မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁ - ၂)
by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Sunday, December 2, 2012 at 9:39pm ·
မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁)
ဆောင်းပါးရှင် - မောင်တင့်တယ်
ဆောင်းပါးရှင် - မောင်တင့်တယ်
၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး တပ်မတော်မှ ပြန်လည် အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ-နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။
တရုတ်သမ္မတ ဟူဂျင်းတောင်နှင့် ဦးသန်းရွှေ ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -
၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။
၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။
၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။ (ယခုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်ကို သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။)
၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။
တရုတ်ပြည်ရဲ့ မဟာဗျူဟာကတော့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ဆက်ဆံနေတယ်လို့ သုံးသပ်ရပါတယ်။
တရုတ်ပြည်ဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာတဲ့အတွက်ကြောင့် လောင်စာ စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။ လောင်စာစွမ်းအင်ဟာ ပြည်ပက တင်သွင်းနေရတဲ့အပေါ်မှာ မှီခိုနေရမှုက ၂၀၂၀ ခုနှစ်မှာ ၆၀% ရှိလာမယ်လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ ၈၀% ဟာ မလက္ကာရေလက်ကြားက တဆင့် ဖြတ်နေရပါတယ်။
တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်နှင့် ဦးသန်းရွှေ
မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီး ထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ ၂.၅၄ ထရီလီယံကုဗမီတာရှိရာမှာ တရုတ်ပြည်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပမာဏနဲ့ ညီမျှပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။
အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ လုပ်ဆောင်လာစေဖို့ တွန်းအား ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် စီးပွားရေး တိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတစ်ပိုင်း ထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ ကုန်ကြမ်း ရေသောက်မြစ် ရရာဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စကနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေး လုပ်ငန်းတွေအတွက် မုချ အကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချ ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗန်းမော် - ရန်ကုန် ဧရာဝတီမြစ်ကြောင်းနဲ့ ရန်ုကုန် သီလဝါဆိပ်ကမ်းကို ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာဟာလည်း မြန်မာ - တရုတ် ပူးပေါင်း ဆောင်ရွက်မှုများထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၂)
ဆောင်းပါးရှင် - မောင်တင့်တယ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံမှ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ General Xu Caihou အား နေပြည်တော်တွင် တွေ့ဆုံစဉ်
တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေ
တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေကတော့ သမိုင်းကြောင်းနဲ့ချီပြီး ပြန်ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံးရေသောက်မြစ် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ ထောက်ပံ့သလိုဘဲ ဗဟိုအစိုးရက ထောက်ပံ့တဲ့ပုံစံ၊ ဗဟိုဘဏ်မှတဆင့် အတိုးမဲ့ချေးငွေပုံစံ၊ အထူးလျှော့ပေးတဲ့ အတိုးနှုန်းချေးငွေပုံစံ၊ ကြွေးမြီလျှော့ပေါ့တဲ့ပုံစံ၊ ကုမ္ပဏီများကတဆင့် ချေးငွေတွေနဲ့ ပုံသဏ္ဍန်အမျိုးမျိုး ကူညီထောက်ပံ့နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက စိတ်ရင်းစေတနာကောင်းဟန်ပြသော်လဲ နောက်ကွယ်တွင် သြဇာလွှမ်းမိုးမှု အကြံအစည် ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ အခြေပြုထားကြောင်း ရှင်းလင်းလှပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ် အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေးအထောက်အကူတွေ အများကြီးပေးအပ်ခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြူပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်က စမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းဟာ ဒေါ်လာ ၂၀ ဘီလျံကျော် ရှိပါပြီ။ ဒီအထဲမှာ ၁၂.