ရူးနှမ်းသော စိတ်ကူးယဉ် အိပ်မက်မြို့တော်တစ်ခု နှင့် မစားလိုက်ရသော ပန်းသီးများ
by တစ်ခါတစ်လေရေးဖြစ်တဲ့ ဒိုင်ယာရီ on Tuesday, March 13, 2012 at 1:23pm ·
ကျွန်တော် အူကြောင်ကြောင် အိပ်မက်တစ်ခု မက်ဖူးပါတယ်။ အိပ်မက်ဆိုတာ နည်းနည်းကြာရင် မေ့သွားတတ်လို့ မမေ့ခင် အဲဒီ အိပ်မက်အကြောင်းလေး ခင်ဗျားတို့ကို ပြောပြပါရစေလားဗျာ။
အိပ်မက်ထဲမှာ မြို့တစ်မြို့ကို ၂၀၀၉ ခုနှစ်က ကျွန်တော် သူငယ်ချင်းတွေနဲ့ အလည်သွားတယ်။
ညနေစောင်း မှောင်တဲ့ အချိန်မှာ ရောက်သွားတာ ဆိုတော့ မရောက်ခင်ကတည်းက ထိန်ထိန်ညီးနေတဲ့ အလင်းကို မိုးကုပ်စက်ဝိုင်း အစပ်မှာ တွေ့နေရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တွေ့ရခဲတဲ့ မြင်ကွင်းမျိုးပေါ့။ ကောင်းကင်အနိမ့်ပိုင်းမှာ အ၀ါသမ်းတဲ့ အလင်းနဲ့ မြေကြီးပေါ်မှာ တစ်ခုခု အကြီးစားတောက်လောင်နေသလိုမျိုး။ အဝေးပြေးလမ်းပေါ်က ခွဲထွက်ပြီး မြို့ထဲဘက်ကို သွားတော့ လမ်းတွေက အကျယ်ကြီး။ မီးတိုင်တွေကလည်း လိုတာထက်ပိုပြီး ခပ်စိပ်စိပ် စိုက်ထားတော့ လမ်းတွေက လင်းထိန်နေတယ်။ ကျွန်တော်လည်း အံ့သြပြီး တောသားမြို့တက်ကို ဖြစ်လို့။ ဒီလောက်ကျယ်တဲ့လမ်းတွေကို ဘ၀မှာ ကိုယ့်တိုင်းပြည်ထဲမှာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီလောက်ကောင်း ဒီလောက်ကျယ်တဲ့ လမ်းတွေပေါ်မှာ သွားနေတာက ဆိုင်ကယ်တစ်ချို့နဲ့ ကားကျိုးတို့ကျဲတဲ။ တစ်လောက ဟီလာရီ ကလင်တန် လာတော့ CNN ကလည်း ပြောသွားတာ ကြားလိုက်သေးတယ်။ 8-lane roads with very few cars on them တဲ့။ ဒီလိုတော့ လာမရိနဲ့။ “ဒါငါတို့ မြို့ကွ” ဆိုပြီး တမင်သက်သက်ကြီး ကြီးကျယ်ခမ်းနားအောင် လုပ်ထားတဲ့ ဒီမြို့ကြီးကို နိုင်ငံသား တစ်ယောက်အနေနဲ့ ပြတ်ပြတ်သားသားကြီး ဂုဏ်ယူပစ်လိုက်ချင်တယ်။ ဒါပေမယ့် ………………………………………………….
