စာမျက်နှာ ၁၀၃ မျက်နှာကို ဖတ်ရမှာ အချိန်ကုန်လျင် အခု အကျင်းချုပ်ကိုဖတ်ပါ ။
အကျဉ်းချုပ် အပိုင်း (၁)
ဆင်ဖုန်ကျေးရွာနှင့် သင်္ဃန်းကျွန်းကြီးကျေးရွာသားများအားလုံး၏အမှုများကို ခြုံငုံသုံးသပ်ခြင်း
မင်္ဂလာဒုံမြို့နယ် အတွင်းက ဆင်ဖုံကျေးရွာနဲ့သင်္ဃန်းကျွန်းကြီးကျေးရွာတွေက လယ်မြေတွေကို စက်မှုဇုန် (၁)(၂)(၃) အတွက်လို့အကြောင်းပြပြီး ၁၉၉၁ ခု နှစ်ကစပြီး တတိတိသိမ်းဆည်းလာခဲ့တာဘဲဖြစ်ပါတယ် ။
သိမ်းဆည်းပုံနည်းစနစ် - စနစ်တကျ ဧရိယာတိုင်းထွာတာမျိုး မြေသိမ်းအဖွဲ့ကနေ တောင်သူတွေ ကိုတွေ့ရှင်းပြ လူမှုပြဿနာတွေကို တွေ့ဆုံ တွက်ချက် ဖြေရှင်းပေးတာမျိုးမဟုတ်ဘဲ အမဲဖျက်သလို ၀ိုင်းဖျက်ခဲ့ကြပါတယ် ။
အဲဒီလိုသိမ်းဆည်းခဲ့စဉ်မှာလည်း ပုံစံမျိုးစုံဖြစ်နေခဲ့ပါတယ် ။ တပ်မတော်ကစတင်သိမ်းဆည်းခဲ့ပြီး ဇေကမ္ဘာ ကုမ္မဏီကို လွှဲအပ်ပေးခဲ့တာ တွေလည်းရှိပါတယ် ။
အချို့လူတွေဟာ မိမိတို့ လယ်မြေတွေကို ဘယ်သူက ဘာ့အတွက် သိမ်းမှန်း မသိ ခဲ့ရပါဘူး ။ ၁၉၅၃ ခု နှစ်လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ(၅) / ချွင်းချက် ပုဒ်မ(၁၀) ။ ပုဒ်မ (၃၉) - တို့ကို မလိုက် နာခဲ့ပါဘူး ။
လယ်ယာမြေဥပဒေကိုမပြင်ဘဲ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် မြေယာသိမ်းဆည်းလို့မရပါဘူး ။ တပ်မတော်အတွက် တော့ မြေယာသိမ်းနိုင်ပြန်ပေမဲ့ - တပ်မတော်အနေနဲ့ အသုံးမလိုတော့ရင် မူလ လက်ငုတ် တောင်သူတွေ ( အချိန်ကြာ လို့သေကုန်ရင် တောင်သူ မိသားစုတွေ ) ကို ပြန်လွှဲပြောင်း အပ်နှံရမယ်လို့ ဥပဒေမှာ အတိအလင်းဖော်ပြထားပေမဲ့ မူလလက်ငုတ်တောင်သူတွေ မရဘဲ အခြားသူတွေက ၀င်ရောက် ရယူသွားပါတယ် ။
ယခင်ဥပဒေအဟောင်းအရ ပုဂ္ဂလိကတွေ အလုပ်လုပ်ဖို့ ဘယ်လို စက်မှုဇုန်မျိုးမှ ခွင့်ပြုနိုင်တဲ့အခြေအနေမရှိပါဘူး ။ ဘယ်လို အကျိုးတူပူးပေါင်းလယ်ယာစနစ်ကိုမှ အရောက်မလှမ်းနိုင်ပါဘူး ။ အဲဒါကို ဥပဒေမပြင်ဘဲ ဇွတ်လုပ်နေရင် ဥပဒေ ချိုးဖောက်နေတာပါဘဲ ။
လျော်ကြေး - ၁၉၅၃ ခု နှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ (၄၂) အရ လျော်ကြေးပေးခဲ့တာမျိုးမရှိပါဘူး ။ အဲဒီဥပဒေပုဒ်မအရ လျော်ကြေးအတိအကျပေးခဲ့ရင် ငွေပမဏက နည်းနည်းလေးပါဘဲ ။ ဒါပေမဲ့ ဘောင်ဝင်ပါတယ် ။ ဆက်လက်ပြီး ဥပဒေတွေကိုလိုက်နာခဲ့ရင်လည်း တောင်သူ့မြေတွေပြန်အပ်သွားရမှာပါ ။ အခုလို ပြင်ပ ပုဂ္ဂလိက လက်ထဲ ရောက်စရာ အငြင်းပွါးစရာမရှိပါဘူး ။ ဆင်ဖုံ ။ သင်္ဃန်းကျွန်းကြီး ။ ချစ်တီးကုန်း ကျေးရွာတွေမှာ မြေသိမ်းခဲ့ တာကတော့ လျော်ကြေး တစ်ပြားမှမရခဲ့တာလည်းရှိပါတယ် ။
လျော်တဲ့အခါမှာလည်း ပုံစံမျိုးစုံ ရှိခဲ့ပါတယ် ။ အချို့ကတော့ တစ်ဧကကို တစ်သောင်းကျပ်