၃၂ ဘီလျံဟာ တရုတ်ပြည်ကလာပြီး ထိုင်းနိုင်ငံက ၉.၅၆ ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင် ရင်းနှီးမြုပ်နှံလျက်ရှိတဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၇၃ ခု ရှိလာပြီး အဲဒီကုမ္ပဏီတွေရဲ့ စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၂၄ ထရီလီယံ အထိ ရှိနေပါတယ်။ ဒါကြောင့် အခုဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၃၈ ဒသမ ၅၆ ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပမာဏ အများဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့ပြင် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေပုံစံနဲ့ ဘဏ္ဍာရေးအကူအညီပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝသယံဇာတပစ္စည်း ရှာဖွေရေး ဘက်တွေမှာလဲ အကြီးအကျယ်ရင်းနှီးမြုပ်နှံလာခဲ့တယ် ဆိုတာ တွေ့ရပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ စီးပွားရေးမြုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့နိုင်ငံရေး ပင်မအသက် သွေးကြော နေရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ၁၉၈၈ နှောင်းပိုင်ကစလို့ စစ်အစိုးရဟာ လွတ်လပ်တဲ့ ကုန်သွယ်ရေးမူဝါဒကို စတင်ပြောင်းလဲခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ ချုပ်ကိုင်မှုတွေကို လျှော့ချလိုက်လို့ ကုန်သွယ်ရေး ပမာဏဟာ အဆမတန် တိုးတက်ခဲ့ပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်ကြီးများနှင့် တရုတ် စစ်ဗိုလ်ချုပ်ကြီးများ အမှတ်တရ ဓါတ်ပုံ ရိုက်နေစဉ်
ဒါ့ပြင် အမျိုးသား စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍ ပါဝင်တာကိုအားပေးတဲ့ ဈေးကွက်စီးပွားရေးကို ပြဋ္ဌာန်းလိုက်တဲ့အတွက် တရုတ်လုပ် စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေဟာ မြန်မာ့ဈေးကွက်ထဲ ဒလဟောလှိမ့်ဝင်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး တရုတ်ပြည်ဟာ မြန်မာပြည်စားသုံးသူတွေအတွက် အဓိကထောက်ပံ့သူ ဖြစ်လာပါတော့တယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ကိုပို့တာတွေက သစ်၊ ကျွန်း၊ ကျောက်မျက်၊ ပင်လယ်စာ၊ စကျင်ကျောက်၊ မီးသွေးနဲ့ နီကယ်တွေဖြစ်ပြီး တင်ပို့တဲ့ပစ္စည်းတွေထဲမှာ သစ်တင်ပို့မှုက ထိပ်ဆုံးကဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်က ဒေါ်လာသန်း ၂၅၀ ဖိုးနဲ့ ၂၀၀၅ ခုနှစ်မှာ ဒေါ်လာသန်း ၃၅၀ ဖိုးဝယ်ယူခဲ့ပါတယ်။ မြန်မာပြည်ကို သွင်းတဲ့ကုန်တွေကတော့ အီလက်ထရောနစ်ပစ္စည်းတွေ၊ အကြီးစားဆောက်လုပ်ရေးစက်တွေ၊ ဓါတ် အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ လယ် ယာသုံးစက်တွေ၊ နည်းပညာတွေဖြစ်ပါတယ်။ မြန်မာပြည်ကလဲ တရုတ်ပြည်ကို အသား၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုး ရေးထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ ရာဘာ၊ ကျွန်းသစ်နဲ့ အဖိုးတန် ကျောက်မျက်ရတနာအပါအ၀င် ပစ္စည်း ၅၉၆ မျိုး တင်ပို့ဖို့ သတ်မှတ်ထားပါတယ်။
ဒါ့ပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် အများစုမှာလဲ တရုတ်စက်ရုံ အများအပြား ရှိနေပြီး အများစုက အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ပစ္စည်းလုပ်ငန်းနဲ့ အခြားဓာတုပစ္စည်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၄၂၇ သန်း အထိ ရှိလာပြီး ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ ၅၄ ရာခိုင်နှုန်းကျော် တိုးလာနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာနေပါတယ်။ ပုံမှန်ကုန်သွယ်ရေးပမာဏဟာ ဒုတိယအဆင့်မှာ ရှိပြီး နယ်စပ်ကုန်သွယ်ရေးကတော့ ပထမအဆင့်မှာ ရှိလာနေပါတယ်လို့ ဒီဇင်ဘာလ တတိယအပတ်အတွင်း ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံထုတ် စက်မှုထုတ်ကုန်စည်ပြပွဲ(မြန်မာ) ဖွင့်ပွဲအခမ်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဖွံ့ဖြိုးမှုဗျူရိုက ဒုတိယညွှန်ကြားရေးမှူးချုပ် ကျားကိုးယုံ ကိုယ်တိုင် အတည်ပြု ပြောကြားခဲ့ပါတယ်။
အပိုင်း ( ၃ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
0 comments:
Post a Comment