ဒါပေမယ့် လို့ ဆိုနေရင်း ဘယ်ရောက်သွားလဲလို့ မမေးနဲ့။ အိပ်မက်ဆိုတော့ ဟိုရောက် ဒီရောက် ဖြစ်တာ ခွင့်လွှတ်ပါ။ ဘောဂဗေဒ စာအုပ်တစ်အုပ်ထဲကို ရောက်သွားတယ်။ အဲဒီစာအုပ်ထဲမှာ opportunity cost ဆိုတဲ့ စကားလုံးတစ်ခုနဲ့ သွားတွေ့တယ်။ ခင်ဗျားဟာ ဘာလဲလို့ ကျွန်တော်က အဲဒီစကားလုံးကို မေးလိုက်တယ်။ သူက အခုလို အရှည်ကြီး ပြန်ဖြေတယ်။
အရင်းအမြစ်တစ်ခုကို ကိစ္စတစ်ခုအတွက် သုံးလိုက်ရင် နောက်ကိစ္စတစ်ခုအတွက် သုံးလို့မရတော့ဘူးဆိုတဲ့ သဘောပါ။ ဥပမာ ခင်ဗျားမှာ ပိုက်ဆံ ၃၀၀ (ကျပ်) ရှိတယ်ဆိုပါစို့။ ခင်ဗျားဗိုက်ဆာလို့ ဈေးထဲကို သွားတယ်။ ဈေးထဲမှာ ပန်းသီးတစ်လုံးကို ၃၀၀၊ လိမ္မော်သီးတစ်လုံးကိုလည်း ၃၀၀ နဲ့ ရောင်းနေတယ်။ ဒီပိုက်ဆံ ၃၀၀ နဲ့ ပန်းသီးတစ်လုံးကို ၀ယ်စားလိုက်တယ် ဆိုပါစို့။ ဒါဆိုရင် ခင်ဗျား လိမ္မော်သီးကို စားလို့မရတော့ဘူး။ လက်လွှတ် ဆုံးရှူံးလိုက်ရပြီ။ ဒါဆိုရင် ပန်းသီးကို ၀ယ်စားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ opportunity cost ဟာ လိမ္မော်သီးတစ်လုံးဖြစ်တယ်။ အဲဒီလိုပဲ၊ တကယ်လို့ ခင်ဗျားဟာ လိမ္မော်သီးကို စားဖို့ ဆုံးဖြတ်လိုက်တယ် ဆိုရင် ခင်ဗျားရဲ့ opportunity cost ဟာ ပန်းသီးတစ်လုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် opportunity cost ဆိုတဲ့ ကျုပ်ဟာ မစားလိုက်ရတဲ့ ပန်းသီးတစ်လုံးပါတဲ့။ ဒီ opportunity cost ဆိုတဲ့ စကားလုံးက ပြန်ဖြေတယ်။ သူကပဲ ဆက်ပြောတယ်။ကျုပ်ဟာ တကယ်တော့ ခင်ဗျားတို့ရဲ့ လက်တွေ့ဘ၀မှာ အရေးတကြီး ထည့်သွင်းစဉ်းစားရတဲ့ concept တစ်ခုပါ။ စီးပွားရေးနဲ့ဆိုင်တဲ့ ဘောဂဗေဒ နယ်ပယ်မှာသာ မက ဆုံးဖြတ်ချက်ချရတဲ့ (အထူးသဖြင့် public policy decisions တွေမှာ) ကိစ္စတိုင်းမှာ ကျယ်ကျယ်လောင်လောင် ငြင်းခုံဆွေးနွေးကြတယ်။ ကျန်းမာရေး လောကက ဥပမာတစ်ခုလောက် ထပ်ကြည့်ရအောင်။ ဗြိတိန်နိုင်ငံမှာ ဖန်ပြွန် သန္ဓေသား တစ်ခု လုပ်ရင် စတာလင်ပေါင် ၂၇၀၀ လောက် ပျမ်းမျှကုန်တယ်။ ကလေး လိုချင်တဲ့ မောင်နှံက ကိုယ့်ဘာသာကိုယ် အကုန်အကျခံတာဆိုရင် အကြောင်းသိပ်မဟုတ်ပေမယ့် အစိုးရက ကျခံဖို့ စဉ်းစားမယ်ဆိုရင်တော့ ပြောစရာရှိလာတယ်။ ဒီစတာလင်ပေါင် ၂၇၀၀ ရဲ့ ဘာလုပ်လို့ ရသလဲလို့ စဉ်းစားရတော့မယ်။ ပေါင် ၂၇၀၀ နဲ့ လုပ်လို့ရတာတစ်ချို့က
