“ချီကာကုန်”
by Soe Min on Saturday, December 1, 2012 at 5:55am
“စကြာမင်းဘုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ” တဲ့။ မစ္စတာပရက်စီးဒင့်ကြီးက လွှတ်ကို ဘုန်းကြီးပါပေတယ်။ နေ့တ၀က်သာသာကလေး ခြေချသွားရုံနဲ့ ကျုပ်တို့ ရန်ကုန်ရွှေမြို့တော်ကြီးဟာ ချီကာဂိုမြို့ကြီးနဲ့ နင်လားငါလား ပြောင်းလဲသွားရော့သလား မှတ်ပါတယ်ဗျာ။ စင်္ကာပူကို မီအောင် ကြိုးစားမဟဲ့ဆိုတဲ့ လူကြီးတောင် နောက်ကောက်ကျွမ်းပြန်ကျသွားပါပေါ့။ အိုဗာတင်းသောက်နေတယ် မထင်ပါနဲ့။ အဟုတ်ပြောတာပါ။ အပြင်ပန်းသဏ္ဍာန်မှာ မီးမလာတာ၊ ရေမြောင်းလျှံတာ၊ ကားလမ်းပိတ် တာတွေက အရင်ကနဲ့ ဘာမှမထူးဘူးဆိုပေမယ့် ရန်ကုန်သူရန်ကုန်သားတွေရဲ့ စရိုက်သဘာဝကတော့ ချီကာဂိုမြို့ကြီးသားတွေနဲ့ ရင်ဘောင်တန်းလို့ လိုက်နိုင်တဲ့အပြင် သာတောင် သာချင်သေး။ (ခုလောက်ဆို နိုင်ငံတကာအဆင့်မီ ရန်ကုန်သားတွေအတွက် နိုင်ငံတကာအဆင့်မီ အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့် နဲ့ လက်နက်ပစ္စည်းအပြည့်အစုံတောင် ပြင်ဆင်ထားပြီးလောက်ပြီ။
နိုင်ငံတကာအဆင့်မီ ကြေညာချက်၊ ကြေညာချက် ရုတ်သိမ်းချက်၊ ၀န်ချတောင်းပန်ချက်တွေတောင် ရယ်ဒီ) လျှာအရိုးမရှိတိုင်း ပေါက်တတ်ကရ ပြောတယ်ထင်မှာစိုးလို့ သက်သေသက္ကာယကလေးနဲ့ ရှင်းပြမယ်နော်။ အခုပြောတဲ့ “ချီကာဂို” ဆိုတာ ကက်သရင်းဇီတာဂျုံးကြီး အော်စကာဆုရသွားတဲ့ ကမ္ဘာကျော် ဂန္တ၀င်တေးသံစုံ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ပြောတာပါ။ ကြည့်ဖူးတဲ့သူတွေဆို တစ်ခွန်းတည်းနဲ့ ဘာပြောချင်သလဲ တန်းကနဲ ဓါတ်ပေါက်သွားပေမယ့် မကြည့်ရသေးသူ၊ မေ့နေသူများအတွက် အဲဒီအထဲက ဇာတ်ကောင်စရိုက်ကလေးတွေနဲ့ ဇာတ်ကြောင်းကလေးတွေ ပြန်ပြမယ်နော်။ ဒီအခါ ကိုယ့်ဆီကလူတွေကို မျက်စိထဲ ပြေးပြေးမြင်လာလိမ့်မယ်။
ရစ်ချတ်ဂီးရာ၊ ကက်သရင်းဇီတာဂျုံး နဲ့ ရီနေးဇဲလ်ဝက်ဂါတို့ ခေါင်းဆောင်ပါဝင်တဲ့ အဲဒီရုပ်ရှင်ဟာ အော်စကာဆုတွေ အများကြီးရခဲ့ပြီး တေးသီချင်းပေါင်းမြောက်များစွာပါဝင်တဲ့ အမေရိကန်ပြည် ချီကာဂိုမြို့ကလူတွေရဲ့ စရိုက်ကို သရော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သီချင်းကလေးတွေနှစ်သက်သလို သရော်မော်ကားစာတွေရေးလေ့ရှိတဲ့ ကိုယ့်လိုလူအတွက် အသည်းစွဲဇာတ်ကားတစ်ကား ဖြစ်တယ်ဆိုတာ အံ့သြစရာ မကောင်းပါဘူး။ မကြာခဏဆိုသလို အဲဒီကားထဲက သီချင်းတွေကို ယူကျုမှာ ရှာပြီး နားလည်းနားထောင်၊ ရှဲလည်းရှဲပေးဖူးတယ်။ အဲဒီရုပ်ရှင် မတိုင်ခင်ကတည်းက ဒီဇာတ်လမ်းဟာ သူတို့ဆီက ပြဇာတ်ရုံတွေမှာ တေးသံစုံ ဇာတ်မြူးကြီးအဖြစ် အစဉ်အဆက် ကပြလာခဲ့ကြတဲ့ နံမည်ကျော် အနုပညာတစ်ရပ်ဖြစ်ခဲ့ပြီး သူတို့ဆီက ကျောင်းကပွဲတွေမှာ ကပြလေ့ရှိတဲ့ မိတ်အင်ယူအက်စ်အေ ရှိတ်စပီးယားပြဇာတ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဖူးခက်ကိုရောက်တုန်းက “Simon Cabaret