“သင်္ကန်းဂုဏ်ရည် / ၀င်းဦး”
by Soe Min on Saturday, November 13, 2010 at 5:23am
“ရဟန်းတော် တွေ့လျှင် ၀တ်ဖြည့်ပါ။ ဘိနပ်ကိုချွတ်ကာ ဦးချပါ။ စိတ်မများနှင့် အရိပ်များပင် ခြေနင်းမိ ရှောင်ရှားပါ။” ငယ်ငယ်ကတော့ လူကြီးသူမများ အဲသလိုပဲ သွန်သင်ဆုံးမလေ့ရှိသဗျ။ ဘုရား၊ တရား၊သံဃာဆိုတာ ကိုးကွယ်ရာ သရဏဂုံ သုံးပါးမို့ အသက်ထက်ဆုံး အရိုသေပြုရတယ်ဆိုတာ ကလေးဘ၀ကတည်းက အခြေခိုင်အောင် သွန်သင်ဆုံးမကြပါတယ်။ မောင်ရင်လောင်းလေး ရှင်ပြုချင်ရင် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ဌာန်ကရိုဏ်းကျကျ ရွတ်တတ်အောင် သင်ရတာ မဟုတ်လား။ နောက်ပိတ်ဆုံး ဘ၀တပါးကို ကူးပြောင်းတဲ့ အခါများမှာတောင် သပိတ်သွတ်တယ်။ သရဏဂုံတင်တယ် ဆိုတာ နောင်ဘ၀မှာလည်း ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ဆက်လက်ဆည်းကပ်နိုင်ပါမည့်အကြောင်း ကောင်းမှုကုသိုလ်များကို ဆက်ရတာဖြစ်ပါတယ်။
အချုပ်ဆိုရရင် ဘာသာတရားရှိတဲ့ လူတယောက်အနေနဲ့၊ တိတိကျကျပြောရရင် ဗုဒ္ဓဘာသာဝင်တယောက် အနေနဲ့ ဘာကို ကိုးကွယ်ပါသလဲ ဆိုရင် ဒီရတနာသုံးပါးကို ကိုးကွယ်ပြီး ဘာကို ယုံကြည်ပါသလဲဆိုရင် ကံ၊ ကံ၏အကျိုးကို ယုံကြည်ပါတယ်။ အဲဒါကို သရဏဂုံတည်တယ်လို့ ခေါ်ပါတယ်။ ဒီအထိ လူတိုင်းသဘောပေါက်ပြီး အငြင်းပွားစရာလည်း ရှိမယ် မထင်ပါဘူး။ ဒါကိုမှ လက်တွေ့ကျင့်သုံးတဲ့အခါမှာ ဆင်ခြေဆင်လက်တွေနဲ့ ခြွင်းချက်၊ ၀ိဝါဒတွေ ကွဲပြားလာတဲ့အခါ သရဏဂုံ မစင်ကြယ်တဲ့ ဘာသာဝင်တယောက်အဖြစ်ကို ရောက်မှန်းမသိ ရောက်လာပါတယ်။ “ဘုရားကို ကိုးကွယ်ပါတယ်။ သို့သော် ကိုယ်တော်ကြီး ကိုယ်တော်လေးတို့ကလည်း ရိုးရာမို့ အစဉ်အလာပျက်လို့ မဖြစ်ပါဘူး။” “တရားကို ယုံကြည်ပါတယ်။ ဒါပေမယ့် မုသားမပါ လင်္ကာမချောမို့ ပါ။ မှန်တာပြောသစ္စာ သွားလေရာ အိမ်ထောင်ကျရစေရဲ့။” “သံဃာကို ကိုးကွယ်ပါတယ်။ ဒါပေမယ့် ဒါသံဃာအစစ်မှ မဟုတ်တာဗျ။ သင်္ကန်းဝတ်အရေခြုံတွေ။” စသည် စသည်ဖြင့် ယုံမှားခြင်းပြွမ်းသော သရဏဂုံရဲ့ အညစ်အကြေးတို့ ကင်းစင်စေရန်အတွက် ဒီ သင်္ကန်းဂုဏ်ရည် ဆိုတဲ့ သီချင်းကလေးကို နားထောင်ကြည့်စေချင်ပါတယ်။
