“ငါသာ ရှင်ဘုရင် ဖြစ်တော်မူခဲ့ရင်”
by Soe Min on Sunday, December 16, 2012 at 1:04am ·
ဘယ်စံနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း လူတွေရဲ့စိတ်ထဲမှာ မသိမသာရော သိသိသာသာပါ စွဲကျန်နေသေးတဲ့ ပုံရိပ်တစ်ခုကတော့ တိုင်းပြည်အုပ်ချုပ်တဲ့ အကြီးအကဲဆိုတာ ရှင်ဘုရင်ပဲ လို့ သဘောပေါက်ထားကြတာပါ။ သမ္မတကြီး ခေါ်ချင်ခေါ်မယ်။ ဥက္ကဋ္ဌကြီး တပ်ချင်တပ်မယ်။ ဒေါက်တာဘမော်တုန်းကလို အဓိပတိကြီး လို့ ထွင်ချင်ထွင်လိမ့်မယ်။ ဘယ်လိုပဲခေါ်သည်ဖြစ်စေ ဒီနိုင်ငံမှာတော့ သူပြီးရင် အကုန်ပြီးရမယ်။ သူ့နှုတ်ကထွက်တဲ့စကားဆိုတာ အမိန့်လို့ယူဆရမယ်။ မိန့်တော်မူတယ် လို့ သုံးလေ့ရှိတယ်လေ။ ခုခေတ်မှာတောင် မိန့်ကြားသွားပါကြောင်း သုံးနေသေးတယ်။ တိုင်းသူပြည်သားများဘက်ကလည်း သူဦးဆောင်ရာကို လိုက်ပါရမယ် ဆိုတဲ့သဘောရှိတယ်။ “ကိုယ့်ဘ၀ရဲ့ မီးအိမ်ရှင်ပါ။ ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ရှင်လေး၊ ကိုယ့်ဘ၀ရဲ့တန်ခိုးရှင်ပါ။ ကိုယ့်ဘ၀ရဲ့အားအင်ပေါ့။” လို့ ဆိုတေးသီချင်းထဲကလို မြှောက်ပင့်ပြီး ကိုယ်လိုချင်ရာကို ပူဆာရမှာပေါ့နော်။
အရင်တုန်းကလို သက်ဦးဆံပိုင် မဟုတ်တော့သော်ငြားလည်း အချုပ်အခြာအာဏာပိုင် လို့တော့ သတ်မှတ်ထားသေးတာပဲ မဟုတ်လား။
စံနစ်ဟောင်းကြီးကနေ စံနစ်သစ်ကို ဘယ်လိုပဲပြောင်းလဲလာသည်ဖြစ်စေ အကျင့်ဟောင်းတွေကလည်း မပြောင်းသေးပဲကျန်သေးတာတွေ အများကြီးပါ။ သတင်းစာများနဲ့တွေ့ဆုံတာတောင်မှ နမောတဿ သုံးကြိမ်မရွတ်ပဲ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင်ဆို ယဉ်ကျေးပျူငှာစွာ ရိုသေသမှုပြုကြတာ မြင်တဲ့အတိုင်းပဲလေ။ ပြောတော့သာ ဂျာနယ်လစ်တွေ ဘာဖြစ်တယ် ညာဖြစ်တယ် ဖွကြတာ။ ဆေးရုံလာရင်လည်း နမာ့စတေးလုပ်တဲ့ ဆရာဝန်ကြီးတွေရှိတာပဲ။ ကျောင်းသွားတော့လည်း ကလေးတွေကသာ “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ” လုပ်တာ မဟုတ်ဘူး။ ကျောင်းအုပ်ကြီးအပြင် ပညာရေးမှူးကြီးတွေပါ မကျန် ဆွာဒိခပ်လုပ်ကြသားပဲ။ ဒီစံနစ်ကြီးကို မကောင်းပါဘူး မဖြစ်သင့်ပါဘူး မဆိုလိုဘူးနော်။ ကိုယ့်ဘာသာကြည်ညိုလို့ကတော့ အိမ်ကမိန်းမ ခေါင်းပေါ်တင်ရှိခိုးလည်း သဘောရှိ။ ဒါဖြင့် ဘယ်သူက အတင်းအကျပ် ငါ့မရှိခိုးရင် ဘာလုပ်လိုက်ရ ညာလုပ်လိုက်ရ ပြောဖူးလို့လဲ။ ဟုတ်ပ။ ကျွန်တော်တို့ကိုက အပြင်မှာ အရှင်လတ်လတ်ကြီး မြင်လိုက်ရရင် မနေနိုင်မထိုင်နိုင်ကို ကြည်ညိုစိတ်တွေတဖွားဖွားနဲ့ လက်ဖ၀ါးလေးတွေက သံလိုက်နဲ့ဆွဲသလို ကပ်ကပ်သွားတာနေမယ်။ သက်ကြီးဝါကြီးမို့ သက္ကစ္စဂါရ၀အပြင်ကို ရာဆူဆူ ဗိုလ်လူခ၀ပ်စင်းဆိုတဲ့ ဘုန်းကံအရှိန်အ၀ါလည်း ပါတယ်လို့ ပြောရမလို ဖြစ်နေပြီ။ ကားဖြတ်မောင်းသွားတုန်းက ဘိနပ်နဲ့ကောက်ပေါက်တယ် ဆိုတဲ့လူကြီးတောင် လူချင်းတွေ့ရင်တော့ အော်မီတော်ဖော်လုပ်မိမလား မသိ။ (သားသားတော့ ပါသေးဘူးဗျ။ ဒီက ရှေ့တော်ပါး ခစားစေ အစားမျိုး ဟုတ်ဘူး။ “ဘော်သာခွာတူ ပုလဲဖြူ မြင်သားပေါ့သက်ဝေ” ဆိုတာမျိုးပဲ ရှိသေးတာ။) ဆိုလိုတာက လူလူချင်းတူပေမယ့်လည်း သူတို့နောက်မှာ ကိုယ်စားပြုထားတာက နိုင်ငံတော်ဖြစ်တဲ့အတွက်ကြောင့် အရှိန်အ၀ါချင်း ဘာမှမဆိုင်ဘူး။ တခြားစီပဲလို့ သဘောပေါက်ရမှာပါ။
တိုင်းသူပြည်သားတွေဘက်က အဲသလိုမတူခြားနားကြောင်း လက်ခံရသလိုပဲ သူတို့ဘက်ကလည်း လူထဲကလူ မဟုတ်ကြောင်း သက်သေပြ တာဝန်ယူရတာတွေ ရှိပါမယ်။ တောကကာလသားများ ဗျောက်အိုးဖောက်သလို “ဟုတ်ပေါင်။ ယောင်လို့။ ကန်တော့ ကန်တော့ ကြီးတော်ရေ။ အဲသလောက် ကွဲပြဲသွားမယ်မှန်း မသိလို့ပါ။” ဆို ဘွာခပ်လို့ မရဘူး။ တိုင်းသူပြည်သား လူအများတို့လေး ဆိုတဲ့ အမိန့်ကြေငြာစာတွေကို ခုစာလေးကြော် ခုဆီထမင်း ဇာတ်ထဲကလူပြက်တွေလို ပလောင်းပလဲ မပြုရဘူး။ “ညပ်ချွာဖျား။ ငါတော့ အားမကုန်ပဲ ပျားအုံကို တုတ်နဲ့ထိုးမိပြီ။ တံခါးလာခေါက်ရင် လူကြီးတွေ မရှိသေးဘူး။ အပြင်သွားတယ် လို့ ပြောလိုက်” ဆိုတာမျိုး ခေါင်းရှောင်နေလို့လည်း မရပြန်ဘူးခင်ဗျ။ လောကကြီး ရှင်ဘုရင်လုပ်ရတာ ဘယ်လောက်ခက်သလဲဆိုတာ ရှင်ဘုရင်လုပ်နေတဲ့သူတွေကိုယ်တိုင်က ကောင်းကောင်း မသိသေးတာ ခက်တာပဲနော်။ ဆရာမြို့မငြိမ်းရဲ့ ဘင်ဂျိုသံ သီချင်းထဲကလို “ငါသာ ရှင်ဘုရင် ဖြစ်တော်မူခဲ့ရင်..” ဆိုပြီး စိတ်ကူးတောင် မယဉ်ဝံ့ပါဘူး။ ဗိုလ်အောင်ဒင်ကြီးအသံနဲ့ “လွယ်သလား ခက်သလား ရာမ။ ပြောစမ်း။ လွယ်သလား ခက်သလား။ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဗိုလ်သင်တန်းတက်ရတယ်။” ဆိုတာချည့်ပဲ ကြားယောင်လာတယ်။ အဟုတ်။