Show” ဆိုတဲ့ သူတို့ဆီက နံမယ်ကြီး မိုးကြိုးပစ်မယ့် ငှက်ငယ်ကလေးများကပွဲမှာလည်း အဲဒီရုပ်ရှင်ထဲက “All that jazz” ဆိုတဲ့ သီချင်းကို ကက်သရင်းဇီတာဂျုံးကြီး ကသွားတဲ့အတိုင်း တသွေမတိမ်းတူအောင် ခမ်းခမ်းနားနား ကပြသွားတာကို ရင်သပ်ရှုမော ကြည့်လိုက်ရတယ်။ ဒီရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်ထဲဝင်ဝင်ကြည့်မိတဲ့အခါ အဲဒီဇာတ်ကားထဲက ဇာတ်ကောင်တွေကို လူစေ့တက်စေ့ မြင်မြင်လာလို့ ထုံးစံအတိုင်း သီချင်းကလေး တကျော်ကျော်နဲ့ မမ်မရီရီကောလေး လုပ်လိုက်ကြရအောင်ဗျာ။
ဇာတ်အိမ်တည်ထားတာကတော့ ဂျပ်စ်တေးဂီတတွေ အလွန်ခေတ်စားကောစ ၁၉၆၀ ၀န်းကျင် အမေရိကန်ပြည် ချီကာဂိုမြို့က စပါတယ်။ နံမယ်ကျော် ကဇာတ်ရုံကြီးတစ်ခုမှာ သည်းသည်းလှုပ်နံမည်ကြီး မင်းသမီးကလေးနှစ်ယောက် ပွဲစချိန်ထိ ရောက်မလာသေးလို့ ဇာတ်အဖွဲ့သားတွေ ဖင်ထိုင်မကျ တကြွကြွမျှော်နေတုန်း မရွှေချောက သုတ်သီးသုတ်ပျာ စင်ပေါ်တက်လာပြီး ကန့်လန့်ကာဖွင့်ခိုင်းလိုက်ပါတယ်။ ဆိုတဲ့သီချင်းက All that Jazz ပါ။ အဲဒီတုန်းက ဂျပ်စ်တေးဂီတဆိုတာ အခု စန္ဒီမြင့်လွင်တို့၊ ဂျေးမီတို့ ထက်ထက်တို့ ဟစ်ဟော့ဆိုသလို ခေတ်အစားဆုံးသီချင်းတွေဖြစ်ပြီး လူပုံစံကလည်း အလန်းလွန် အလွန်လန်းခင်ဗျ။ လက်လက်ကိုထလို့ လို့ ပြောရမယ်။ ချီကာဂိုရဲ့ အသည်းနှလုံး ပြုံးအလှပိုင်ရှင်ကလေးပီပီ၊ ညှို့မျက်ဝန်းကြီးတွေနဲ့ ဖမ်းစားလို့ ဖော်တန်ဖော် ကျော်တန်ကျော်၊ ကြော့ကြော့မော့မော့ ကော့တော့ကော့တော့ နဲ့ ကသွားလိုက်တာ အော်စကာပေးပွဲကျ ဗိုက်ကြီးတကားတကားနဲ့ တက်လာတော့မှ ဟင် အဲဒီအခန်းရိုက်တုန်းက ကိုယ်ဝန်ကြီးနဲ့ပေါ့ ဆိုတာတောင် မယုံနိုင်အောင် ဖြစ်ကြရသတဲ့။ မာမီတွေတောင် လိုက်ကယူရတယ်ဆိုကတည်းက သဘောပေါက်လိုက်တော့နော်။ အဆင်တော့ချောသွားသား။ ဒါပေမယ့် အစောမချင်ဘူး။ အမှန်က အဲဒီအခန်းက သူနဲ့အတူ အမွှာညီအမနှစ်ယောက် ကရမှာလေ။ ခုတော့ တစ်ယောက်တည်း နှစ်ကိုယ်ခွဲကြဲသွားရတာ သူ့ခမျာ ဖတ်ဖတ်ကိုမောလို့။ ဟိုတစ်ယောက်က ဘယ်ရောက်သွားလို့လဲ။ ဘယ်သူမှလည်း မသိလိုက်ကြပါလား လို့ မထင်နဲ့။ သိလွန်းလို့။ ဟိုမှာ သီချင်းတောင် မဆုံးသေးဘူး။ ပြည်သူ့ဝိုင်းတွေက ရဲကုန်ပြီ။ ဆီဇာရီယိုဟော်တယ်မှာ ညီမလေးနဲ့ ယောင်္ကျားနဲ့ နှစ်ပါးသွားတာ မိသွားလို့ သူကိုယ်တိုင် နှစ်ယောက်လုံးကို ပစ်သတ်ပြီးမှ စင်ပေါ်တက်လာပြီး သွေးအေးအေး ကနေတာကိုး။ နဂိုကမှ ဆယ်လီဗျစ်တီပါဆိုနေ။ အခု နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ရဲကလာဖမ်းပတဲ့။ ၀က်ဝက်ကွဲကို နံမည်ကြီးတော့တာ။ နောင်ကျတော့ သူ့ကို “အဲဒီညတုန်းက တို့လည်း အားပေးနေသေးတယ် သိလား။” လို့ ပြောတဲ့အခါ “မင့်ချည့်ပဲ ထင်မနေပါနဲ့။ ချီကာဂိုမြို့တ၀က်လောက်ပါပါသေးတယ်။” လို့ ချေပလိုက်သေး။ တို့ဆီမှာလည်း ဇာတ်လမ်းတောင် မရိုက်ရသေးဘူး။ မှုခင်းဂျာနယ်ထဲမှာ ကော်လံပြည့်ပါလာတဲ့ အလှအပကလေးတွေ ရှိလာပြီ မဟုတ်လား။ “ဥပဒေဘောင်အတွင်းကဆိုရင် ဘာတွေပဲ ကူညီရ ကူညီရ” ဆိုတဲ့ ကူညီပါရစေ ဒယ်ဒီကြီးတောင် နံမည်ကို ကြီးလို့။
