အင်တာနက် ခရီးကြမ်း (အပိုင်း ၂၄)
by May Thandar Win on Tuesday, December 11, 2012 at 4:01am ·
Jerry Yang, one of the Yahoo's founders
World wide web သုံးစွဲသူဦးရေဟာ နေ့စဉ်နဲ့အမျှ ပေါက်ကွဲနေပါတယ်။ ၀က်ဘ်စာမျက်နှာတစ်ခုဖတ်လို့ မဆုံး ခင်မှာပဲ စာမျက်နှာပေါင်းရာချီထောင်ချီပြီး အင်တာနက်မှာတိုးပွားနေပါတယ်။ ပင့်ကူအိမ်ကွန်ရက်ကြီးရဲ့ အရွယ် အစားဘယ်လောက်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်ပါဘူး။
သူထဲမှာရှိတဲ့ ၀က်ဘ်စာမျက်နှာတွေဟာ အခု လောက်ဆို ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးပါလို့ဆိုတဲ့ စာကြည့်တိုက်တွေထက်ကို အဆပေါင်းများစွာ များပြားနေ လောက်ပါပြီ။ ကိုယ်သိလိုသမျှ ဘာမဆို အင်တာနက်ပေါ်မှာရှိပါတယ်။ ဒါပေမယ့် အဲဒီလို ဘာမဆို ရှိနေတာကို က နောက်ထပ်ပြသနာတစ်ခုဖြစ်လာပြန်တယ်။
အဲဒါကတော့ သတင်းအချက်အလက်တွေ ဘယ်လောက်တစ်ပုံတစ်ပင် ရှိရှိ ကိုယ်က ရှာတွေ့ဦးမှ။ ပင့်ကူအိမ် ကွန်ရက်ကြီး ကြီးလာလေလေ ကိုယ်လိုချင်တဲ့အကြောင်းအရာကို ရှာရတာ ခက်လာလေလေပါပဲ။ သေချာတာ တော့ အဲဒီပြသနာအတွက်လည်း ကွန်ပြူတာကို ပြန်ဖြေရှင်းခိုင်းတာအကောင်းဆုံးဖြစ်မယ်ဆိုတာပါပဲ။ အဲဒီ အချိန်တုန်းကတည်းက အင်တာနက်မှာ အတော်လေးကောင်းတဲ့ Search Engines တွေ အများကြီး ရှိပါတယ်။ သူတို့ကို ခေါင်းစဉ်လေးတစ်ခုပေးလိုက်တာနဲ့ ၀က်ဘ်ဆိုက်တွေကို စာရင်းလိုက်ကြီး ချပြပေးပါလိမ့်မယ်။ ဒါပေ မယ့် များသောအားဖြင့် စာရင်းတွေဟာ မွထပြီး ရှည်လျားလွန်းလှပါတယ်။ တကယ်လို့ ကိုယ်က ပမ်မလာအန်ဒါ ဆန် အကြောင်းဖတ်ချင်တယ်ဆိုပါစို့။ အဲဒီတုန်းက ခေတ်စားတဲ့ အယ်လ်တာဗစ်စတာ ဆိုတဲ့ serach engine က စာမျက်နှာ တစ်သိန်းခွဲကျော်လောက်ရှိတဲ့ အချက်အလက်တွေကို ရှာပေးပါလိမ့်မယ်။ နောက်ပြီး အဲဒီ serach engine တွေအများစုဟာ သူတို့ရှာတဲ့စကားလုံးအဓိပ္ပါယ်ကိုမသိပါဘူး။