ရရှိခဲ့ပါတယ် ။ အချို့က တော့ တစ်ဧကကို တစ်သောင်းကျပ်နှုန်းဆိုပေမဲ့ ဧကအပြည့်မရခဲ့ပါဘူး ။ အချို့ကတော့ မြေကွက် တွေပြန်ပေးမယ်ပြော ပေမဲ့ တစ်ကွက်မှမရခဲ့ပါဘူး ။ နိုင်ငံတော်သတ်မှတ်ဧရိယာထက်ပိုလျှံသိမ်းဆည်းမှု တွေရှိခဲ့ပါ တယ် ။ နိုင်ငံတော်အတွက် သုံးစွဲတာမျိုးလည်းမဟုတ်ပါဘူး ။ ပုဒ်မ ( ၅ ) အပိုဒ်ခွဲ (၃) နဲ့ မညီပါဘူး ။ ချွင်းချက် ပုဒ်မ (၁၀) ကိုလည်းဖောက်ပြန် သွားစေပါတယ် ။
ဆင်ဖုံ၊သင်္ဃန်းကျွန်းကြီး၊ချစ်တီးကုန်းမှ ရှင်းလင်းရန်ကျန်ရှိနေသော ကိစ္စများ -
(၁) လျော်ကြေးတစ်ပြားမှမရဘဲ မောင်းထုတ် ခံရ သူများကို ကုစားရန်
(၂) အလှူငွေလို့ ဖြတ်ပိုင်းနဲ့ တစ်သောင်းပေး မောင်းထုတ်ခံရသူများ၏မြေကို ပုဂ္ဂလိကများသုံးစွဲနေမှုကုစားရန်
(၃) အိမ်ယာကွက်ပေးမယ်ပြော မောင်းထုတ်ခံရပြီးအိမ်ယာကွက်ပြန်လည်မရ ရှိသေးသူများအား ကုစားရန်
မှတ်ချက် = ဖြစ်စဉ်အားလုံးတန်းတူသဘောထားပြီး ဧက အလိုက် ပေးလျော် လျှင်လည်းရပါသည် ။
လက်ရှိအခြေအနေ -နိုင်ငံတော်ပိုင်သုံးစွဲတာမျိုး လုံးဝမဟုတ်ပါဘူး ။ နိုင်ငံတော်ပိုင်စက်ရုံတွေမဟုတ်ဘဲ ပုဂ္ဂလိကတွေ သာပေါ် လာပါတယ် ။ မူလတောင်သူတွေအပါအ၀င် အလျဉ်းသင့်သူတွေကို သီးစားပြန်ချထားတွေရှိခဲ့ပါတယ် ။ ယခုတိုင် စက်မှုလုပ်ငန်းမပေါ်ပေါက်ဘဲ မြေကွက်ဟောင်းလောင်းတွေဖြစ်လို့ အရင်းအနှီးသေမြေယာတွေအဖြစ် ဧက ၁၀၀၀ ကျော် ကျန်ရှိ နေ ပါသေးတယ် ။ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင် ပေါ်ပေါက်လာ မှသာအချို့မြေကွက်များကိုအလျင် အမြန် ခြံစည်းရိုး ကာရံခြင်းတွေကိုပြုလုပ်လာတာဖြစ်ပါတယ် ။
မြေယာဥပဒေရှုထောင့် နဲ့ နိုင်ငံရေးအမြင် -
ထိုစဉ်ကာလ ၁၉၅၃ ခုနှစ်လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ (၄) ၊ ပုဒ်မ(၅) ၊ ပုဒ်မ(၁၀) ၊ ပုဒ်မ(၃၉) ၊ ပုဒ်မ (၄၂) ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေ / နည်းဥပဒေများ ။ ၁၉၆၃ ခု နှစ် တောင်သူလယ်သမားအခွင့် အရေး ကာကွယ်သည့် ဥပဒေ ။ စသည့်ဥပဒေများ နှင့် ကိုက်ညီမှုမရှိခဲ့ပါဘူး ။ ဘယ်လို အစိုးရမျိုးမဆို ပြည်သူကို ဥပဒေ နဲ့အညီဘဲ အုပ်ချုပ်စီမံရမှာဖြစ်ပါတယ် ။ ဥပဒေတွေကိုပြုပြင်ခွင့်ရှိပေမဲ့ မပြုပြင်ဘဲချိုးဖောက်ခွင့်တော့မရှိပါဘူး ။ ဒါပေမဲ့ ဒီနေရာမှာတင်ပြချင်တာကတော့ ချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူရေးတော့မဟုတ်ပြန်ပါဘူး ။ နစ်နာသူကို ကုစားရေးအတွက်ဘဲပြောဆိုလုပ်ကိုင်နေတာဖြစ်ပါတယ် ။
အကျဉ်းချုပ်အပိုင်း(၂)
ရွှေနံ့သာကျေးရွာ ဗားလား ကျေးရွာသားများအားလုံး၏အမှုများကိုခြုံငုံသုံးသပ်ခြင်း
မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ ဟာ ပါတီစတင်ထူထောင်စဉ်ကပင်လျှင် ဥပဒေကြမ်း နမူနာ ၅၂ ခု ပြဆိုခဲ့ပြီး ဥပဒေကြမ်း အမှတ်စဉ် ၁၃ ကတော့ မြေယာဥပဒေကြမ်းဖြစ်ပါတယ် ။ မြေယာဥပဒေအဟောင်းတွေဟာ တောင်သူ လယ်သမား တွေကို အလွန်အမင်းကာကွယ်ပေးပြီး လုပ်ငန်းရှင် ၊ အစိုးရ ၊ တောင်သူ သုံးဦးသုံးဖလှယ်ကို အကြပ်အတည်းတွေ့စေကြောင်းတင်ပြပြီး မြေယာဥပဒေအသစ်ပေါ်ပေါက်ဖို့ အထူးဝါယမစိုက်ထုတ်နေတဲ့အချိန်ဖြစ် ပါတယ် ။ ဇေကမ္ဘာကုမ္မဏီ နဲ့ ရွှေနံ့သာတောင်သူတွေရဲ့ ဖြစ်စဉ်ကို နမူနာတစ်ခုအနေနဲ့သာ ဖော်ထုတ် တင်ပြခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့ - - - - -
ဇာတ်လမ်းအစ -
၂၀၁၀ ခု နှစ် - နှစ်လယ်ပိုင်းလောက်ကတည်းကစတင်ခဲ့သော ဇာတ်လမ်းဖြစ်ပါတယ် ။ ဇာတ်လမ်းကို ဓမ္မ၀ိဟာရ ဓမ္မာရုံကနေစတင်ခဲ့တာဖြစ်ပါတယ် ။ ရာအိမ်မှူးဦးဘိုကြီး ကို ခါးပိုက်ဆောင်လုပ်ပြီး ဇေကမ္ဘာကုမ္မဏီက ရွှေနံ့သာကျေးရွာ နှင့်ဗားလားကျေးရွာများရှိလယ်မြေဧက ၁၀၀၀ ခန့်ကို ရယူရန်ကြံစည်ခဲ့မှုဖြစ်ပါတယ် ။
လယ်သမားများ ငြင်းဆန် - နှစ်စဉ်လက်ငုတ်လုပ်ကိုင်ခဲ့တဲ့တောင်သူတွေအနေနဲ့ နိုင်ငံတော်ကသိမ်းသည် ဇေကမ္ဘာကသိမ်းသည်ကို ရှင်းရှင်းလင်းလင်းမသိခဲ့ယုံမျှမက နိုင်ငံတော်သိမ်းသည်ဟု ထင်မှတ်မှားယုံကြည်စေရန် ရာအိမ်မှူး ရပ်ကျေးအုပ်ချုပ်ရေး မြို့နယ်အုပ်ချုပ်ရေးတို့က အရိပ်အရောင်ပြုခဲ့ကြပါတယ် ။ ဒါပေမဲ့လယ်သမားများက မိမိတို့ လယ်မြေများကိုစွန့်လွှတ်ရန်ငြင်းဆန်ခဲ့ကြတာကိုတွေ့ရပါလိမ့်မယ် ။
ကုမ္မဏီက ဖိအား ပေး ငွေယူခိုင်းခဲ့ - အကြိမ်ကြိမ် ဖိအားပေး ခေါ်ယူပြီး တောင်သူတွေကို ခြောက်လှန့်ပြီးတဲ့အခါ - ငွေပမာဏအနည်းငယ်ကို ပြလျှက် လက်ခံခိုင်းခဲ့ပါတယ် ။ လုပ်ငန်းအကောင်အထည်မဖော်မီ ၁၀ နှစ် အနှစ် ၂၀ ဆက်လက်လုပ်ကိုင်လို့ရသေးတယ်ဆိုတဲ့ ချွေးသိပ်မှုတွေကိုလည်းပြောဆိုခဲ့ပါသေးတယ် ။
မယူလျင် အလျဉ်းဆုံးခဲ့သည့်သာဓက - ဇေကမ္ဘာကုမ္မဏီအနေနဲ့ ဆင်ဖုံရွာ နှင့် သင်္ဃန်းကျွန်းကြီး ကျေးရွာ တွေဘက်မှာ ဇုံ (၁)(၂)(၃) တို့အတွက် သိမ်းယူစဉ်က
( လျော်ကြေး/ဂရုဏာကြေး/ပြောင်းရွှေ့စရိတ် ) တစ်ပြားတစ်ချပ်မှ မရဘဲ လက်လွတ်စွန့်ခွါခဲ့ရတဲ့သာဓကတွေ ကိုလည်း အရှေ့ပိုင်းမှာဖော်ပြခဲ့ပါတယ် ။
ငွေမပေးခင် လယ်ဖျက် - ငွေလက်ခံမည်ဟု ကတိ ပေးခဲ့တဲ့ နေ့မှာဘဲ လယ်မြေတွေကိုစတင်ဖျက်ဆီးပါတော့တယ် ။ ငွေလက်ခံရယူသေးခြင်းမရှိမီကတည်းကဖျက်ဆီးခဲ့တာဖြစ်ပါတယ် ။
လယ်သမားတွေ တစ်ဧက ကို သုံးသိန်းနှုန်းဂရုဏာကြေးလက်ခံ - တောင်သူတွေအနေနဲ့ ဖိအားများကို မတွန်းလှန်နိုင် သဖြင့် တစ်ဧကလျင် သုံးသိန်းကျပ်နှုန်းဖြင့် ဇေကမ္ဘာ ကုမ္မဏီမှ ပေးသော ဂရုဏာကြေးကိုလက်ခံခဲ့ရပါတယ် ။ သို့သော် အချို့တောင်သူများအနေဖြင့် မိမိတို့ အမှန်ရှိနေသော ဧကအပြည့်အတိုင်း လက်ခံရရှိခဲ့ခြင်းမရှိဘဲ ၁၀ ဧက လုပ်ကိုင် ပါက ၇ ဧက လက်ခံရရှိသည့်ဖြစ်စဉ်များ အမြောက်အများ ရှိခဲ့ပါတယ် ။
