Saturday, December 8, 2012

သေဆုံးသွားတဲ့သူတွေအတွက် ရည်စူးပြီး အမျှဝေပေးတာ ရနိုင်မရနိုင်


မေး။  အရှင်ဘုရား သေတဲ့သူကို ရည်စူးပြီး ဆွမ်းသွပ်အမျှဝေပေးတာ   သေဆုံး သွားတဲ့သူ ရနိုင် မရနိုင် သိချင်ပါတယ် ဘုရား။ တချို့လူတွေက ပြောတယ်   သေသွားတဲ့သူတွေမရနိုင်တော့ဘူး။ အလှူအတန်းလုပ်တဲ့သူတွေပဲ ရတယ်လို့ ပြောကြတယ်။ အဲဒါအရှင်ဘုရား ဘယ်လိုမြင်ပါသလဲဘုရား။   ကျေးဇူးပြု၍ ဖြေကြားပေးပါဘုရား။ 

(အရှင်စ၀်ဆုခမ်း) ဖြေ ။  သေဆုံးသွားတဲ့သူတွေ တချို့ရနိုင်တယ်။ တချို့ မရနိုင်ဘူးလို့ပဲ ဖြေရပါမယ်။ 
မရနိုင်တဲ့သူတွေကတော့ - 

(၁) ငရဲကျသွားသူ- အကုသိုလ် ဆိုးကျိုးပေး ခံနေရသူဖြစ်လို့ သူ့အတွက်ကုသိုလ်တွေလုပ်၊ အမျှ အတမ်းပေး ဝေသော်လည်း မသိနိုင်၊ သာဓုမခေါ်နိုင် လို့ မရနိုင်တော့ပါ။



(၂) တိရစ္ဆာန်ဘဝ ရောက်သွားသူ- တိရစ္ဆာန်ဆိုတာ လူ့စကား နားမလည်တော့ဘူး။ သူ့အတွက် ကုသိုလ်တွေ လုပ်ပေးသော်လည်း မသိနိုင်၊ သာဓုမခေါ်နိုင်လို့ မရနိုင်တော့ပါ။

(၃) လူ့ဘဝ ရောက်သွားသူ- လူ့ဘဝကို ရသွားရင် အတိတ်ကဘဝကိုမမှတ်မိတော့တာကြောင့် တစ်ကြောင်း၊ အလှူအတန်း ပြုပေးတဲ့အချိန်သန္ဓေသားဖြစ်နေရင် ဘာမှ မသိသေးတာကြောင့် သူ့ကို ရည်စူးပြီး ကောင်းမှုလုပ် အမျှဝေသော်လည်း သူမရနိုင်ပါ။

(၄) နတ်ပြည်ရောက်သွားသူ- နတ်စည်းစိမ်ဟာ လူ့စည်းစိမ်ထက် အဆများစွာ သာလွန်တယ်။ သေဆုံးတဲ့သူ နတ်ပြည်ရောက်သွားရင် အသစ်စက်စက် နတ်စည်းစိမ်ကို ခံစားစံစားနေရလို့ လူ့ပြည်က သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေသော်လည်း သူမသိအား၊ သာဓုမခေါ်အားတာကြောင့် နတ်ပြည်ရောက်သူလဲ ပြုပေးတဲ့ကုသိုလ်သာဓုမခေါ်အားလို့ မရနိုင်ပါ။

ကုသိုလ်အဘို့ဘာဂ ရနိုင်တဲ့သူကတော့ -

(၅) ပေတဘ၀ ရောက်တဲ့သူ- ပြိတ္တာဖြစ်နေသူ (ဝေမာနိကပြိတ္တာ) ကတော့ လူ့ဘ၀နဲ့ လွန်စွာနီးကပ်တဲ့ ဘ၀လို့ ဆိုရမယ်။ သူတို့မှာ အစားအသောက် အဝတ်အထည်နဲ့ နေဖို့အတွက် ဒုက္ခရောက်နေသူတွေပါ။ ရှင်းရှင်းပြောရရင် တစ္ဆေ၊ သရဲစတာတွေဟာ ပြိတ္တာတွေပါ။  

[လူအများစု အထင်မှားနေတဲ့ ဝိညာဉ်ကောင် ဆိုတာလဲ အဲဒီ ပြိတ္တာတွေပဲ၊သူတို့က တချို့မှာ အတော်အသင့် တန်ခိုးရှိတယ်၊ လူတွေ သူတို့ကို တွေ့မြင်အောင် ဖန်ဆင်းပြနိုင်စွမ်းရှိတယ်။ ဆိုလိုတာက တချို့ ပြိတ္တာတို့၊ နတ်ဗြဟ္မာတို့ရဲ့ ရုပ်ခန္ဓာ ဖွဲ့စည်းပုံဟာ အင်မတန် နူးညံ့လွန်းလို့ လူမျက်စိနဲ့ မမြင်နိုင်ဘူး။ 

အထက်အဆင့်မြင့်နတ်တွေကို အောက်နိမ့်တဲ့ နတ်တွေက မမြင်နိုင်ဘူး။ နတ်တွေကလည်း သူတို့ထက် ရုပ်နုတဲ့ ဗြဟ္မာကို မမြင်နိုင်ဘူး။   ဗြဟ္မာတစ်ပါးပါးက တာဝတိံသာရှိ 

သုဓမ္မာဇရပ်မှာ တရားလာဟော မယ်ဆိုရင် သူ့ရုပ်ကို နတ်တွေ မြင်ရအောင် ခပ်ကြမ်းကြမ်းဖန်ဆင်းပြီးမှ တရား လာဟောရတယ်။ ဘုရားလက်ထက်တုံးက ဗြဟ္မာတစ်ပါး 

