Sunday, December 9, 2012

လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ -


by Kyaw Win on Sunday, December 9, 2012 at 6:38pm 

  • အိမ်လွမ်းစိတ်
“ခင်ဗျားတို့ အညာသားတွေက၊ ဒေသစွဲကြီးတယ်နော်..”၊ အောက်သားမိတ်ဆွေတွေ ပြောနေကြစကား။ စာရေးသူမတုန့်ပြန်ပါ။ ပြုံးလို့သာနေလိုက်သည်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို စွဲလမ်း၊ တသ၊ သံယောဇဉ်ကြီးတတ်ကြသည်ကို၊ စာရေးသူက အပြစ်လို့မမြင်။ သဘာဝကျသော လူဆန်မှုဟုထင်သည်။ ပြေရလျင်၊ စာရေးသူတို့ ‘မုံရွာ’ကလည်း မမေ့ရက်စရာ။ အရှေ့တစ်ကျောတွင် အလယ်ရိုးမအဆက်၊ ရွှေမြင်တင်တောင်၊ ကျောက္ကာတောင်..။ အနောက်တစ်ရိုးက၊ ချင်းတွင်းရေကြည်။ ချင်းတွင်းအလွန် တွင်ကား၊ လက်ပံတောင်းတောင်၊ ဖိုးဝင်းတောင်၊ ပုံတောင်ပုံညာတောင်တန်း ..။ အနောက်ရိုးမ၏ အဆွယ်အပွားများ၊ ဤရိုးမနှစ်စင်းကြား မြစ်ဝှမ်းလွင်ပြင်လေးမှာ ပူပြင်းခြောက်သွေ့လှသော ကန္တာရထဲမှ အိုအေစစ်လေးပင် ..။


အမှန်စင်စစ် မုံရွာမှာ စာရေးသူဇာတိဖြစ်သလို ပ၀တ္တိလည်းဖြစ်သည်။ ဤမြေတွင်မွေး၍ ဤမြေမှာပင်၊ ပညာသင်ကြားရင်း ကြီးပြင်းအရွယ်ရောက်ခဲ့သူ ဖြစ်သည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ဘ၀၏ အတက်အကျ အကောက်အကွေ့ လေကဓံလှိုင်းအများစုမှာ မုံရွာနှင့် ဆက်စပ်နေသည်သာဖြစ်သည်။ မိဘနှစ်ပါးလုံး မုံရွာဒေသမှာပင် ခေါင်းချခဲ့ကြသလို၊ ပထမဆုံး ချစ်ဦးသူ၊ နောက် - ဘ၀လက်တွဲဖေါ် .. သူတို့ သူတို့တွေနှင့် ကြုံခဲ့ ဆုံခဲ့ အကြောင်းပါခဲ့သည်မှာလည်း မုံရွာပင်ဖြစ်သည်။ ဘယ်မှာ မေ့နိုင်ပါမည်နည်း။ ဘယ်မှာ မေ့ရက်ပါမည်နည်း..။ ဤမျှ ဒေသတဏှာအားကြီးသူ တစ်ယောက်အနေနှင့်၊ ဟိုးငယ်ငယ်တုန်းက၊ မကြာခဏဆိုသလို ပန်းချီဆွဲခဲ့ဖူးသော၊ ချင်းတွင်းတစ်ဘက်၊ လက်ပံတောင်းတောင်ကြီး၊ ဤမဟာပထ၀ီမြေကြီးထက်မှ အပြီးတိုင်ကွယ်ပျောက်တော့မည်ဆိုသောအခါ ဘယ်မှာဝမ်းနည်းဆို့နှစ် နှမြောတသ မဖြစ်ဘဲ နေနိုင်ပါမည်နည်း။