မူရင်း ဒေါ်ကြည်အောင်ဆိုထားပြီး၊ ကိုဝင်းဦး အဆိုနဲ့ တင်ထားပေးလိုက်ပါတယ်။ သေသေချာချာ အဓိပ္ပါယ်ပေါက်အောင် နားထောင်မိရင် အင်မတန်ကို အကျိုးများစေပါလိမ့်မယ်။ ဆရာ ရွှေတိုင်ညွန့်ကရေးခဲ့ပါတယ်။ ဇာတ်ကြောင်း နောက်ခံကတော့ ဆဒ္ဒါန်ဆင်မင်းဇာတ်တော်ပါ။ ဟိမ၀န္တာတောခြေမှာ ဘုရားအလောင်းဆင်မင်းကို သောနုတ္ထိုရ် မုဆိုးက မြားနဲ့ခွင်းတဲ့အခါ အလောင်းတော်ဆင်မင်းက မိဘုရားနဲ့ဆင်မင်းအပေါင်းကို ဘေးလွတ်ရာဥပယ်တမျှင်နဲ့ရှောင်စေပြီး ရန်သူရှိရာ အောက်အရပ်မြေပြင်ကို ခွာတော်နဲ့ ရှပ်လိုက်တော့ ကျင်းထဲမှာ မုဆိုးယုတ်က သင်္ကန်းကလေးခြုံလို့ ရဟန်းအရောင်အ၀ါနဲ့ ၀ပ်နေပါသတဲ့။ အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား ပစ္စေကဗုဒ္ဓာတို့ရဲ့ သင်္ကန်းတော်များကို မြင်ဖူးထားတဲ့ အလောင်းတော်ဆင်မင်းဟာ နင်းသတ်ဖို့ ပြင်ထားတဲ့ခြေကို အသာယုတ်လို့ သင်္ကန်းကိုဖယ်ပြီး မုဆိုးနဲ့ စကားဆိုပါသတဲ့။ ဒီမုဆိုးဟာ ဘယ်နည်းနဲ့မှ ရဟန်းမဟုတ်မှန်း သူ့ရင်ဝက မြားတန်းလန်းက သက်သေခံပေမယ့် လွမ်းထားတဲ့ သင်္ကန်းရဲ့ဂုဏ်ရည်ကြောင့် ဖြစ်ကြောင်းကုန်စင်ကို သိမြင်အောင်မေးတော်မူပါတယ်။ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့ရေ။ ရဟန်းတုပါ၊ သင်္ကန်းဝတ်ပါလို့ သေချာနေရင်တောင် ဆင်မြန်းထားတဲ့ သင်္ကန်းကြောင့်မို့လို့ ကိုယ့်ရင်ဝကို မြားနဲ့ခွင်းတဲ့ ရန်သူဖြစ်လင့်ကစား အဟိတ် တိရစ္ဆာန်ဖြစ်တဲ့ ဆင်မင်းကြီးက ရန်ဘက်ကလူ ပြုတော်မမူပါဘူးကွယ်။ အေးပေါ့လေ။ သူကတော့ ဘုရားအလောင်းတော် ကြီးပေကိုး လို့ ခန္တီပါရမီကို ချီးမွန်းခန်းဖွင့်လိုသပ ဆိုရင် နောက်ထပ် ပုံတစ်ပုဒ်ဆောင်ရဦးတော့မှာပေါ့ကွယ်။
တိရစ္ဆာန် သတ္တ၀ါတွေထဲမှာ ဆင် ဆိုတာ အင်မတန်မှ ခွန်အားကြီးမားသလောက် ဦးဏှောက်သေးပြီး အမျက်ဒေါသမုန်ယိုလာရင် ဘာကိုမှ မမြင်ပဲ မည်းမည်းမြင်ရာ ရန်ရှာလေ့ရှိပါသတဲ့။ ဒီတခါတော့ သူတော်ကောင်း သဘောကောင်းမဟုတ်တဲ့ ဆင်ဆိုးကြီးတကောင်ကို ပြရမှာပေါ့ကွယ်။ ရာဇဂြိုလ်ပြည်က