အဲဒီညက ဗယ်လမာကယ်လီကို လာမဖမ်းခင် အားကျလွန်းလို့ စိတ်ကူးတွေယဉ်ပြီး ကြည့်နေခဲ့တဲ့ ပရိသတ်ထဲမှာ ရောက်ဆီဟတ် လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်လည်း ပါပါတယ်။ တနေ့ကျရင် စင်ပေါ်မှာ အဲလိုပဲ ကလိုက်ရရင် သေပျော်ပါပြီဆိုတဲ့ အိပ်မက်တွေ အပြည့်နဲ့ပေါ့။ သူတို့ အမေရိကားမှာလည်း တို့ဆီနဲ့ သိပ်မထူးပါဘူး။ ၀မရှိပဲ ၀ိလုပ်လို့ မရဘူး။ နံမည်ကြီးချင် စပွန်ဆာ အရင်ရှာရတယ်။ ကဇာတ်ရုံက ဒါရိုက်တာ အဖွဲ့ဝင်တွေနဲ့ ရယ်ကာမောကာ စကားပြောနေတဲ့ လူငယ်ကလေးတစ်ယောက်ကို “ကျွန်မကိုလည်း မိတ်ဆက်ပေးပါလား။ ကျွန်မမှာလည်း အနုပညာတွေ အများကြီးပဲ။ ငါလေ မြင်နိုင်ရင် မင်းကို ပြချင်တယ်။” လို့ စကားသွားခေါ်တော့ ဟိုက ဖင်ပြန်ခေါင်းပြန်ရှိုးပြီး “ဖြစ်နိုင်သားပဲ။ လာသွားစို့။ ကြည့်ရအောင်။” ဆို တော်တော်ကလေး အကဲခတ်ပစ်လိုက်သတဲ့။ အကဲခတ်ပါများတော့ အိမ်နီးချင်းတွေတောင် ရိပ်မိကုန်လည်း ကောင်မလေးကတော့ မရိပ်မိသေးဘူး။ အိုက်တင်တွေ ပြလိုက်ရတာ အမျိုးမျိုး။ နောက်ဆုံး ဟိုက လစ်ချင်လာလို့ “အလကားဆွဲစားတာ သူ့မှာ ဘာအဆက်အသွယ်မှ မရှိဘူး” ဆိုတော့မှ ဒေါသထွက်ထွက်နဲ့ သေနတ်နဲ့ ပစ်သတ်လိုက်တာ ဘယ်နှစ်ချက်ဆိုလားပဲ။ မိန်းမတွေကို ဒါမျိုးလာလုပ်လို့ ရရိုးလား။ သိက္ခာနဲ့နေတာလေ။ လူပေးလိုက်ရတဲ့ သိက္ခာက အရေးမကြီးဘူး။ “အဘတ်ခံလိုက်ရအောင် အ ပါပေ့” လို့တော့ အထင်မခံနိုင်ဘူး။ (ဒါကြောင့် တို့ဆီမှာလည်း အပျိုစင် မင်းသမီးကလေးက ဟိုသူဌေးကလေးကို တိုင်းကျော်ပြည်ကျော် တရားစွဲပလိုက်တာနေမယ်။)
ရောက်ဆီဟတ်လို လှတပတ အညတြမိန်းမပျိုလေးတွေအတွက် ကယ်တင်ရှင်ဆိုတာ မရှားပါဘူး။ ဝေးဝေးသွားရှာနေစရာကို မလိုဘူး။ သူ့မှာလည်း လင်တစ်ယောက်လုံး ငုတ်တုတ်ရှိတယ်။ “ကိုကိုရယ် ... သူများကိုလေ။ အဟင့် အဟင့်။” ဆိုတာနဲ့ မောင်မင်းကြီးသားက “ကျွန်တော့်အိမ် သူခိုးဝင်ပြီး မယားကလေးကို နသားပါယားကြံလို့ ကျွန်တော်ကိုယ်တိုင် ပစ်သတ်ပလိုက်တာပေါ့။” လို့ ဖြောင့်ချက်ပေးတယ်။ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောပဲ။ ရဲတွေက မင့်အိမ်ကို အဲဒီသူခိုးက ဒီတစ်ပါတ်အတွင်းကို သုံးခါ ၀င်တာလားတဲ့။ အောက်ထပ်နဲ့ ဘေးအိမ်ကတောင် မှတ်မိနေတဲ့ သူခိုးကို မင်းမြင်ဖူးသလား သေချာကြည့်ပါဦးဆိုတော့မှ ဘသားချောလည်း အရိပ်ပြအကောင်ထင်တော့တယ်။ လောကကြီးမှာ တစ်ယောက်ယောက်က လှည့်ပတ်ပြောလိုက်ဆိုလိုက်တာနဲ့ အဟုတ်ကြီးမှတ်ပြီး စွတ်တင်နေတဲ့သူတွေ ဖေ့စ်ဘုတ်ပေါ်မှာတင် ရိုက်သတ်လို့ မကုန်အောင် ရှိပါသဗျား။ သူများသွား အပြစ်တင်မနေနဲ့။ မတော် ကိုယ်ပါ အဲသည်လိုလူတွေထဲမှာ မားမားကြီးပေါ်လာဦးမယ်။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ လည်လှချည့်ထင်ကြတာ ဓမ္မတာ။ ဒီအခန်းမှာ ရောက်ဆီက သူ့ယောင်္ကျားက သူ့အပေါ်ဘယ်လောက်ကောင်းတဲ့အကြောင်း၊ ရိုးတဲ့အကြောင်း၊ အလိုလိုက်တဲ့အကြောင်း အဲလို ယောင်္ကျားမျိုး ရှားတဲ့အကြောင်း သီချင်းဆိုပါတယ်။ “Funny Honey” တဲ့။ ဘာပဲဖြစ်ဖြစ် ရာဇ၀တ်ဘေး မပေးမလွတ်တဲ့အတွက် ရောက်ဆီတစ်ယောက် ထောင်ထဲရောက်သွားပါလေတော့တယ်။
