လူသားလုံခြုံရေး (Human Security) ဆိုရာဝယ် (အပိုင်း-၁)
by Myat Thi Ha on Wednesday, December 5, 2012 at 6:39am
လူသားတွေရဲ့ဘ၀မှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom from fear) နဲ့ လိုချင်တောင့်တမှုမှ ကင်းဝေးရေး (Freedom from want) အခွင့်အလမ်းတွေ ရရှိခံစားနိုင်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု ရေးအခြေအနေ တွေမှာ ဘ၀ရပ်တည်နိုင်မှသာ လူသားလုံခြုံရေးရှိတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
နိဒါန်း
ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးနယ်ပယ်ကို လေ့လာနေကြတဲ့ ပညာရှင်များနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ ပါဝင်ဆောင်ရွက်နေကြသူများအတွက် လူသားလုံခြုံရေးဆိုတဲ့ သဘောတရား ဟာ ထင်ရှားတဲ့ ပါရာဒိုင်းပြောင်းလဲမှုတခု ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ချဉ်းကပ်မှုနည်းလမ်းတွေနဲ့ မူဝါ ဒတွေဟာ နိုင်ငံတော် (The State) နဲ့ နိုင်ငံတော်အကျိုးစီးပွားတွေမှာ ဗဟိုပြုထားခဲ့တာကြောင့် လူတဦးချင်းစီရဲ့ အကျိုး စီးပွားတွေ၊ ဆုံးရှုံးမှုတွေ၊ အတွေ့အကြုံ စတာတွေဟာ နိုင်ငံတော်၊ အများပြည်သူ စတဲ့ စကားလုံးကြီးတွေအောက်မှာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာမှာလဲ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုး စီးပွား စတဲ့ကဏ္ဍတွေနဲ့သာ သက်ဆိုင်တဲ့ နိုင်ငံတော်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး စတာတွေကိုပဲ ဦးစားပေး ဖော်ပြခဲ့ ကြပါတယ်။ ဒါပေမယ့် ၂၁ ရာစုမှာတော့ လူတဦးချင်းစီရဲ့ လုံခြုံရေးကို အာရုံစိုက်တဲ့ လူသားလုံခြုံရေးဆိုတဲ့ အတွေးအ ခေါ်သစ်တရပ် ပေါ်ထွက်လာခဲ့ပါတယ်။
လူသားတွေရဲ့ဘ၀မှာ ကြောက်ရွံ့ခြင်းမှကင်းဝေးရေး (Freedom from fear) နဲ့ လိုချင်တောင့်တမှုမှ ကင်းဝေးရေး (Freedom from want) အခွင့်အလမ်းတွေ ရရှိခံစားနိုင်ရေးအတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု ရေးအခြေအနေတွေမှာ ဘ၀ရပ်တည်နိုင်မှသာ လူသားလုံခြုံရေးရှိတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ လူသားလုံခြုံရေး ကို ခြိမ်းခြောက်နိုင်တဲ့ အရာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ အရာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို ပြန်လည်ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေလဲ ရှိပေမယ့် အနည်းအကျဉ်းသာ ရှိပါတယ်။ လူသားလုံခြုံရေးသဘောတရား ပေါ်ထွက်လာမှုဟာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို သေး ငယ်သွားစေဖို့ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံတော်ဟာ လူသားလုံခြုံရေးကို ကာကွယ်ရ မယ့် အရေးအကြီးဆုံး အစိတ်အပိုင်းအဖြစ် ပိုပြီး အရေးပါလာတာ ဖြစ်ပါတယ်။ လူသားတွေကို မွေးကင်းစကနေ ဘ၀နိ ဂုံးချုပ်ချိန်အထိ စောင့်ရှောက်ပေးရေး၊ ထိခိုက်မှုနှင့် အကြမ်းဖက်မှုတို့မှ ကင်းဝေးစေရေး၊ လူမှုရေးခြိမ်းခြောက်မှုများ ဖြစ် တဲ့ ရောဂါဘယ ဖြစ်ပွားမှုများကို ကာကွယ်ကုသရေး၊ ရာဇ၀တ်မှုခင်းများရဲ့ သားကောင်ဘ၀ မရောက်စေရေး၊ ကြောက် ရွံ့ခြင်းမှ ကင်းဝေးစေရေး စတာတွေကို လူသားလုံခြုံရေး သဘောတရားမှာ ခြုံငုံဖော်ပြထားပါတယ်။