အုပ်ချုပ်ရေးတွေအဂတိလိုက်စား - အဲသလို ငွေပေးငွေယူကိစ္စတွေ ၊ လန၃၉ မရဘဲ လယ်ယာမြေဖျက်ဆီးမှုတွေ လယ်ယာမြေတွေကို မြို့ကွက်ဖော် ရောင်းစားခြင်းတွေကို မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေး ၊ မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေး၊ ပေါင်းကူဥာဏရွှေနံ့သာ အုပ်ချုပ်ရေးတွေဟာ မသိကျိုးကျွန် အလိုတူအလိုပါလုပ်လို့ အဂတိလိုက်စားခဲ့ပါတယ် ။
ကုမ္မဏီက တောင်သူတွေကို ဖိအားပေးမြေသိမ်းနေတာကို စုံစမ်းစစ်ဆေးခဲ့ပေမဲ့ တောင်သူတွေကို ကယ်တင်တာမျိုး မလုပ်ဘဲ ကုမ္မဏီထံက ငွေညှစ်ရနိုင်ယုံကလေး စုံစမ်းတာကိုတွေ့ရှိရပါသေးတယ် ။
နွေစပါးစိုက်ခိုင်းပြီး ငွေပေး ပြန်ဖျက်သည့်ကိစ္စ - တောင်သူတွေအနေနဲ့ မိမိတို့လယ်ကိုမိမိတို့စိုက်ပျိုးပြီးတဲ့အချိန် နွေစပါးတွေစိုက်ပြီးတဲ့အချိန်မှာ ကုမ္မဏီက နွေစပါးစိုက်ဧကကို တစ်ဧက သုံးသိန်းပေးပြီး စပါးခင်းများ ညှိုးချောက် စေဖို့ဖန်တီးလာပြန်ပါတယ် ။ ဒါကလည်း လန ၃၉ ( လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃၉ ) အရ လယ်ယာ
မြေတွေဟာစပါးစိုက်ပျိုးဖြစ်ထွန်းမှုမရှိကြောင်း သက်သေပြယုံလေးလည်းဖြစ်ပါတယ် ။ အမှန်တကယ်ကတော့ အဲဒီ လယ်မြေတွေဟာ စပါးဖြစ်ထွန်းမှုရှိပါတယ် ။ နွေစပါးဆိုရင် တစ်ဧကကို တင်း ၇၀ - ၈၀ - ၉၀ ထွက်တဲ့လယ်မြေ တွေဖြစ်ပါတယ် ။
ဆိုင်းပုဒ်ထူအလွဲသုံးစားလုပ်ခြင်း - ကွင်းထဲမှာ လည်းဆိုင်းပုဒ်တွေထူပြီး စီမံကိန်းနယ်မြေလို့ ထင်ယောင်ထင်မှားဖြစ်စေဖို့ ဆိုင်းပုဒ်တွေ ယူနီဖောင်းဝတ်နံပါတ်တုတ်ကိုင်လုံခြုံရေးတွေချထားတာမျိုးလုပ် ထားပါသေးတယ် ။ . မြေပွဲစားများကိုရောင်းစား၍ဆိုင်းပုဒ်ထူခြင်း - များမကြာမီ လယ်မြေတွေကို ( ဥပဒေ လန ။ ၄ )ကို ဆန့်ကျင်ပြီး ရောင်း စားခဲ့ပါတယ် ။ ရောင်းစားယုံမျှမက ၀ယ်ယူသူ အမည်ရေးထိုးထားတဲ့ဆိုင်းပုဒ်တွေကိုပါ စိုက်ထူထားပါသေးတယ် ။
အခုမြင်ရတဲ့အတိုင်းပါဘဲ - မင်္ဂလာဒုံမြို့နယ်အတွင်း မှာ နေထိုင်ခြင်းမရှိတဲ့ တခါမှမမြင်ဘူး မကြားဘူးတဲ့ လူနာမည်တွေ နဲ့ ဆိုင်းပုဒ်တွေကိုစိုက်ထူတာဟာ ၁၉၆၃ ခုနှစ် သိးစားချထားရေးနည်းဥပဒေကို ဆန့်ကျင်ပါတယ် ။
နွေစပါးစိုက်မရအောင်ရေမြောင်းပိတ်ခြင်း - ၂၀၁၁ ဒီဇင်ဘာ လထဲမှာ တော့နွေစပါး စိုက်လို့မရအောင် ရေမြောင်း တွေကိုပိတ်လိုက်ပါတော့တယ် ။ အဲဒီမှာတောင်သူတွေနဲ့အကြီးအကျယ်ပြဿနာဖြစ်လို့ ကျနော့်ကိုလာခေါ် တာဖြစ်ပါ တယ် ။ ဇေကမ္ဘာရှေ့နေတွေကလည်း နို့တစ်စာတွေပို့ပါတယ် ။ နို့တစ်စာပါအကြောင်းအရာအချို့ကိုခြေရာ ကောက် ကြည့်တဲ့ အခါ လယ်မြေအတိုင်းရှိနေသေးကြောင်း သိရပါတယ် ။
အိုးအိမ်မှာစုံစမ်းတော့ လန၃၉ မကျကြောင်းသိရ - နိုင်ငံတော်စီမံကိန်းဟုတ်/မဟုတ် ။ စက်မှုဇုန်ဟုတ်/မဟုတ် ။ လန ၃၉ ကျ/မကျ သိရ ဖို့ အိုးအိမ်ကို သွားရောက်မေးမြန်မးတဲ့အခါ လန ၃၉ မကျသေးကြောင်း သိရပါတယ် ။ အဲဒါကြောင့် တောင်သူတွေက သီးစားပြန်တင်ပြီး မိုးစပါးစိုက်ဖို့ပြင်ကြပါတယ် ။
တောင်သူတွေကုမ္မဏီထောင် - ဒီအချိန်မှာ ကုမ္မဏီဘက်ကလည်း စက်မှုလယ်ယာ လုပ်ဖို့ပြင်ဆင်တာကြောင့် တောင်သူ ၈၀ ကျော် ငွေစုလို့ သိန်းပေါင်း ၈၈၀ နဲ့ စက်မှုလယ်ယာ ကုမ္မဏီထောင်ဖို့ လုပ်ကြပါတယ် ။ ရွှေဝါ စုပေါင်းညီညာ စက်မှုလယ်ယာကုမ္မဏီအနေနဲ့တောင် မှတ်ပုံတင်ဖို့ အမည်စာရင်းရရှိထားပါပြီ ။
ကန်သင်းဖျက်ခြင်း နှင့် လယ်ထွန်ခြင်း - အဲဒီကာလမှာဘဲ စက်ယန္တယားကြီးတွေသုံးပြီးကန်သင်းတွေကိုထပ်မံဖျက်ဆီး လာပါတယ် ။ အဲဒီ အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးတွေက ကန်သင်းဖျက်နေတဲ့ဇေကမ္ဘာကုမ္မဏီကို တားမြစ်ခြင်းမပြုပါ ဘူး ။ ဒါပေမဲ့တောင် သူတွေက တန်ပြန်ထွန်ယက်ဖို့ပြင်ဆင်တဲ့အခါမှာတော့ - မြို့နယ်အုပ်ချုပ်ရေးကလာရောက် တားမြစ်ပါတယ် ။ မြို့နယ် အုပ်ချုပ်ရေးကို စမ်းသပ်တဲ့အနေနဲ့ လယ်ထွန်စက်ကြီးတွေကိုချမောင်းပြီးထွန်ရေးငင်နေပေမဲ့ အမှန်တကယ်ကထွန်ကိုင်း ကို "မ" "တင် " ထားတာသာဖြစ်ပါတယ် ။
ဒါပေမဲ့ မြို့နယ် အုပ်ချုပ်ရေး က ထွန်ကိုင်းကို "မ" "တင်" ထားတဲ့ တောင်သူတွေရဲ့ထွန်စက်ကို လယ်ထွန်တယ်အမှတ်နဲ့ လာရောက်တားမြစ်ခဲ့ပေမယ့် တနေကုန် လယ်ကန်သင်းတွေကို ထိုးဖျက်နေတဲ့ ဖေကမ္ဘာကုမ္မဏီကိုတော့ မတားမြစ်ခဲ့ ပါဘူး ။
အဲဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးရဲ့ ဘက်လိုက် စီမံခန့်ခွဲမှုပေါ်ပေါက်လာရပြီး နောက်ဆုံးမှာတော့ နှစ်ဘက်လုံးကို တားမြစ်လိုက်ရပါတော့တယ် ။ ဒါပေမဲ့ ဇေကမ္ဘာကုမ္မဏီက လိုက်နာမှုမရှိဘဲ နောက်နေ့မှာ စက်ယန္တယားကြီးတွေသုံးပြီး ကန်သင်းတွေကို ထပ်မံဖြိုဖျက်နေတဲ့အတွက် အုပ်ချုပ်ရေးမရှိတော့တဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ တောင်သူတွေဟာ မိမိတို့လယ်ကို အမှန်တကယ်ဘဲ စတင်ထွန်ယက်လိုက်ပါတော့တယ် ။
အဲဒီအခါရောက်မှသာ ခရိုင်အဆင့်က စာထုတ်တားမြစ်လို့ ဇေကမ္ဘာဘက်က ရပ်ဆိုင်းလိုက်ပါတော့တယ် ။
ဇေကမ္ဘာက စပါးစိုက်ချင်ယောင်ဆောင် - လန ၃၉ မရ ကြောင်း တိုင်းကျော်ပြည်ကျော် သိသွားတဲ့အခါ ဇေကမ္ဘာကုမ္မဏီက သူတို့ပထမကျွေးကြော်ထားတဲ့ စက်မှုဇုန် ၄ မဟုတ်တော့ ဘဲ စပါးစိုက်ဖို့ သီးစားတင်ပြန်ပါတယ် ။ အဲဒီအခါမှာ ပုံမှန်မဟုတ်တဲ့ စီမံခန့်ခွဲမှုဖြစ်လာပါတယ် ။ အဲဒါကတော့ - ပုံမှန်ဆိုရင် ရပ်ကျေးက သီးစားချရမှာဖြစ်ပေမဲ့ အခုအခါမှာတော့ ရန်ကုန်တိုင်းဒေဒသကြီး အစိုးရအဖွဲ့ရုံးက သီးစားချတယ်ဆိုတဲ့ မူမမှန်မူကိုထင်ထင် ရှားရှားတွေ့ ရပြန်ပါတယ် ။ အဲဒီကာလမှာ ကျင့်သုံးနေတဲ့ ( အသက်ဝင်သုံးစွဲနေတဲ့ ) ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေ / နည်းဥပဒေတွေအရ အခုလို ဒေသတွင်းမှာနေထိုင်မှုမရှိတဲ့သူ / နည်းဥပဒေအရ တန်းစီဇယားရဲ့ နောက်ဆုံးမှာရှိနေတဲ့ ဇေကမ္ဘာ ကုမ္မဏီကိုပေးလို့မရပါဘူး ။ အဲဒါကြောင့် ကျနော်တို့က တောင်သူတွေကို ဦးဆောင်လို့ မြေယာမှုခင်းဖွင့် လှစ်ဖို့ပြင်ဆင် လိုက်ပါတော့တယ် ။
