Thursday, December 20, 2012

အမေ


  • ဟိုနေ့က ဆုံးမစကားအတွက် ကျေးဇူးတင်ပါတယ်အမေ။ ကျနော်တို့ နောက်နောင် မဟုတ်တာ ဘာမှ မလုပ်ပါဘူးလို့ အမေ့ကို ကတိပေးပါတယ်။ တကယ်တော့ သားတို့က ဟင်းခိုးမစားမိသေးပါဘူး။ အိုးဖွင့်ပြီး အနံ့လေး ရှူရုံ ရှိပါသေးတယ်။ ဒါပေမဲ့ ခိုးစားသွားမိမှာ စိုးတဲ့ အမေ့စေတနာကို နားလည်ပါတယ်။

    ညီမလေးကတော့ အဆူခံရတယ်ထင်ပြီး မျက်ရည်ကျရှာတယ်။ ကျနော်ကတော့ စေတနာစကားလို့ပဲ နားလည်ပါတယ်။ ညီမလေးကတော့ သူ့မှာ ၀တ်ကောင်းစားလှဝတ်ရ စားရတာလည်း မဟုတ်ဘဲ အမေက ဒီလို ပြောလေခြင်းလို့ ပြောပြောပြီး ငိုရှာတယ်။ ကလေးဆိုတော့ တွက်ကပ်ချင်စိတ်လေးကလည်း ရှိသား။ အကိုကြီးနဲ့ အကိုလတ်ကိုတော့ အမေက မဆူဘူး၊ ပစားပေးတယ်ပေါ့လေ။ သူက ထင်နေရှာတာ။ ကျနော်ကတော့ လိမ္မာလက်စလူတွေ အတုခိုးမှားပြီး မိုက်သွားမှာ စိုးလို့ ကျနော်တို့မောင်နှမအပေါ် ပိုစေတနာထားတယ်လို့ပဲ ထင်ပါတယ်။

    တကယ်တော့ အကိုကြီးအပေါ်မှာ ကျနော်တို့တတွေ ကျေးဇူးရှိတာ မှန်ပါတယ်။ သူသာ တုတ်တရမ်းရမ်း ဒါးတရမ်းရမ်းနဲ့ အကာအကွယ်မပေးခဲ့ရင် ကျနော်တို့ မိသားတစ်စု ဘယ်လွယ်မလဲ။ တစ်ချက်တစ်ချက်တော့ သူကလည်း ဖေါက်တယ် အမေ။ ငါမရှိရင် ဒီမိသားစု ဘာဖြစ်သွားမလဲပေါ့ဗျာ။ မဏ္ဍပ်တိုင် သိပ်တက်တက်ပြချင်တတ်တာ။ အမေပြောနေကျ သားဦး အရူး ဆိုတဲ့ စကားအတိုင်းပဲ။ သူ့ ခြံစည်းရိုးဖိုးကြီးကလည်း ကုန်လှပြီ။ အဲဒီလောက်ကော လိုရဲ့  လား အမေရယ်။ ပြီးတော့ အမေရယ် တခါတလေ အမေ့သားကြီးက သားတို့မောင်နှမတွေ အပေါ်မှာတောင် လက်ပါချင်သား။ ပါးစပ်နဲ့ ဖြေရှင်းချင်ရင် ရသားနဲ့။ တခုတော့ ကိုကြီးကို ပြောပေးပါအမေရယ်။ မိသားစုထဲမှာ လူတိုင်း သူ့ တာဝန်သူထမ်းကြတာချည်းပါပဲ။ ညီမလေးက ပန်းကန်ဆေးတယ်။ အမေ့ကိုကူတယ်။ ကျနော်လည်း ကျနော်တာဝန်ကျရာ ကျနော်လုပ်တာပဲ။ လူတိုင်း ကိုယ်တာဝန်ကျရာ ကိုယ်ရွေးချယ်ရာတာဝန်ကို ထမ်းနေကြတာပဲ။ မဏ္ဍပ်တိုင်ကြီး ခဏခဏ တက်မပြပါနဲ့လို့။ ဟုတ်တယ်မဟုတ်လား။

