Tuesday, February 19, 2013

အမြည်းကျွေးလိုက်ပါသည်


( ရေးလက်စ၀တ္တု တစ်ပုဒ်ဖြစ်သော ဒုက္ခ သုခိတဘုံသား ၀တ္တုကို
မိတ်ဆွေများအတွက် အမြည်းကျွေးလိုက်ပါသည် ၊ တပုဒ်လုံးဆက်ရေးပြီးမှ
ထပ်တင်ပါတော့မည် :)



( ၁ )

လေသည် အပူရှိန်နှင့် တလျှပ်လျှပ်လှိုင်းထလျှက်ရှိသည် ။ ဗိုလ်ချုပ်ဈေးကြီးအနီးရှိ လဖက်ရည်ဆိုင်ဖြစ်၍လားမသိ ၊
နေအပူချိန်ကို အံတုကာ လှုပ်ရှားသွားလာနေကြသူတွေမနည်း ။ ပူအိုက်သောရာသီဥတုတွင် လဖက်ရည်သောက်ရသည်ကို မင်းထင် မကြိုက်သော်လည်း လဖက်ရည်ဆိုင်တွင် ရောက်နေရသည် ။

မင်းထင် သူ့လက်မှ လက်စွပ်လေးကို စိုက်ကြည့်ကာ ဖခင်ကြီးကိုသတိရသွားသည် ။ သူဖခင်ကြီးသည် ယခင်က ကုပဏီ ပိုင်ရှင် လူကြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့လေသည် ။ သို့သော် မင်းထင် လူမှန်းသိစအရွယ်တွင်ကားသူ့ဖခင်ကြီးမှာ အထည်ကြီးပျက် အရက်သမားတစ်ယောက်ဖြစ်သွားလေပြီ ။ သူ့မိခင် မင်းထင် မြင်ပင် မမြင်ဖူးလိုက် ၊ သူ့ဖခင် ကုပဏီမန်နေဂျာနောက်သို့ အတွင်းပစ္စည်းများပိုက်၍လိုက်ပြေးသွားသည်ဟု သာတစ်စွန်းတစ်စကြားဖူးသည် ။

သူဆယ်တန်းကျသည့် နှစ်တွင်ပင် သူ့ဖခင်ဆုံးသည် ။သူ့ဖခင်မဆုံးမှီ မင်းထင်အား ဤလက်စွပ်လေးကို ဘိုးဘွားပိုင်တစ်ခုတည်းသော အမွေအဖြစ်ပေးခဲ့သည် ။ ဖခင်ကြီးရှိစဉ်က အနည်းငယ်ထောက်ပံ့ခဲ့ကြသော ဖခင်ဘက်မှဆွေမျိုးများသည် သူဖခင်ဆုံးသည်နှင့် လှည့်၍ပင် မကြည့်ကြတော့ ။မင်းထင် ထိုအချိန်မှစ၍ ကျောင်းဆက်မတက်နိုင်တော့ပဲ ကိုယ့်ဝမ်းကိုယ်ကျောင်းရတော့သည် ။ မင်းထင်သည် သူတို့ဌားနေသော အိမ်လေးမှ အ၀တ်အိတ်
တစ်လုံးဆွဲက ဆင်းခဲ့ရသည် ။

မင်းထင် အလုပ်အစုံ လုပ်ဖူးပြီးပြီ ။ သူ၏ ဖြူဝင်းသော အသား ၊ မြင့် မားသောအရပ် ၊ ချောမောသောရုပ်ရည်နှင့် မလိုက်ဖက်စွာ မင်္ဂလာဈေးကြီးတွက် အထည်အလိပ်များထမ်းဖူးသည် ။ ဘတ်စ်ကားစပယ်ရာဘ၀မှာ မှတ်တိုင်နာမည်တွေ တတွတ်တွတ်အော်ဖူးသည် ။ လှည်းတန်းတွင် ဗွီစီဒီကူးခွေလေးများ ဗန်းနှင့်ထည့်ရောင်းဖူးသည် ။ နိုက်ကလပ် မှာ လည်း
ဝိတ်တာလုပ်ဖူးသည် ။ တစတစ လူနေမူ့စရိတ်မြင့်မားလာသော ရန်ကုန်က သူ့အား ယခုအလုပ်ဆီတွန်းပို့လိုက်သည် ။

လက်ရှိဘ၀ကို မင်းထင် မပျော်ပိုက်သော်လည်း ကျေနပ်သည် ။

( ၂ )