ထောင်ထဲမှာ ရောက်ဆီတွေ့တာကတော့ သူနေရတဲ့ အမျိုးသမီးအကျဉ်းဆောင်က ထောင်ဝါဒင်ကြီး မေထရွန် မာမာမော်တွန်နဲ့ပါပဲ။ နံမည်ကြီးအဆိုတော် ကွင်းလာတီဖာက သရုပ်ဆောင်ပါတယ်။ ထောင်ဝါဒါတစ်ယောက်ရဲ့ စရိုက်ကို သီချင်းတစ်ပုဒ်တည်းနဲ့ အစအဆုံး မျက်စိမလွှဲနိုင်အောင် သရုပ်ဖော်သွားတာကတော့ “When you’re good to Mama” ပါတဲ့။ အသားမည်းမည်း ၀၀တုတ်တုတ် ကပ္ပလီမကြီးက လှုပ်ကာရမ်းကာ ကသွားလိုက်တာများ ဖက်နမ်းချင်စရာတောင် ကောင်းတယ်။ “Ask any of the chickies in my pen, they’ll tell you I’m the biggest mother hen. I love them all and all of them love me, because the system works, the system called Reciprocity” တဲ့။ သတင်းစာ၊ ဆေးလိပ်၊ စားစရာ၊ အပြင်နဲ့ ဖုန်းခေါ်ဖို့ကစလို့ ဘယ်အရာမဆို အပြန်အလှန် ကျေးဇူးတုန့်ပြန်ခြင်းအားဖြင့် အဆင်ပြေနေတဲ့ လောကကြီးအကြောင်းကို လှလှပပ ဖွဲ့ဆိုထားပါတယ်။ “There’s a lot of favors, I’ve prepared to do. You do one for Mama. She’ll do one for you.” တဲ့ဗျ။ “They say the life is tit for tat. Yes, that’s the way I live. So I deserve a lot of tats for what I gotta give.” လို့ ဆိုတယ်။ ဘယ်နေရာမှာမဆို အပေးအယူမရှိရင် ဘာတစ်ခုမှ ဖြစ်မလာတဲ့ ကိုယ်တို့ဘ၀တွေအတွက် သီချင်းစာသားတစ်ကြောင်းတိုင်း တစ်ကြောင်းတိုင်းဟာ ခေါင်းကိုတူနဲ့နှက်လိုက်သလို လာလာမှန်နေတဲ့အတွက် ဘယ်လောက်နှစ်သက်မိသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ငှက်မွှေးဒေါင်းတောင်ကြီးတဖားဖားနဲ့ ပုပ္ပားမယ်တော်ကြီးလို ကပြသွားတဲ့ မင်းသမီးကြီးကို ကြိုက်လွန်းလို့ နံမယ်ဘယ်လိုခေါ်သလဲတောင် လိုက်ရှာယူရတယ်။
တရားဥပဒေစိုးမိုးမှုအောက်က ရောက်ဆီနဲ့ ဗယ်လ်မာတို့ရောက်နေတဲ့ လူသတ်သမဆောင်မှာ သူတို့နဲ့အတူ ပြဏ်ဒဏ်စီရင်ခံနေကြရတဲ့ မိန်းမပျိုကလေးတွေလည်း ရှိပါသေးတယ်။ အဲဒီအထဲက ဒါဇင်ဝက်က “Cell Block Tango” ဆိုတဲ့ အကနဲ့ လျှောက်လဲချက်ပေးကြတယ်။ တကယ်တော့ သူတို့မှာ အပြစ်မရှိရှာပါဘူးတဲ့။ အကြောင်းပြချက်တွေ မတူညီသော်ငြား သူတို့အားလုံးမှာ တူညီတဲ့ စိတ်ထားတစ်ခုကတော့ ယောင်္ကျားတွေရဲ့ အသက်ဆိုတာ ဖက်ရွက်ကလေးလောက်တောင် တန်ဖိုးရှိတာ မဟုတ်ဘူးတဲ့။ အပြစ်တစ်ခုခု ကျူးလွန်ပြီးတဲ့အခါ ခိုင်လုံတဲ့ အကြောင်းပြချက်မပေးပဲ၊ အကျိုးဆက်တွေကို တာဝန်ယူမယ့်သူမရှိပဲ “၀န်ချတောင်းပန်တယ် ခွင့်လွှတ်လိုက်တော့နော်။ မင်းလည်း ငါ့နေရာရောက်နေရင် ငါ့လိုပဲ လုပ်ရမှာ မလွဲဘူး” လို့ လူသိရှင်ကြား ပြောကြားနေကြတဲ့ ဒီနေ့အဖို့ အဲဒီသီချင်းလောက် နောက်ခံဖွင့်ပေးဖို့ကောင်းတာ မရှိဘူး။ ကသွားလိုက်တာလည်း ကောင်းလိုက်တာ။ စီအိုင်ဒီက ကြည်မာခင်ယိမ်းအဖွဲ့ပဲ။
