လစ်လျူရှု.ထားခဲ့ရတဲ့ အဖြစ်မျိုး ....
Author: lubo601 |
9:44 AM |
1 Comment |
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အဘွားကြီး တစ်ယောက်ထဲကို လှည်းတန်း အနီးတစ်ဝိုက်မှာ ပိုက်ဆံတောင်း နေတာ စမြင်လိုက်ခဲ့မိတယ်။ ကိုယ်ကလည်း သူတောင်းစားပါမချန် စကားထိုင်ပြော အင်တာဗျူးတတ်တော့ သူ့အကြောင်း သိလာရတယ်။ ၂၀၀၂ လောက်တုန်းက အသက် ၈၇ လောက် ရှိပြီလို့ ပြောခဲ့တယ်။ လိုက်ပြီး ပိုက်ဆံမတောင်းနိုင်လို့ လမ်းထောင့်ချိုးလေး အကွယ်မှာ ဆာလာအိတ် အစုတ်လေးခင်း ထီးလေးဆောင်းရင်းနဲ့ အသံတိတ် တောင်းစားခဲ့တဲ့ အဖွားကြီး။ အဲ့ဒီတုန်းက ဆေးကျောင်း တက်နေတဲ့ သူငယ်ချင်း ကုလားလေးနဲ့ ညှိပြီး တစ်ပါတ် တစ်ပါတ်စာ အဟာရအတွက် ငွေသွားပေးဖြစ်ခဲ့တယ်။ အဖွားကြီးခမျာ အစာအိမ်လည်း ရှိနေတော့ အစာအိမ်ဆေးတွေရော ကွေကာအုတ်လို အစားအသောက်ရော သွားပေးဖြစ်ခဲ့တယ်။
လမ်းထောင့်ချိုး အကွယ်မှာ အဲ့ဒီ အဖွားကြီးကို မြင်လိုက်ရင် စိတ်ထဲ မကောင်းဘူး။ ကိုယ့်အဘွားအရွယ် ဖြစ်နေတာလည်း ပါတယ်။ သူ့အနေနဲ့ အကာအကွယ် တစ်ခုခုအောက်မှာ လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ရှိသင့်တယ်။ ဆွေမျိုးသားချင်းတွေကို အပြစ်တင်စရာ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အသက်ရှင်လျှက် ရှိတဲ့ ဆွေမျိုးတွေ တစ်ယောက်မှကို မရှိတော့ဘူးလေ။ အကြောင်းစုံကို သိနေတာလည်း ပါတော့ တခြား သူတောင်းစားတွေကို မပေးချင်ရင်နေမယ်၊ ဒီအဖွားကြီးကျတော့ အိပ်ကပ်ထဲ မပေးမဖြစ် ပါသမျှတွေ ပေးဖြစ်နေတာပဲ။ သူ့ဟာသူ ဘယ်နေရာပဲ သုံးသုံး၊ ကိုယ်ပေးတာတွေ တကယ်ပဲ အထောက်အကူ ဖြစ်သလား မဖြစ်ဘူးလား ဆိုတာလည်း ကျွန်တော်တို့ စိတ်မ၀င်စားခဲ့ဘူး။ အဖွားကြီးကို မြင်လိုက်ရင် စိတ်ထဲမှာ လှိုက်ခနဲ ဖြစ်သွားတယ်။
၁၀ နှစ်ခန့် ကြာပြီး နောက်ပိုင်း ဒီနေ့ မှတ်မှတ်ရရ ဒီဇင်ဘာ 23 ရက်နေ့ မင်္ဂလာဆောင် တစ်ခုသွားရင်း မြေနီကုန်းမှတ်တိုင်မှာ လိုင်းကားပေါ်က အဆင်း UNHCR ရုံးရှေ. လမ်းသွယ်လေး ဘေးနားမှာ ထိုင်နေတာ မြင်လိုက်ရတယ်။ သိဟောင်းကျွမ်းဟောင်း လူတစ်ယောက်ကို မြင်လိုက်ရသလို ခံစားချက်နဲ့အတူ ရင်ဘတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်။ အဖွားကြီးက မမှတ်မိနိုင်လောက်ပေမယ့် အိပ်ကပ်ထဲက ပါလာတဲ့ ပိုက်ဆံလေး ထုတ်ပေးရင်း ခဏ ဆောင့်ကြောင့် ထိုင်ရင်း စကားပြော ခဲ့မိတယ်။ "နေကောင်းအောင်နေ အဖွား" ဆိုတဲ့ စကားလောက်ပဲ ပြောပြီး အဖွားကြီးပြောသမျှတွေ ထိုင်နားထောင်ခဲ့တယ်။ အပေါ်မှာ မထိုင်နဲ့ ပြောလို့ လမ်းဘေးမှာ ဆင်းထိုင်နေရတာတဲ့။