တကယ်တော့ ရှင်ဘုရင်စံနစ်ဆိုတာ ကုန်လွန်ခဲ့တဲ့ အတိတ်သမိုင်းထဲက အုပ်ချုပ်ရေးပုံစံ အဟောင်းတစ်ခုပါ။ ဗုဒ္ဓ၀င်တွေထဲမတော့ ကမ္ဘာဦးအစ မဟာသမ္မတမင်းကြီးကတည်းက အုပ်ချုပ်သူလူတန်းစားဆိုတာ ရှိခဲ့တယ်။ သူများတွေကို စီမံအုပ်ချုပ်နေရလို့ သူ့ဘာသာရှာဖွေစိုက်ပျိုး မစားနိုင်တာကြောင့် အုပ်ချုပ်ခံလူတန်းစားတွေက အခွန်ဘဏ္ဍာ ဆက်သပေးကြရတယ်ဆိုတာနဲ့ စခဲ့ကြသတဲ့။ အနောက်နိုင်ငံကဘုရင်တွေကတော့ သူတို့ဟာ နတ်ဘုရားတွေက တိုက်ရိုက်ဆင်းသက်လာတဲ့၊ လူတွေကို အုပ်ချုပ်ဖို့ အခွင့်အာဏာကို နတ်ဘုရားများက အပ်နှင်းထားတဲ့ လူတန်းစားတစ်မျိုး လို့ ယူဆကြတယ်။ ခရစ်ယာန်တွေလည်း ဒီလိုပဲ။ လောကကို ဘုရားသခင်ဖန်ဆင်းတယ်။ လောကသားတွေကို အုပ်ချုပ်ဖို့ အခွင့်အာဏာကို ဘုရားသခင်မှတဆင့် ဘုရင်မင်းမြတ်ကို အပ်နှင်းတယ်လို့ ယုံတယ်။ တရုတ်တွေလည်း ဒီအတိုင်းပဲ။ ရှင်ဘုရင်ဆိုတာ မိုးကောင်းကင်က ခွင့်ပြုထားတာ။ ဒါကြောင့် ကောင်းကင်ရဲ့အလိုတော်ကို လူတိုင်း လိုက်နာကြရမယ် လို့ ရေးကြတယ်။ သဘောကတော့ အုပ်ချုပ်ရေးအာဏာကို ကိုးကွယ်ယုံကြည်မှုနဲ့ ပူးချည်ထားလိုက်တော့ အလိုလိုနေရင်းကို အုပ်ချုပ်သူတွေက ရှိခိုးကန်တော့ခံ ကြီးမြတ်သော လူတန်းစား ဖြစ်မသွားပါလား။ ဒီလိုနဲ့ပဲ သူတို့တတွေဟာ လူချင်းတူပေမယ့် အသက်ရှူချင်းကွဲတဲ့မျိုးရိုး၊ သားစဉ်မြေးဆက် သွေးကလေးစပ်လိုက်ရုံနဲ့ သူများအပေါ်အုပ်ချုပ် မင်းလုပ်နိုင်တဲ့ မျိုးရိုး လို့ ယူဆလက်ခံလာကြတယ်။ (အင်္ဂလိပ်တွေကဆို တော်ဝင်သွေးဆိုတာ သူများတွေလို အနီရောင် မဟုတ်ဘူး။ အပြာရောင် လို့ဆိုပြီး အိုဗာတင်းသောက်ကြသေးတယ်)။
သေသေချာချာ စဉ်းစားကြည့်ရင် ရှင်ဘုရင်လုပ်တယ်ဆိုတာ တော်တော်ကို မနိပ်တဲ့ အသက်မွေးဝမ်းကျောင်းကြီးပါဗျာ။ မောင်းမမိဿံ မိဖုရား အလန်းဇယားလေးတွေကို အလုပ်ချိန်ပြင်ပမှာမှ တွေ့ခွင့်ရတာ။ တစ်နေ့တစ်နေ့ ၀န်အိုအမတ်အိုများနဲ့ တစ်နိုင်ငံလုံးက ခေါင်းစားစရာ မှန်သမျှကို အမွှေဇယားခင်း သိုင်းကွက်နင်းနေရတာ။ အနားရှိသမျှကလည်း