အုပ်ချုပ်ရေးအဂတိလိုက်စားဆုံးဖြတ်ခြင်း - မြေယာမှုခင်းဖွင့်လှစ်ဖို့ ခရိုင်အဆင့်ကိုသာ သွားရောက်ခဲ့ပါတယ် ။ ခရိုင်ကိုမသွားလို့လည်းမဖြစ်ပါဘူး ။ အောက်ခြေရပ်ကျေးကော်မတီက နလပိန်းတုံးပါ ။ မြေယာမှုခင်းကိုကြား တောင်ကြားဘူးပုံမပေါ်ပါဘူး ။ တစ်နိုင်ငံလုံးရပ်ကျေးတွေမှာ စွမ်းဆောင်ရည်မရှိ အဂတိ လိုက်စားတတ်တဲ့ သူတွေ နေရာရနေတာပါ ။ ဒီလိုပြောလို့ ငွေစားတာမြင်သလားလို့ပြန်မေးမယ်ဆိုရင် တော့ ဒါလေးကိုကြည့်လိုက်ပါဦး (( ၁၉၄၈ ခု နှစ် အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေအရ - မှားသောစီမံခန့်ခွဲမှု ။ မှားသော အုပ်ချုပ်မှု ၊ ပြုသင့်သည်ကိုမပြုမှု ၊ မပြုသင့် သည်ကိုပြုမှု ) တို့ ဟာ အဂတိလိုက်စားမှုတွေဖြစ်ပါတယ် ။ ကိုယ် ရာထူးအဆင့်နဲ့ အညီ ကိုင်တွယ်သုံးစွဲရမယ့် ဆုံးဖြတ်ရမဲ့ ဥပဒေ / နည်းဥပဒေတွေကို မမြင်ဘူး မသိဘူး ဆိုတာ နဲ့ကို အဂတိလိုက်စားမှုမြောက်နေပါပြီ ။ )
မြေယာမှုခင်းဖြစ်ခြင်း - မြေယာမှုခင်းကို ရပ်ကျေးအုပ်ချုပ်ရေး ရုံးမှာ ဖွင့်လှစ်စစ်ဆေးပါတယ် ။ အဲဒီမှာ မေးမြန်းစုံစမ်း ရမယ့် မေးခွန်းတွေက အတိအကျရှိပါတယ် ။ ဒီလယ်ကိုဘယ်လို လုပ်ပိုင်ခွင့်ရတယ် ။ လွန်ခဲ့တဲ့နှစ်တွေက ဘယ်လို
စိုက်ပျိုးခဲ့တယ် ။ ဘယ်သူရိတ်သိမ်းခဲ့တယ် ။ ဘယ်သူ့ရဲ့ မျိုး ၊ ထွန် ၊ ထယ် တွေ ကိုသုံးစွဲလို့ ဘယ်သူအကျိုးခံစား ခဲ့တယ်ဆိုတဲ့မေးခွန်းတွေဘဲဖြစ်ရပါတယ် ။
ရပ်ကျေးမြေယာကော်မတီအဂတိလိုက်စားဆုံးဖြတ်ခြင်း - ကျနော်ကိုယ်တိုင်သာမက ကျေးရွာသားအားလုံးနီးပါး တက်ရောက်နားထောင်ခဲ့ပါတယ် ။ ကျေးရွာသားတွေအနေနဲ့ ကောင်းမွန်မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ် ။ အဲဒီ စစ်ဆေးချက်မှာ ဇေကမ္ဘာ ကုမ္မဏီဟာ တစ်ကြိမ်တစ်ခါမှ စပါးစိုက်ပျိုးခဲ့ဘူးခြင်း မရှိကြောင်းပေါ်ပေါက်ခဲ့ ပေမဲ့ ဇေကမ္ဘာကုမ္မဏီကိုသာ သီးစားထပ်ချလိုက်ပါတယ် ။ ၁၉၆၃ ခု နှစ် သီးစားချထားရေး ဥပဒေ / နည်းဥပဒေတွေကို ကိုယ်တိုင် စာပြန်စီ အင်တာနက်ကိုဖြန့် ပရင့်ထုတ် ပြည်သူတွေကို ဖြန့်ဝေနေတဲ့ ကျနော့်ရှေ့မှာ ရပ်ကျေးဆုံးဖြတ်ချက် ဥပဒေနဲ့ မညီတာကို ပြုလုပ်ခဲ့တာပါ ။
