Thursday, December 6, 2012

အသိဉာဏ်မဲ့ခြင်းဟာ အပြစ်လား


 Written by ဒေါက်တာခင်မောင်ညို    Wednesday, 05 December 2012 13:10


လောကကြီးဟာ အသိဉာဏ်နဲ့ တည်ဆောက်ထားတာပါ။ အသိဉာဏ်မဲ့သူတွေအတွက် အောင်မြင်မှု နည်းသလို တစ်ခါတစ်ခါ သေလောက်တဲ့အထိ အန္တရာယ်ရှိတာကို တွေ့ရတယ်။ မကြာသေးမီက သတင်းတစ်ပုဒ်ထဲမှာ တွေ့လိုက်တယ်။ တောင်သူတစ်ယောက်ဟာ သူရဲ့လယ်ထဲမှာ ပိုးသတ်ဆေးဖျန်း တယ်။ ဒီလိုဖျန်းနေရင်းနဲ့ ပိုးသတ်ဆေးဖျန်းတဲ့ ပိုက်က ဆေးတွေထွက်မလားဘူး။ ဒါဟာ ဖြစ်တတ်တဲ့ သဘောတရားအတိုင်းပါပဲ။ ဒီတော့ တောင်သူဟာလည်း လုပ်နေကျအတိုင်းပေါ့လေ။
(သူက ပိုးသတ်ဆေးက အန္တရာယ်ရှိတာကို သတိမထားမိဘူး) ဆေးဖျန်းတဲ့ ပိုက်ခေါင်းကို ပါးစပ်နဲ့ စုပ်လိုက်တယ်။ သူထင်တဲ့အတိုင်း ပိတ်နေတဲ့ ပိုက်ဟာ ပွင့်သွားတာပေါ့။ သူဝမ်းသာသွားတယ်။   ဒါပေမဲ့ သူကြာကြာ ၀မ်းမသာနိုင်ပါဘူး။ ပိုးသတ်ဆေးအချို့ဟာ သူရဲ့ ပါးစပ်ကနေတစ်ဆင့် ၀မ်းဗိုက်ထဲကို ၀င်သွားတယ်။ သူသေသွားပါတယ်။  ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ။

အရင်တစ်ခေတ်က မီးတွေအတော်ပျက်တယ်။ ပြီးတော့ မီးမရတဲ့ out grid area တွေလည်း များတယ်။ ဒီတော့ မြန်မာပြည်မှာ ဘက်ထရီအိုးတွေကို အတော်လေးသုံးကြတယ်။ ရန်ကုန်လိုမြို့ကြီးတွေမှာတော့ Inverter လို့ ခေါ်တဲ့ပစ္စည်းကို သုံးတယ်။ Inverter ဆိုတာဟာ မီးလာရင် ဘက်ထရီကို အားသွင်းပေးတယ်။ မီးမလာတဲ့အခါ ဘက်ထရီက ဓာတ်အားကို ပြန်သုံးလို့ရတယ်။ ဒါဟာ ဖြစ်နေကျပုံစံအနေနဲ့ အားလုံးလက်ခံထားတယ်။ ဒီအခြေအနေမှာ  တစ်ခါတစ်ခါတော့လည်း ဘက်ထရီအိုးဟာ Overcharged  ဖြစ်သွားတတ်တယ်။ အလွန်အကျွံ အားသွင်းမိတာပေါ့။ သိကြတဲ့အတိုင်း မြန်မာပြည်လုပ် Inverter အများစုဟာ ဘက်ထရီအားပြည့်ရင် ဖြတ်မချလိုက်ဘူး။ ဒီလို Overcharged   ဖြစ်တဲ့အခါတွေမှာ ဟိုက်ဒရိုဂျင်တွေ ထွက်လာတာကို လူတွေသတိမထားမိဘူး။ အက်ဆစ်တွေ ခန်းလာပြီး အနံ့ထွက်လာတာကို တွေ့တယ်။ မီးမလာတော့ ဘက်ထရီမှာ အက်ဆစ်စစ်ဖို့ ဖယောင်းတိုင် ဒါမှမဟုတ် မီးခြစ် ခြစ်ကြည့်တော့တာပဲ။ ဒီအခါဘက်ထရီထဲကနေ ထွက်လာတဲ့ ဟိုက်ဒရိုဂျင်က မီးလောင်ပေါက်ကွဲတော့တာပါပဲ။ အသက်မသေရင်တောင် မျက်လုံးကွယ်တယ်။ မျက်နှာမီးလောင်တဲ့ Case တွေ အများကြီးတွေ့နိုင်တယ်။ ဒီပုံစံကို ဓာတ်ဆီသိုလှောင်တဲ့အိမ်တွေ ဂိုဒေါင်တွေ ဈေးဆိုင်တွေ မီးလောင်တာကို အများကြီးတွေ့ရတယ်။ ခုခေတ်ထိ ဓာတ်ဆီကို တရားမ၀င်သိုလှောင်ရောင်းတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။