အဇာတသတ်မင်းထံမှာ အင်မတန်ဆိုးသွမ်းတဲ့ နာဠာဂီရိလို့ခေါ်တဲ့ ဆင်ရိုင်းကြီးတစ်ကောင် ရှိသတဲ့။ အဇာတသတ်မင်းသားကို “သင်မင်းသားက သင့်ခမည်းတော် သတ်လို့ ဘုရင်လုပ်ချေ။ ငါကိုယ်တော်က ရှင်ကြီးဂေါတမကိုသတ်လို့ ဘုရားလုပ်မယ်” ဆိုတဲ့ သျှင်ဒေ၀ဒတ်ဟာ မုန်ယိုနေတဲ့ ဆင်ရိုင်းကြီးကို အရက်ကိုးမောင်း ကုန်အောင်တိုက်ပြီး ဆွမ်းခံကြွလာတဲ့ မြတ်စွာဘုရားရှိရာ ထူးဖွင့်လို့ လွှတ်လိုက်သတဲ့။ အရက်မူးနေသလို ပင်ကိုယ်အသိဥာဏ် နုံနဲ့တဲ့ နာဠာဂီရိကြီးဟာ မြတ်စွာဘုရားရှင်ရှေ့တော်မှောက်ကိုရောက်တော့ တန်ခိုးပြာဋိဟာနဲ့လည်း တားဆီးခြင်းမရှိ၊ တပ်ထောင်တာဗိုလ်ထုနဲ့လည်း ကာကွယ်ခြင်းမရှိပဲ ပြကတေ့အသံတော်နဲ့သာ “ချစ်သား” လို့ ခေါ်တော်မူလိုက်သတဲ့။ ဘုရား၊ရဟန်းသံဃာပါလား ဆိုတဲ့အသိနဲ့တင် သူရာယစ်မူးနေတဲ့ ဆင်ရိုင်းကြီးဟာ ချွန်းတစ်ချက်မအုပ်ရပဲ ငြိမ်ဝပ်သွားပါတော့တယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် ဆိုတဲ့ အပယ်လေးဘုံသားတွေကတောင် သင်္ကန်းဂုဏ်ရည်၊ သံဃာ့ဂုဏ်တော် ကို သဘောပေါက်သေးလို့ရှိရင် ယဉ်ကျေးတဲ့၊ ဘာသာတရားရှိတဲ့၊ ဆရာသမားမိဘ ဆုံးမသွန်သင်မှုနဲ့ ကြီးပြင်းရတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ဟာ တဆိတ်လောက် ပိုပြီး နားမလည်သင့်ပါလားဗျာ။ လမ်းမပေါ်မှာ မေတ္တာပို့တဲ့ ထောင်သောင်းသောရဟန်းအားလုံးဟာ နေ့ချင်းညချင်း မြေအောက်ကမ္ဘာကရောက်ရှိလာတဲ့ သာသနာ့အရေခြုံတွေပါလို့ ပြောတဲ့သူကပြောပြီး ရိုက်ဟဲ့ နှက်ဟဲ့ ဖမ်းဟဲ့ ဆီးဟဲ့ လို့ခိုင်းတဲ့အခါ အရက်ကိုးမောင်းမွှန်နေတဲ့ နာဠာဂီရိကြီးလောက်မှ ဆင်ခြင်ဥာဏ် မထားနိုင်တော့တာ အံသြလွန်းလို့ပါ။ ငယ်ငယ်ကတည်းက အိမ်ကဆွမ်းဝတ်ဖြည့်လာခဲ့တဲ့ ကိုယ်တော်တွေက ကွန်မြူနစ်တွေပါဆိုရင် ပြောတဲ့သူက ဇာတိဿရဥာဏ် ရပြီး အတိတ်ဘ၀ကိုများ မြင်နိုင်လို့လား။ မြတ်စွာဘုရားရှင် လက်ထက်တော်ကနေ ဒီကနေ့ထိ သိမ်ဝင်ကံဆောင်ထားတဲ့ ရဟန်းကို မင်းမိန့်နဲ့ လူဝတ်လဲ ထောင်သွင်း အကျဉ်းချလို့ရခဲ့ဖူးသလား။ ဘယ်မှာလဲဗျာ။ သရဏဂုံတွေ။ ဒါဆို ရဟန်းထဲမှာလည်း နိုင်ငံတော် ရဟန်းကိုသာလျှင် ကိုးကွယ်ပါ၏ လို့ ပြန်ပြင်ကြမလား။ အဲဒါ သံဃာ သင်းခွဲတဲ့ကံဗျ။ သက်တော်ထင်ရှား ဘုရားရှင်နဲ့ တွေ့ရင်တောင် ကျွတ်ခွင့်မရဘူး။ မဂ်တံခါးဖိုလ်တံခါးပိတ်တယ်။