သို့နှင့်တိုင်၊ လက်ပံတောင်းအရေးနှင့် ပတ်သတ်ပြီး ယခုအချိန်အထိ စာရေးသူ တစ်ခွန်းတစ်ပါဒမှ မဟခဲ့ပါ။ စာတစ်ညိုတစ်ထွာမှ မရေးခဲ့ပါ။ စဉ်းစားထောက်ချင့်စရာတွေ များလွန်းသောကြောင့် ဖြစ်ပါသည်။ မိမိချစ်ခင်စွဲလန်းရသော ဒေသထက်၊ ပို၍တန်ဖိုးထားမြတ်နိုးအပ်သော တစ်ပြည်လုံးအရေး၊ ဆိုရလျှင် တိုင်းရင်းသားလူမျိုးပေါင်းစုံလူထုကြီး၏ အနှစ်နှစ်အလလ တောင့်တရည်စူးခဲ့ရသော၊ ‘အိမ်မက်’။ ဒါတွေနှင့် ချင့်ချိန်စက်ပြီး၊ ဝေဒနာတွေ၊ မကြေလည်စရာတွေကိုသာ၊ ကြိတ်မိတ်မြိုချနေခဲ့ရသည်။ ယခုတော့မနေနိုင်။ မရေးမဖြစ်ရေးလိုက်ရပါပြီ။ အစွဲသန်သော အညာသားလူအိုလူမင်းတစ်ယောက်၏ မေတ္တာရပ်ခံပန်ကြားချက်အဖြစ်သာမှတ်ယူကြပါတော့…။

  • ဆိုးမွေ

တကယ်တော့ ပြဿနာ၏အစမှာ မဝေးလှသေးသော၊ အတိတ်တွင် သန္တေတည်ခဲ့သည်ဟု ဆိုရလိမ့်မည်ထင်ပါသည်။ ပွင့်လင်းမြင်သာမှု မရှိခဲ့သော၊ စနစ်ဟောင်း၏ ဆိုးမွေပင်ဖြစ်သည်။ အစကတည်းကသာ သက်ဆိုင်ရာလူထု၏ သဘောဆန္ဒကိုထည့်သွင်းစဉ်းစားဆုံးဖြတ်ရကောင်းမှန်းသိခဲ့ကြလျင် … ဤမျှအကျယ်ကျယ်၊ အငြင်းပွားဖွယ်ရာမရှိ။ ဤသို့ဆိုသည်နှင့် ယခင်အစိုးရဟောင်းကို တစ်ဘက်သတ် အပြစ်တင်နေသည်တော့ မဟုတ်ပါ။ ရွေးချယ်စရာမရှိတော့အောင်၊ တွန်းပို့သလိုဖြစ်ခဲ့သော အရေးယူပိတ်ဆို့မှု ပေါ်လစီများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း၊ အကြောင်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြဖို့ လိုပါလိမ့်မည်။

ထို့ထက်...၊ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းကိုပါ ဆင်ခြင်သင့်သည်ဟုလည်း သဘောရသည်။ တရုတ်ပြည်ကြီး တံခါးတွေဖွင့်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ကြိုးပမ်းခဲ့ကြသော၊ ၁၉၇၀ ပြည့်လွန်နှစ်များမှာ ယနေ့၂၁ရာစုခေတ်ဦးနှင့် ဘယ်လိုမှမတူနိုင်တော့...။ စဉ်းစားတွေးခေါ်ပုံကအစ၊ တစ်ဆစ်ချိုးပြောင်းသွားခဲ့ပြီဖြစ်သည်။ ထိုစဉ်ကတော့...၊ ဖွံ့ဖြိုးရေးသည်သာ အရာရာ။ လတ်တလော စီးပွားဖြစ်ဖို့က ပထမဦးစားပေး။ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု အပါအ၀င် အခြားဆိုးကျိုးများကို နောက်မှရှင်းမည်ဟု ခပ်လွယ်လွယ်သဘောယူခဲ့ကြသည်။ ‘ဖွံ့ဖြိုးရေး’ ဆိုသည်၏ရှေ့တွင် ‘ရေရှည်တည်တန့်ခိုင်မြဲသော’ (Substainable) ဆိုသော နာမ၀ိသေသနကိုထည့် စဉ်းစားရကောင်းမှန်း မသိခဲ့ကြ။ သဘာဝတရား၏ ရက်ရက်စက်စက် တုန့်ပြန်လက်စားခြေမှုများနှင့် ကြုံရတော့မှ မျက်ကလူးဆံပြာဖြစ်ရတော့သည်။ ဤတွင်ဆွေမျိုးမတော်သော ပေါက်ဖေါ်ကြီးများက အန္တာရာယ်မကင်းသော လုပ်ငန်းမျိုးကို ‘အပြင်ထွက်ရင်းမြစ်ရှာ’ (Outsourcing) ခဲ့ကြဟန်တူပါသည်။ ဤအကွေ့တွင် သူတို့ရွေးချယ်ကြသည်က၊ စကားမပြောတတ်သော၊ သို့မဟုတ် စကားပြောခွင့်မရှိသော ‘တေမိ’ နိုင်ငံများ …။