တောင်သူတွေစပါးစိုက် ဆန္ဒပြ - ဒါပေမဲ့တောင်သူတွေကတော့ မိမိတို့ခွန်အားနဲ့စပါးဖြစ်အောင်စိုက်ပျိုးခဲ့ပါတယ် ။ စပါးစိုက်ရင်လယ်ရမယ်လို့ထင်တဲ့ ဇေကမ္ဘာကုမ္မဏီကလည်း စပါးစိုက်ဖို့ဟန်ရေးပြပါတယ် ။ ဒါပေမဲ့ဟန်ရေးပြ တာသာ ဖြစ်ပြီး တကယ်မစိုက်ကြောင်းကပေါ်လာပါတယ် ။ အကြောင်းက - တောင်သူ တွေပျိုးကျဲထားတဲ့ ပေါ်ဆန်းမွေး စိုက်ထားတဲ့ လယ်ကွင်းထဲကို မျိုးမစိမ် အညှောင့်မဖောက်ထားတဲ့ သက်နုအချွန်စပါးတွေကို လာရောက် ထပ်မံကျဲ ပက်တဲ့ အတွက် သက်သေခံမှတ်တမ်းအထောက်အထားတွေနဲ့ ဖော်ပြခဲ့ပါတယ် ။
အဲဒါနဲ့ တစ်ပြိုင်နက်မှာဘဲ - ရပ်ကျေးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ တောင်သူတွေဟာ မြို့နယ်မြေယာကော်မတီမှာ အယူခံဝင်ပါတယ် ။ ဒါပေမဲ့ မြို့နယ် အုပ်ချုပ်ရေးက တည်ဆဲဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအရ သူ့ရုံးမှာ အယူခံစစ်လို့မရကြောင်း - အိုးအိမ် ဒါမှမဟုတ် စည်ပင်ကိုသွားဖို့ စာထုတ် ညွှန်ကြားလာပြန်ပါတယ် ။
ဥပဒေတွေကို အလွတ်ကြေနေတဲ့ကျနော်က မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ တည်ဆဲဥပဒေ တွေ လုပ်ထုံးလုပ်နည်းတွေကို ပြပါဆိုတဲ့အခါ မပြနိုင်ခဲ့ပါဘူး ။ မပြနိုင်ဆို ရှိမှမရှိဘဲ ။ ဒါနဲ့ဘဲ ကောက်ကာငင်ကာ ဆန္ဒပြလိုက်ပါတော့တယ် ။ ဒီအချိန်မှာ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေမဲ့မလုပ်ဖို့ လာရောက်ဆွေးနွေးပါတယ် ။ ဟုတ်ပါတယ် ဥပဒေမဲ့ ပြည်သူတွေလုပ်ခွင့်မရှိပါဘူး အုပ်ချုပ်ရေးဘက်ကကော လုပ်ခွင့်ရှိပါသလား။ ကျနော်တို့က ဥပဒေမဲ့လုပ်ရင်ဖမ်းပါ ။ အုပ်ချုပ်ရေးဘက်က ဥပဒေချိုးဖောက်ရင်လည်း ဖမ်းပါလို့ ပြောတဲ့အခါမှာတော့ ----
ဒီလိုနဲ့ နောက်ရက်မှာ ထပ်မံဆန္ဒပြဖို့ရောက်လာတဲ့အခါ - ဆန္ဒပြတဲ့ နည်းဥပဒေသတင်းစာမှာ ထွက်လာလို့ ပြန်ကြပြီး
ဥပဒေ နဲ့အညီ ဆန္ဒပြဖို့ စာတင်လိုက်ပါတယ် ။ မြန်မာနိုင်ငံမှာ ပထမဆုံး ဥပဒေ နဲ့အညီဆန္ဒပြတဲ့တောင်သူတွေဟာ မင်္ဂလာဒုံတောင်သူတွေဘဲဖြစ်လာပါတော့တယ် ။ အဲဒီလိုဆန္ဒပြနေရင်းမှာဘဲ တောင်သူတွေကို ၁၉၆၃ ခု နှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ တွေ ဖြန့်ဖြူးရှင်းလင်းပေးပြီး မိမိတို့လယ်ကို မိမိတို့ စိုက်ပျိုးဖို့ တာစူစေလိုက်ပါတယ် ။ မြေယာမှုခင်းတွေဟာ အောက်ခြေမြေယာကော်မတီ အောက်ခြေအုပ်ချုပ်ရေး တို့ရဲ့ ပါဝင်ပတ်သက်ရှုပ်ထွေးမှုတွေ များနေတာကြောင့် နိုင်ငံရေးရာ တာဝန်အရှိဆုံးလွှတ်တော် ကနေ ကော်မရှင် တစ်ခုဖွဲ့ စစ်ပေးဖို့ တောင်းဆိုလိုက် ပါတယ် ။
မြေယာကော်မရှင်ပေါ်လာ - ဇလွန်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်ကနေအစပျိုးတဲ့မြေယာပြဿနာ ဆွေးနွေးပွဲ တွေဟာ လွှတ်တော်ထဲမှာ အရှိန်ကောင်းလာပြီး မကြာမီမှာ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေး ကော်မရှင်ဆိုတာပေါ် လာခဲ့ပါတယ် ။
ကုမ္မဏီ စပါးမစိုက်ဘဲ ဆောက်လုပ်ရေးတွေဆက်လုပ် - တောင်သူတွေဟာ စိုက်ပျိုးထားတဲ့ မိုးစပါးကို စောင့်ရှောက်ရင်း လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်ကို တင်ပြတိုင်ကြားထားပြီး အေးချမ်းစွာ နေခဲ့ကြပါ တယ် ။