အဲဒီထဲမှာ သူများနဲ့မတူပဲ ထူးထူးခြားခြား ကွဲထွက်နေတာကတော့ Yahoo! ပါ။ သူက ကွန်ပြူတာတွေအစား သူ့ဆီမှာ အင်တာနက်ကို surf လုပ်ဖို့လူတွေ ငှားထားပြီး ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် surfer တွေကို တစ်နေကုန် အင်တာနက်မှာရှိသမျှ ၀က်ဘ်ဆိုက်တွေကို ကြည့်ခိုင်းပါတယ်။ ပြီးရင် သူတို့ကနေမှတစ်ဆင့် စိတ်ဝင်စားစရာကောင်းတယ်၊ အရေးပါတယ်လို့ယူဆရတဲ့ဆိုက်ဒ်တွေကို စုစည်းပြီး Yahoo! မှာ ၀က်ဘ်ဆိုက် လမ်းညွှန်လိုမျိုး အညွှန်းနဲ့ထည့်ပေးပါတယ်။ အဲဒီအညွှန်းအတွက် အမျိုးအစား ၁၄ ခုခွဲထားပြီး အဲဒီအမျိုးအစား ထဲမှာ အကျုံးဝင်တဲ့ စိတ်ဝင်စားစရာဆိုက်ဒ်တွေကို ထပ်ညွှန်းပေးပါတယ်။
အဲဒါကြောင့် အများစုဟာ Yahoo! ကိုဝင်တာနဲ့ အဲဒီအညွှန်းကို အရင်သွားကြည့်ကြလေ့ရှိပါတယ်။ သဘော လည်းကျကြပါတယ်။ Yahoo! မှ အဲဒီ ခေါင်းစဉ်ကွဲ ၁၄ ခုအပြင် နောက်ထပ် ခေါင်းစဉ်အခွဲလေးတွေလည်းရှိပါ သေးတယ်။ သူကနေ နောက်ထပ် ထပ်ထပ်ခွဲထွက်တဲ့ ခေါင်းစဉ်တွေလည်း ရှိပြန်ပါတယ်။ Yahoo! ရဲ့ အဲဒီလို ခေါင်းစဉ်တွေနဲ့ခွဲထားပြီး စီစဉ်ထားပုံဟာ သိပ်စနစ်ကျတဲ့အတွက် တစ်ခြား သူ့လို search engine တွေက တောင် လိုက်အတုခိုးကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့လောက် စနစ်မကျပါဘူး။ အင်တာနက်ခရီးလမ်းမှာ Yahoo! ရဲ့ အခန်းကဏ္ဍကလည်း အတော်အရေးပါခဲ့ပါတယ်။
Yahoo! အကြောင်းပြောရမယ်ဆိုရင် မပါမဖြစ်ကတော့ သူ့ကိုတီထောင်သူတွေဖြစ်တဲ့ ဂျယ်ရီယန်း နဲ့ ဒေ့ဗ်ဖီလို တို့အကြောင်းတွေပါ။ သူတို့နှစ်ယောက်ဟာ စတန်ဖို့တက္ကသိုလ်မှာ တွေ့ကြပါတယ်။ အဲဒီတုန်းက နှစ်ယောက် လုံးက ကျောင်းပြီးသွားပေမယ့် သူတို့ကိုယ်သူတို့ အလုပ်လုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ထင်တာနဲ့
တက္ကသိုလ်ထဲမှာပဲ တ၀ဲဝဲလည်လည် ကျင်လည်ကျက်စားနေကြတုန်းပါ။
“ငါတို့ကိုကြည့်လိုက်စမ်း.. ဘွဲ့ကောင်းကောင်းတစ်ခုရထားတယ်.. ဒါပေမယ့် အလုပ်လုပ်ဖို့လည်းအဆင်သင့် မဖြစ်သေးဘူး။ အတွေ့အကြုံလည်းမရှိ၊ အရွယ်ကြည့်လိုက်တော့လည်း ၂၁ နှစ်တောင် မပြည့်သေးဘူးဆိုတော့ လူရိုသေရှင်ရိုသေက မဖြစ်..။ ဒီတော့လည်း ကျောင်းမှာ သောင်တင်နေတာပေါ့” ဆိုပြီး ဂျယ်ရီကပြောလေ့ရှိပါတယ်။