အင်္ဂလန်မှာဆိုရင် ဓာတ်ဆီကို ကားထဲကနေပိုက်နဲ့ စုပ်ထုတ်ခွင့် မပြုဘူး။ (ကားထဲရောက်ပြီးတဲ့ဓာတ်ဆီ စုပ်ထုတ်ပြီး ပုံးထဲထည့်လို့ မရဘူး) ဥပမာ ကျွန်တော့်ကား ဓာတ်ဆီကုန်နေလို့ ဆီကို သူငယ်ချင်းကားကနေ ထုတ်ပေးလို့ မရဘူး။ အဲဒါဟာ ရာဇ၀တ်မှု(Crime)ပါပဲ။ တစ်နေရာမှာကားက ဆီပြတ်တယ်။ ဓာတ်ဆီလိုနေရင် ဆိုင်ကနေပုံးနဲ့ ၀ယ်ယူခွင့်ရှိတယ်။ ဘာကြောင့်လဲ။ အန္တရာယ်ရှိလို့ပါပဲ၊ ဓာတ်ဆီကို ပူပြင်းခြောက်သွေ့တဲ့ နေရာတွေမှာ ပလတ်စတစ်ပိုက်သုံးပြီး စုပ်ယူရင် လျှပ်ငြိမ်(Electrostatic force)ကြောင့် မီးတွေထွက်လာကာ မီးလောင်တတ်တယ်။ မြန်မာပြည် နွေခေါင်ခေါင်မွန်းတည့်မှာ ဓာတ်ဆီကို ပလတ်စတစ်ပုံးထဲ လောင်းတဲ့အခါ မီးလောင်တာမျိုးဖြစ်ခဲ့ဖူးတဲ့ သာဓကတွေရှိတယ်။ လျှပ်စစ်မီးပျက်တဲ့အခါ မူလက တည်ထားတဲ့ ထမင်းအိုးHotplate တို့ကို မီးမပိတ်ဘဲထားတယ်။ မီးပြန်လာတဲ့အခါ မီးလောင်တာမျိုးဖြစ်ပွားတာဟာ နမော်နမဲ့ကြောင့် ဖြစ်ရတာပါ။

ဒါပေမဲ့ မီးအားမပြည့်တဲ့ အခြေအနေတွေမှာ လျှပ်စစ်ဓာတ်အား အများကြီးသုံးတဲ့ မီးဖိုတွေ၊ Hotplate တွေ၊ ရေနွေးအိုးတွေ သုံးတဲ့အခါ E=IR  ဆိုတဲ့ ညီမျှခြင်းအတိုင်း E-voltage နည်းသွားတော့ I-Ampere များလာကာ ၀ါယာကြိုးမနိုင်ဖြစ်လာတယ်။ ဒီအခါ ၀ါယာပူပြီး မီးလောင်တယ်။ ၀ါယာကြိုးတွေပူးကာ Short Circuit   ဖြစ်ပြီး အဆောက်အဦ တစ်ခုလုံး မီးစွဲလောင်တော့တာပဲ။ ဒီလို အခြေအနေမှာ မီးငြှိမ်းရန် အင်မတန် ခက်ခဲပါတယ်။

လောကကြီးဟာ အသိဉာဏ်နဲ့ တည်ဆောက်ထားတာပါ။ အသိဉာဏ်မဲ့သူတွေအတွက် အောင်မြင်မှုနည်းသလို တစ်ခါတစ်ခါ သေလောက်တဲ့အထိ အန္တရာယ်ရှိတာကို တွေ့ရတယ်......