ဒီကြားထဲမှာဘဲ လိုက်ပါကူညီဆောင်ရွက်သူ ကျနော့်ကို ဇေကမ္ဘာကုမ္မဏီက အသရေဖျက်မှုနဲ့ တရားစွဲပါတော့တယ် ။ ဆန္ဒပြရင် အချိန် လူ နဲ့ နေရာကို စိတ်ကြိုက်ရွေးလို့မရတဲ့ ကျနော်နဲ့ တောင်သူတွေအတွက်ကတော့ အတော်ဘဲ ဖြစ်ပါတယ် ။ တရားရုံးကို လိုက်ပါကြည့်ရှုဖို့ တောင်သူတွေ ၁၀၀ ကျော်လောက်ဟာ ရုံးချိန်းတိုင်းလိုရှိနေခဲ့ပါတယ် ။
ရုံးချိန်းကိုအကြောင်းပြု လူစု ပြီး မီဒီယာအင်တာဗျူးပေးရတာဟာ အမြတ်တစ်ခုပါဘဲ ။ ဒီကြားထဲမှာဘဲ တစ်နိုင်ငံလုံးက မြေယာမှုခင်းတွေကို ဆက်တိုက် ဖော်ထုတ်ရေးသားလာလိုက်တာ - စာအုပ်ပေါင်း မနည်း တော့ပါဘူး ။
ကော်မရှင်မစုံစမ်းဘဲကြောက်နေ - လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အနေနှင့် ဇေကမ္ဘာ အမှုကို မစုံစမ်းဘဲ လက်ရှောင်နေပါတယ် ။ ကော်မရှင်အဖွဲ့ဝင်တွေထဲက အချို့ကို လူချင်းတွေ့ဆုံစနည်းနာ တဲ့အခါ စုံစမ်းဖို့ နားချဖို့ ခက်ခဲနေတာကို သိခဲ့ရပါတယ် ။
ကန်သင်းတွေထပ်ဖျက် လို့ အပြင်းအထန်ဖြစ် - ဒီအချိန်မှာဘဲ ဇေကမ္ဘာကုမ္မဏီဘက်က လန ၃၉ မကျသေးတဲ့မြေ - လယ်ယာမြေပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို မရပ်မနားဆက်လက်တည်ဆောက်နေခဲ့ပါတယ် ။
တောင်သူတွေ အနေနဲ့ အတော်အတန် သည်းခံစောင့်ဆိုင်းနေခဲ့ပါတယ် ။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်က လာရောက် စုံစမ်းမှုမရှိတာ ၊ ရောမြောင်းတွေ အုတ်စီနေတာ အဆောက်အဦးအကြီးစားတွေဆောက်လုပ်နေတာကြောင့် ဆိုင်းပုဒ် စိုက်ထူ ကာကွယ် ရပါ တော့တယ် ။
ကန်သင်းတွေထပ်ဖျက်လို့ အဓိကရုန်းဖြစ်ကာနီးအခြေကိုဆိုက် - အဲဒီကာလမှာဘဲ ၂၀၁၃ ခု နှစ် တစ်လပိုင်း လနှောင်း ပိုင်းမှာ ဖေကမ္ဘာ ကုမ္မဏိဘက်က ဘူဒိုဇာတွေ - မြေညှိစက်တွေသုံးလို့ ကန်သင်းတွေထပ်မံဖျက်လာတဲ့နေ့မှာတော့
တောင်သူတွေဟာ အလုံးအရင်း နဲ့ထွက်လာပြိး တားဆီးပါတော့တယ် ။ မြေညှိတာကိုသာမက အခြားဆောက်လုပ်ရေး လုပ်ငန်းမှန်သမျှကိုပါ တားဆီးလိုက်ပါတော့တယ် ။
တောင်သူတွေနဲ့ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်ဖို့ မြို့နယ် အုပ်ချုပ်ရေးက နှစ်ဘက်လုံးကို တားမြစ်စာ ပို့လိုက်ပါတော့တယ် ။
နောက်ဆုံးအခြေအနေ - တောင်သူတွေအနေနဲ့ အမြဲတမ်း အဂတိ လိုက်စားတဲ့မြို့နယ်အုပ်ချုပ်ရေးကို အယုံအကြည် မရှိတာကြောင့် ဇေကမ္ဘာ ကင်းတဲကိုဖယ်ရှားလိုက်ပြီး ကိုယ်တိုင်ဘဲ ကင်းစောင့်နေပါတယ် ။ တောင်သူတွေရဲ့ သစ္စာပြုချက်ကတော့ စုံစမ်းရေးကော်မရှင်မလာမချင်း တောင်သူတွေစပါးစိုက်မယ် ။ ဒီကြားကာလ မှာ ဘယ်လို ကျူးကျော် နှောက်ယှက်မှုမျိုးကိုမဆို အသက်စွန့်ကာကွယ်မယ် ဆိုတာဘဲဖြစ်ပါတယ် ။
နေမျိုးဝေ

0 comments:
Post a Comment