- နားမကြားသူကို ခွဲစိတ်ဖို့ ကုန်ကျငွေရဲ့ သုံးပုံတစ်ပုံ
- နှလုံးသွေးကြောချဲ့ခြင်း တစ်ကြိမ်
- အတွင်းတိမ် ခွဲစိတ်ခြင်း ၁၁ ခု
- ကလေး ၁၅၀ အတွက် ၀က်သက်ကာကွယ်ဆေး
- Challenger 2 တင့်ကား တစ်စင်းရဲ့ တစ်ထောင်ပုံတစ်ပုံ ကုန်ကျစားရိတ်
- မူလတန်းဆရာမတစ်ယောက်ကို ၆လခန့်ဖို့ လစာငွေ
- ကလေး ၂၀၀၀ အတွက် ညနေစာ
တွေ ဖြစ်တယ်။ ဒါတွေဟာ စာ စကားနဲ့ ပြောရရင်တော့ ဖန်ပြွန်သန္ဓေသား တစ်ခါလုပ်ခြင်းရဲ့ opportunity cost ပဲဖြစ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် opportunity cost ကို စဉ်းစားခြင်းဟာ အကောင်းဆုံး ဒါမှမဟုတ် အသင့်တော်ဆုံး ဒါမှမဟုတ် တွက်ခြေအကိုက်ဆုံး ဒါမှမဟုတ် သာတူညီမျှ အဖြစ်ဆုံး ဆုံးဖြတ်ချက်တွေ ချမိစေဖို့ အထောက်အကူ ပြုတယ်လို့ မှတ်ယူနိုင်တယ်။ ဆုံးဖြတ်ချက်ချသူတွေကိုလည်း ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တာဝန်ခံလာအောင် ကူညီနိုင်တယ်လို့ စာအုပ်ထဲက ကောင်က ဆရာကြီးလေသံနဲ့ ပြန်ဖြေတယ်။
ဒီကောင်နဲ့ တွေ့ပြီးတော့ ဆက်ထွက်လာခဲ့တယ်။ လမ်းလျှောက်နေရင်း “ဒီမြို့ကို ဆောက်တာ ဘယ်လောက်ကုန်သလဲ” လို့ ရှေ့ကလျှောက်လာတဲ့ လူစိမ်းတစ်ယောက်ကို ဆတ်ဆော့ပြီး မေးလိုက်မိတယ်။
လူစိမ်း။ ။ဘယ်သိမတုန်း
ကျွန်တော်။ ။ဘာလို့ မသိတာလဲ။
လူစိမ်း။ ။ဒါလို ထုတ်ပြန်ကြေငြာတာတွေကို ကျုပ်တို့ဆီမှာ လုပ်လေ့လုပ်ထ မရှိဘူး။
ကျွန်တော်။ ။ဒါဖြင့် ဘာတွေလုပ်သတုန်း။
လူစိမ်း။ ။ကြေညာတာတွေပဲလုပ်တယ်။
ကျွန်တော်။ ။ဘယ်လို။
လူစိမ်း။ ။ဟာ…. ဒီကောင် ဘယ်လိုကောင်လဲ။ တော်တော်လျှာရှည်တဲ့ကောင်။ ငါ ဖမ်းပြီး ထောင်ချလိုက်ရ။
သူ့ကြိမ်းသံလည်း ကြားရော။ ဘေးကလူတွေလည်း ၀ုန်းကနဲ အုန်းအုန်းကြွက်ကြွက် ထပြေးကြရော။ ဘုရား၊ ဘုရား…ဘယ်လိုလူတွေနဲ့ လာတွေ့နေပါလိမ့်လို့ တွေးနေချိန်မရဘူး။ တစ်ချိုးတည်း လစ်လာခဲ့တယ်။ ကြောက်တတ်ရန်ကောလို့တော့ အပြစ်တင် မစောနဲ့။ ဒီလူကြည့်ရတာ တကယ်လုပ်မယ့်ပုံ။ ခါးကြားမှာလည်း သေနတ်ကြီးနဲ့။ ကျွန်တော် က သေနတ်မှ မရှိတာ။ ကြောက်ရတာပေါ့။