ချိန်ခါသင့်ဖြစ်ချင်တော့၊ ၂၁ရာစုခေတ်ဦးမှာပင် ကျွန်တော်တို့ တိုင်းပြည်က၊ အိမ်မက်ဆိုကြီးမှ နိုးထလာသည်။ သည်တော့လည်း သဘာဝကျစွာပင်၊ ပြောရေးရှိတော့ပြောလာကြသည်…။ သို့တစေ - နိုင်ငံရေးဆိုသည်က ခက်လှပါဘိတောင်း။ ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းမကျသည်ကများသည်။ အမှန်တရားပင် ဖြစ်စေဦး၊ အကျိုးစီးပွားနှင့် ချိန်စက်ရသည်များရှိတတ်သည်။ လက်ပံတောင်း ကိစ္စသာမက၊ ယနေ့ကျွန်တော်တို့ မျက်မှောက်ပြုနေကြရသော၊ လိပ်ခဲတည်းလည်း အခြေအနေများကို အနည်းဆုံး ရှုထောင့်သုံးမျိုးဖြင့် ချဉ်းကပ်ဖို့လိုလိမ့်မည်ထင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်အပါအ၀င်၊ လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်နစ်နာနိုင်စရာရှိမှုများ…၊ ပြီးတော့ မြန်မာ-တရုတ်ဆက်ဆံရေး။ တရုတ်ပြည်ဆိုသည်က၊ မတော်ချင်၊ မခေါ်ချင်လို့မရသော အိမ်နီးချင်း၊ ထို့ထက်အရေးကြီးသည်မှာ ဒီမိုကရေစီနှင့် အလှမ်းဝေးနေဆဲ စူပါ-ပါဝါ…။ သမိုင်းနှင့်ချိန်ဆပြီး၊ ပစ္စုပ္ပန်ပေါ်လစီညှိကြရပါလိမ့်မည်။ အရေးကြီးသည်က အနာဂတ်လှဖို့၊ လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာ ရှေ့ဆက်နိုင်ဖို့...။

  • စစ်အေးအရိပ်

ကမ္ဘာပေါ်တွင် စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ အနှစ်အစိတ်နီးပြီဖြစ်သည့်တိုင် မြန်မာ့နိုင်ငံရေးတွင်မူ၊ စစ်အေးခေတ် ဓလေ့စရိုက် အပြုအမူနှင့် စဉ်းစားပုံတွေကို ယနေ့ထက်တိုင် မနည်းမနောတွေ့နေရဆဲရှိသည်။ စစ်အေးအရိပ် မလွတ်တတ်သေးဟုဆိုချင်သည်။ အားလုံးသိကြသည့်အတိုင်း စစ်အေးဆိုသည်မှာ ကမ္ဘာလုံးချီ အုပ်စုဖွဲ့၍ အကြီးအကျယ်ရန်ဖြစ်ကြသည့် ဇာတ်ရှုပ်ကြီး။ စစ်အေးခေတ်နိုင်ငံအများစု၏ ပြည်တွင်းရေးကိုကြည့်လိုက်လျင် အစိုးရများက တက်ကြွလှုပ်ရှားသူများကို နန်းလုဘက်ဟုမြင်သည်။ တက်ကြွလှုပ်ရှားသူများဘက်ကလည်း သက်ဆိုင်ရာအစိုးရများကို မပြုတ်ပြုတ်အောင် ဖြုတ်ချဖို့ သံန္နိဋ္ဌန်ချထားဟန်ရှိသည်။ ‘ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှယ် ဖယ်ထုတ်ဖို့’ ကြိုးပမ်းကြသော လောဂျစ်ဖြင့် မောင်းသည့် ‘ချ’ သမိုင်းတွေဖြစ်ခဲ့ရသည်။

