာန်း ထားရှိစေရမည်။
(၆) လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတမြန်မာနိုင်ငံ၏ နယ်မြေကို တပေါင်းတစည်းတည်း တည်တံ့ခိုင်မြဲရေးကိုလည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာ စိုးမိုးပိုင်ခွင့်ကိုလည်းကောင်း၊ တရားဓမ္မနှင့်တကွပြည်ထောင်အချင်းချင်းဥပဒေအရထိန်းစောင့်ထားရှိရမည်။
(၇) ရာဇဝင်ထင်ရှားခဲ့သော ဤမြန်မာနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ဂုဏ်ကျကိသရေနှင့် လျော်ညီစွာ ရသင့်ရထိုက်သော အဆင့်အတန်းသို့ ရောက်ရှိစေရမည့်အပြင် လူသတ္တဝါတို့၏ တိုးတက်ရေးနှင့် ကောင်းကျိုးချမ်းသာ ပြည့်ဝရေးတို့ကို တာဝန်အလျောက် စေတနာဖြင့် အစွမ်းကုန် ဖြည့်စွက်ထမ်းရွက်ကာ ပြည်ထောင်အချင်းချင်းဆိုင်ရာ တရားဓမ္မနှင့် ကျင့်ဝတ်သိက္ခာကို အခြေပြု၍၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုလျက်၊ နိုင်ငံတကာတို့နှင့် မိတ်ဝတ်မပျက်ဘဲ တွဲဖက်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် စောင့်ထိန်းတော့အံ့။
Link: http://www.mizzimaburmese.com/news/inside-burma/6813---crpp-.html

0 comments:
Post a Comment