ဂျယ်ရီထက်အသက်ကြီးပြီး ဂျယ်ရီ့ဆရာတောင် ဖြစ်ခဲ့ဖူးတဲ့ ဒေ့ဗ် လည်း အဲဒီအချိန်တုန်းက ဂျယ်ရီလိုပဲ သူ့ ကိုယ်သူ ခံစားရပါတယ်။ သူတို့နှစ်ယောက် တစ်ပူးပူးမဖြစ်ခင်က ဂျယ်ရီ က ဆရာဖြစ်သူ ဒေ့ဗ်ကို သိပ်မကြည် ပါဘူး။ ဘာလို့လဲဆိုရင် ပုံမှန် A တွေချည်းရနေကျကနေ ဒေ့ဗ်စစ်မှပဲ B ဖြစ်သွားလို့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာ နှစ်ယောက်က ဘယ်လိုပေါင်းမိသွားလဲ မသိပါဘူး တစ်တွဲတွဲဖြစ်သွားပြီး နောက်ဆုံး Yahoo! ကို အတူတူလုပ် ဖြစ်တဲ့အထိ ဖြစ်သွားပါတယ်။
Dave & Jerry
“ဒေ့ဗ်နဲ့ပတ်သတ်လို့ ကျွန်တော်အမြဲမှတ်မိနေတာ သူဟာ သိပ်ကြိုးစားတဲ့သူဆိုတာပဲ။ Yahoo! တုန်းက ပရို ဂရမ် တစ်ခုလုံးနီးပါး သူရေးတာပါ။ ကျွန်တော် ဘာမှတောင် သိပ်မလုပ်လိုက်ရပါဘူး” ဆိုပြီး ဂျယ်ရီက ဒေ့ဗ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ချလေ့ရှိပါတယ်။
နည်းပညာခရီးမှာ ကြည့်လိုက်ရင် အတွဲညီတဲ့နှစ်ယောက်နဲ့ အကြီးအကျယ်အောင်မြင်မယ့်အရာတစ်ခုခု အစပျိုး လေ့ရှိတဲ့အတိုင်း ဒေ့ဗ်နဲ့ ဂျယ်ရီကလည်း Yahoo! အတွက် တက်စုံရွက်ကုန်ဖွင့်ပြီး ဘက်ညီညီလုပ်နိုင်တဲ့ ဆန့် ကျင်ဘက်အရည်အချင်းတွေကို ပိုင်ဆိုင်တဲ့အတွဲ ဖြစ်ပါတယ်။ ဒေ့ဗ် ဟာ အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်သလို ဂျယ်ရီကျတော့လည်း စကားပြောအလွန်ကောင်းပြီး ထက်ထက်မြက်မြက်ရှိလှပါတယ်။ နောက်ပြီး ဒေ့ဗ်ကဗရုတ်သုတ်ခနေသလောက် ဂျယ်ရီကတော့ သပ်သပ်ရပ်ရပ်အမြဲနေတတ်သူပါ။
ဂျယ်ရီ က အရွှန်းဖောက်ပြီး ပြောလေ့ရှိတာ တစ်ခုကတော့ သူ Yahoo! ကို လုပ်ဖို့ စိတ်ကူးရမိတာ အင်တာနက် နဲ့ပတ်သတ်ရင် ဒေ့ဗ် က သူ့ထက် နှာတစ်ဖျားသာနေတတ်လို့လိုဆိုတယ်။
“ဒေ့ဗ်က အင်တာနက်မှာ သိပ်ရှာတတ်ဖွေတတ်တာပဲ။ သူတွေ့လိုက်တဲ့ website တွေဆို ရှားရှားပါးပါးနဲ့ သိပ် လည်းစိတ်ဝင်စားစရာကောင်းတယ်။ သူဒါတွေ ဘယ်လိုတွေ့တွေ့လာသလဲဆိုတာ ကျွန်တော် အမြဲလိုက်လိုက် မေးနေရတယ်” ဆိုပြီး ဂျယ်ရီက ဆိုတယ်။