တော်တော်ကလေး ပြေးရင်းနဲ့မောလာမှ ငါဘာကြောင့် ပြေးနေပါလိမ့်လို့ စဉ်းစားမိတယ်။ သြော် လူအုပ်ကြီးက ပြေးလို့ ပြေးမိတာကိုးလို့ သတိရလာတယ်။ သူတို့ မပြေးရင် ငါလည်း ဘယ်ပြေးမလဲ။ ငါတို့ အားလုံးမပြေးရင် သူဘာလုပ်မလဲ မသိဘူးနော်။ အားလုံးကို ထောင်ထဲ ထည့်မှာပေါ့။ အားလုံးကို ထောင်ထဲထည့်ဖို့ အဲလောက်ကြီးတဲ့ ထောင်ကြီး ရှိပါ့မလား။ ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေက ကြောက်တတ်ရန်ကော။ သြော် ထောင်ထဲဘယ်ထည့်မလဲ။ လူအုပ်ကြီးလိုက် လာမှတော့ ခါးကြားက သေနတ်ကို ထုတ်ပစ်တော့မပေါ့။ အဲလို စဉ်းစားတော့မှ ပြေးတာဟာ သဘာဝကြတယ်လို့ လက်ခံသွားတယ်။
လူစိမ်းနဲ့ ဝေးသွားတော့မှ လက်ဖက်ရည်တစ်ဆိုင်မှာ ၀င်ထိုင်မိတယ်။ အမောဖြေရင်း ခုနက မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးကြည့်တယ်။ ဒီမြို့ဆောက်တာ ဘယ်လောက်ကုန်သလဲ။ စိတ်တွက်နဲ့ တွက်ကြည့်တော့ မတွက်တတ်ဘူး။ မနည်းဘူးလို့ပဲ လူပြိန်းတွေး တွေးမိတယ်။ တွေးလက်စနဲ့မို့ မထူးပါဘူးလေ ဆိုပြီးဆက်တွေးပါတယ်။ ဒီငွေတွေ ဘယ်က ရသလဲ။ ဒီလောက် ခမ်းနားတဲ့ မြို့ကို ဘယ်က ပိုက်ဆံနဲ့ ဆောက်သလဲ။ တွေးကြည့်တော့ မတွေးတတ်ဘူး။ အဲဒီအချိန်မှာပဲ ဘေးဝိုင်းက စကားသံတွေ လွင့်လာတယ်။ အဆီရွှဲနေတဲ့ ဗိုက်ကိုယ်စီနဲ့ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ထိုင်နေတဲ့ ၀ိုင်းဘက်ကပါ။
“တို့တိုင်းပြည်မှာ ရေနံနဲ့ ဘဘာဝဓာတ်ငွေ့တွေ ထွက်ပြီတဲ့ကွ”
“ပြောသားပဲ။ ငါတို့ ဘယ်တုန်းကမှ မဆင်းရဲခဲ့ဘူး”
“မင်း ပြောစရာမလိုပါဘူးကွာ။ ငါတို့ ချမ်းသာတာ ငါသိပါတယ်။ ရေနံထွက်မှ မဟုတ်ဘူး ကိုယ့်လူ….တောထဲက ကျွန်းသစ်တွေဘာလုပ်ဖို့လဲ”
“လျှောက်ပြောမနေနဲ့။ အလုပ်ကိစ္စ ပြောရအောင်။ မင်း ကျောက်မျက်ပွဲ သွားဦးမလား”
နားထောင်နေရင်းနဲ့ ကိုယ်နဲ့ မဆိုင်တာတွေမို့ အာရုံကို လွှဲလိုက်တယ်။ စောစောက တွေးနေတဲ့ အတွေးစကို ပြန်ကောက်ပြီး ဆက်တွေးတယ်။လျှပ်စစ်တောင် ကိုယ့်ဘာသာ ကုန်အောင် မသုံးနိုင်လို့ ဘေးနားက မရှိဆင်းရဲတဲ့ တိုင်းပြည်တွေကို သနားဈေးလေးနဲ့ ရောင်းတဲ့ ဒီတိုင်းပြည်ဟာ၊ ဆန်အိုးကြီးလို့ တင်စားခံရတဲ့ မြစ်ဝကျွန်းပေါ်တစ်ခုလုံးပျက်စီးသွားလို့၊ လူတွေ သမိုင်းမှာ မကြုံစားဖူး သောက်သောက်လဲသေလို့ အလှူရှင်တွေလာတာတောင် မလိုအပ်သလိုလို မာရေကျောရေနဲ့ ဆက်ဆံနိုင်တဲ့ ဒီတိုင်းပြည်ဟာ ဒီမြို့လောက်တော့ အပြော့ပေါ့လို့ ကိုယ်ဘာသာကိုယ် ဇာတိပုည ဂုဏ်မာန အပြည့်နဲ့ တွေးပစ်လိုက်တယ်။ ဒါနဲ့ပဲ ဆက်တွေးပါတယ်။ ဒီမြို့မဆောက်ခဲ့ရင် ဒီဆောက်မယ့် ပိုက်ဆံနဲ့ ဘာလုပ်လို့ ရမလဲ။ ဘာမှ လုပ်လို့ မရလောက်ပါဘူး။ အိမ်က ကလေး အယားပြေစီးဖို့ ဟယ်လီပေါ်ကာ တစ်စင်းလောက် ပက်ခနဲဝယ်ပြီး ပိုတဲ့ ပိုက်ဆံနဲ့ မန်ယူ အသင်းကို ၀ယ်ဖို့ကြိုးစား၊ ဒါမှမဟုတ် ကမ္ဘာကို ခြိမ်းခြောက်နိုင်ဖို့ နျူလက်နက်စီမံကိန်းတစ်ခုကို အပြည်ပြည်ဆိုင်ရာ အော့ကြောလန် နိုင်ငံတစ်ခုနဲ့ပေါင်းပြီး အကောင်အထည်ဖေါ်၊ အပျင်းပြေ တူတူပုန်းတမ်း ကစားဖို့ တောင်အောက်တွေမှာ လိုဏ်ခေါင်းတွေ ခဲရာခဲဆစ်တူး၊ ပြည်သူတွေ စွမ်းအားကို မြှင့်တင်ဖို့ ရပ်ကွက်ထဲက သန်မာတဲ့ ယောက်ျားတွေကို ထမင်းကျွေးပြီး တစ်နေ့ မုန့်ဖိုးပဲဖိုးလေး ၃၀၀၀ လောက်ပေး၊ တစ်သက်မှာ တစ်ခါ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင်ကြီးကို ပြုံးရယ်သူ ဧည့်သည်မပါဘဲ ဆောင်၊ ဒါတွေကလွဲပြီး ဘာမှလုပ်လို့ မရလောက်ပါဘူး။ ဘာတွေပြောနေတာလဲလို့ လာမမေးနဲ့။ ကျွန်တော်လည်း မသိဘူး။ အိပ်မက်ဆိုတော့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာ။ ဒီလိုနဲ့ တွေးရင်းမေးရင်း အဖြေမထွက်တာတွေများလာတော့ ကျန်တဲ့ မေးခွန်း ၃ ခုကိုတော့ ဆက်မမေးဖြစ်တော့ါဘူး။ မေးလည်း ကိုယ်က လူသာမာန်တို့ရဲ့ ဥာဏ်ရည်ပဲ ရှိပြီး လူလိုပဲ တွေးတတ်လို့ အဖြေလည်း ထွက်မှာ မဟုတ်ဘူး။ အဲဒီမေးခွန်း ၃ ခုက
(၁) ဒီမြို့ကို ဘာကြောင့်ဆောက်သလဲ။ (ဆောက်ဖို့တကယ်ပဲ လိုသလား။)
(၂) ဆောက်ဖို့ ဆုံးဖြတ်ချက်ကို ဘယ်သူတွေက ဘယ်လိုချမှတ်ခဲ့သလဲ။
(၃) ဘာကြောင့် ဒီမြို့ကို ဒီနာမည် ပေးသလဲ။