ဘယ်သူ့မှ ယုံလို့ရတာမဟုတ်။ လစ်ရင်တွယ်ဖို့၊ အရောက်ပို့ဖို့ စောင့်နေတဲ့သူတွေချည့်ပဲ။ အခေါ်အပြောကတော့ ညက်လွန်းလို့ ရွှန်းရွှန်းဝေ။ ကျောမချမချင်း ဓါးပြမှန်းသိကိုမသိရဘူး။ အတွင်းရေးမှူးလှလှလေးတွေက ပို မယုံရသေး။ (ငါ့ရဲ့အထဲထဲက…. အတွင်းခံ ဆို တရားရုံးမှာ သက်သေတင်တတ်တယ်) ယောင်္ကျားဖောင်စီး မိန်းမမီးနေဆိုတာ ရှင်ဘုရင်အိပ်နေသလောက်ရှိတာ။ သူ့ခမျာ အနား လူတစ်ယောက်ကပ်လာတိုင်း သင်္ချိုင်းကိုတစ်ခါ မျက်စောင်းထိုးနေရတဲ့ဘ၀။ (မယုံ အိုဘားမားနဲ့ပါလာတဲ့ MIB ကြီးတွေကို မေးကြည့်ပါလား။ လက်တစ်ကမ်းမပြောနဲ့ သေနတ်တစ်ပစ်စာတောင် စိတ်ချရတာ မဟုတ်ဘူး)။ ကရိကထများလိုက်ပုံများလည်း ပြောမပြောချင်။ ကိုယ့်ရေကိုယ်သယ်မလာနိုင်ရင် ဘယ်ကဖန်ပြာခွက်နဲ့ ကျောက်စက်ရေကိုမှ တမော့တကျိုက် သောက်လိုက်ဖို့ မစဉ်းစားလေနဲ့။ ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ဆိုတာ ဘာဟုတ်သေးလဲ။ သူတစ်ယောက်တည်းရဲ့ ဝေယျာဝစ္စ၊ လုပ်ငန်းဆောင်တာများကို စီမံရန်အတွက် သမ္မတရုံးဝန်ထမ်းဦးရေ သုံးသောင်းကျော်ခန့်ထားပါတယ်လို့ သိမီသူတစ်ယောက်က ပြောတဲ့အခါ ယုံတောင် မယုံနိုင်ဘူး။ (မယုံရင် ပုံပြင် အဲလေ အမေကြီးကားမှာလို့ မှတ်လိုက်ပါ ပိတ်သတ်ကြီးရယ်)။
ရှင်ဘုရင့်ယောက်ဖ နန်းတော်အောက် ခွေးကြည့်ခိုင်းတဲ့ပုံပြင်ကို လူတိုင်းကြားဖူးပါလိမ့်မယ်။ အမမျက်နှာတစ်ခုလုံး ထောက်ထားစရာရှိနေမှတော့ဗျာ။ သူ့ဘာသူ ဘယ်နှစ်ခေါက်ကြည့်ကြည့်ပေါ့။ ပင်ပန်းမှာစိုးရင် CCTV ကင်မလာလေးတပ်ထားပေးလိုက်ရုံပဲ။ ဒါပေမယ့် ကိုယ်တိုင်ရှင်ဘုရင်နေရာမှာ ရောက်နေရင်တော့ ချက်ဆိုနားခွက်မီးတောက်ရုံနဲ့လည်း အလုပ်မဖြစ်သေးပါဘူး။ နှစ်ကွက်သုံးကွက်လောက် ကြိုတွက်မထားနိုင်ရင် ရှင်ဘုရင်တန်မဲ့ ခွေးအခါခါ ဆင်းကြည့်ရတဲ့အဖြစ်ထက် ဆိုးပါတယ်။ ပြဿနာတစ်ခုဖြစ်လာတယ်။ ရွှေနားတော်ပေါက်ကြားလာပြီဆိုကတည်းက ငယ်သောအမှုကြီးခဲ့လို့။ “သည်လိုအဖြစ်အပျက်မျိုး ရှိတယ်။ ဟုတ်လား။” ဆို လူလွှတ်ပြီးအကြည့်ခိုင်း။ အကြောင်းစုံ သံတော်ဦးလာတင်တဲ့အချိန်ဆိုရင် ဟိုကအမှုက ပိုကြီးနေပြီ။ အဆိုတင်သွင်းခွင့်ပြု၊ လက်ခံဆွေးနွေး၊ အကြံပြုချက်ရယူ၊ အဖြေတစ်ခုခုရလာတဲ့အခါကျတော့ ဟိုကရောဂါကျွမ်းနေပြီ။ ဒီဆေးနဲ့မတိုးတော့ဘူး။ အထူးအရေးပေါ်အစည်းအဝေးနဲ့မှဖြစ်တော့မယ်။ ခြင်ကိုက်နေတယ်။ ခြင်ကိုက်နေတယ်။ ယားနေပြီနော်။ ယားနေပြီ။ ရိုက်ချင်နေတယ်။ ရိုက်ချင်နေတယ်။ ကန့်ကွက်ရန်မရှိ။ ကန့်ကွက်ရန်မရှိ။ ရိုက်ခွင့်ပြုသည်။ ရိုက်ခွင့်ပြုသည်။ လာလေ့။ ဖြန်း။ ဆိုတော့ ခြင်က မရှိတော့ဘူး။ ရှင်ဘုရင်ဆိုတာ ဘာမဆို ကြိုတင်မြှော်မြင်ထားနိုင်မှ တိုင်ပင်ကိုက်ရုံလောက်ရှိမှာပါ။ (ဒါကြောင့်လည်း တို့မင်းတြားများအဆက်ဆက် ဗေဒင်ဆရာတွေကို လက်မလွှတ်ခဲ့တာပေါ့ကွယ်။ ငှဲလျောင်း ငှဲလျောင်း)
ဘယ်ရှင်ဘုရင်တွေ ဘယ်လောက်ပဲ ရင်ဝယ်သားလိုသဘောထား အုပ်ချုပ်သွားသည်ဖြစ်စေ၊ ဘာသာရေးအဆုံးအမအရ ယေဘုယျအားဖြင့် ယူဆထားကြတာကတော့ ရန်သူမျိုးငါးပါးထဲမှာ တတိယနေရာမှာ အမြဲထားခဲ့ကြတာ စဉ်းစားစရာကောင်းပါတယ်။ သူ့နောက်ကနှစ်ပါးဆို ဘာထူးလို့လဲ။ အတူတူပဲလေ လို့တောင် ရောရောချနေကြသေး။ ဘာဖြစ်လို့လဲဆိုတော့ ရာဇတောဝါဆိုတာ ဗျဿနတရားငါးပါးလုံးကို တဘရိတ်တည်းပေးနိုင်တာကိုး။ (ပါဠိလိုတွေညှပ်ညှပ်ပြီး ကမ္မ၀ါဖတ်တော့မယ် ထင်မနေနဲ့နော်။ အဲဒါ သြကာသ level ခင်ဗျ)။ အဲဒီသဘောတရားကို ဆင်ခြင်နိုင်တဲ့ ရဟန်းသံဃာများကတော့ သမိုင်းစဉ်တလျှောက် ထီးရေးနန်းရာနဲ့ မကင်းသော်ငြား ကွာကွာကလေးတော့ နေခဲ့ကြတာပ။ ဘာသာရေးအဆုံးအမ သွန်သင်ရုံ ဆရာဒကာဆက်ဆံရေး၊ ရဟန်းရှင်လူ ပြည်သူအများငြိမ်းချမ်းရေးကျမှသာ မလွှဲမရှောင်သာ ပါဝင်လေ့ရှိကြတယ်။ ဒီနေရာမှာ စံနမူနာ ဥပမာပြချင်တာကတော့ ရှင်ဒိသာပါမောက် နဲ့ ပံ့သကူ မထေရ်ကြီး နှစ်ပါးပါ။
ဘာသာမတူ လူမျိုးခြားတဲ့ ကျူးကျော်သူတွေရဲ့ရန်ကို သံခင်းတမန်ခင်းနဲ့ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သာသနာ့အာဇာနည်အဖြစ် သမိုင်းမော်ကွန်းအတင်ခံရတဲ့ ရှင်ဒိသာပါမောက်ဟာ ဓုတင်ဆောင် ပံ့သကူမထေရ်ကြီးနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အားဖြင့် သိပ်ကွာခြားမှု ရှိမယ်မထင်ပါဘူး။ ပံ့သကူမထေရ်မြတ်လည်း ညီနောင်နှစ်ပါးအကြား စစ်မက်ဖြစ်ပွားလို့ ပြည်သူတွေ ထောင်းထောင်းမကျေရလေအောင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးခဲ့တဲ့သံဃာတော်တစ်ပါးပဲ မဟုတ်လား။ သို့သော်လည်း သူအာမခံလို့ စေ့စပ်ပေးထားတဲ့ဘုရင်က “နောင်တော်ဘုရားကို လက်ဖျားနဲ့တောင် မတို့ပါဘူး။” ဆိုတဲ့ကတိကို လက်တစ်လုံးခြားလုပ်ပြီး အဆိပ်ကျွေးသတ်လိုက်ပါတယ်။ အာဏာအတွက် ဘာသာကို ခုတုံးလုပ်သူများနဲ့တွေ့ရင် ဘုန်းကြီးတို့ဘ၀က ဓါးခုတ်ရာ လက်ဝင်လျှိုမိတဲ့အဖြစ်ထက် ဆိုးသလေ။ မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက်တွေနဲ့တွေ့ရင် ရှားမီးခဲတွင် ရဲရဲငယ်ကင် အကျွန်မမြင်ဝံ့ပြီတကား ဖြစ်သွားမှာကိုး။ သူ့ခေတ်တုန်းက ဘုန်းဘုန်းလည်း ဟိုကံကိုဆောင်ပေမယ့် အင်မတန်အာဏာမက်တဲ့ဘုရင်က လက်ဖျားနဲ့တောင် မထိရဲပါဘူး။ “တပည့်တော်လှူတဲ့ဆွမ်းကိုမစားချင်ရင် တပည့်တော်တိုင်းပြည်ထဲလည်း မနေနဲ့ပေါ့။ ဒီတိုင်းပြည်မှာ ဘယ်သူ့အိမ်ကဆွမ်းဖြစ်ဖြစ် တပည့်တော်ကပ်တဲ့ဆွမ်းနဲ့ အတူတူပဲ” လို့သာ ကပ်သီးကပ်ဖဲ့ လျှောက်တင်ပါတယ်။ တကယ်တမ်း ကိုယ်တော်ကပြန်ကြွမယ်ပြင်တဲ့အခါ တောင်းပန်ကန်တော့လို့ ပြန်ပင့်ဆောင်ကိုးကွယ်ပါသတဲ့။ ရန်သူမျိုးငါးပါးဆိုတာကြီးက ဘယ်သူမှ ကင်းလို့ရတာလည်း မဟုတ်။ သတိတရားနဲ့ ချဉ်းကပ်နိုင်မှ တန်ကာကြမယ်။ အကိုင်မတတ်ရင် တိုင်ပတ်သွားတဲ့အမျိုးလို့ ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်။
ဘုရင်စံနစ်ရှိတဲ့ ဘယ်နိုင်ငံမဆို နန်းစံသူလွန်ခဲ့ရင် ဘယ်သူ့ကိုနန်းလျာထားမှာလဲဆိုတာကလည်း အမြဲပြဿနာရှိခဲ့ပါတယ်။ လိင်မှုဆိုင်ရာခွဲခြားဆက်ဆံမှုက အဲဒီမှာကို လက်ပူးလက်ကြပ်မိတော့တာ။ ဘုရင်ကမွေးတာချင်းအတူတူ သားယောင်္ကျားလေးတစ်ယောက်ရဲ့ အလားအလာနဲ့ သမီးမိန်းကလေးတစ်ယောက်ရဲ့ အလားအလာက မိုးနဲ့မြေလောက် ကွာတယ်။ အင်္ဂလန်က အဋ္ဌမမြောက်ဟင်နရီဆိုရင် အဲဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ ထင်တိုင်းကျဲခဲ့တာ မိဖုရားခေါင်း ခြောက်ခေါင်းပြုတ်သွားပြီး အင်္ဂလိကန်ကျောင်းတော်ဆိုပြိး ခရစ်ယာန်ဂိုဏ်းကွဲတစ်ခုတောင်ပေါ်လာတယ်။ အပြီးသတ်ကြတော့ သူ့သမီး အယ်လစ်ဇဘက်ကပဲ ဘုရင်မအဖြစ်နဲ့ နန်းတက်လာရတယ်။ သားယောင်္ကျားလေး အများအပြားမွေးနိုင်တဲ့သူများကျတော့လည်း