ကျွန်တော်တို့ အရပ်တွေမှာ ရေတွင်းဆည်ရင်း သေသူတွေရှိတယ်။ အထူးသဖြင့် သစ်ပင်တွေအနီးအနားမှာရှိတဲ့ ရေတွင်းတွေကိုဆည်ရင် သတိထားရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုရေတွင်းတွေထဲကို သစ်ရွက်တွေကျကာ အတွင်းမှာ ပုပ်ဆွေးလာတယ်။ နှစ်စဉ်ဆည်တဲ့ ရေတွင်းဆို ကိစ္စမရှိဘူး။ လေးငါးနှစ်ကြာမှ ရေခန်းလို့ ဆည်ရင် သတိထားပေတော့။ သစ်ရွက်ဆွေးတွေကနေ Marsh Gas လို့ခေါ်တဲ့ မီသိန်း အဓိကပါဝင်တဲ့ ဓာတ်ငွေ့တွေ ထွက်လာတယ်။ ဒီ ဓာတ်ငွေ့ဟာ ရေတွင်းထဲကို ဆင်းတဲ့လူကို အသက်ရှူရပ်စေပြီး အသက်သေစေနိုင်တယ်။ ချောက်တွေ တွင်းတွေထဲဆင်းမယ်ဆိုရင် ဖယောင်းတိုင် ချကြည့်ရပါတယ်။

နောက်တစ်ခုက အစားအစာပါပဲ။ သဘာဝအစားအစာ ဘယ်လောက် ဖြစ်ဖြစ်ပေါ့လေ။ Organic food  ဖြစ်ပေမဲ့ အန္တရာယ်ရှိတာတွေ အများကြီးပါပဲ။
ဥပမာ ပုလောပီနံဥဆိုရင် လူတွေအမျိုးမျိုး လုပ်စားတတ်ပါတယ်။ သူရဲ့ အခွံမှာ ဆိုင်ယာနိုဒ်အဆိပ်တွေ ပါတယ်။ ပဲမြစ်မှာလည်း ပါတယ်။ ဒီအပင်တွေက မြေကြီးထဲက ဘက်တီးရီးယားတွေကို ကာကွယ်ဖို့ ဆိုင်ယာနိုဒ် အဆိပ်တွေထွက်တယ်လို့ ဆိုတယ်။ ဒီဥတွေကို အခွံမနွာဘဲပြုတ်တဲ့အခါ ရေများများနဲ့ သေသေ ချာချာဆေးပြီး ရေများများမှာ ပြုတ်ရပါတယ်။ ဒီလိုမလုပ်ရင် မူးဝေအော့အန်တာတွေ ဖြစ်တတ်တယ်။ သေတဲ့အထိလည်း ဖြစ်နိုင်တယ်။