စစ်အေးလွန်ခေတ်ကား၊ ဤသို့မဟုတ်တော့ပြီ။ ‘ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန်တည်ရှိခွင့်ကို သိမှတ်လက်ခံပြီး လူထုအဆုံးအဖြတ်ကို ခံယူကြရမည့်’ ဒီမိုကရက်တစ်လောဂျစ်ဖြစ်ဖို့လိုသည်။ ဒီမိုကရစီစနစ်တွင်၊ ‘တရားဝင်ဆန္ဒဖေါ်ထုတ်ခွင့်’ ကို ဥပဒေကြောင်းအရ ခွင့်ပြုထားရသည့်တိုင်၊ ဥပဒေနှင့်အညီ ပြောဆိုပြုမူလုပ်ကိုင်တတ်ဖို့ လိုပါလိမ့်မည်။ ‘ရရင်ရ၊ မရရင်ချ’ ဆိုသော ကြွေးကျော်သံဖြင့် ‘သပိတ်စုံသူပုန်ထကြဖို့’ မဟုတ်။ မတူသော သဘောထားအမြင်များကို  ဒီမိုကရေစီနည်းကျ ညှိနှိုင်းအဖြေရှာကြဖို့ အရေးကြီးသည်။ အစိုးရများဘက်မှလည်း အကျင့်ပါအရိုးစွဲနေသော အကြမ်းဖက်ဖြိုခွဲမှု အမှုအကျင့်တွေကို ခ၀ါချကြရပါလိမ့်မည်။ ဒီမိုကရေစီရေးတွင် ‘တရားဥပဒေစိုးမိုးရေး’ မှာ အရေးကြီးသည်မှန်သော်လည်း ‘ငြိမ်ဝပ်ပိပြားရေး’ မဖြစ်စေဖို့ သတိချပ်ရာသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျင် လက်ပံတောင်းတောင်သပိတ်စခန်း အရေးအခင်းများမှာ ဘယ်ဘက်ကကြည့်ကြည့် မဖြစ်သင့်ပါချေ။ ပြန်လည်တည့်မတ်ခါစ တိုင်းပြည်ဥပဓိကို ထိခိုက်စေသလို အခြေတည်စ ဒီမိုကရေစီရေးအတွက်လည်း အစဉ်အလာကောင်း မဟုတ်ပါ။ ဆယ်စုများစွာ ဒီမိုကရက်တစ်အတွေ့အကြုံ ပါးလျှားခဲ့ရ၍၊ နှစ်ဘက်လုံးကို နားလည်ပေးရသည့်တိုင် အစိုးရတာဝန်ရှိသူများဘက်မှ ပို၍ဆင်ခြင်ဖို့လိုလိမ့်မည်ဟု သဘောရသည်။ ဥပဒ၏ရည်မှန်းချက်မှာ ကြီးသောအမှုငယ်စေ၊ ငယ်သောအမှုပျက်ပြယ်စေ- ဆိုသည်မဟုတ်ပါလော…။ ရွှေဖေါ့ရိုးဖြင့် ရိုက်ဆုံးမရမည့်ကိစ္စ ၀ါးရင်းတုတ်ဖြင့် မသေမချင့်ရိုက်သတ်ကြလျင် ရာဇ၀င် စာတင်ခဲ့ရသလို ဇာတ်နာသွားပါလိမ့်မည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အများစု မှီတင်းနေထိုင်ကြရာ နိုင်ငံမျိုးတွင် ဘုရားသားတော်များကို အနာတရဖြစ်စေလျင် နှလုံးသားချေမွခံရသလို နာတတ်သည်ကို သတိပြု ဆင်ခြင်စေချင်သည်။ စွပ်စွဲပြစ်တင်သည်မဟုတ်။ နောင်မမှားကြဖို့ မေတ္တာရပ်ခံခြင့်ဖြင်ပါသည်။