လူသားလုံခြုံရေး သဘောတရား
(၂၀၀၀) ပြည့်နှစ်၊ Millennium Summit မှာ ကမ္ဘာ့ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ်က “ကြောက်ရွံ့ခြင်းနဲ့ လိုအင်ဆန္ဒများမှ လွတ်ကင်းတဲ့ ကမ္ဘာဖြစ်လာရေး” ကို အဆိုပြုခဲ့ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ (၂၀၀၁) ခုနှစ်၊ ဇန်န ၀ါရီလမှာ လူသားလုံခြုံရေးဆိုင်ရာကော်မရှင် (The Commission on Human Security) ပေါ်ထွက်လာခဲ့ပါတယ်။ လူ သားလုံခြုံရေးဆိုင်ရာကော်မရှင်က ပြောင်းလဲလာတဲ့ (၂၁) ရာစု အခြေအနေများနဲ့အညီ ပါရာဒိုင်းတခု လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
(၂၁) ရာစုမှာ ပေါ်ထွက်လာတဲ့ လုံခြုံရေးရာ ခြိမ်းခြောက်မှုတွေဖြစ်တဲ့ နာတာရှည်ဆင်းရဲနွမ်းပါးမှု၊ လူမျိုးစု အကြမ်းဖက် မှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါပျံ့ပွားမှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ နိုင်ငံတကာ အကြမ်းဖက်မှု၊ စီးပွားပျက်ကပ် စတာတွေဟာ တခုနဲ့တခု ဆက်နွယ်ပြီး ရှုပ်ထွေးလှပါတယ်။ ပိုပြီးဆိုးတာက ဒီခြိမ်းခြောက်မှုတွေမှာ နိုင်ငံဖြတ်ကျော်မှု ဒိုင်မင်းရှင်း (Transnational dimension) ပါဝင်နေတာ ဖြစ်တဲ့အတွက် စစ်ဘက်ရေးရာကိုသာ အာရုံစိုက်တဲ့ အစဉ်အ လာ လုံခြုံရေးရာ သဘောတရားတွေနဲ့ မကိုက်ညီတော့ပါဘူး။ ဒါကြောင်းပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ ကိုက်ညီ တဲ့ လူသားလုံခြုံရေးသဘောတရားကို အာရုံစိုက်သင့်ကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။
ဒါတင်မကပဲ (၂၁)ရာစု လုံခြုံရေးရာ ခြိမ်းခြောက်မှုတွေဟာ (၂၀)ရာစုထက် ပိုပြီးကြီးမားကျယ်ပြန့် ပြင်းထန်လာတာ ကြောင့် အစဉ်အလာကျင့်သုံးနေတဲ့ ယန္တရားတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းဖို့ တစထက်တစ ခက်ခဲလာပြီ ဖြစ်ပါတယ်။ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားလုံခြုံရေးတို့ အကြားက ဆက်နွယ်မှုတွေနဲ့ အပြန်အလှန် အမှီသဟဲပြုမှုတွေ ကို အသိအမှတ်ပြုတဲ့ consensus မရှိဘဲ လုံခြုံရေးရာခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်တော့ ကြောင့် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုလာကြပါတယ်။ ဒီ consensus ကို လူသားလုံခြုံရေးသဘောတရားက အ ထောက်အကူပြုနိုင်ကြောင်း ပညာရှင်များက ဆိုလာကြပါတယ်။
လူသားလုံခြုံရေးဆိုင်ရာကော်မရှင်က ထုတ်ပြန်တဲ့ “Human Security Now” ဆိုတဲ့ အစီရင်ခံစာထဲမှာ လူသားလုံခြုံရေး ဆိုတာကို “လူသားတို့၏ လွတ်လပ်ခွင့်များနှင့် လိုအင်ဆန္ဒပြည့်ဝမှုများကို အားဖြည့်ပေးနိုင်ရေးအတွက် လူသားတို့၏ ဘ၀များအား ကာကွယ်စောင့်ရှောက်ခြင်း” လို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ လူသားလုံခြုံရေးဆိုတဲ့ သဘောတ ရားမှာ လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ အချက်က ပေါင်းစပ် ပါဝင်နေပါတယ်။ တနည်းဆိုရင် လူသားတွေကို ပြင်းထန်ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ၊ အခြေအနေတွေကနေ ကာ ကွယ် စောင့်ရှောက်ခြင်းလို့လဲ ဆိုနိုင်ပါတယ်။ လူသားလုံခြုံရေး သဘောတရားမှာ လူသားတွေရဲ့ စွမ်းအားတွေ၊ မျှော် မှန်းချက်တွေအပေါ်မှာ အားဖြည့်တည်ဆောက်ထားတဲ့ ဖြစ်စဉ်များအား အသုံးပြုခြင်းဆိုတဲ့ အချက်ကလဲ ပေါင်းစပ်ပါဝင် နေပါတယ်။ ဒါတင်မကဘဲ လူသားတွေရဲ့ဘ၀မှာ အရေးကြီးဆုံး building blocks တွေဖြစ်တဲ့ ရှင်သန်ရပ်တည်မှုနဲ့ ဂုဏ် သိက္ခာကို ပေးအပ်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ စစ်ရေးဆိုင်ရာ စနစ်များ ကို ဖန်တီးပေးခြင်းဆိုတဲ့ အချက်လဲ ပေါင်းစပ်ပါဝင်ပါတယ်။
လူသားလုံခြုံရေးသဘောတရား စတင်ပေါ်ထွက်လာပြီးချိန်မှာ ကနေဒါ၊ နော်ဝေ၊ ဂျပန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေအသုံးပြုလာကြပါတယ်။ လူသားလုံခြုံရေးကွန်ယက်မှာ သြစတြီးယား၊ ကနေဒါ၊ ချီလီ၊ ကော်စ တာရီကာ၊ ဂရိ၊ အိုင်ယာလန်၊ မာလီ၊ နယ်သာလန်၊ နော်ဝေ၊ စလိုဗီးနီးယား၊ ဆွစ်ဇာလန်၊ ထိုင်းစတဲ့ နိုင်ငံတွေ ပါဝင်လာ ကြပြီး၊ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့အတူ advocacy campaigns တွေ အကောင်အထည်ဖော်လာကြပါတယ်။ ဂျပန်နိုင် ငံက လူသားလုံခြုံရေး သဘောတရားကို သံတမန်ရေးရာမှာ ထည့်သွင်းကျင့်သုံးလာပါတယ်။ လူသားလုံခြုံရေးဆိုင်ရာ ကော်မရှင်နဲ့ Trust Fund တည်ထောင်မှုကို ထောက်ခံအားပေးလာပါတယ်။ ဥရောပလုံခြုံရေး မဟာဗျူဟာတွေမှာလဲ လူသားလုံခြုံရေးကို ထည့်သွင်းစဉ်းစားလာပါတယ်။ သို့ပေမယ့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု နဲ့ ရုရှားနိုင်ငံတွေကတော့ အမျိုးသားလုံခြုံရေး (national security) ကိုသာ ပိုပြီး အာရုံစိုက်နေဆဲပဲ ရှိပါသေးတယ်။
လူသားလုံခြုံရေးဆိုင်ရာ သွင်ပြင်လက္ခဏာများ
လူသားလုံခြုံရေးဆိုတာ လုံခြုံရေး (security)၊ အခွင့်အရေး (rights)၊ ဖွံ့ဖြိုးတိုးတက်ရေး (development) စတဲ့ သ ဘောတရားတွေထဲက human element တွေကို ဆွဲထုတ်ပြီး၊ ပေါင်းစပ်ပေါ်ထွက်လာတဲ့ သဘောတရားဖြစ်ပါတယ်။ ဒါကြောင့် လူသားလုံခြုံရေး ဆိုတာကို inter-disciplinary concept အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒီသဘောတ ရားမှာ အဓိကသွင်ပြင်လက္ခဏာ (၅) ရပ် ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ Office for the coordination of Humanitarian Affairs ရုံးရဲ့ လူသားလုံခြုံရေးယူနစ်က ခွဲခြားဖော်ပြထားခဲ့ပါတယ်။
ပထမသွင်ပြင်လက္ခဏာကတော့ လူထုဗဟိုပြု (people-centred) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသားလုံခြုံရေး သ ဘောတရားဟာ လူတဦးချင်းစီကို ဆန်းစစ်ချက်ဗဟို (Centre of analysis) အဆင့်မှာ သတ်မှတ်ထားရှိပြီး၊ လူသားရဲ့ ရှင်သန်ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်တဲ့ အခြေအနေတွေကို စဉ်းစားပါတယ်။ နောက်ဆုံးမှ လူသားဘ၀မှာ ခံနိုင်ရည်မရှိလောက်အောင် ခြိမ်းခြောက်နေတဲ့ အခြေအနေတွေကို ဖော်ထုတ်ခြင်းဖြစ်တဲ့အတွက် လူထုဗဟိုပြု သွင်ပြင် လက္ခဏာရှိကြောင်း ဆိုနိုင်ပါတယ်။