ပြောလက်စနဲ့ ဆက်ပြောရတော့မှာပေါ့လေ။ ဆဒ္ဒါန်ဆင်မင်းက သောနုတ္ထိုရ်ကို စစ်ကြောရေးပို့တော့ မောင်မင်းကြီးသားက လျှောက်လဲချက်ကို ဟောသလိုပေးပါသတဲ့။ “အစွယ်လိုသူက မိဖုရား၊ အသွားခိုင်းသူက ရှင်ဘုရင်၊ လေးပစ်သူက ဘုရားကျွန်တော်၊ ဤသုံးဦးအလယ်မှာ ကံကွက်ကျား၍ ငမိုက်သား သောနုတ္ထိုရ် နင်ချည်းသာသေပေရော့ဟဲ့ လို့ မပြုလိုက်ပါနဲ့” တဲ့။ ကောင်းလိုက်တဲ့ဆင်ခြေနော်။ ဒီကနေ့ပြုနေတဲ့ အကုသိုလ်ကံတွေအားလုံးကို လူတိုင်းက ဒီဆင်ခြေကလေးနဲ့ပဲ ဖြေတွေးနေကြတာ။ အဇာတသတ်မင်းသားကို ဒေ၀ဒတ်မြှောက်ပေးတာလည်း အလားတူပါပဲ။ “ထမင်းမကျွေးပဲထားလိုက်။ သူ့ဘာသူသေပစေ။ မင်းသတ်တာမှမဟုတ်တာ။” “စင်္ကြန်မလျှောက်နိုင်အောင် ခြေဖ၀ါး ဓါးနဲ့ခွဲလိုက်၊ ဓါးခွဲတော့ ဓါးခံလိမ့်မယ်။ ဆားပက်တော့ ဆားခံလိမ့်မပေါ့ကွယ်” တဲ့။ အဲသလိုများ ယုံနေကြသလားမသိ။ ဘုရားတကာရေမြေ့ရှင်ကြီးများက “သံဃာကို စိတ်နဲ့တောင် မပြစ်မှားပါဘူး။ အောက်ကလူတွေ သူတို့ဘာသာ ကြည့်ကြက်လုပ်ကြတာပါ။” “ တပည့်တော်တို့က မင်းပါးခစား စေသည့်ကျွန် ထွန်သည့်နွားပါဘုရား။ အာဏာပါးကွက်သားတို့မည်သည် အမိန့်တော်နှင့်အညီ စီရင်ရရိုးပါ။” ဘယ်သူနဲ့ တလေတည်းထွက်တယ်ဆိုတာ ပြောစရာလိုသေးလား။ သေချာတာကတော့ ကျွန်တော်ဖြစ်ဖြစ် ဒီစာဖတ်နေတဲ့ ခင်ဗျားပဲ ဖြစ်ဖြစ် ဘယ်သောအခါမှ ရှင်ဘုရင် မိဖုရားဘ၀နဲ့ လားလားမျှ မအပ်စပ်တဲ့ သူတွေမို့ ဖြစ်ခြင်းဖြစ် သောနုတ္ထိုရ်သာ ဖြစ်ဖို့ရှိပါသဗျား။ ငရဲကျတော့အတူတူ စည်းစိမ်ယူတော့ မိုးနဲ့မြေ၊ ဒီလူတွေလောက် အ တာ ရှိနိုင်ပါရိုးလားဗျာ။ ဒါကြောင့်မို့ အဲဒီ အကုသိုလ်စက်ဝန်းကို ကိုယ်ရှိတဲ့အရပ်ကနေ ဖြတ်လိုက်ကြရအောင်။ ဒီလိုအတွေးအမြင်တွေ မှန်လာလျက်နဲ့ မထူးခြားပါဘူး။ နှမ်းတလုံးနဲ့ ဆီမှမဖြစ်တာ ဆိုလည်း မပူပါနဲ့။ သူများအကုသိုလ်ပြုတိုင်း ကိုယ်မပါတဲ့အခါ၊ မင်း၊မိဖုရား၊သောနုတ္ထိုရ် ကိုယ့်ဇာတ်ကိုယ်သိမ်းကြတဲ့အခါ ကိုယ်မပါဘူးပေါ့။ ကဲ အင်းစိန်ရောက်ကြောင်း တရားကောင်းတို့ကို နာကြားဖတ်ရှု အို တရားနာပရိသတ်လူထုတို့၊ ယနေ့မှစ ဖြစ်လေရာဘ၀တိုင်းမှာ ပါးကွက်အာဏာသား၊ ဒီပဲယင်းစား၊ လက်ကိုင်တုတ်ပုဆိန်ရိုးအလုပ်များ ဘယ်သောအခါမှ မကြံစည်ကြေးရယ်လို့ သစ္စာပြုရင်း နာဠာဂီရိ ဆင်မိုက်ကြီးကို အတုယူကြပါစို့ဗျာ။
နန္ဒမူအခေါင်း န၀ရတ်ပျံပလ္လင် ဖန်ဂူတန်ဆောင်း ချပ်ကမ်းပါးယံတွင် သယမ္ဗူအလောင်း ဆဒ္ဒါန်ဆင်ကို ရန်သူအဟောင်း သောနုတ္ထိုရ် သဘောယုတ်သမို့ သည်သို့သတ်ရန်ပြင်။
(အို ဥမင်အတွင်း မြေသုဿာန်မှာ ဗုဒ္ဓ၀င်သနင်း၏ ရွှေရုပ်ခန္ဒာ များမကြာခင် ကြွေပြုတ်ရန်သာ စီမံလေလျှင် ) ၂ ။ တအားကုန်ရွက်ဆောင် အချက်တထောင်ရှိလျှင် မြားတော်တမင်လွှတ်လျှင် မမြင်ဝံ့ပင် အသားတော် ရင်ညွန့်တွင် ရင်ညွန့်တွင် စွဲ စွဲ လဲမတတ် အော်ရှာတော်မူလျှင် ။
(ဟိမ၀န္တာတွင် မချိမဆန့်နဲ့ အော်တဲ့အသံ နရ၀နာ မြိုင်တော်ဟေမာတွင်) ၂။ ပဲ့တင်ဟည်း ကြီးသော အသံတော်ပေလျှင် အလောင်းတော်ကြီး အထပ်ထပ် အော်တော်မူရာဌာန ဖန်ဂူလိုဏ်တော် အိုင်န၀ရတ်ကန် မြိုင်ချပ်ကမ်းပါးယံတွင် သနားမဆုံး အားလုံးငိုပေလျှင်။
ထင်လင်းဆင်ခြင်တရားနဲ့ တွေးချင့်ရာတွင် ဆင်မင်းအရှင်ဘုရား ဘေးဖြစ်ရှာလျှင် အင်ကြင်းပင်အနားမှာ သွေးအစက်စက်ဖြာ၍ ခွာနှစ်ဘက်ကို မြေမှာရှပ်တော့ တင်လွှမ်းဆင်မြန်း သင်္ကန်းအရဟတ္တဇကိုမြင် အလောင်းတော်ကြီး သတိချပ်လို့ မချိမဆန့်နဲ့ သြော် ၀ိပဿနာတော်ကိုတင်။
(မြတ်အလောင်းတော် နာဂိန်မေသည် ရာဇိနြေ္ဒ ဥာဏ်ရည်ချုပ်၍ ရန်သူအယုတ် လေးလက်နက်ကြံ ) ၂ သွေးအစက်စက်နဲ့ ဗုဒ္ဓပရမေလျှံ ဒုက္ခဝေဒနံ မီးလျှံတွေ့တာတောင် သည်းခံ၍ နေတော်မူသော အရှင်။
(ဟိမ၀န္တာတွင် မချိမဆန့်နဲ့အော်တဲ့အသံ နရ၀နာ မြိုင်တော်ဟေမာတွင်) ၂။ ပဲ့တင်ဟည်းကြီးသော အသံတော်ပေလျှင် အလောင်းတော်ကြီး အထပ်ထပ် အော်တော်မူရာဌာန ဖန်ဂူလိုဏ်တော် အိုင်န၀ရတ်ကန် မြိုင်ချပ်ကမ်းပါးယံတွင် သနားမဆုံး အားလုံးငိုပေလျှင်။
သီချင်းနားထောင်ရန်။
0 comments:
Post a Comment