  • မျှော်လင့်ချက်

အဆိုးထဲက အကောင်းဆိုရမည်လားမသိ။ ယခုအရေးတွင် အနာဂတ်မျှော်လင့်ချက်ရောင်ချည်ကို ပြက်ပြက်ထင်ထင် မြင်လိုက်ရ၍ ဖြေသာပါသည်။ အခြားမဟုတ်။ ဒေါ်အောင်ဆန်းစုကြည့်၏ ရပ်တည်ချက်ပင်။စာရေးသူမှာ တစ်ခေတ်တခါက ‘အဘ၊ အဘ’ ဆိုသူများထဲတွင် မပါခဲ့သလို၊ ယခုခေတ်ယခုအခါ ‘အမ၊ အမ’ ဆိုသူများထဲတွင်လည်းပါသူမဟုတ်ပါ။ တစ်သက်တာ တန်ဖိုးထား ထိန်းသိမ်းလာခဲ့သော ‘လိပ်ပြာသန့်စိတ်’ ဖြင့် ရိုးသားစွာဆိုပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏  ရပ်တည်မှုသည်ပင် ပြဿနာ၏ အဖြေဟု ယုံကြည်သည်။ ယခု ပြဿနာမျှသာမက နောင်တွေ့ကြုံလာတန်ရာသည့် ပြဿနာများအတွက် အညွှန်းဖြစ်လိမ့်မည်ဟု ဆိုချင်သည်။ ကြည့်ပါ…။

“ဒီမိုကရေစီရဲ့ အခြေခံလိုအပ်ချက်ကဘာလဲဆိုတော့ အခက်အခဲတွေရှိရင်၊ မပြေလည်တာတွေရှိရင် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရအောင် ကြိုးပမ်းရမဲ့ တာဝန်ပဲ…။”
ကောက်နှုတ်ချက်
(ကံကုန်းကျေးရွာတွင် ပြောသောမိန့်ခွန်းမှ)

ဤသည်ပင်၊ အရိုးစွဲနေသော စစ်အေးခေတ် စဉ်းစားပုံနှင့် လုံးဝမတူသည့် ဒီမိုကရက်တစ်ယဉ်ကျေးမှုဟု သဘောရပါသည်။

အမှန်စင်စစ်၊ မဗေဒါကို ဒုက္ခပေးနေသည်မှာ ဘဲအုပ်တွေသာမက (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) ဒိုက်သရောတွေပါ ပါသည်။ စာရေးသူက မြန်မာ့ဒီမိုကရေစီရေစီးတွင် ဘဲအုပ်တွေ ၀င်မရှုပ်စေချင်။ ဒိုက်သရောတွေလည်း ကင်းစေချင်သည်။ သို့မှသာ ရေစီးရေလာ ကောင်းပါလိမ့်မည်။ နောက်မပြန်တမ်း ရှေ့ဆက်နိုင်ပါလိမ့်မည်။ ကျွန်တော်တို့၏ မဗေဒါ အသက်ရာကျော်ရှည်၍ တစ်သက်တာ ပန်းပန်နိုင်ပါစေသတည်း။

ကျော်ဝင်း
၉၊ ဒီဇင်ဘာ၊ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...