Monday, December 3, 2012

သမိုင်းဝတ္ထု


by ဗိုလ် နင့် on Monday, December 3, 2012 at 6:53pm

၁။

“ခင်ဗျား ဘာလို့ သေမယ် မှန်း သိပြီး  စွန့်စားရတာလဲ”
သူက ဘာမှ ပြန်မပြောဘူး။ ဘေးဘီဝဲယာကို လျှောက်ကြည့်ပြီး နေတယ်။ ကျွန်တော် အားမရဘူး သူ့ကို။
“ဟေ့လူ … ဦးကျော်ရင်
ခင်ဗျားကို မေးနေတာ … ဘာလို့ မီးပုံပျံနဲ့ အပေါ်တက်ချင်ရတာလဲ”
ဒီတစ်ခါတော့ ကျွန်တော့် စိတ်မရှည်မှုကို သိသွားပုံရတယ်။ ကျွန်တော့်ကို သေချာကြည်ပြီး ပြောတယ်။
“အေးပါ … ငါပြောပြမယ် …
အမှန်က မီးပုံးပျံကို စီးချင်လွန်းလို့ စီးခဲ့တာ မဟုတ်ဘူးကွ”
မဟုတ်ဘူးကွ ဆိုပြီး သူစကားက ရပ်သွားပြန်တယ်။ သူ့တစ်ကိုယ်လုံးလည်း ဇောချွေးများပြန်လို့။
တစ်ခုခုကို ကြောက်နေသလိုမျိုး သူ့ပုံစံက။ ကျွန်တော်လည်း ပို စိတ်ဝင်စားသွားတာပေါ့။
“ဆက်ပြောလေဗျာ .. စီးချင်လွန်းလို့ မဟုတ်ဘဲ .. ဘာလို့ စီးခဲ့တာလဲ”
“အင်း ..
ဒီလိုကွ …”

၂။

“ဒီလောက်ကြီး လေ့လာခဲ့ပြီးမှ ခင်ဗျားမို့ လျှောက်လုပ်ပစ်တယ်
ကျုပ်ဆို … လွတ်ရာ လွတ်ကြောင်း ထွက်ပြေးမှာပဲ”
သူက မတုန်မလှုပ်နဲ့ ငြိမ်နေပြန်တယ်။ ကျုပ်ကလည်း ပြောချင်တာတွေ လျှောက်ပြောနေမိတယ်။
“ခင်ဗျား .. တွက်ချက်ပုံကတော့ မိုက်ပါတယ်ဗျ …
ရောမသားတွေတော့ … ကြောင်တောင်တောင် ဖြစ်ကုန်မှာ အမှန်ပဲ …
ပုလင်းကွဲတွေက တစ်ဆင့် ရောမက လှေတွေကို မီးလောင်အောင် လုပ်ပစ်ခဲ့တာ
သမိုင်းတွင်လောက်ပါတယ် …
ဒါပေမယ့် ကျုပ်သာဆို … ကိုယ့်လွတ်ရာ လွတ်ကြောင်း လုပ်မိမှာပဲဗျ”
အဲလို ပြောတော့ သူက မျက်လုံးစိမ်းကြီးနဲ့ ကျုပ်ကို ကြည့်တယ်။
“ဟုတ်ဘူး .. မဟုတ်ဘူး …
ကျုပ်ဆိုလိုတာက … ခင်ဗျား လွတ်ရာ လွတ်ကြောင်းပြေးခဲ့တဲ့ အတွက် …
နောက်ပိုင်းမှာ ခင်ဗျား ဒီထက် ပိုပြီး .. ပညာရပ်တွေ လေ့လာခွင့်ရမယ်
ဒါကို ဆိုလိုတာဗျ …”
အဲဒီတော့မှ အာခိမီးဒီးကြီးက ငြိမ်သက်သွားပြန်တယ်။ ပြီးတော့မှ တစ်ခွန်းချင်း ပြောတယ်။
“ဒီလိုကွ … ပုလင်းကွဲတွေနဲ့ တိုက်တယ်ဆိုတာက
ငါထွက်မပြေးဘဲ .. တိုက်ချင်လွန်းလို့ မဟုတ်ဘူး ..”
သူ့စကားက တော်တော် စိတ်ဝင်စားဖို့ ကောင်းသွားတယ် …။
“ဟင် .. ဘယ် လို ……………………”
“ဟုတ်တယ် .. ဒီလို…………ကွ ………………………”

