သမိုင်းထဲက ဆရာဝန်များ၊ အနီရောင်တော်ဝင် ခွဲစိတ်ဆရာဝန်ကြီး နော်မန်ဘက်သွန်း(၁၈၉၀-၁၉၃၉)
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Friday, December 7, 2012 at 7:30am ·
စစ်တို့မည်သည် ယုံကြည်ချက် ၊နည်းနိဿယ များကြောင့် မဟုတ်။အကျိုးအမြတ်များကြောင့် ဖြစ်ရသည်
ဟုဆိုခဲ့သူ ကနေဒါနိုင်ငံသား၊ ကွန်မြူနစ်ဆရာဝန်ကြီး နော်မန်ဘက်သွန်းကို ၁၈၉၀၊ မေလ ၄ရက်နေ့တွင် ကနေဒါနိုင်ငံ အွန်တားရိုး မြို့၌မွေးဖွားသည်။ စကော့နှင့် ကနေဒါလူမျိုးနှစ်စု ပေါင်းစပ်ထားသည့် ထင်ရှားသော မိသားစုတစ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဘက်သွန်း၏ အဘိုးဖြစ်သူမှာ ယူကေနိုင်ငံမှ တော်ဝင်သမားတော်ဘွဲ့ရ
ဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ မိဘနှစ်ဦးစလုံးမှာဘာသာရေးယုံကြညချက် ပြင်းထန်ကိုင်းရှိုင်းကြသူများဖြစ်သည်။
၁၉၀၉ခုနှစ်တွင် ဘက်သွန်းသည် တော်ရွန်တို တက္ကသိုလ်တွင် ဆေးကျောင်း တက်ခွင့်ရခဲ့သည်။ သို့သော် သူ၏ ဆေးကျောင်းသားဘ၀က ပြတ်တောင်းပြတ်တောင်းဖြစ်သည်။
၁၉၁၄ခု၊ ပထမ ကမ္ဘာစစ်ဖြစ်တော့ စစ်မြေပြင် သူနာပြုတပ်ထဲဝင်ပြီး လူနာထမ်းစဉ်သယ်စစ်သည်အဖြစ် ပြင်သစ်စစ်မြေပြင်တွင် ၀င်ရောက်အမှုထမ်းသည်။
ထိုသို့အမှုထမ်းစဉ် ဗုံးဆန်မှန်ပြီး အင်္ဂလိပ်ဆေးရုံတစ်ရုံမှာ သုံးလခန့်ဆေးရုံတက်ရသည်။ ထို့နောက် တော်ရွန်တိုသို့ ပြန်လာပြီး ဆေးကျောင်းဆက်တက်ကာ ၁၉၁၆တွင်ဆရာဝန်ဘွဲ့ရသည်။
စစ်ကြီးမပြီးခင် ၁၉၁၇မှာပင် ဘက်သွန်းသည် အင်္ဂလန်ရှိ ချတ်တန်ဆေးရုံတွင် စစ်တပ်ဆရာဝန် (ဗိုလ်) အဆင့်ဖြင့် တာဝန်ထမ်းဆောင်သည်။ ထို့နောက် အက်ဒင်ဘာရာမြို့တွင် တော်ဝင်ခွဲစိတ်ဆရာဝန် (FRCS) စာမေးပွဲအောင်မြင်သည်။ ၁၉၂၀တွင် ချစ်သူဖရန့်ပန်နီနှင့် တွေ့ပြီး ၁၉၂၃တွင် လက်ထပ်ကာ အမေရိကန်ပြည်ထောင်စု မစ်ချီဂန်ပြည်နယ်ရှိ ဒဲထရွိုက်မြို့တွင် ကိုယ်ပိုင်ဆေးခန်းဖွင့်သည်။ ဒဲထရွိုက်ဆေးကျောင်းမှာလည်း အချိန်ပိုင်းနည်းပြ၀င်လုပ်သည်။
၁၉၂၆တွင် ဘက်သွန်း တီဘီရောဂါ ကူးစက်ခံရသည်။ ဇနီးသည်ကို သူနှင့်ကွာရှင်းခိုင်းပြီး ဇာတိစကော့တလန်သို့ ပြန်ခိုင်းသဖြင့် ဇနီးဖြစ်သူမှာ ပြန်သွားရသည်။ ဘက်သွန်းကတော့ အမေရိကမှာပဲ ကျစ်ရစ်ပြီး ဆေးကုသမှုခံယူသည်။ ထိုအချိန်ကတီဘီရောဂါမှာ ကုသဆေးများ မပေါ်သေး။ ရောဂါဖြစ်ပြီဆိုသည်နှင့် သီးသန့်ဆေးရုံကြီးများမှာ နေထိုင်ရပြီး အနားယူကြရသည်။ ထိုအချိန်က တီဘီရောဂါ ကုထုံးတစ်မျိုးဖြစ်သည့် အဆုတ်ထဲလေထိုးထည့်ပြီး တီဘီဖြစ်နေသည့် အဆုတ်နေရာများကို ပိန်ရှုံ့သွားစေသည့် ကုသမှုဖြင့်ကုသခံရန် ကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ဖြစ်သည့် ဘက်သွန်းဆုံးဖြတ်သည်။ ကံကောင်းထောက်မစွာပင် ထိုကုသမှုဖြင့် ဘက်သွန်းနာလန်ထလာနိုင်ခဲ့သည်။
၁၉၂၉တွင် ဘက်သွန်းသည် နာမည်ကြီး အဆုတ်ရင်ခေါင်းခွဲစိတ်ဆရာဝန်ကြီး အက်ဝက်ဝီလီယံ ထံတွင် တပည့်ခံလျက် ၇နှစ်တိုင်တိုင် ပညာဆည်းပူးခဲ့သည်။ခွဲစိတ်ကိရိယာသစ်များကိုလည်း တီထွင်ခဲ့သည်။ ဘက်သွန်းတီထွင်ခဲ့သည့် ခွဲစိတ်ကိရိယာများအနက် ဘက်သွန်းနံရိုးခွာကိရိယာ (Bethune Rib Shears )မှာ ထင်ရှားသည်။
ခေတ်စနစ်၏ သားကောင်ဖြစ်ရသူများတွင် ဆရာဝန်များလည်းပါသည်။ ၁၉၃၀ ကမ္ဘာ့စီးပွား ပျက်ကပ်အတွင်း ဘက်သွန်းသည် ချို့တဲ့သူများကို အခမဲ့ဆေးကုသပေးလိုသည့် အာသီသပြင်းပြလာသည်။ လူတိုင်းကို တပြေးညီအခွင့်အရေးပေးဖို့ ဆိုသည်မှာ ထိုခေတ်ကနာမည်ကြီးသည့် ကွန်မြူနစ်ဝါဒမှသာလျှင် ဖြစ်နိုင်ချေရှိသည်ဟု ယုံကြည်လျက် ၁၉၃၅တွင် ဆိုဗီယက်သို့ ရောက်လာသည်။ ကွန်မြူနစ်တစ်ဦးဖြစ်လာပြီး ကနေဒါကွန် မြူနစ်ပါတီသို့ ၀င်ရောက်သည်။ ၁၉၃၆ တွင် စပိန်ပြည်တွင်း စစ်ဖြစ်သည့် အခါဘက်သွန်းသည် ကနေဒါကွန်မြူနစ်များနှင့်အတူ မဒရပ်သို့ရောက်သွားပြီး စစ်မြေပြင် သူနာပြုတပ်ဖွဲ့ကို တည်ထောင်ကာ တိုက်ပွဲနေရာတွင်ပင် ဒဏ်ရာရသူများကို သွေးသွင်းခြင်း၊ဆေးထည့်ခြင်း စသည့် ပြုစုကုသမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ဘက်သွန်း၏ လှုပ်ရှားစစ်မြေပြင်သူနာပြု တပ်ဖွဲ့များသည် အနာဂတ်စစ်မြေပြင်ဆေးတပ်ဖွဲ့များ၏ ရှေ့ပြေးဟုဆိုကြသည်။