ဒုတိယသွင်ပြင်လက္ခဏာကတော့ ကဏ္ဍစုံ (multi-sectoral) သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ လူသားလုံခြုံရေး သဘော တရားဟာ မလုံခြုံမှု (insecurities) ဆိုင်ရာ ကဏ္ဍစုံကို ဖြစ်ပွားစေတဲ့ ခြိမ်းခြောက်မှုတွေကို ထည့်သွင်းလေ့လာထားပါ တယ်။ လူသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အမျိုးအစားများကို နိုင်ငံရေးရာလုံခြုံရေး (political security)၊ လူ့အဖွဲ့ အစည်းလုံခြုံရေး (community security)၊ တဦးချင်းလုံခြုံရေး (personal security)၊ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ ကျန်းမာရေးရာလုံခြုံရေး (health security)၊ အစားအစာလုံခြုံရေး (food security) နဲ့ စီးပွားရေးရာလုံခြုရေး (economic security) စသည်တို့ကို ခြိမ်းခြောက်နေတဲ့အရာများ စသဖြင့် ကဏ္ဍစုံကနေ ခွဲခြား ဖော်ပြထားတဲ့အတွက် ကဏ္ဍစုံ သွင်ပြင်လက္ခဏာ ရှိကြောင်း ဆိုနိုင်ပါတယ်။
တတိယသွင်ပြင်လက္ခဏာကတော့ comprehensive လက္ခဏာရပ်ဖြစ်ပါတယ်။ လူသားမလုံခြုံမှုများဟာ တခုနဲ့တခု ဆက်နွယ်နေတာဖြစ်တဲ့အတွက် တခုချင်းစီ လိုက်လံဖြေရှင်းဖို့ ခဲယဉ်းပါတယ်။ လူသားလုံခြုံရေး သဘောတရားဟာ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကဏ္ဍစုံပူးပေါင်းဆောင် ရွက်ရေး လိုအပ်ချက်ကို အာရုံစိုက်ဖော်ပြထားတဲ့အတွက် comprehensive လက္ခဏာရှိကြောင်း ဆိုနိုင်ပါတယ်။ လူသား လုံခြုံရေး ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ လူသားလုံခြုံရေးကို ဦးတည်ချက်တရပ်အဖြစ် ဖော်ဆောင်ရေးအတွက် ကမ္ဘာ တ၀ှမ်းက နိုင်ငံပေါင်းစုံ၊ အစုအဖွဲ့ပေါင်းစုံရဲ့ ပိုမိုအားကောင်းသော integrated responses တွေ လိုအပ်ကြောင်း ဆို ထားခဲ့ပါတယ်။
လူသားလုံခြုံရေးရဲ့ စတုတ္ထသွင်ပြင်လက္ခဏာကတော့ content-specific ဖြစ်ပါတယ်။ မလုံခြုံမှုတွေဟာ အခြေအနေ ကွဲပြားမှုတွေအပေါ် မူတည်ပြီး ခြားနားမှုရှိကြောင်းနဲ့ ပေါ်ထွက်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး သီးခြားအဖြေရှာ မှုတွေလုပ်ဖို့ လိုအပ်ကြောင်း လူသားလုံခြုံရေး သဘောတရားက တိုက်တွန်းထားပါတယ်။ ပဉ္ဓမသွင်ပြင်လက္ခဏာ က တော့ ကြိုတင်ကာကွယ်ရေးကို ဦးတည်ဇောင်းပေးခြင်း (prevention-oriented) သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ လူ သားလုံခြုံရေး သဘောတရားဟာ မလုံခြုံမှုများနဲ့ ခြိမ်းခြောက်မှုများကို ဖြစ်ပွားစေတဲ့ အခြေခံအကြောင်းတရားများ (root causes) နဲ့ risks များကို မီးမောင်းထိုးပြတဲ့အတွက် ကြိုတင်ကာကွယ်မှုကို ဇောင်းပေးထားကြောင်း သိသာထင်ရှားပါ တယ်။
လူသားလုံခြုံရေးဆိုင်ရာ ဒိုင်မင်းရှင်းများ
လူသားလုံခြုံရေးဆိုတဲ့ သဘောတရားမှာ လက်ငင်းဒိုင်မင်းရှင်း၊ ရေတိုဒိုင်မင်းရှင်းနဲ့ ရေရှည်ဒိုင်မင်းရှင်းဆိုပြီး ဒိုင်မင်းရှင်း (၃) ခု ရှိကြောင်း ပညာရှင်များက ဆိုထားကြပါတယ်။
(က) လက်ငင်းဒိုင်မင်းရှင်း