နံမည်မကြီးသေးခင်မို့ လူကလွဲရင် ဘာမှ ပေးစရာမရှိတဲ့ ရောက်ဆီဆီက ခြူးတစ်ပြားမကျနိုင်မှန်းသိသော်ငြား အရွယ်ကလေး ရုပ်ကလေးသနားကမားနဲ့မို့ မြှောက်စားမယ့်သူတွေ့ရင် တောက်ကြွားနိုင်တာ အကဲခတ်မိတဲ့ မာမာဟာ ချီကာဂိုက နံမယ်ကျော် ရှေ့နေကြီး ဘီလီဖလင့်ရဲ့ လိပ်စာကဒ်ကို ဒစ်ကောင့်နဲ့ ပေးလိုက်ပါတယ်။ အမေရိကန်က နံမည်ကျော်ရှေ့နေကြီးဆိုတာလည်းပဲ တို့ဆီက ရှေ့နေကြီးတွေနဲ့ အတူတူပါပဲ။ အင်မတန်တိကျ ပြတ်သားတယ်။ ဒေါ်လာ ၃၀၀၀ မပြည့်ရင် လက်ခံစကား မပြောနိုင်ဘူးလို့ဆိုရင် ၂၉၉၉ကျပ်နဲ့လည်း မလာနဲ့။ ဥပဒေရဲ့မျက်နှာဆိုတာ အဲသလို ကျောသားရင်သား မခွဲခြားပဲ တိတိကျကျ လိုက်နာရတာလေ။ ရှေ့နေကြီးဘီလီရဲ့ စရိုက်ကို သရုပ်ဖော်တဲ့ သီချင်းကလေးကတော့ “All I care about is love.” တဲ့။ တင်းကြပ်ပြတ်သားတဲ့ စည်းကမ်းအောက်က တရားဥပဒေဘက်တော်သားကြီးမှာလည်း ကြင်နာသနားတတ်တဲ့ အသည်းနှလုံး ရှိပါသေးတယ်။ ကလေးမလေးက တစ်ပြားမှ မပေးနိုင်သော်လည်းပဲ ကလေးမလေးကို အသုံးချပြီး ပိုက်ဆံရှာလိုက်ရင်တော့ သူလိုချင်တဲ့ ရှေ့နေခ ကာမိသွားမှာ အမှန်ပဲ လို့ တွက်မိတဲ့အတွက် ဒီကလေးမကို ထင်ပေါ်လို့ စင်တော်က ကောက်ဖို့ရာ စတုတ္ထမဏ္ဍိုင်ကြီးနဲ့ ထောက်ပေးလိုက်ပါတော့တယ်။
အဲဒီခေတ်တုန်းကတော့ ဖေ့စ်ဘုတ်မှ မပေါ်သေးတာ ပိတ်သတ်ကြီးရယ်။ ဂျာနယ်နဲ့ သတင်းစာတွေပဲ အားကိုးရတာပေါ့။ ဖေ့စ်ဘုတ်သာရှိရင် သူများအကူတောင်မလိုဘူး။ Fan Page တစ်ခုကောက်လုပ်ပြီး ဗုတ်တလုပ်တောက်တဲ့ ကစားခိုင်းလိုက်ရင် နန်းခင်ဇေယျာကလေးတောင် အိုကေသွားတာ တွေ့ဘူးလား။ အရင်ဆုံး ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးလုပ်ဖို့အတွက် အင်းနိုးဆန့်ရုပ်ခံ အဖြူထည်ကလေးဖြစ်အောင် ဆံပင်တွေကိုဆေးဆိုးပြီး တောရုပ်ကလေး ပြန်ဖော်ယူရတာပေါ့။ ရင်နာဖွယ်ရာ ဇာတ်အိမ်ကလေးကလည်း ဆင်ရဦးမှာဆိုတော့ ကောင်မကလေးကို မိဘမဲ့ကွန်ဗင့်ကျောင်းကထွက်တဲ့ ဗိုင်းကောင်းကျောက်ဖိ ကျောင်းသူလေးအဖြစ် မွေးထုတ်ရတယ်။ (ရိုဟင်ဂျာတွေ ရွာလိုက်မီးတိုက်ခံရတယ်ဆိုတာမျိုး နေပါလိမ့်မယ်) ကောင်မလေးမှာ အပြစ်မရှိဘူးဆိုရုံနဲ့ အမှုက မပြီးဘူး။ အပြစ်ရှိတဲ့သူ တစ်ယောက်ယောက်တော့ ဆွဲစိမှ ပွဲသိမ်းလို့ရမယ်။ အမြင်ကပ်တဲ့လူ လျှောက်မရှာနဲ့ဦး။ ဘယ်သူမှ မသိတဲ့သူ ဆွဲထည့်ရင် ဘယ်သူမှ စိတ်မ၀င်စားဘူး။ ရေပန်းအစားဆုံး၊ လူသိအများဆုံးတစ်ယောက်ယောက်ကို ဖွလိုက်မှ ကြားလိုက်တာနဲ့ “မဟုတ်ကဟုတ်က ဟယ်” ဆို ၀ုန်းကနဲထလာ၊ ပြီးတော့မှ “ကဲ ပြောစမ်းပါဦး သေသေချာချာ” လို့ ပြန်နားထောင်ယူရတဲ့ သတင်းမျိုးဖြစ်အောင် ချောက်ချရတယ်။ ဆဲချင်တဲ့သူတွေ ဆဲချင်သလောက်ဆဲပလေ့စေ။ မပူနဲ့။ လူဆဲလေ ပွဲဆူလေ လို့ မှတ်။ အရေးကြီးတာက နဂိုက ဘယ်သူမှ မသိတဲ့ နံမည်တစ်ခုဟာ လူတကာ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး ဖြစ်နေရမယ်။ (ငါးမင်းဆွေကြီးတောင် အဲဒီနည်း သုံးသွားတာပဲဟာ) ဇာတ်လမ်းထဲမှာတော့ ပုဂ္ဂိုလ်ရေးတွေကိုရှောင်ပြီး ခေတ်ပေါ်ဂျပ်စ်ဂီတရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့် ရေတိမ်နစ်သွားရရှာသူ ဆယ်ကျော်သက် မိန်းမပျိုကလေးတစ်ယောက် နောင်တကြီးစွာနဲ့ လူငယ်တွေ သူ့လို လမ်းမှားမရောက်ဖို့ မှာကြားတဲ့ အကွက်ကို ခင်းပါတယ်။ ဘယ်ဟာတွေ ဘယ်လိုပဲဆင်ဆင် သုံးတဲ့လက်နက်နဲ့ ရတဲ့ဒဏ်ရာကို ကြည့်လိုက်ရင် ဘယ်လိုမှ မုန်လာဥလုပ်လို့ မရနိုင်တာကိုလည်းသိတော့ (ဘုရားစူးရစေ့။ ရုပ်ရှင်အကြောင်းပြောနေတာနော်။ ဟိုတွေးသည်တွေး တွေးပါနဲ့။ ခိခိ) အဲဒီသေနတ်ကြီးက မိုးပေါ်ကကျလာပြီး နှစ်ယောက်သား လုံးလားထွေးလား လုရင်းက မတော်တဆ ကျည်ဆန်ထွက်သွားတယ် လို့ ထွက်ဆိုချက်ပေးပြီး သတင်းဆောင်းပါးများစွာနဲ့ ကောက်ချက်တွေ မှတ်ချက်တွေ မလူပျံသွားအောင် ရေးလိုက်ရှဲလိုက်ကြတာ Like တွေ မရေမတွက်နိုင် ရသွားသတဲ့။ (လုပ်ထားဦးပေါ့အေ။ နောက်လကျ kyats/byte နဲ့ ကောက်တော့မှ ဘယ်လောက်ထိ ဆက်ရှဲနိုင်မလဲ ကြည့်ရသေးတာပေါ့)။ ဇာတ်ကားတစ်ကားလုံးရဲ့ အနှစ်သာရဟာ ဒီအခန်းပဲ လို့ ပြောချင်ပါတယ်။ ရစ်ချတ်ဂီရာကြီး ပြောင်မြောက်စွာ သရုပ်ဆောင်ထားတဲ့ “We both reach for the gun” သီချင်းကို ဂျာနယ်လစ်ပေါင်းများစွာ သောင်းသောင်းဖျဖျ အားဖြည့်ပေးထားပါတယ်။
ဆယ်လီဗျစ်တီဖြစ်ဖို့ဆိုတာ လူတွေ ဘာကြိုက်တတ်သလဲ သိဖို့ပဲ လိုပါတယ်။ အခုတော့ ရောက်ဆီဆိုတာ ဟီးရိုးအင်းမလေး ဖြစ်သွားပြီ။ သူကချင်တဲ့ ဇာတ်ခုံပေါ်မှာ သူကိုယ်တိုင် နံမယ်ကြီး အကြီးကြီးရေးလို့ ကနိုင်ပြီ။ သီချင်းနံမည်ကိုက “Roxie (The name on everybody’s lips)” တဲ့။ သို့သော်လည်း သူတို့လောကသားတွေဘ၀က ဟုန်းကနဲတောက်လာပြီးရင် ဟုတ်ကနဲငြိမ်းသွားတတ်တာ ဓမ္မတာလေ။ ရောက်ဆီတက်လာတော့ ဗယ်လ်မာမှိန်သွားတယ်။ သတင်းစာထဲမှာတောင် သူ့သတင်းက နောက်ကျောဖုံး အောက်ဖက်ထောင့်မှာ စာလေးနှစ်ကြောင်းလောက်နဲ့ပဲ ပါတော့တယ်။ ဒါကြောင့် အထည်ကြီးပျက်ရုပ်ကို လူမသိအောင်ဖုံးပြီး ရောက်ဆီနဲ့ သွားညှိရတာပေါ့။ သူက ဒီလောကမှာ စီနီယာ၊ လုပ်ကွက်တွေ ခွင်တွေ အကြောင်း ကောင်းကောင်းသိတယ်။ အရင်တုန်းက သူနဲ့သူ့ညီမနှစ်ယောက်တွဲကတဲ့ ကကွက်မျိုး သူနဲ့ ရောက်ဆီနှစ်ယောက် ပြန်ပွဲထုတ်လိုက်ရင် ဘယ်လိုနေမလဲ၊ “I can’t do it alone” သီချင်းနဲ့ ကသွားတဲ့ ကက်သရင်းဇီတာဂျုံးဟာ အဲဒီအခန်းနဲ့ အော်စကာရသွားပါတယ်။ မီးမြင့်နေသေးတဲ့ ရောက်ဆီက ချေလွှတ်လိုက်ပြီး လက်မခံပါဘူး။ သူ့စန်းကလေးဟာလည်း ဘာမှတောင် မကြာလိုက်ဘူး။ လူသတ်မှုတွေ တစ်မှုပြီးတစ်မှုပွေနေတဲ့ ချီကာဂိုမှာ သူ့ထက်စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေနောက်မှာ မှိန်တိန်တိန်ကလေး ဖြစ်လာရော။ နဂိုကတည်းက မတတ်ပလုပ်လွန်းလို့ အစာမကြေဖြစ်နေတဲ့ ဘီလီကတောင် သူ့အမှုကို တန်းလန်းထားပြီး နောက်တစ်မှုကူးမယ့်ဆဲဆဲမှာ ရောက်ဆီက နောက်တစ်ကွက်ဆန်းအောင် ထွင်ရပြန်ပါတယ်။ ခွေကနဲမူးလဲလို့ နှာနှပ်ပြပြီးတဲ့နောက်မှာ မျက်ရည်လေးစမ်းစမ်းစမ်းစမ်းနဲ့ မပေါ့မပါးဖြစ်နေကြောင်း သတင်းထုတ်ပြန်ရော။