ဘိုင်ဘရိတ် ပေးထားသော မင်းထင်၏ ဟွာဝေးဖုန်းလေးမှတဒီးဒီး အသံမြည်လာသဖြင့် အတွေးများမှ ရုန်းထွက်ကာဆိုင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည် ။ ကိုတာတီးကွမ်းယာဆိုင်နှင့် မလှမ်းမကမ်းတွင် မတ်တူးကားအဖြူလေးတစ်စီးဆိုက်သွားသည်ကို မြင်လိုက်သည် ။ ကွမ်းယာဆိုင်မှ ကိုတာတီးက သူ့ဖုန်းကိုထောင်ကာ အချက်ပြသည် ။ မင်းထင်လဖက်ရည်ဖိုးရှင်းကာ ကိုတာတီးဆီလျှောက် လာခဲ့သည် ။ ကိုတာတီးမိန်းမ မကုလားမ က မချိုမချဉ်ပြုံးပြသည် ။ ဂွင်မိပြီဆိုသည့်
သဘော ။ ကိုတာတီးက ကွမ်းတံတွေး ဗျစ်ခနဲထွေးရင်းပြောသည် ။

" ငါဖုန်းနဲ့ညှိပြီးသား ထင်ကြီး ၊ ၀မ်းနိုက် တဗုန်းအတိပဲ ၊ ခွဲတာကတော့ ထုံးစံအတိုင်း မင်းရှစ် ငါနှစ်ပဲ ၊ အိုကေလား "

မင်းထင် မတ်တူးကားလေးကို မျက်လုံးဝေ့ကြည့်ရင်းခေါင်းညိတ်ပြလိုက်သည် ။ " အသစ်လား ကိုတာတီး "

ကိုတာတီးက ခေါင်းခါသည် ။ သူ့ထုံးစံအတိုင်း ကွမ်းတဗျစ်ဗျစ်ထွေးရင်း. . .

" မဟုတ်ဘူးကွ လူရင်းပဲ ၊ မင်းဒီလောကထဲမ၀င်ခင်ကတည်းက သူမွေနေတာ ၊ သဒ္ဒါကောင်းတယ် ၊မင်းသာတော်ရင် မိတ်ဖြစ်သွားမယ် "

မင်းထင် ပုခုံးတွန့်ပြလိုက်သည် ။ လူရင်းဆိုလျှင် အကြောတွေ အကုန်သိပြီးသားဖြစ်လိမ့်မည် ။ ကိစ္စမရှိ ၊ လတ်တလောတွင် သူက ဒီလောက၏ ဘုရင် ။ သူကိုယ်တိုင်ကလည်း မိတ်ဖြစ်မည့် လူကိုသာစိတ်ဝင်စားသည် ။ စပွန်ဆာကောင်းကောင်းရမှ သူ့ဘ၀နောင်ရေးအဆင်ပြေမည် ။

မင်းထင် မတ်တူးကားလေးဆီလျှောက်လာခဲ့သည် ။ ကားအနားအရောက် ရှေ့တံခါးက ပွင့်လာသည် ။ မင်းထင် ကားထဲကိုစွေ့ခနဲ ၀င်ထိုင်လိုက်သည် ။ ကားထဲမှာလူချမ်းသာတို့၏ အထိမ်းအမှတ်ဖြစ်သော အကောင်းစားရေမွေးနံ့ သင်းနေသည် ။

" လူချောပဲ . . . " သေးသွယ်သော်လည်း ဆွဲဆောင်မူ့ရှိသည့် အသံပိုင်ရှင်ကိုမင်းထင် အကဲခေတ် လိုက်သည် ။ မျက်နှာချောချော ခန္တာပြည့်ပြည့်နှင့် အသက်လေးဆယ်ဝန်းကျင် အမျိုးသမီး ။ မင်းထင် နုတ်ခမ်းဖျားတွင် အပြုံးတစ်စ တွဲလဲခိုသွားသည် ။

" မမ ကလည်း မိန်းမချောပါ . . ." ။ ကားထဲတွင် နှစ်ဦးသားရယ်သံများဖြင့် ဝေစည်သွားသည် ။ ဗိုလ်ချုပ်ဈေးရှေ့မှမောင်းလာသော ကားလေးသည်နောက်နာရီဝက်ခန့်အကြာတွင် အင်းစိန်မြို့ ဆင်ခြေဖုန်းမှ တိုက်အိမ်လေးတစ်လုံးရှေ့တွင်ရပ်သည် ။ ကားပိုင်ရှင်အမျိုးသမီး ဒေါ်ကြည်ပြာသည် တိုက်အိမ်ကို သော့ဖွင့်ပြီး မင်းထင်လက်ကိုဆွဲကာ ၀င်လေသည် ။

( ၃ )

စိမ်းမြမြ ဘီယာဆိုင် . . . သည် မင်းထင်နှင့် ကိုကုလား လုပ်ငန်းပြီးတိုင်း ဝေစုခွဲနေကြနေရာလေး ။

" ရော့ ရှစ်သောင်း . . . ထင်ကြီး ၊ မနေ့ညက အဆင်ပြေတယ်မဟုတ်လား " ကိုတာတီးက ပိုက်ဆံလှမ်းပေးရင်းမေးသည်။

မင်းထင်ဘာမှမပြောပဲ ပိုက်ဆံကို ရေနေသည် ။ ပြီးမှ . . . " ဒေါ်ကြည်ပြာ အကြောင်းကို ကျနော်အသေးစိတ်သိချင်တယ်ကိုတာတီး ၊ ကျနော် မိုးကောင်းရင် ခဗျားလည်း မိုးစိုမှာပဲ " ။ ကိုတာတီးက ဟက်ခနဲ ရယ်သည် ။