ဒေ့ဗ်နဲ့ဂျယ်ရီတို့ဟာ စတန်းဖို့ထ် တက္ကသိုလ်ဝန်းထဲမှာ ရုံးခန်းသေးသေးလေးစလုပ်ပါတယ်။ ကျောင်းက ဟိုကိစ္စ ဒီကိစ္စလည်း သူတို့လုပ်ပေးနေကြတုန်းပါပဲ။ အဲဒီတုန်းက သူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုခုကိုလုပ်ချင်ပေ မယ့် ဘယ်ကနေ စရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ဒေ့ဗ် က မိုးဇက် ကို ရှာတွေ့သွားပါတယ်။
နှစ်ယောက်လုံးဟာ မကြာခင်မှာပဲ မိုးဇက်သုံးပြီး ၀က်ဘ်တွေ တစ်နေ့တစ်နေ့ ၀င်ဝင်ကြည့်ကြတာ ၀က်ဘ်နဲ့ပတ် သတ်ရင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လာပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ ကျောင်းကိစ္စတွေမှာ အလစ် ဟင်းခံပြီး တစ်နေ့တစ်နေ့ နာရီပေါင်းများစွာ ၀က်ဘ်ဆိုက်တွေရှာရင်း အင်တာနက်ပေါ်မှာချည်း အချိန်ကုန်သလို လာပါတယ်။ ဒါပေမယ့် ဒါဟာ Yahoo! စလာဖို့ အကြောင်းဖန်တာပါပဲ။ ဒေ့ဗ်နဲ့ ဂျယ်ရီတို့ဟာ သူတို့နှစ်ယောက် ကြိုက်တဲ့ ၀က်ဘ်ဆိုက်ဒ်လင့်ခ်တွေကို စာရင်းပြုစုထားကြပြီး တစ်ယောက်နဲ့ တစ်ယောက် အသစ်တစ်ခုခုရှာ တွေ့ပြီဆိုတာနဲ့ ပြကြ၊ ဖလှယ်ကြနဲ့ နောက်ဆုံးတော့ သူတို့နှစ်ယောက် ပြုစုထားတဲ့ စာရင်းတွေကိုပေါင်းလိုက် တဲ့အခါမှာ “ဂျယ်ရီ၏ပင့်ကူအိမ်ကွန်ရက်လမ်းညွှန်” ဆိုတဲ့ဆိုက်ဒ်လေးဖြစ်လာပါတော့တယ်။
အင်တာနက်ပေါ်မှာ ဆိုက်တွေ များလာတာနဲ့အမျှ ဂျယ်ရီနဲ့ ဒေ့ဗ် တို့ဟာ သူတို့ရဲ့ ၀က်ဘ်ဆိုက်ဒ်လိပ်စာစာရင်း တွေကို ထိန်းသိမ်းရခက်လာပါတယ်။ အဲဒါနဲ့ သူတို့လည်း အမျိုးအစားအလိုက်ခေါင်းစဉ်တွေခွဲလိုက်ပေမယ့် အဲဒီ ခေါင်းစဉ်ထဲမှာပဲ လိပ်စာတွေကမွထလာပြန်တဲ့အတွက် အဲဒီခေါင်းစဉ်တွေအောက်မှာ ခေါင်းစဉ်ခွဲတွေထပ်ခွဲရ ပြန်တယ်။ ဒါဟာ အခု ချိန်ထိ Yahoo! ရဲ့ဆိုက်မှာ အခြေခံပြီး လုပ်ထားတဲ့ ပုံစံဒီဇိုင်းပါပဲ။