ဘက်သွန်းသည် ဖက်ဆစ်ဝါဒကို မုန်းတီးသည်။ကျူးကျော်စစ်များကို ရွံရှာသည်။ ၁၉၃၈၊ဇန်န၀ါရီလတွင် ဘက်သွန်းသည်တရုတ်ပြည်သို့ရောက်သွားပြီး မော်စီတုန်းခေါင်းဆောင်သည့် တရုတ် ကွန်မြူနစ်များနှင့် လက်တွဲလျက် ဂျပန်ကျူးကျော်မှုကို တိုက်ထုတ်ရာမှာ ပါဝင်ခဲ့သည်။ ဘက်သွန်းသည် စစ်မြေပြင်သို့သွားသည်ဆိုသော်ငြား သူ၏ဆရာဝန်အလုပ်ကိုသာလုပ်သည်။ စစ်မြေပြင်တွင် ဒဏ်ရာရရှိ သူများကို ခွဲစိတ်မှုများပြုလုပ်ပေးသည်။ ဘက်သွန်းပြောဆိုခဲ့သည့် ဆေးပညာအပေါ် သူ၏ခံယူချက်အဆို တစ်ခုရှိသည်။ “ကျွန်တော်တို့ရဲ့ ဆေးကုတဲ့အလုပ်ဟာ ကြေးကြီးတဲ့ အရောင်းအ၀ယ်တစ်ခုလိုပဲ။ ဒါပေမယ့် ကျွန်တော်တို့က ပေါင်မုန့်တွေကို စိန်ရွှေရတနာဈေးနှုန်းနဲ့ ရောင်းနေတာမျိုးပါ။ ရတဲ့ အကျိုးအမြတ်က အရမ်းကိုများပါတယ်။ ဆေးပညာကို စီးပွားရေးဆန်ဆန် အကျိုးအမြတ်နဲ့တော့ မတွက်သင့်ဘူး။ သူ့ကို သန့်သန့်ရှင်းရှင်းလေးပဲ ထားပါ။ ကျွန်တော်တို့ အရောင်းအ၀ယ်လုပ်တဲ့သူတွေ (လူနာတွေ) ကို ခင်ဗျားတို့ ဘက်က တွက်ချေကိုက်ရဲ့လားလို့ မမေးပဲနဲ့ ကျွန်တော်တို့ဘက်က အကောင်းဆုံးလုပ်ပေးနိုင်ခဲ့ပါရဲ့လား လို့ပဲ မေးသင့်တယ်။” ကွန်မြူနစ်ဆရာဝန်တစ်ဦး၏ သမိုင်းဝင်စကားဖြစ်ပါသည်။
ငှက်တို့သည် ပျံယင်းသေသည်။ ဆရာဝန်သည် ဆေးကုယင်းနှင့်သေသည်။ ဘက်သွန်းသည် တရုတ်စစ်သည်တစ်ဦးကို ခွဲစိတ်ပေးနေစဉ် သူ၏လက်ချောင်းကို မတော်တဆဖြတ်မိရာမှ သွေးဆိပ် တက်ပြီး ၁၉၃၉ ၊နိုဝင်ဘာ ၁၂ ရက်နေ့တွင် တရုတ်စစ်မြေပြင်၌ပင် ကွယ်လွန်ရှာသည်။ ဘက်သွန်းသည် ကွန်မြူနစ်တစ်ဦးဖြစ်သော်လည်း သဘောတရားရေးရာထက် လက်တွေ့ကဲသည့်၊ မတရားမှုကို မနှစ်မြို့ သည့်၊ သနားကြင်နာတတ်သော ဆရာဝန်စိတ်ရှိသည့် ဆရာဝန်တစ်ဦးဖြစ်သည်။ သူကွယ်လွန်ပြီးသည့်နောက် မိခင် ကနေဒါနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သူ့အားများစွာ ချီးမြှောက် ဂုဏ်ပြုခဲ့ ကြသည်။ ၁၉၆၄ တွင် တရုတ်ပြည်မှ ရိုက်ကူးသည့် ဒေါက်တာဘက်သွန်းအမည်ရ ရုပ်ရှင်မှာ အလွန်အောင်မြင်ခဲ့သည်။ တရုတ်ကျန်းမာရေးဝန်ကြီးဌာနသည် ဘက်သွန်းရွှေတံဆိပ်ဆုအမည်ဖြင့် ၀န်ကြီးဌာန၏အမြင့်ဆုံးဆုအဖြစ်သတ်မှတ်လျက် ထူးချွန်ဝန်ထမ်းများအား နှစ်စဉ်ချီးမြှောက်လျက်
ရှိသည်။
0 comments:
Post a Comment