" ထင်ကြီး . . . ထင်ကြီး ငါမင်းကို ရွေးခဲ့တာတော်တော်မှန်တယ် ၊ မင်းကို ၀ိတ်တာဘ၀နဲ့ငါတွေ့ကတည်းက မင်းဟာ ဒီနယ်ပယ်မှာ အောင်မြင်မဲ့ကောင်မှန်းငါသိတယ် ၊ မင်းရဲ့ ပါးနပ်မှု့ကိုလည်း ငါသဘောကျတယ် " ။ ဟုတ်သည် ။ မင်းထင်ကို ဒီလောကထဲသို့ ဆွဲသွင်းခဲ့တာ ကိုတာတီး ။ ညကလပ်တစ်ခုမှ ၀ိတ်တာခပ်ချောချော မင်းထင်ကို ကလပ်ကိုလာသော မိန်းမသား
များအကြွေဇယားခင်းကာ မုန့်ဖိုးများပေးကြသည်ကို ကိုတာတီး သတိပြုမိခဲ့သည် ။ မင်းထင်ကို ညကလပ်ဝိတ်တာထက်
အဆပေါင်းများစွာ အခငွေကြေးပိုရသော ပုရိသ ကြေးစား ဘ၀သို့ ကိုတာတီးမှ ထင်ပေါ်၍စင်တော်ကောက်ခဲ့သည် ။

" ကျနော်မေးတာသာ ဖြေပါ ကိုတာတီးရာ " ကိုတာတီး အလေးအနက်ပုံစံပြောင်းသွားသည် ။ " အေး အမှန်အတိုင်းပြောရ
ရင် ကြည်ပြာနဲ့ ရေရှည်လက်တွဲဖို့ ၊ လုံးဖို့ကိစ္စကိုတော့ ငါ ကန့်ကွက်ချင်တယ် ၊ ကြည်ပြာဟာ ဓါးသွားပေါ်က ပျားရည်ချို
ပဲကွ ၊ ကြည့်ပြာမှာ အိမ်ထောင်ရှိတယ် ၊ သူ့ယောင်္ကျားနာမည်က ရဲထွန်းတဲ့ ၊ အင်မတန်ကြောက်စရာကောင်းတဲ့လူပဲ ၊ ငါတို့
ရဲ့ ပြိုင်ဘက် သက်ဦးတို့ထက်ပိုပြီးကြောက်စရာကောင်းတယ် " ။

" သက်ဦးတို့က ငမျောက်ငခြောက် ပါ ကိုတာတီး " မင်းထင်က စီးကရက်တစ်လိပ်ကို မီးညှိရင်းပြောသည် ။ မင်းထင်နဲ့သက်
ဦးက နှစ်ပွဲ ၊ သုံးပွဲထိပ်တိုက်တွေ့ပြီးပြီ ။ သူတို့နှင့်လုပ်ငန်းတူ ခေါင်းလူမိုက်သက်ဦးကို ဘ၀မျိုးစုံကျင်လည်လာသော မင်းထင်က လက်ဦးအောင် ဆော်နိုင်ခဲ့တာချည်း ။

" သက်ဦးက ခေါင်းလူမိုက်အဆင့်လောက်ပဲ ရှိတာ ထင်ကြီးရ ။ သူ့နောက်ကချာတိတ်တွေကလည်းပိုက်ဆံရဖို့ပဲ သုံးလို့ရတဲ့
ဖလံတွေ ၊ ဒါပေမယ့် ရဲထွန်းကတော့ အကောင်ပဲ ၊ မြွေပွေးပဲ ၊ သူ့ပင်မ စီးပွားရေးကနယ်စပ်မှာ ၊ အဲ့ဒီမှာတောင် သူထင်တိုင်း

ကြဲနိုင်တယ် ၊ သူ့တပည့်တွေကလည်း သူသေဆိုသေ ၊ရှင်ဆိုရှင် ကောင်တွေ ၊ ဇ တွေ " ကိုတာတီး ၏ စကားကိုနားထောင်
ရင်း မင်းထင်က ခနဲ့သည် ။ " ညွန်းလှချည်လား . . . ကိုတာတီးရ " ။

ကိုတာတီးမျက်နှာတချက်ပျက်သွားသည် ။ " ညွှန်းဆို မင်းလိုပဲ ငါနဲ့ပါတနာ အောင်လင်းဆိုတဲ့ ချာတိတ်တစ်ယောက်
ကြည်ပြာနဲ့ ငြိတာ ၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က အသတ်ခံလိုက်ရတယ် ၊ သတ်တဲ့ကောင်က ရဲထွန်းတပည့် " ။

ဘီယာဆိုင်ထဲတွင် အဲယားကွန်းမဖွင့်ရပဲ အေးစိမ့်သွား ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...