(၁၉၉၀) ခုနှစ် အစောပိုင်းကာလတွေမှာ “complex humanitarian emergencies” ဆိုတဲ့ သဘောတရားတခု ပေါ် ထွက်လာခဲ့ပါတယ်။ ဆိုမားလီးယား၊ ရ၀မ်ဒါနဲ့ ဘော့စ်စနီးယား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကနေ ဒုက္ခသည် အမြောက်အမြား ပေါ်ထွက်လာခဲ့ပြီး၊ ဖြစ်ပွားလာခဲ့တဲ့ humanitarian tragedies တွေကို နိုင်ငံတကာအနေနဲ့ စုပေါင်းတုန့်ပြန်ရမယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်။ သို့ပေမယ့် ဒီလိုလူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအ နေတွေကို နိုင်ငံတကာအဆင့်မှာ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ရှိပြီးသား အင်စတီကျူရှင်းတွေနဲ့ မလုံ လောက်ခဲ့ပါဘူး။
လေထုညစ်ညမ်းမှု၊ ကူးစက်ရောဂါများ ပြန့်ပွားမှုနဲ့ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာတွေကလဲ လက်နက်ကိုင် ပဋိ ပက္ခတွေရဲ့ ဖွားဘက်တော်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လက်ငင်းလူသားလုံခြုံမှုရှိလာဖို့ အကောင်အထည်ဖော် ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာပါတယ်။ လက်ငင်း လူသားလုံခြုံရေး ဒိုင်မင်းရှင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ကတော့ လူသားအခြေခံလိုအပ်ချက်များဖြစ်တဲ့ ဘ၀၊ အစားအစာ၊ အိုးအိမ်၊ ကျန်းမာရေးနှင့် ပညာရေး စသည်များကို လူသားချင်းစာနာမှုဖြင့် ချက်ချင်းကူညီ ထောက်ပံ့ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေမူကြမ်းများ ပြဋ္ဌာန်းရေး၊ aid များပေးခြင်းနဲ့ ဖြန့်ဝေခြင်း လုပ်ငန်းဆောင်တာများမှာ လူ့အခွင့်အရေးကို မဟာဗျူဟာမြောက် ထည့်သွင်းဖော်ဆောင် ပေးရေး၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများနဲ့ အကြမ်းဖက်အဖွဲ့အစည်းကွန်ယက်များကို ဖော်ထုတ် ဖမ်းဆီးရေး၊ လူမှု အကြမ်းဖက်မှု (social violence) နဲ့ အုပ်စုများအချင်းချင်းတင်းမာမှုများ (inter-group tensions) ကို ကာကွယ်ရေး စတာတွေ ဖြစ်ပါတယ်။
(ခ) ရေတိုဒိုင်မင်းရှင်း
ယနေ့ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအများစုဟာ စစ်မြေပြင်မှာ အဆုံးမသတ်ဘဲ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်မှာ အဆုံး သတ်သွားလေ့ရှိပါတယ်။ သို့ပေမယ့်လဲ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်မှာ political settlement ရလာဖို့ ဆယ်စုနှစ်ပေါင်း များစွာ ကြာတတ်ပါတယ်။ စစ်ပွဲတွေနဲ့ အင်အားသုံးမှုတွေကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြီး၊ လူမှုကွဲပြားမှုတွေကို အ ကြမ်းမဖက်နည်းလမ်းများနဲ့ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ စစ်ပွဲတွေအပြီးမှာ သေနတ်သံတွေစဲသွားတယ် ဆိုပေမယ့် လူ သားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