တစ်မျိုး ပြဿနာပေါ်ပြန်တာပဲ။ အလောင်းမင်းတရားဦးအောင်ဇေယျဟာ တိုင်းပြည်ကို စတင်စည်းရုံးစဉ်ကတည်းက သားကြီးများ လက်ရုံးအားကိုး၊ သွေးသောက်ရောင်းရင်းများ သစ္စာတော်ခံအားကိုးနဲ့ စိတ်သွားတိုင်းကိုယ်ပါလာခဲ့ရာက သူလွန်တဲ့အခါ သားတော်များ အစဉ်လိုက်နန်းစံရစ်စေလို့ အပ်ချမတ်ချ စီမံသွားခဲ့တာတောင်မှ မသာတော် ရွှေဘိုပြန်မရောက်သေးဘူး။ မြေဒူးမင်းသားက သစ္စာပေးလို့ နောင်တော်ကြီးနဲ့အကြားမှာ အက်ရာထင်ခဲ့ပါတယ်။ ကြီးသူကခွင့်လွှတ်လို့ ပြေလည်ခဲ့သော်ငြားလည်း နောင်တော်ကြီးလွန်လို့ သူကိုယ်တိုင် နန်းလျာထားရမယ့်အခါကျတော့ မင်းမှာသစ္စာ လူမှာကတိတွေ အသာထား။ ညီအကိုဆိုတာ သားအဖလောက် မရင်းဘူးလို့ သဘောထားတဲ့အတွက် ညီတော်တွေအကုန် အိမ်နိမ့်ချထားပြီး သားတော်စဥ့်ကူးမင်းကို အရိုက်အရာခံစေပါတယ်။ မြေဒူးကမွေးတဲ့ စဥ့်ကူးကမှ မင်းဖြစ်နိုင်သေးရင် နောင်တော်ကြီးကမွေးတဲ့ မောင်မောင်ကရော ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုနဲ့ ထီးနန်းကိုလုပ်ကြံတော့ သူလည်းပဲ ခုနှစ်ရက်စံ ကုန်းဘောင်မင်းဆက်တစ်ပါး ဖြစ်ခဲ့ရသေးတာပေါ့။ သားတစ်ရာလောက်မွေးထားတဲ့ မင်းတုန်းမင်းကြီးကျတော့ သူ့ဘာသူတောင် ဘာလုပ်ရမှန်းမသိတော့ဘူး။
ပါတော်မမူမချင်း ကျက်ခဲ့မှတ်ခဲ့ရတဲ့ သမိုင်းတွေကတော့ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တယ်၊ ဘုရင်နတ်ရွာလားရင် သူ့သွေးသားတွေထဲက တစ်ယောက်ယောက်က ထီးမွေနန်းမွေ ဆက်ခံတယ် ဆိုတဲ့အချက်တွေက သစ္စာတရားလို ခိုင်မြဲနေတာပါ။ ပါတော်မူသွားတာ အဲသည်လောက်ကြီး ကြာတော်မူခဲ့တာတောင်မှပဲ ဗိုလ်ချုပ်ကို လုပ်ကြံရင် ၀န်ကြီးချုပ်ပြန်ဖြစ်နိုးနိုး၊ ကင်ဂျုံအန်းလေး တစ်ယောက်လောက် ပျိုးထောင်လို့ရနိုးနိုး၊ အတွေးတွေကိုတော့ ခေတ်နောက်ပြန်ဆွဲတယ်လို့ မပြောရင် ဘယ်လိုပြောရပါ့မလဲ။ “ခေတ်နောက်ပြန်ဆွဲရတာ ကြာပါတယ်ကွာ။ ရဲဘော်တို့။ နောက်လှည့်။ အမြန်လျှောက်။” ဆိုတာမျိုး ရှိမလာခဲ့ရင်တော့ နောက်တက်မယ့် လိစ္ဆ၀ီမင်းများဟာ နန်းစံသက်ငါးနှစ်ကုန်တဲ့အခါ ဘယ်သူ့ကို နန်းလျာထားမှာလဲဆိုတဲ့ကိစ္စကို ကြိုတွေးမထားရင် ဗိုလ်နာလာတော့မှ ဖြစ်ကတတ်ဆန်း