သူ့ရဲ့ ပကတိကိုယ်နဲ့ လူ့ပြည်ဆင်းပြီး ဘုရားကို လာဖူးတာ မြေကြီးပေါ်ရပ်လိုက်တာနဲ့ သူ့ခြေထောက်တွေ   ထောက်တည်ရာ မရဘဲ မြေကြီးထဲကို နစ်မြုပ်ကာ 

ဝင်ဝင်သွားနေတော့တယ်။ သူက ပြန်ထုတ်လိုက် ပြန်ရပ်လိုက် ပြန်နစ်ဝင်သွားလိုက် ဖြစ်နေပြီး ဘုရားကို ကောင်းစွာ မဖူးရဘူး။ ဒါကြောင့် ဘုရားရှင်က သူ့ကို 

ရုပ်ကြမ်းကြမ်း ဖန်ဆင်းပြီး ရပ်ပါလို့ နည်းလမ်းပေခဲ့ရတယ်။ ဒါကြောင့် ရလောကသားတွေဟာ (လေထက်) ရုပ်နုတဲ့အတွက် သူတို့ကို မျက်စိနဲ့ မမြင်ရပါဘူး။ 

(ဒိဗ္ဗစက္ခုအဘိညာဉ် နတ်မျက်စိအမြင်ရှိသူတော့ မြင်နိုင်စွမ်းရှိတယ်) သူတို့က မြင်အောင် ဖန်ဆင်းပြမှ လူတွေက မြင်ရပြီး သရဲကြီး၊ တစ္ဆေကြီးဆိုပြီးတော့ လန့်ကြတာ။ 

အမှန်ကတော့ သူတို့ဆင်းရဲလွန်းလို့ လူတွေထံ အကူအညီ တောင်းချင်ကြတာပါ။ ငါမကျွတ်သေးဘူး ငါ့ကို ကယ်ပါဦးဆိုတဲ့သဘောပေါ့။ တချို့တော့ အိပ်မက်တွေ ပေးတတ်တာပေါ့။ ]

ပြိတ္တာဘဝ ရောက်နေတဲ့သူတွေကိုတော့ သီလရှိတဲ့သူတွေကို ပင့်ဖိတ်လှူဒါန်း စာဂပြီး သူတို့ကို တိုင်တည် ရည်စူးကာ အမျှပေးဝေရင်၊ သူတို့ကလည်း သိရှိပြီး သာဓုခေါ်ရင်တော့ အကျွတ်တရားရနိုင်တယ်။ ဒီနေရာ အကျွတ်တရား ရနိုင်တယ်ဆိုတာက ဒုက္ခဘဝမှ ကျွတ်ပြီး သုခဘဝကို ရောက်သွားတာကို ဆိုလိုတယ်။ အဲဒီအကြောင်း ပေတဝတ္ထုမှာ သက်သေ သာဓကတွေ အများကြီးရှိပါတယ်။

သေသွားတဲ့သူ ရည်ပြီးလှူ သေသူမရ ဘယ်သူရ ဆိုတဲ့အမေးကိုလည်း ဒီလိုပဲ ဖြေကြားပါရစေ။

ဝင်ပေါက် တစ်ပေါက်သာ ရှိတဲ့အိမ်ထဲကို ဝင်သွားတဲ့အခါ ပြန်ထွက်ချင်ရင်အဲဒီ ဝင်ပေါက်ကပဲ ပြန်ထွက်ရသလို သေတဲ့သူ အတွက် ဆိုပြီး လှူဒါန်းအမျှဝေသွားလိုက်ပေမဲ့ သေတဲ့သူမရရင်လဲ အလှူအဒါန်းမှာ ကာယကံ၊ ဝစီကံ၊ မနောကံ လုပ်နေတဲ့သူတွေကတော့ သေချာပေါက် ကုသိုလ်ရပါတယ်။

ပညာရှိများက နောက်ထပ် တစ်မျိုး ကောက်ချက်ချတာလဲ မှတ်သားစရာကောင်း ပါတယ်။  
သံသရာမှာ မိခင် ဖခင် ဆွေမျိုး မတော်စပ်ဖူးသူ လောကမှာ မရှိ ဆိုတဲ့အတိုင်း သေဆုံးပြီး ပြိတ္တာဘဝရောက်နေတဲ့ မိမိနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ ရှိနေမှာပဲ။ သဗ္ဗေသတ္တာ၊ သတ္တဝါအားလုံးကိုတောင် အမျှပေးဝေလေသေးတော့ သေဆုံးတဲ့သူကို ကုသိုလ် ရရ မရရ အမျှအတန်း ပေးဝေသင့်တယ်လို့ ဆိုထားတယ်။ တစ်ယောက်မရရင်တစ်ယောက်ယောက် ရနိုင်ကောင်းလေရဲ့ ဆိုတဲ့ မေတ္တာစိတ်နဲ့ ကူညီလိုတဲ့စိတ်နဲ့ ကုသိုလ်ပြုကာ အမျှဝေသင့်တယ်. . . တဲ့။

ဒါပေမယ့် သေပြီးမှ စောင့်ယူရတဲ့ ကုသိုလ်ဆိုတာ ၂၅% ၅၀% လောက်သာ   သေချာမယ်။ မသေခင် ကုသိုလ်တွေ လုပ်ထားရင်တော့ ၁၀၀ % သေချာတာပေါ့။

ဒါကြောင့် ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးက-

" ယခုပင်လျင် မအိုခင်က/မနာခင်က/မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ "  လို့ တိုက်တွန်းထားပါတယ်။

သုခိ အတ္တာနံ ပရိဟရန္တု
ချမ်းသာစွာဖြင့် မိမိဆန္ဒအတိုင်း ထမ်းရွက်နိုင်ပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...