မေတ္တာအကြောင်း ~ (The Prophet by - Kahlil Gibran)
by Lin Lin Latt on Saturday, December 22, 2012 at 11:22am
---------------------------------------------------------------------------------------------
ဓမ္မိက ဘသန်း - “နှုတ်ကောင်းခွန်မြိန် သုခမိန်” အခန်း (၂) မှ ကောက်နှုတ်ချက် ~
---------------------------------------------------------------------------------------------
ထိုအခါ အာမိတြသည် မေတ္တာအကြောင်းကို ပြောဦးလော့ဟု ဆို၏။ အာမွတ်စဖသည် ခေါင်းမော်၍ လူအုပ်ကြီးကို ကြည့်လိုက်၏။ ထိုအခါ လူအုပ်ကြီးသည် တိတ်ဆိတ်သွား၏။ သူသည် မောင်းသော အသံကြီးဖြင့် ဤသို့ဆို၏။
“မေတ္တာက သင်တို့ကို လက်ယပ် ခေါ်လိုက်သောအခါ သူခေါ်သွားမည့်လမ်းများမှာ မတ်စောက်ကြမ်းတမ်းသည့် တိုင်အောင်လည်း သူခေါ်ရာသို့မူ လိုက်သွားကြလေလော့။ မေတ္တာ၏ တောင်ပံများက သင်တို့ကို ပိုက်ထွေးလိုက်သောအခါ ကွယ်ဝှက်ထားသော သင်ဓုန်းစက်က သင်တို့ကို ထစ်ကောင်း ထစ်ပေလိမ့်မည်။ သို့စေလျက်လည်း သူ၏ အပိုက်အထွေးကိုမူ အသာတကြည် ခံလိုက်ကြလေလော့။”
“မေတ္တာက စကားဆိုသောအခါ မြောက်လေသည် ဥယျာဉ်ကို တောရိုင်းဖြစ်သွားအောင် ဖျက်ဆီးပစ်သကဲ့သို့ ထို့အတူ သူ့အသံများက သင်တို့၏ အိပ်မက်စိတ်ကူးများကို ဖရိုဖရဲ ဖြစ်သွားအောင် ဖျက်ဆီးပစ်သည့် တိုင်အောင်လည်း သူ့စကားများကိုမူ ယုံလိုက်ကြလေလော့။ အဘယ်ကြာင့်ဟူမူ မေတ္တာသည် သင်တို့ကို သရဖူ ဆောင်းပေးပင် ပေးငြားသော်လည်း ကားစင်ထက်မူ တင်တုံသေး၏။”
“သင်တို့၏ ကြီးပွားမှုကို လိုလားပင် လိုလားသော်ငြားလည်း သင်တို့၏ အကိုင်းအခက်များကိုမူ ချိုင်ပစ်တုံ သေး၏။ မေတ္တာသည် ထိပ်ဖျားသို့ တက်ရောက်၍ နေရောင်တွင် တလှုပ်လှုပ် တခါခါ ဖြစ်နေသော သင်တို့၏ အနုဆုံး သစ်ကိုင်းသစ်ခက်များကို ဖက်ပိုက်တတ် သကဲ့သို့.. ဤအတူပင် သင်တို့၏ အမြစ်များဆီသို့လည်း ဆင်းသက်ကာ မြေကြီးကို တွယ်ကပ်နေသော ထိုအမြစ်များကိုလည်း လှုပ်ခါတတ်၏။”
မေတ္တာသည် သင်တို့အား ဂျုံစပါးစည်းများပမာ သိမ်းကျုံး ယူငင်ပြီးနောက် ~~
- သင်တို့ကို ကိုယ်ချည်းတုံးလုံးဖြစ်အောင် နင်းတတ်၏။
- သင်တို့ကို စပါးခွံများမှ ကျွတ်အောင် လှေ့တတ်၏။
- သင်တို့ကို ဖြူစင်လာအောင် ကြိတ်တတ်၏။
- သင်တို့ကို ပျော့ပျောင်းလာအောင် နယ်တတ်၏။
ထို့နောက် မြတ်ရှင်ချစ်၏ စားတော်ပွဲအဖို့ ခဲဘွယ်ဘောဇဉ်တော် ဖြစ်အောင် မီးဖိုတော်သို့ သင်တို့ကို အပ်နှင်းတတ်၏။ သင်တို့အား မိမိတို့ စိတ်နှလုံး၏ လျှို့ဝှက်ချက်များကို သိရှိလာစေပြီးနောက် ထိုအသိတရားဖြင့်ပင် သင်တို့ကိုယ်သင်တို့ ဇီဝသဘောကြီး၏ နှလုံးအိမ် အသားစိုင်မှ အသားမျှင် တစ်ပိုင်းတစ်စအဖြစ် မြင်လာစေခြင်း အကျိုးငှာ မေတ္တာသည် ဤသည်တို့ကို ဆောင်ရွက်လိမ့် သတည်း။
“အကယ်၍များ သင်တို့သည် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေတ္တာ၏ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို လိုက်ရှာနေမည်ဆိုလျှင်-- သင်တို့၏ အချည့်စည်းကိုယ်ကို ပြန်လည်ဖုံးအုပ်၍ မေတ္တာ၏ စပါးနယ် ကြမ်းခင်းဆီမှ ထွက်ခွာလျက်၊ ဥတုရာသီဟူ၍ ကင်းမဲ့ရာ လောကတွင်းသို့ ထွက်ချီခြင်းသည် သာလွန်၍ ကောင်းသေး၏။”