အိမ်သာဆောက်နေတဲ့ဘ၀မျိုး ရောက်ပါလိမ့်မယ်။ ဘာပူစရာရှိလဲ။ ဘအသက် အငယ်လေးရှိသေးတာ။ နောက်နှစ်ခါ တန်ဆောင်မုန်းလည်း ပွဲကြည့်ဦးမှာ လို့ အားခဲထားလည်း သဘောပေါ့ဗျာ။ ဒါပေသိ ပြဿနာက နောက်မျိုးဆက်မမွေးတဲ့ ပြဿနာ မဟုတ်ပါဘူး။ မွေးလွန်လွန်းလို့ ခက်နေတာ။ ဆင်ဖြူမရှင်ကြီး သီပေါနန်းတင်သလို ဓါးထမ်းပြီးတင်ပေးခဲ့ချင်တာလေ။ အရေးကြီးတာက ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်မခြောက်ဖို့ အဓိက။ ကိုယ့်အတွက် ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်းအကျိုးငှာတစ်ခုတည်းကို ပြင်ဆင်ကာကွယ်နေရင်တော့ အရင်းလဲတဲ့တနေ့ အဖျားလည်း အလိုလို ထင်းဖြစ်ရဦးမှာပဲ။
လှံဖျား ပုစဉ်းနားတော့ ကျီးကန်းချေးပါဆိုသလိုပဲ သူတို့ဟာသူတို့ နန်းတွင်းအရေးတော်ပုံတွေ နိုင်ငံရေးကျားကွက်ကစားကြတာ ကိုယ်နဲ့အနေသာကြီးဆိုပေမယ့် မတွေ့တာကြာသူကြီးတစ်ယောက် ပရက်ရှာတွေများလွန်းလို့ ဂေါက်သွားမလား ပူမိတာကြောင့် သူ့နေရာက၀င်ပြီး ခေါင်းစားကြည့်မိတာပါ။ သတိတရရေးတဲ့ လွမ်းစာလို့ပဲ ဆိုချင်ဆိုလိုက်ပါတော့။ ကိုယ်သာ သူ့နေရာမှာဆိုရင် ဘာလုပ်မလဲ။ “ငါသာရှင်ဘုရင်ဖြစ်တော်မူခဲ့ရင် နားငြီးတော်မူတယ် မောင်မင်း။ နားငြီးတယ် မောင်မင်း။” ဆိုတဲ့ ဘင်ဂျိုသံသီချင်းကလေးကို ဆန္ဒဖော်ထုတ်တဲ့သူတွေရှေ့ သွားဖွင့်ပြရကောင်းမလား။ ရဲစခန်းရှေ့ ရောက်တဲ့အခါ “ဘယ်လိုစီရင်မယ်ဆို ဒီလိုလုပ်ချင်တယ်။ အပျိုတော်တွေ လာကြ။ လက်မလွတ်စေနဲ့ကွယ်။ ဘယ့်နှယ် ၀ိုင်းမယ်။ ဒီ့နှယ် ၀ိုင်းမယ်။ ဖိုးတီးချင်တော့ ဖိုးတီးချင်တော့ သေရှာပေရော့ကွယ်။ ဟဲ့ကောင် မပြေးနဲ့။ ဖမ်းပြီး ကလိုးထိ။ ဖမ်းပြီး ကလိထိုး။ အလယ်လယ် အမလေး ယားပါတယ်။” အဲဒီသီချင်းပိုဒ်ကလေးကို ထပ်ကာထပ်ကာ ဒီဂျေပွတ်ပေးရရင် ကောင်းမယ်နော်။ နောင်ကျသပိတ်စခန်းဖြိုခွင်းခြင်း နည်းဗျူဟာတွေထဲမှာ နံပါတ်စဉ်ဘယ်လောက်က ထည့်ရင်ကောင်းမလဲ လွှတ်တော်ကျရင် ရက်ပါကိုကိုလေးက အဆိုတင်သွင်းပေးပါလားကွယ်။ ကဲ သီချင်းရှိတဲ့သူတွေ အောက်ကကွန်မန့်ထဲမှာ ရှဲပေးကြပါဦးဗျာ။ တီးမယ့်သူရှိလို့ကတော့ သားသားကိုယ်တိုင် ဆိုပြလိုက်ချင်သေး။ ဟေး ဟေး။
0 comments:
Post a Comment