၃။

“ကဲ .. ဆိုစမ်းပါဦး … ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ”
ကျုပ်မေးခွန်းကြားတော့ သူက ကြောင်တောင်တောင် ဖြစ်သွားတယ်။ ဟုတ်တယ်လေဗျာ။ သူ့ပုံစံက ဇာတ်ထဲက သမိုင်း ပြဇာတ်ကမယ့် မင်းသားလိုလို ပုံစံကိုးဗျ။
“ဟေ့ကောင် .. ငါက ဇာတ်ထဲက မဟုတ်ဘူး …
သူရဲကောင်းကွ .. သူရဲကောင်း …”
“ဟင် .. သူရဲကောင်း ဟုတ်လား …”
“အင်း … ဟုတ်တယ် … ငါက နယ်နယ်ရရ သူရဲကောင်းများ မှတ်နေလားကွ …
ငါက အနော်ရထာကွ .. သိပြီလား …”
“အန် … အနော်ရထာ .. အနော်ရထာမင်းကြီးလား …
ဟို .. ကျန်စစ်သားကို … ခင်ဗျား ကောင်မလေးကို လုတဲ့ မင်းသားကိုတောင်
ခွင့်လွတ်ပြီး … ကြိုးကို သေချာ သေနတ်နဲ့ ပစ်ပြီး လွှတ်အောင်လုပ်ပေးခဲ့တာလေ …”
“ဟေ့ကောင် လှံပါဟ .. အဲဒီတုန်းက သေနတ်မှ မရှိတာ ..”
“အဲ .. ဂျိမ်းစဘွန်းကားနဲ့ ရောသွားလို့ပါဗျာ ….”
 ကျွန်တော် ပြောတော့ သူက တွေဝေသွားပြန်တယ်။
“နေပါဦး .. မင်းပြောတာ .. ဘယ်သူ.. ဘာ စပွန်း”
“အော်… ဂျိမ်းစဘွန်းကို ပြောတာဗျ .. သူကလည်း ခင်ဗျားလိုပဲ သူရဲကောင်းလေ …
ခေတ်သစ် သူရဲကောင်းပေါ့ … ဒါပေမယ့် သူက ခင်ဗျားလို ငတုံး မဟုတ်ဘူး..
လူလည်ဗျ … ကျွဲရိုင်းကို သူကိုယ်တိုင်တော့ သတ်မှာ မဟုတ်ဘူး…
သတ်ရင်လည်း … ကျွဲရိုင်းကို ….  မျက်စိနောက်စေမယ့် အရောင်စုံ သံချပ် ၀တ်စုံတော့ မ၀တ်လောက်ဘူး”
“ဘာကွ …………….”
သူ စိတ်တိုသွားပုံ ရပါတယ်။
“ငါက .. အဲဒီ ကျွဲကို ငါကိုယ်တိုင် သတ်ချင်လွန်းလို့ သတ်တယ်များ ထင်နေလား …”
“ဟင် … ဒါဆို …”
“အင်း …. ဒါက ဒီလိုရှိတယ်ကွ …………………….”

(၄)