ယနေ့မှာ အညာဒေသကို ပင်လယ်ငါးတွေ အောက်ပြည်က မွေးမြူရေးငါးတွေကို တင်ပို့ပါတယ်။ ဒီလိုတင်ပို့တဲ့အခါ အအေးခန်းကားတွေနဲ့ တင်ပို့လေ့ရှိတယ်။ သို့သော်အချို့ကုန်သည်တွေက အဝေးပြေးကားတွေမှာ ရေခဲဘူးတွေထဲ ရေခဲရိုက်ပြီး ငါးတွေကိုပို့တယ်။ ဒီလိုရေခဲဘူးတွေမှာ ရေခဲတွေများများပါလာရင် အလေးချိန်စီးသလို ငါးနည်းနည်းပဲပါတာပေါ့။ ဒီတော့ ငါးများများပါစေဖို့ ရေခဲကိုလျော့တယ်။ မပုပ်အောင်တော့ ငါးတွေကို ဖော်မလင်နဲ့ စိမ်လိုက်တယ်။ ခဏစိမ်တာပါပဲ။ ဒါဆိုရင် မပုပ်ဘူး။  ဖော်မလင်ဆိုတာက လူသေတွေမှာ ထိုးတဲ့မပုပ်အောင် ကာကွယ်တဲ့ ဓာတုပစ္စည်းတွေဖြစ်တယ်။ ဒီဖော်မလင်တွေ များများစားမိရင် မူးဝေအော့အန်တယ်။ နောက်ဆက်တွဲက ကင်ဆာရောဂါဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာက အစားအသောက်တွေမှာ မထည့်ဖို့ တားမြစ်ထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက နွားနို့တို့ ချက်နို့ဆီတို့မှာ ထည့်ပါတယ်။ ကလေးအဟာရတွေ အချဉ်ထုပ်တွေမှာ ပါမပါတော့ မပြောနိုင်ပါဘူး။ ဒီလိုလုပ်တဲ့လူတွေဟာ ပညာဗဟုသုတ မရှိလို့ ဖြစ်ရတာပါ။ တစ်ယောက်ယောက်က အကြံပေးတာမျိုးကြောင့် ဖြစ်တာပါ။ ဥပမာ ထန်းလျက်ကို ဖြူအောင်လို့ ထန်းလျက်ချက်စဉ် ဆာလဖာ(ကန့်)ထည့်တာမျိုးပါပဲ။ ကန့်ဟာ အပူရှိန်ကြောင့် မီးလောင်တယ်။ ဒီအခါ အောက်ဆီဂျင်နဲ့ ပေါင်းပြီး ဆာလဖာဒိုင်အောက်ဆိုဒ် ဖြစ်လာတယ်။ ဒီတော့ ဆာလဖာဒိုင်အောက်ဆိုဒ်က အညိုရောင်ရှိတဲ့ ထန်းလျက်ကို အဖြူရောင်ပြောင်းစေတော့တယ်။ ဒီပုံစံကို သကြားချက်တဲ့အခါမှာလည်း သုံးတယ်။ တကယ်လို့ ကန့်ကို အချိုးအဆမှန်မှန်ထည့်ရင် ဘာမှမဖြစ်ပါဘူး။

သို့သော် အန္တရာယ်ကတော့ ရှိနိုင်တာပါပဲ။ ယနေ့ ဆားတွေကိုတော့ NaHSO3 လို့ခေါ် တဲ့ ဆိုဒီယမ်ဟိုက်ဒရိုဂျင်ဆာလဖိုက်နဲ့ အရောင်ချွတ်တယ်။ ဆားကန်ထဲမှာ ဆိုဒီယမ်ဟိုက်ဒရိုဂျင်ဆာလဖိုက် အနည်းငယ်ကို ထည့်ထားပြီး တစ်ညထားရင် ဆားအဖြူတွေဖြစ်လာတယ်။ ဒါဟာ အန္တရာယ်ရှိတယ်လို့ ဆိုထားတယ်။ ဆားအဖြူတွေအားလုံး (ထိုင်းကလာတဲ့ ဆားတွေပါ) ဒီပုံစံနဲ့ ဖြူအောင် ချွတ်ထားတာပါ။ ဆွတ်ဆွတ်ဖြူတဲ့ ဆားတွေက ပိုရောင်းကောင်းတော့ ဆားကုန်သည်တွေဟာ ဖြူတဲ့ဆားကို ဈေးပိုပေးတယ်။ ဒီတော့ဆားလုပ်ငန်းရှင်တွေကလည်း ဒီလိုဆားကိုပဲ ထုတ်လာကြတယ်။ နောက်တစ်ခုပြောဖို့က တောင်ကြီးနဲ့ ပြင်ဦးလွင်တို့မှာ ခေတ်စားနေတဲ့ မီးပုံးပျံကိစ္စပါ။

ယနေ့တောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံပွဲတော်နဲ့ ပြင်ဦးလွင်တွင် မီးပုံပျံပွဲဆိုပြီး နာမည်ကြီးလာတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က တောင်ကြီးမီးပုံးပျံပွဲကို ရောက်ဖူးပါတယ်။ လာရောက်ကြည့်ရှုသူ တစ်သောင်းကျော်ရှိတယ်။ (ကွင်းတစ်ကွင်းလုံးဆိုလျင် တစ်သိန်းကျော်ရှိနိုင်ပါတယ်) မီးပုံပျံတက်သွားတဲ့အခါ မီးကျည်များ ဆက်ကာဆက်ကာ ထွက်လာတယ်။ အရောင်တွေလည်း စုံတယ်။ အစိမ်း၊ အနီ၊ အ၀ါ၊ အဖြူ၊ ခရမ်း၊ မရမ်း၊ ပင်လယ်ပြာ တွေပေါ့။

ကောင်းကင်မှာ မီးပန်းများ၊ မီးဆိုင်းများ ပေါက်ကွဲသံများဖြစ်ပေါ်တာကို ယေဘုယျအားဖြင့် Fireworkဟုခေါ်ကြတာပါပဲ။ Firework  ကို ပထမဆုံး တွေ့ရှိတီထွင်သူမှာ တရုတ်တွေလို့ ဆိုတယ်။ တရုတ်တို့ဟာ မိမိတို့ ရိုးရာပွဲတော်တွေမှာ ဗျောက်အိုးဖောက်ခြင်း၊ မီးပန်းများ မီးကျည်များလွှတ်ခြင်းတို့ကို ရှေးနှစ်ပေါင်းများစွာကာလကပင် စတင်လုပ်တတ်နေပြီလို့ ဆိုတယ်။ ဒီပညာရပ်ကို ယမ်းပြုလုပ်ခြင်း အတတ်ပညာဟု ခေါ်တယ်။

အနောက်တိုင်းက တရုတ်တို့ထံမှ ယမ်းပြုလုပ်ခြင်းနည်းပညာကို ရရှိကြပြီးနောက် အနည်းငယ်ပြုပြင်ကာ သေနတ်နဲ့ အမြောက်ကျည်ဆံများအဖြစ် တီထွင်အသုံးပြုခဲ့ကြတယ်။ ယမ်းတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း)၊ ဆာလဖာ (ကန့်)နှင့် မီးသွေးမှုန့်တို့ ဖြစ်ကြတယ်။ ယမ်းစိမ်းက အောက်ဆီဂျင်ကိုထုတ်ပေးတယ်။ မီးသွေးမှုန့်နှင့် ကန့်မှုန့်တို့ကတော့ အောက်ဆီဂျင်နှင့်ပေါင်းပြီး အပူနှင့် အလင်းကို ထုတ်ပေးတယ်။ ၁၇ ရာစု နှစ်အထိ ယမ်းမှုန့်တွေကို Firework အတွက် အဓိကထားသုံးကြတယ်။
၁၈ ရာစုမှစ၍ ယမ်းစိမ်းကို ပိုတက်စီယမ်ကလိုရိတ်နှင့်အစားထိုးသုံးစွဲကာ စစ်ရေးအတွက်(သေနတ်ယမ်း)အဖြစ် အဓိက သုံးလာကြတယ်။ ယနေ့ Firework များမှာလည်း ပိုတက်စီယမ်ကလိုရိတ် သို့မဟုတ် ပါကလိုရိတ်ကို သုံးစွဲနေကြတယ်။ မီးသွေးနှင့် ဆလဖာနေရာတွင် စတော့ခ်ျ၊ ကော်၊ သကြား၊ ချိတ်နှင့် ရေနံထုတ် ဓာတုပစ္စည်းများကို သုံးလာတယ်။
အရောင်အတွက်ကတော့ သတ္တုဒြပ်ပေါင်းများကို သုံးတယ်။ အခြေခံအားဖြင့် ကယ်စီယမ် ဒြပ်ပေါင်းက အ၀ါရောင်၊ ဆိုဒီယမ်ဒြပ်ပေါင်းက အနီရောင်၊ ပိုတက်စီယမ် ဒြပ်ပေါင်းက ခရမ်းရောင်၊ ကော့ပါး (ကြေးနီ) ဒြပ်ပေါင်းကတော့ အစိမ်းရောင်၊ ခဲဒြပ်ပေါင်းကတော့ အပြာရောင် စတာတွေဖြစ်တယ်။