ပလက်ဖောင်း ချိုင့်ခွက်လေးထဲမှာ အဖွားကြီးနဲ့ စကားထိုင်ပြောပြီး အထ ကျွန်တော့် ရှူးဖိနပ် ခွါကြီး ကွာကျသွားတယ်။ မင်္ဂလာဆောင်ဆိုတော့ ခပ်တည်တည် ရှိုးစမိုးထုတ်ချင်လို့ မစီးတာကြာပြီ ဖြစ်တဲ့ ဖိနပ်ကြီး စီးလာမိတာ။ စင်ကာပူမှာ ကတည်းက ၀ယ်ထားပြီး ၃ နှစ်တာ အချိန်ကာလကို ဖြတ်ကျော်ပြီးတဲ့ ဖိနပ်ကြီးက ဆွေးမြေ့နေပြီ။ ပစ္စည်းဆိုတာက ကြာလာရင် ဆွေးမြေ့တာပဲ။ ဆွေးမြေ့ပြီး သုံးမရနိုင်တော့ရင် လွှင့်ပစ် သံယောဇဉ် ဖြတ်လိုက် မိတာပဲ။ အရာဝထ္ထုတွေ ပစ္စည်းတွေက ကြာလာရင် လူတွေရဲ. မျက်ကွယ်ရာက်သွားမယ်။ ဆွေးမြေ့ ပျက်စီးသွားမှာ ဓမ္မတာပဲ။
၂၀၀၁ လောက်က အသက် ၈၇ ရှိနေတဲ့ အဘွားကြီးက အခုအထိ မသေနိုင်သေးဘူးဗျ။ သူ့ခမျာ သေချင်ပါတယ်ဆိုတာတောင်မှ မသေနိုင်သေးတဲ့ အဖွားကြီး.. သူ့နေရာဘက်ကို ကြည့်ရင် ဒုက္ခပေါင်း မြောက်များစွာနဲ့ တစ်ရက်ပြီးတစ်ရက် အသက်ရှင်နေရတာ..။ အခုအချိန် သူ့စိတ်ထဲမှာ ဘာတွေ ဆုတောင်းနေမလဲ။ ဘယ်လို ဆန္ဒတွေရှိနေမလဲ။ သေခြင်းတရား ကိုပဲ မျှော်လင့်နေဦးမလား။
မင်္ဂလာဆောင် သွားအပြီး ရန်ကုန်တက္ကသိုလ်၊ စိမ်းလမ်းစိုပြေနဲ့ အင်းလျားကို သူငယ်ချင်းတွေနဲ့ လျှောက်သွားဖြစ်တယ်။ ဒါပေမယ့် စိတ်ထဲမှာ ဖိနပ်ပျက်သွားလို့ မကောင်းတဲ့ ဖီလင်ရော၊ လျှောက်သွားရတဲ့ အပျော်ရော သိပ်မခံစားရဘူး။ အဲ့ဒီအဘွားကြီးဆီကို စိတ်က ရောက်နေမိတယ်။ ဖြစ်လေရာဘ၀မှာ အသက်ကြီးအရွယ်အို ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူညီခွင့်ရချင်ပါတယ်ဗျာ။ အိပ်ကပ်ထဲ ရှိသမျှလောက်ပဲ ထုတ်ပေးရင်း လစ်လျူရှု.ထားခဲ့ရတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး။

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
တောင်းတဲ့ဆုနဲ့ပြည့်ပါစေ.
ReplyDeleteကိုယ်တိုင်လည်း အဲ့ဆုကို
တောင်းနေမိတာပါ
ဒါပေမယ့်လည်းအခုချိန်ထိ
အိတ်ထဲပါတာလေးပဲလှူနိုင်သေးတော့လည်း.........