“သင်တို့သည် ရာသီမဲ့ ထိုလောကတွင်း၌ ရယ်မူရယ်နိုင်၏။ သို့သော် ရယ်ခြင်းကား ရယ်စရာရှိသမျှ ရယ်နိုင်ခြင်း မဟုတ်သေး။ ငိုမူငိုနိုင်၏။ သို့သော် ငိုခြင်းကား ငိုစရာရှိသမျှကို ငိုနိုင်ခြင်း မဟုတ်သေး။”
- မေတ္တာတရားသည် ပေး၏။ မေတ္တာမှလွဲ၍ အခြား အဘယ်ကိုမျှ မပေးတတ်။
- မေတ္တာတရားသည် ယူ၏။ မေတ္တာတရား ထံမှလွဲ၍ အခြား ဘယ်သူ့ထံမှ မယူတတ်။
- မေတ္တာတရားသည် ပိုင်ခြင်းဆိုင်ခြင်းလည်း မပြု။ အပိုင်ခံ အဆိုင်ခံလည်း မမူချေ။
အဘယ့်ကြောင့်ဆိုသော် မေတ္တာသည် မေတ္တာဖြင့်သာ ပီပြင်ပြည့်စုံ ပြီးစီးနေသောကြောင့်တည်း။ သင်တို့သည် မေတ္တာပွားသောအခါ “မြတ်ရှင်ချစ်သည် ငါ၏ နှလုံးသားအတွင်း၌ ရှိနေ၏” ဟု မဆိုလင့်။ “ငါသည် မြတ်ရှင်ချစ်၏ နှလုံးသားအတွင်း၌သာ ရှိနေ၏။” ဟုသာ ဆိုထိုက်လှ၏။
မေတ္တာ၏ ခရီးစဉ်ကို သင်တို့က ပြဌာန်းနိုင်သည်ဟု အထင်မရောက်လေလင့်။ မေတ္တာက သင်တို့ကို ထိုက်တန်သည်ဟု တွေ့လာရလျှင် မေတ္တာက အသင်တို့၏ ခရီးစဉ်ကို ပြဌာန်း၏။ မေတ္တာသည် မေတ္တာဖြင့်သာ ပြီးဆုံးအောင်မြင်ထမြောက်ရန် ဆန္ဒမှတပါး အခြား အဘယ်မည်သော အလိုဆန္ဒမျှ မရှိ။ အကယ်၍များ သင်တို့သည် မေတ္တာပွားခြင်းကိုလည်း ပြုလုပ်လျက် ဆန္ဒပြုခြင်းကိုလည်း ပြုလုပ်လို သေးသပဆိုလျှင် ယခု ဆိုလတံ့သော ဆန္ဒများကိုသာ ပြုကြလေလော့။
~ အရည်ပျော်ပြီး ညဥ့်အား တေးဆိုပြရင်း တသွင်သွင် စီးဆင်းနေသော စမ်းချောင်းဖြစ်လိုခြင်း ဆန္ဒ၊
~ အလွန်အမင်း ငဲ့ညှာမှု၏ အကျိုးဆင်းရဲကို သိလိုခြင်းဆန္ဒ၊
~ မေတ္တာကို ကိုယ်တိုင် သဘောပေါက်လာမှုဖြင့် စိတ်နှလုံး ထိခိုက်ခြင်းဖြစ်လိုသော ဆန္ဒ၊
~ ပျော်ပျော်ရွှင်ရွှင် လိုက်လိုက်လျောလျော သွေးအထွက် ခံလိုခြင်းဆန္ဒ၊
~ အရုဏ်ကာလ၌ အတောင်တပ်ထားသော စိတ်နှလုံးနှင့်တကွ နိုးထပြီးလျှင် အော်... နောက်ထပ် တစ်နေ့တော့ဖြင့် မေတ္တာ ထပ်ပွားနိုင် ခဲ့ပါကလားဟု ကျေးဇူးတင် လိုခြင်းဆန္ဒ၊
~ နေမွန်းတည့် ကာလ၌ မေတ္တာပွားများရာ၌ ဖြစ်ပေါ်လာသော ပီတိကို ဆင်ခြင်သုံးသပ်ပြီး အနားယူလိုခြင်း ဆန္ဒ၊
~ ညနေချမ်း ကာလ၌ ထိုကျေးဇူးကို တတမ်းတမ်း တတတ အောက်မေ့မေ့ဖြင့် အိမ်ပြန်လိုခြင်း ဆန္ဒ၊
... ထို့နောက်...
~ သင်တို့၏ အချစ်တော်အဖို့ နှလုံးမှ ဆုမွန်ကိုဆိုလျက် နှုတ်မှလည်း ချီးမွမ်းတေးသံကို ငြီးလျက် အိပ်ပျော်သွားလိုခြင်း ဆန္ဒ..။
(ဓမ္မိက ဘသန်း )
(The Prophet by - Gibran)
Love has no other desire but to fulfil itself.But if you love and must needs have desires, let these be your desires:To melt and be like a running brook that sings its melody to the night.To know the pain of too much tenderness.To be wounded by your own understanding of love;And to bleed willingly and joyfully.To wake at dawn with a winged heart and give thanks for another day of loving;To rest at the noon hour and meditate love's ecstasy;To return home at eventide with gratitude;And then to sleep with a prayer for the beloved in your heart and a song of praise upon your lips.
မူရင်း The Prophet ကို အောက်ပါ လင့်ခ်တွင် ယူနိုင်ပါသည်။
PDF Ebook - Download
0 comments:
Post a Comment