Firework တွေကို လုပ်ကြသူတွေဟာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း အမွေရထားသူတွေဖြစ်တယ်။ အဆင့်တစ်ခုမှာ ယမ်းတွေကို အမှုန်လေးတွေဖြစ်အောင် ဆုံထဲတွင်ကြိတ်ရတယ်။ ကြိတ်တဲ့အဆင့်ဟာ အင်မတန် အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကြိတ်တဲ့အခါ အပူထွက်လာပြီး ပေါက်ကွဲတတ်လို့ပါပဲ။
ဒါကြောင့် ယမ်းထောင်းတဲ့အခါ အိမ်တွေ မီးလောင်တယ်။ ယမ်းထောင်းသူ အများဟာလည်း လက်ပြတ်ခြေပြတ်တွေဖြစ်ပြီး အသက်ပင် ဆုံးရှုံးရတတ်တယ်။ တောင်ကြီးမှာ ယမ်းပြင်ဆင်သူအချို့ လက်ပြတ်နေတာကို ၀မ်းနည်းဖွယ်တွေ့ခဲ့ရတယ်။

မီးပုံးပျံကြီးဟာ တစ်ခါတစ်ခါ လေအတိုက်တွင် စောင်းသွားတတ်သေးတယ်။ ယမ်းတွေအပြည့်ပါလာတဲ့ မီးပုံးပျံဟာ ကွင်းထဲကျလို့ကတော့ လူတွေ အန္တရာယ်ကြီးလှတယ်။ ယနေ့ တောင်ကြီးနှင့် ပြင်ဦးလွင် မီးပုံပျံပွဲသည် ရိုးရာပွဲဖြစ်နေပါပြီ။ ဂုဏ်ယူစရာပါ။ သို့သော် ယမ်းများကို ကိုင်တွယ်သုံးစွဲသည်ကိုတော့ သတိထားပြီး Safety Regulation  များကို လိုက်နာသင့်တယ်။ ယမ်းနှင့်ပတ်သက်သည့် ခေတ်မီ သိပ္ပံနည်းကျကျ တတ်မြောက်စေရန် သင်ယူဖို့လည်း လိုတယ်။ အားလုံးမှာ တာဝန်ရှိတာကို သတိပြုသင့်တယ်။
ကျွန်တော်တို့ မသိမှု မတတ်မှုတွေ ဗဟုသုတတွေ မရှိတဲ့အခါတွေမှာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

ယနေ့ ရွှေကို ပြဒါးနဲ့ဖမ်းတယ်။ ဆိုင်ယာနိုဒ်နဲ့ ဖမ်းတယ်။ လက်ပံတောင်းတောင်တို့ ကြေးစင်တောင်တို့မှာ ကြေးနီထုတ်ဖို့မှာ မြေကြီးပေါ်အက်ဆစ်တွေ လောင်းတယ်။ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်။ ရန်ကုန်က ကြွေရည်သုတ်စက်ရုံမှာ အက်ဆစ်တွေနဲ့ သံကိုချွတ်ပြီးမှ ကြွေရည်သုတ်တာပါ။ ရွှေချွတ်တဲ့ အက်ဆစ်တွေလည်း မြေကြီးထဲ ရောက်ကုန်တာပါပဲ။ အဲဒီ အက်ဆစ်တွေကြောင့် မြေအောက်ရေတွေ ပျက်စီးရတယ်။ အာဆင်းနစ်လို အဆိပ်တွေ ရေထဲရောက်ကုန်တယ်။
ကျောက်ခေတ်ကလွန်တော့လည်း လူတွေမှာ အန္တရာယ်တွေမကင်းသေးပါလား။ အသိပညာ ဗဟုသုတတွေနဲ့ ဆင်ခြင်ကြဖို့ လိုပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...