ဒီဒိုင်မင်းရှင်းရဲ့ လုပ်ငန်းစဉ်တွေကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် commitment ထားရှိရေး၊ အသွင်ကူးပြောင်းကာလ နိုင်ငံရေးအကြမ်းဖက်မှုများကို စီမံခန့်ခွဲရေး၊ winner-takes-all အဖြေရှာမှု မလုပ်ဘဲ ပါဝါရှယ် ယာစီမံချက်များ ပြုလုပ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရေး၊ အမျိုးသားရင်ကြားစေ့ရေး ၀ိဥာဉ်များ ပေါ်ထွက်လာစေရေးနဲ့ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုပေါ်ထွက်လာရေး၊ စီးပွားရေးပြု ပြင်ပြောင်းလဲမှုများ ပြုလုပ်ရေး စတာတွေပဲဖြစ်ပါတယ်။
(ဂ) ရေရှည်ဒိုင်မင်းရှင်း
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ ဖြစ်ပွားရခြင်း အခြေခံအကြောင်းရင်းတွေကို လေ့လာဖော်ထုတ်ခြင်း မလုပ်ဆောင် ဘူးဆိုရင် အနာဂတ်မှာ လူသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာ ထပ်မံပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရေရှည်ဒိုင်မင်း ရှင်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ခြင်း၊ ၀င်ငွေမတန်တဆ ကွာခြားမှုများကို လျှော့ချခြင်း၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ သဘောတရားများကို ဖြန့်ဖြူးခြင်း၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ထောင်ခြင်း၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်သတိ ပေးစနစ်များကျင့်သုံးခြင်း စတာတွေ ဖြစ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ
လူသားလုံခြုံမှုရှိစေရေးအတွက် ယေဘုယျအားဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း (protection) နဲ့ empowerment ဆိုင် ရာမဟာဗျူဟာများကို အသုံးပြုကြပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာတွေဆိုတာက အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ ရပ်ရွာလူထုမှ လူသားများကို စောင့်ရှောက်ရေးအတွက် ချမှတ်ထားတဲ့ မ ဟာဗျူဟာတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ မဟာဗျူဟာများကို အကောင်အထည် ဖော်ဆောင်ရာမှာ အထက်မှအောက်သို့ ချဉ်းကပ်နည်းလမ်း (top-down approach) ကို အသုံးပြုရပါတယ်။ ရံဖန်ရံခါမှာ လူသားတွေဟာ ထိန်းချုပ်နိုင်တဲ့ ဘောင်ကနေကျော်သွားတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ စီးပွားရေး ပျက်ကပ်တွေနဲ့ ပဋိပက္ခတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ကြရပါတယ်။ ဒီအခါမှာ လူသားတွေကို ဒီလိုခြိမ်းခြောက်မှုတွေ ကနေ ကာကွယ်ပေးဖို့အတွက် လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ဟာ ဒီလိုကာကွယ် စောင့်ရှောက်ဖို့အတွက် အဓိကတာဝန်အရှိဆုံးဖြစ်ပြီး၊ နိုင်ငံတကာနဲ့ ဒေ သဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလဲ လူသားလုံခြုံ ရေးကို ပါဝင်ကူညီဆောင်ရွက်လေ့ရှိကြပါတယ်။