တွေးလို့ကောင်းနေရင်း လူတွေ ရုတ်ရုတ်သဲသဲ ထဖြစ်ကြပြန်ရော။ ဒယ်အိုးတွေ၊ စားစရာတွေ၊ တွန်းလှည်းတွေနဲ့ လူတွေ အများကြီး ပြေးလာကြပြန်ရော။ လက်ဖက်ရည်ဆိုင် က စားပွဲထိုးလေးတစ်ယောက်ကို ခေါ်မေးကြည့်တော့မှ “၉ နာရီထိုးခါနီးလို့ ပြေးတာ အစ်ကို။ တရုတ်တန်းမှာ ၉ နာရီထိုးရင် ကမ္ဘာပျက်နေကြ” တဲ့။ တော်တော်လည်း ပြေးရတဲ့ ဒေသပါလားလို့ တွေးတုန်း ပန်းသီးခြင်းကြီး ရွက်လာတဲ့ အဒေါ်ကြီးတစ်ယောက် ပြေးရင်းနဲ့ ခြေခေါက်ပြီး ဘိုင်းကနဲ ပစ်လဲသွားတယ်။ ခြင်းထဲက ပန်းသီးတွေလည်း လိမ့်ထွက်သွားတယ်။ အဲဒီပန်းသီးတွေကို နိုင်ငံခြားက သတင်းစာ စက္ကူတွေနဲ့ထုပ်ထားတယ်။ အဲဒီ သတင်းစာတွေမှာ ရေးထားတဲ့ ခေါင်းကြီးပိုင်းတစ်ချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ကျန်းမာရေးအသုံးစားရိတ်သည် တစ်ကမ္ဘာလုံးတွင် အနည်းဆုံးဖြစ်ပြီး GDP ၏ ၂ ရာခိုင်နှုန်းအောက်တွင်သာရှိ
- ကျန်းမာရေး အသုံးစားရိတ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်သူများမှ မိမိဘာသာ အိတ်ထဲမှ စိုက်ထုတ်သုံးစွဲနေ
- ဆေးရုံများတွင် ကုတင်နှင့် ကျန်းမာရေး ၀န်ထမ်းများမှ လွဲ၍ ကျန်သောအရာများမရှိ
- ပညာရေး အသုံးစားရိတ် ကို မြှင့်တင်မှသာ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်နိုင်မည်
- မူလတန်းမှစ၍ GTC အဆုံး ကျောင်းများတွင် ဖတ်စာအုပ်များ မလုံလောက်
- မီးမလာသောကြောင့် ကိုယ်ပိုင် ဒီဇယ်စက်ဖြင့် လည်ရသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိရာ တနင်္သာရီတိုင်းရှိ ထားဝယ်အပါအ၀င် အချို့မြို့နယ်များတွင် မီတာခမှာ တစ်ယူနစ်လျှင် ၄၀၀ ကျော်နေ
- အစိုးရမှ အရှုံးခံ ရောင်းချနေရသဖြင့်ဟု ဆိုကာ လောင်စာဆီများ တရားဝင်ကြေငြာခြင်းမရှိဘဲ ဈေးတက်
- ဧရာဝတီမြစ်ကြောင်းမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းသဖြင့် ပျက်စီးယိုယွင်းလျက်ရှိ
- ရန်ကုန်မြို့တွင်းလမ်းများ၏ အခြေအနေမှာ ဆိုးရွားလျက်ရှိဆဲ
- ဘတ်စ်ကားများ ကျပ်နေဆဲဖြစ်ပြီး၊ ရထားများလည်း နောက်ကျကာ ပြုပြင်ထိန်းသိမ်းမှုအားနည်းဆဲ
- ၀န်ထမ်းများ၏ လစာတိုးပေးရန် မဖြစ်နိုင်သေး
- နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ကြွေးမြီများ သန်းနှင့်ချီ၍ တင်ရှိနေ
လူတွေကတော့ အဲဒီပန်းသီးတွေကို ကြည့်ရင်း “ဒါတွေဟာ ငါတို့ မစားလိုက်ရတဲ့ ပန်းသီးတွေပါလား” လို့ ဖိတ်ဖိတ်တောက်နေတဲ့ မြို့တော်ကြီးကို နောက်ခံထားပြီး တွေးနေကြလေရဲ့။ ။
0 comments:
Post a Comment