ကွက်ရှင်မတ်အကြီးကြီး ထွက်လာတာက “ဘယ်သူနဲ့ရတာလဲ” ပါ။ နဂိုကတည်းကမှ နှစ်ပင်လိမ်ထားပြီးသား။ အခုရောက်နေတာက ထောင်ထဲ။ ရှေ့နေကြီး ဇ ကလည်း သေးမှတ်လို့။ သံသယ၏အကျိုးဆိုတာ တရားခံသာလျှင် ခံစားခွင့်ရှိတယ်ဗျ။ ဒါမျိုးကျ ဥပဒေသမားတွေက သိပ်သွက်တာ။ အရာရာ အထောက်အထားနဲ့သာလျှင် စကားပြောတယ်။ ဆေးစစ်တဲ့ဆရာဝန်ကို ကိုယ်ဝန်ရှိမရှိမေးတယ်။ ဟိုက “ရှိတယ်” ဆိုရင် “ဂယ်ကြီးလား”တွေ ဘာတွေ မမေးတော့ဘူး။ “တရားရုံးမှာ သက်သေခံမှာလား” ပဲ မေးတယ်။ ဟိုက “အင်း” ဆို “ရပြီ။ ဘောင်းဘီဇစ်ပြန်တပ်လိုက်ဦး။” ပဲ ပြောတယ်။ ဟုတ်တယ်လေ။ သက်သေခိုင်လုံနေမှတော့ လေဥပဲဖြစ်ဖြစ် တရားဝင်နေပြီ။ ထိုင်ရမလို ထရလို ပျားတုပ်သွားတဲ့သူကတော့ ရောက်ဆီရဲ့ ချစ်လင်ကြီးပါပဲ။ ခက်တာက တလောကလုံးက သူ့ကို ရှိတယ်လို့တောင် သဘောမထားကြတော့ ဘယ်သူကမှလည်း အဘက်လုပ်ပြီး မေးမြန်းဖြေကြားမနေပါဘူး။ ဒီမှာ ခံစားချက်တွေ ပေါက်ကွဲပြီး သူဆိုတဲ့သီချင်းက “Mr Cellophane” တဲ့။ ဘယ်သူပဲဖြစ်ဖြစ် လူလည်ခေါင်မှာ လက်ကြီး ဝှေ့ကာယမ်းကာ အော်ဟစ်လှမ်းခေါ်နေရင် တစ်ယောက်မဟုတ်တစ်ယောက်တော့ သတိပြုမိဖို့ ကောင်းပါတယ်တဲ့။ ခုတော့ သူဘာလုပ်လုပ် ဘာပြောပြော ဘယ်သူကမှ မြင်ပုံတွေ့ပုံမရလို့ သူ့ကိုယ်သူ ရှိန်းဆာယာဖိုမောက်ပြီး ကိုယ်ပျောက်နေရော့သလား လို့ သံသယ၀င်မိပါသတဲ့။ လောကကြီးမှာ သူ့လို ကိုကြည်လင် ဖြစ်နေတဲ့သူတွေကလည်း နည်းတော့ မနည်းပါဘူး။ မိုးလေ၀သက ဦးထွန်းလွင်ကြီးဆို နာဂစ်ဝင်ကာနီးတုန်းက တကြော်ကြော် သတိပေး ဟစ်အော်နေရှာသော်လည်း သူ့ကို ဘယ်သူမှ မမြင်ရုံတင် မဟုတ်ဘူး။ ကြားလည်း မကြားကြဘူး။ တကယ်တော့ သမာဒေ၀နတ်တွေက အဲသလို အရေးကြီးတဲ့ သတင်းနိမိတ်စကားများပါးချင်ရင် မင်းတြားကြီးအိမ်က သားတော်ကြီး မယ်တော်ကြီးများကိုသာ အိပ်မက်ပေးလိုက်ရောပေါ့။ ဒီ့ထက် အရေးတယူဆောင်ရွက်ကြမှာ မလွဲဘူး။ အဲဒါကြောင့်ထင်ပါရဲ့။ နောက်ကို လူတွေ မကြည့်ကြည့်မိအောင် လှယမင်းကလေးတွေ ချိတ်ရောင်စုံဆင်မြန်းပြီး မြေပုံတုတ်နဲ့ထိုးကြလေတော့တယ်။
အချက်အလက်နဲ့ သက်သေတွေ ပြည့်စုံလာတဲ့အခါ လူပုံအလည်မှာ ဆိုရေးရှိကဆိုအပ်လှစွာ လျှောက်လဲချက်ပေးတဲ့သီချင်းကတော့ “Razzle Dazzle them” တဲ့။ မူးဝေအီနောက်သွားအောင်သာ မွှေနှောက် ခြောက်ခြားပလိုက်စမ်းပါ။ တကယ်တော့ လူတွေက နားလည်ချင်ယောင်သာဆောင်မယ်။ တကယ်နားလည်တဲ့သူတစ်ယောက်မှ မပါပါဘူးတဲ့။ ကိုယ့်ကိစ္စမပါရင် သေသေချာချာ စိတ်ဝင်စားတဲ့သူလည်း ရှားပါသတဲ့။ ဒါကြောင့်မို့ ဆန်းပြားတာလေးတွေ မျက်စိလှည့်စားတာကလေးတွေသာ ပါအောင်သုံးပါ။ လူတွေက အံ့အားသင့်ပြီး အဲဒီနောက် မျောပါသွားရင် အမှန်တရားဆိုတာ ဘယ်သူမှ သတိရတော့မှာတောင် မဟုတ်ဘူးတဲ့။ ချောင်ပိတ်မိနေရင် ရူးချင်ယောင်သာဆောင်လိုက်။ စကားတွေအများကြီး ပြောပြီးတဲ့အခါ ကြားတဲ့သူက ဘာကိုမှ မှတ်မိတော့မှာ မဟုတ်ဘူးတဲ့။ ကောင်းလိုက်တဲ့အကွက်တွေဗျာ။ ဒီကနေ့ထိ အဲဒီအကွက်တွေ ဘယ်လောက် အသုံးတည့်နေသေးသလဲဆိုတာ ဖေ့စ်ဘုတ်မှန်မှန်တက်ရင် သဘောပေါက် လာလိမ့်မယ်။
အဲဒီအထဲမှာ ဂျာနယ်လစ်တွေ အတုခိုးလိုက်နာစရာ စူပါပါဝါအကွက်တွေလည်း ပါတယ်ဗျ။ တရားရုံးက စီရင်ချက် မချရသေးဘူး။ သူတို့ဂျာနယ်ကို “လွတ်စေ” တစ်စောင်၊ “ထောင်ကျစေ” တစ်စောင် အဆင်သင့်ရိုက်ထားပြီး တရားရုံးပြူတင်းပေါက်က လက်ကိုင်ပုဝါနဲ့ အချက်ပြလိုက်တဲ့အစောင်ကို တန်းဖြန့်ဖို့ အသင့်ပြင်ထားတယ်။ ဘာမလွတ်စရာရှိမလဲဗျာ။ ဘီလီကြီးက ပိုင်လွန်းလို့ ဦးပိုင် မှည့်ထားတာပဲ ဥစ္စာ။ သူသုံးသွားတဲ့ အကွက်တွေက ခင်ဗျားတို့ ကျုပ်တို့ ရေးနေတဲ့ စမာကလာအကွက်တွေ တစ်ကွက်မှ မပါဘူးဗျ။ တကယ့် ပွဲတွေ့ မြစ်ချင်းပြီး ဆေးစွမ်းကောင်းကြီးတွေပဲဟာ။ ဒီအခန်းရောက်တဲ့အထိမှ ခင်ဗျားမျက်စိထဲမှာ ချီကာဂိုဆိုတာ ရန်ကုန်နဲ့ အတူတူပါလား လို့ မခံစားရသေးရင် တော်တော်ကြီး ပိန်းနေပြီ လို့သာမှတ်။ နောက်ဆုံးဇာတ်သိမ်းခန်းကလေးတော့ ကြည့်သွားလိုက်ပါဦး။ သီချင်းလေးက "Nowadays" တဲ့။ ဆယ်လီဗျစ်တီတို့မည်သည် လင်ကိုသတ်လို့ပဲဖြစ်ဖြစ်၊ ဟိုအခွေဒီအခွေတွေ ထွက်လာလို့ပဲဖြစ်ဖြစ်၊ ပါးရိုက် တရားစွဲ ရုံးထဲကန္နားထဲ ဟိုးလေးတကျော်ဖြစ်တာတောင် “အေးမေတ္တာ သို့ပေတဲ့ မပျက်ပေါင်ရှင်” ဆိုတာမျိုးဗျ။ ပိုပြီးတော့တောင် နံမယ်ကျော်ကျော်သွားရတာမို့လို့ အဲဒီသိုင်းကွက်မျိုးကိုတော့ ဈေးကွက်နည်းနည်းအေးသွားတဲ့သူတွေက အသက်ကယ်ဆေးအဖြစ် ကျားကန်ဖို့ သုံးလေ့ရှိပါတယ်။
အခုလည်း ဖေ့စ်ဘုတ်ပေါ်မှာ မောင်စံဖားကလေးကို ရိုးအီငြီးငွေ့ပြီး အချစ်လျော့ချင်ချင်ဖြစ်နေတဲ့ ပိတ်သတ်ကြီးဆီက အာရုံပြန်စိုက်လာအောင် ဒီချီကာကုန်တေးသံစုံဖာတ်မြူးကြီးကို ကိုယ်တိုင်သီဆိုကပြ အသုံးတော်ခံရကောင်းမလား မသိပါဘူး။ မိုးယုစံကလေး နဲ့ ၀တ်မှုန်ရွှေရည်ကလေးနဲ့ဆို ဘယ်လိုနေမလဲ။ ကလေးမလေးတွေ မီအောင် မလိုက်နိုင်မှာပဲ စိုးတာပါ။ မာမာမော်တွန်အခန်းကိုတော့ ကိုယ်ချင်းကိုယ်ချင်းတွေမို့ ဖြူဖြူကျော်သိန်းပဲ ခေါ်လိုက်တော့မယ်။ ဇာတ်သိမ်းခန်းကျရင် စက်သေနတ်နဲ့မပစ်ဘူးဗျ။ ပိုပြီးခေတ်မီအောင် မီးလောင်ဗုံးဆိုတာကလေးတွေကို ကန့်လန့်ကာကြီးဘက် လှည့်ဖောက်မယ်။ ဒါမှ ရေမီးအစုံနဲ့ ရွှေစည်းခုံကနေ တောင်းပန်လို့ရမှာ။ ပရက်ရှိုးလာတဲ့ သတင်းထောက်တွေထဲက ရေအလျှံဆုံးတစ်ယောက်လောက်ကို အဘဥက္ကလာကိုကိုလို နောက်ကကားနဲ့ လိုက်ရိုက်လုဖို့လည်း စီစဉ်ထားတယ်။ ဒီတစ်ပွဲပြီးလို့မှ ၀က်ဝက်ကွဲ မပေါက်ရင်တော့လား။ ဟင်း ဟင်း။
0 comments:
Post a Comment