Empowerment ဆိုင်ရာမဟာဗျူဟာ ဆိုတာတွေကတော့ ခက်ခဲတဲ့အခြေအနေတွေမှာ လူသားတွေရဲ့ ခံနိုင်ရည်စွမ်း အားနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအား တိုးတက်လာအောင် အားပေးထောက်ကူပြုတဲ့ မဟာဗျူဟာများပဲ ဖြစ်ပါတယ်။ Empowerment မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာမှာ အောက်မှအထက်သို့ ချဉ်းကပ်နည်းလမ်း (bottom – up approach) ကို အသုံးပြုကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ရွေးချယ်မှု များပြုလုပ်ခြင်း၊ ကိုယ့်အား ကိုယ်ကိုးခြင်း စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာရေး ဖြစ်ပါတယ်။ လူသားတွေကို empower လုပ်ခြင်းအားဖြင့် သူတို့ရဲ့ အရည်အချင်းတွေ အကောင်းဆုံး တိုးမြင့်လာရုံတင် မကပါဘူး။ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်း ကျင်က လူအများရဲ့ လူသားလုံခြုံရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေခြင်း၊ အဖြေရှာမှုများမှာ ပါဝင်ဆောင်ရွက်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ protection နဲ့ empowerment ဟာ တခုနဲ့တခု အပြန်အလှန် အမှီသဟဲပြုရုံသာမက mutual reinforcement ကိုပါ ဖြစ်တည်စေပါတယ်။ လူသားလုံခြုံရေး ကို ခြိမ်းခြောက်လာတဲ့ အခြေအနေတွေ အားလုံးနီးပါးမှာ protection နဲ့ empowerment ကို ထည့်သွင်းစဉ်းစားဖို့ လို အပ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ မဟာဗျူဟာများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းရည်တွေရှိဖို့ လို အပ်ပါတယ်။ မဟာဗျူဟာ ဘယ်လောက်ပဲကောင်ကောင်း၊ လိုအပ်တဲ့ စွမ်းရည်တွေမရှိဘူးဆိုရင် အောင်မြင်စွာ ဖော် ဆောင်လို့ မရနိုင်ပါဘူး။ လူသားလုံခြုံရေးသဘောတရားဟာ စီးပွားရေးရာလုံခြုံရေး၊ အစားအစာလုံခြုံရေး၊ ကျန်းမာရေး လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် လုံခြုံရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေး၊ နိုင်ငံရေးရာလုံခြုံရေး စတာတွေကို ခြုံငုံဖော်ပြထား တာဖြစ်တဲ့အတွက် ကဏ္ဍတခုချင်းစီအလိုက် မဟာဗျူဟာများနဲ့ ဆက်စပ်တဲ့ စွမ်းရည်များကို ပညာရှင်အချို့က လေ့လာ ဖော်ထုတ်ခဲ့ကြပါတယ်။
စီးပွားရေးရာ လုံခြုံရေး (economic security) အတွက် သင့်လျော်တဲ့ မဟာဗျူဟာတွေကတော့ အခြေခံလစာခံစားခွင့် အပြည့်အ၀ရရှိရေး၊ Public sector နဲ့ private sector အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ လိုအပ်ပါက အစိုး ရမှ ဘဏ္ဍာရေးထောက်ကူပြုသည့် social safety nets များဖော်ဆောင်ရေး စတာတွေ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာများ ကို အကောင်အထည်ဖော်ရေးအတွက် စီးပွားရေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ ဘဏ္ဍာရေး အရင်းအနှီး စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။ အစားအစာလုံခြုံရေး (food security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ ကိုယ်တိုင်စိုက် ပျိုး၍ဖြစ်စေ၊ အခကြေးငွေ သုံးစွဲ၍ဖြစ်စေ၊ အစိုးရထောက်ကူ အစားအစာဖြန့်ဝေရေးစနစ်မှ ဖြစ်စေ လူတိုင်းအတွက် စား သောက်ရန် အစားအစာရှိရေး ဖြစ်ပါတယ်။ ဒီအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍမှာ diversified လုပ်ခြင်း၊ အစားအစာဖြန့်ဝေရေးစနစ်ကျင့်သုံးခြင်း စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