ဒီတစ်ခါတော့ ကျွန်တော် မြင်တာနဲ့တင် မတ်တပ်ရပ်ပြီး အလေးပြု မိတယ်။ သူက ခပ်အေးအေးပါပဲ။
“ရတယ် .. ရတယ် .. အေးဆေးပေါ့ … ငါလည်း ဗိုလ်ချုပ်မှ မဟုတ်တော့တာ”
ကျွန်တော် ကြေကွဲသွားတယ်။
“ဗိုလ်ချုပ်က .. ကျွန်တော်တို့အတွက် အမြဲ ဗိုလ်ချုပ်ပါ… ဗျာ ………………………”
ပြောရင်း ကျွန်တော့် အသံတွေ တိမ်ဝင်သွားတာ သူသတိထားမိသွားမယ် ထင်တယ်။
သူ့ မျက်ဝန်းမှာလည်း မျက်ရည် ခပ်လဲ့လဲ့ ကို ကျွန်တော် မြင်လိုက်ရတယ်။
“ဗိုလ်ချုပ်ရာ .. ခင်ဗျားသာ အသတ်မခံရရင် ……..”
ကျွန်တော် အသံများ မထွက်ပြန်တော့။
“မဟုတ်ဘူး …  မင်းတို့ ထင်သလို ငါအသတ်ခံခဲ့ရတာ မဟုတ်ဘူး”
ကျွန်တော့် ရှိုက်သံတွေကြားက ဗိုလ်ချုပ် စကားကြားတော့ .. ကျွန်တော် နဝေတိမ်တောင် ဖြစ်သွားတယ်။
“ဟင် ….
ဗိုလ်ချုပ်ကို လူတစ်စု သေနတ်နဲ့ ၀င်ပစ်ပြီး သတ်ခဲ့ကြတယ်လေ .. မဟုတ်ဘူးလားဗျ”
ဗိုလ်ချုပ်က ငြိမ်သက်သွားတယ်။ ပြီးတော့ သူ့ရဲ့ အနွေးထည်နဲ့ ဦးထုပ်ကို ချွတ်ပြီး တစ်ခုခုကို ပြောတော့မလို လုပ်တယ်။ ပြီးတော့လည်း ဘာမှ မပြောဘဲ ငြိမ်သက်နေတယ်။
“ဗိုလ်ချုပ် …. ဘယ်လိုလဲဗျ .. ဘာကို ဆိုလိုတာလဲ ..
ကျွန်တော်တို့ သိထားတာတွေ .. မှားနေတာများလား ..
ဘယ်လိုလဲ .. ဘာကိုလဲ … သေချာပြောပါဗျ”
ကျွန်တော် စိတ်များ သိပ်မရှည်တော့ ………………။
ဗိုလ်ချုပ်က တည်တည်ငြိမ်ငြိမ်ပါပဲ …။ တော်တော်ကြာသွားတယ်။ ပြီးတော့မှ တစ်ခွန်းချင်း ပြောသွားတယ်။
“မဟုတ်ဘူး .. မင်းတို့ ထင်ထားသလို … မဟုတ်ဘူး ……….
ငါက မင်းတို့ သေပြီ ထင်တဲ့ အချိန်မှာ မသေဘဲ ……
မင်းတို့ ရှင်သန်နေတုန်း ထင်တဲ့ အချိန်မှာ မှ သေသွားတဲ့ သူပါ ..”

(၅)

တစ်ညဆို .. ဆိုသလောက် … လူလေးယောက်နှင့် တွေခဲ့ရာဝယ် ကျွန်တော် မသိသေးတာများ သိခဲ့ရပါတယ်။ ကျွန်တော် ဒီတော့ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲဆိုတော့ ခင်ဗျားတို့ကို အဲဒီအကြောင်း ပြောပြရမှာပေါ့ဗျာ ..။ သိချင်နေပြီ မလား။ ပြောပြမှာပါ။ အမှန်တရားများ။ ခင်ဗျားတို့ မသိသေးတဲ့ အမှန်တရားများ။
စိတ်ချ။
ကျွန်တော်ပြောတော့မှာပါ။
မနက်မိုးလင်းတောင် ကျွန်တော် မစောင့်နိုင်တော့ဘူးလေ။
ပြောပြတော့မှာ။
ပြောမယ်။
ဒီလိုပါ။
ဒီလိုပါဗျ။

(၆)

“ခင်ဗျားဗျာ … ခင်ဗျားနာမည် .. ဘယ်သူ ..”
“ဟာ .. ရင်နင့်အောင် ပါဆိုဗျာ …”
“အော် .. အေး …. သမိုင်းရဲ့ လျို့ဝှက်ချက်တွေကို သိခဲ့တဲ့သူ …
ခင်ဗျားဗျာ .. ဒီလောက်သိခဲ့တာ .. လူတွေကို အမှန်တရားကို ပြောပြခဲ့သင့်တာပေါ့
ခုတော့ ..
ခု… တော့ ……………
ဘာမှမပြောဘဲ …………….  အရက်တွေကြီး နင်းကန်သောက်ပြီး
သေသွားတယ် .. ခင်ဗျား တကယ် အသုံးမကျတဲ့ သူပဲ ..
တကယ်ကို အသုံးမကျတဲ့သူ …”
သူ့ စကားကြားတော့ ကျွန်တော် စိတ်တိုသွားတယ်။
“ဘာ…………….ကွ”
ကျွန်တော့် ဒေါသတွေ ပေါက်ကွဲကုန်တယ်။
“ငါက အရက်တွေ နင်းကန် သောက်ချင်လို့ သောက်တယ်များ ထင်နေလား ……….”
“အန် … မဟုတ်ဘူးလား … သမိုင်းမှာ … အဲလိုပဲ ရေးထားတာလေ ..”
“လုံး ၀ … မ….ဟုတ် ………………………ဘူး”
“ဟင် ……… ဒါဆို ..”
“ဒါက …………. ဒီလို
ရှိ
တယ်
ကွ
……………………” ။             ။

---------------------------ရင်နင့်အောင်------------------------------------------

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...