    အကိုလတ်ဆို အကိုကြီးကို ကပ်ပေါင်း၊ သူနဲ့ အဆင်ပြေရင် ကျနော်တို့ အငယ်မောင်နှမ ၂ ယောက်ကို နှိပ်ကွပ်။ ဒါကြောင့် သူပုံစံ တနေ့တခြား ဘူဇွာရုပ်ပေါက်လာတာလေ။ ဗိုက်ကြီးကို ရွှဲလို့။ ကျနော်တို့ ပိန်နေတာ သူ့ကြောင့်များလားတောင် မသိ။ တကယ်တော့ အကိုလတ်နဲ့ အကိုကြီးကသာ စားဦးစားဖျား နှိုက်စားချင်ကြတာအမေရ။ တခါတလေ မီးဖိုထဲ ၀င်ဝင်သွားပြီး စားကြတာ ကျနော်လည်း အသိ။ အမေလည်း အသိ။ အကြီးတွေဆိုတော့ တိတိလင်းလင်း ဖွင့်ဟ ဆုံးမဖို့ အမေ့အတွက် ခက်နေတာ ကျနော်နားလည်ပါတယ်။ ပိုဆိုးတာက အရှေ့ ဖက်အိမ်က အိမ်နီးချင်းတွေကို ခေါ်ခေါ်လာပြီး စားကြတာပဲ အမေရယ်။ အကိုကြီးရယ် အကိုလတ်ရယ်က အရိုးအရင်းလောက် ကိုက်ရတာ။ အဆီအနှစ်ဆို အရှေ့ ဖက် အိမ်ကလူပဲ စားစားသွားတာ။ ဘာပဲ ဖြစ်ဖြစ်ပေါ့ အမေရတယ်။ နည်းနည်းပါးပါး စောင်းပါးရိတ်ခြေလေးတော့ အခါအခွင့်သင့်ရင် ဆုံးမပါဦး။ သူတို့ကိုယ်တိုင်လည်း အသက်လေးရလာရင် ပြောင်းလဲလာမယ်လို့ ထင်ပါတယ်အမေရယ်။

    အကိုလေး။ အကိုလေးကတော့ တစ်မျိုး အမေရဲ့ ။ သူ့ဆီများ ကိစ္စရှိလို့ သွားအကူအညီတောင်းကြည့်၊ သူက ဘယ်တော့မှ လျှောလျှောရှူရှူ လုပ်ပေးတယ် မရှိဘူး။ သူ့ခွင်ထဲရောက်သွားလို့ကတော့ မလွယ်ဘူး အမေ။ အရင်ဆုံး သူ့လက်ဝါးကြီး ဖြန့်ပြတော့တာပဲ။ အဲဒါ တောင်းတာလေအမေ။ ကျနော်တို့လက်ထဲက မုန့်ဘိုးလေး သူ့လက်ထဲရောက်မှ သူလုပ်စရာရှိတာတွေကို လုပ်ပေးတာကလား။ အဲ - သူကလည်း မခေဘူး အမေရေ။ အမေ့ ထမီအဟောင်းတွေ ခိုးရောင်းတာလည်း သူပဲ။ အိမ်က နို့ ဆီဘူးအခွံတွေ ခိုးရောင်းစားတာလည်း သူပဲ။ နို့ ဆီဘူး အသစ်တွေတောင် ရောပါသွားသေး။ သူ့တော့ အမေအရင် ဆုံးမပေးရင် ကောင်းမလားမသိ။

    ဘာပဲပြောပြောပါအမေရယ်။ အမေသားတို့ အားလုံးအတွက် အနစ်နာခံ ပြုစုကျွေးမွေးပေးခဲ့တာ အမေ့မျက်နှာကြောင့် အင်္ဂါဂြိုလ်တခွင်မှာ ကျနော်တို့ မိသားစု မျက်နှာပြန်ပွင့်လာတွေအတွက် ကျေးဇူးကြီးလှပါတယ် အမေ။

    သားလိမ္မာ
    ပုံပုံဦး
    အမြဲတမ်း အင်္ဂါဂြိုလ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...