ကျန်းမာရေးလုံခြုံရေး (health security) ဆိုင်ရာ မဟာဗျူဟာတွေကတော့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ၀န် ဆောင်မှုများ ထားရှိရေး၊ community-based ကျန်းမာရေးအာမခံများ ထားရှိရေးနဲ့ ရောဂါများပြန့်ပွားမှုကို ရှာဖွေဖော် ထုတ်နိုင်တဲ့ surveillance systems များ အသုံးပြုရေး စတာတွေ ဖြစ်ပါတယ်။ ဒီလို မဟာဗျူဟာတွေ အကောင်အထည် ဖော်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတနဲ့ အသိပညာတွေကို အများပြည်သူအကြားမှာ ဖြန့်ဖြူးထားခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို သိရှိခွင့်ရှိရေးဆိုင်ရာ စွမ်းရည်တွေလိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်လုံခြုံရေး (environment security) နဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေကတော့ သဘာဝ သယံဇာ တနဲ့ environmental degradation တွေဖြစ်တဲ့ မြေဆီလွှာပျက်သုဉ်းမှု၊ သစ်တောပြုန်းတီးမှု စသည်များကို ကာကွယ် ရေးအတွက် sustainable practices များ ကျင့်သုံးခြင်းနဲ့ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်သတိ ပေးမှုနဲ့ တုန့်ပြန်မှုနည်းလမ်းများ ချမှတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော် ရေးအတွက် သဘာဝ သယံဇာတ အရင်းအနှီး၊ ဇီဝကွဲပြားခြားနားမှု (Biodiversity) နဲ့ သဘာဝပတ်ဝန်းကျင် recovery processes စတဲ့ စွမ်းရည်များရှိဖို့ လိုအပ်ပါတယ်။
လူတဦးချင်းစီရဲ့ လုံခြုံရေး (personal security) အတွက် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ကို ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာတွေ ချမှတ်နိုင်ပါတယ်။ ဒီအတွက် အခြေအနေနှင့် လိုက်လျောညီထွေ သော နည်းဗျူဟာများနဲ့ coping mechanisms များ လိုအပ်ပါတယ်။ Community Security ရှိစေရေးအတွက် လူမျိုးစု များနဲ့ community identity ကို ကာကွယ်ပေးရေး၊ ဖိနှိပ်မှုတွင်အခြေတည်သော ဓလေ့ထုံးတမ်းစဉ်လာများမှ ကာကွယ် စောင့်ရှောက်ရေး၊ အမျိုးသမီး များအား ပြင်းပြင်းထန်ထန် ခွဲခြားမှုများအား ကာကွယ်စောင့်ရှောက်ရေးနဲ့ လူနည်းစုနဲ့ ဒုက္ခသည် အုပ်စုများကို ခွဲခြားဆက်ဆံခံရခြင်းမှ ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာများ ချမှတ်ဖို့ လိုအပ်ပါ တယ်။ ဒီအတွက် လူမှုအရင်းအနှီး (social capital) နဲ့ coping mechanisms များ လိုအပ်ပါတယ်။
နိုင်ငံရေးရာလုံခြုံရေး (political security) ရှိစေရေးအတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အာဏာရှင် စနစ်မှ လွတ်မြောက်ရေး၊ နိုင်ငံတော် (သို့မဟုတ်) အစိုးရများရဲ့ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊ ဥပဒေနဲ့အညီ မဟုတ်သော ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းများမှ ကာကွယ်စောင့်ရှောက်ရေး စတဲ့ မဟာဗျူဟာများကို အသုံးပြုနိုင်ပါတယ်။ ဒီအတွက် ကောင်းမွန်သောအုပ်ချုပ်ရေး (good governance) နဲ့ accountability mechanisms များ လိုအပ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၄၊ ၁၂၊ ၂၀၁၂)
0 comments:
Post a Comment