သာမန်လူတွေဟာ ၀က်ဘ်ဆိုက်တွေမှာ မကျွမ်းကျင်လှတာနဲ့အညီ အင်တာနက်လမ်းညွှန်က သူတို့အတွက် မရှိ မဖြစ်ဖြစ်လာပါတယ်။ အဲဒါကြောင့်လည်း အချိန်ခဏလေးအတွင်းမှာ ဂျယ်ရီရဲ့အင်တာနက်လမ်းညွှန်ဟာ လူ တွေကြားမှာ ရေပန်းစားလာပြီး တစ်နေ့ကို လူတစ်ရာထက်မနည်း လာလာဝင်ကြည့်သွားကြပါတယ်။ သူတို့ အနေနဲ့ ရည်ရည်ရွယ်ရွယ်နဲ့လည်းလုပ်ထားတာမဟုတ်တဲ့အတွက် ဒါဟာ အံ့အားသင့်စရာပါ။ သူတို့တင်ထား တုန်းကလည်း စတန်ဖို့ထ်ကွန်ရက်ထဲ ဒီအတိုင်းပစ်ထည့်ထားတဲ့အတွက် လူတိုင်းဝင်ကြည့်လို့ရတာမှန်ပေမယ့် သူတို့စိတ်ထဲမှာ အခုလောက်ထိ နေ့စဉ်ဝင်ကြည့်ကြလိမ့်မယ်လို့တော့မထင်ထားခဲ့ပါဘူး။
အဲဒီဝင်ကြည့်ကြတဲ့သူတွေဟာ ၀င်ကြည့်ရုံတင်မဟုတ်ဘူး ဒီထက်ကောင်းအောင် ဘာလေးတွေ ဘယ်လိုလုပ် ပေးဖို့ဆိုတာတွေပါ အကြံတွေပြုသွားကြပါသေးတယ်။ ပြီးတော့ သူတို့ကြိုက်နှစ်သက်တဲ့ ၀က်ဘ်ဆိုက် လိပ်စာ တွေကိုလည်း ဂျယ်ရီတို့ဆီကို ပို့ကြပါတယ်။ ဒေ့ဗ်တို့လည်း သူတို့ပါသဘောကျရင် အဲဒီလိပ်စာတွေကို သူတို့ လမ်းညွှန်ထဲ ထည့်ပေးကြပါတယ်။ အဲဒီလိုနဲ့ သူတို့ဆိုက်ဒ်ကလေးကတော့ ကောင်းလာပါရဲ့..ဒါပေမယ့် ပြသနာ က အဲဒီလို ဟိုကပို့ ဒီကပို့တဲ့ အီးမေးလ်တွေ မတရားများလာပြီး လိုင်းတွေကြပ်၊ မနိုင်မနင်း ဖြစ်လာတာပါပဲ။ ဒါပေမယ့် သူတို့လည်း တတ်နိုင်သမျှ စုစည်းကြရင်း အကြံပြုတဲ့သူ၊ လိပ်စာတွေပေးတဲ့သူတွေနဲ့ သူတို့ဆိုက်ဒ် ကလေးက အောင်မြင်သထက် အောင်မြင်လာ၊ လူအ၀င်များသထက်များလာပါတယ်။
နည်းနည်းလည်းကြာတော့ ဂျယ်ရီလည်း သူတို့ဆိုက်ဒ် နာမည်ကို ပြောင်းဖို့စဉ်းစားမိပါတယ်။ အရင်က သူ့ နာမည်တစ်ခုထဲပါနေရာကနေ အခု ဒေ့ဗ်နာမည်ပါထည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။
ဒေ့ဗ်။ ။“ဟာ ငါ့နာမည်ကြီးတော့ မထည့်ချင်ဘူးကွာ.. တစ်ခြားဟာ စဉ်းစားမယ်”
ဂျယ်ရီ။ ။“အေး.. ငါသိတယ်.. မင်းနာမည်ကို ထည့်ပစ်လိုက်မှ မင်း လန့်ဖျန့်ပြီး နာမည်အသစ် စဉ်းစားချင်မှာ။ ငါတို့ဆိုက်ဒ် ကို မှတ်မိလွယ်မယ့် အခုထိ ပိုကောင်းတဲ့နာမည်တစ်ခုတော့ ပေးသင့်တယ်ကွ”
ခက်တာက ဒေ့ဗ် အနေနဲ့ Ya (ရ) နဲ့စတဲ့ နာမည်တွေပဲ ခေါင်းထဲမှာ ရှိနေတာပါ။ ဘာလို့လည်းဆိုရင် ပရိုဂရမ် သမားအများစုဟာ ပရိုဂရမ်တစ်ခုခုရေးလို့ ပြီးရင် နာမည်တစ်ခုပေးဖို့ စဉ်းစားရတာ သူတို့အတွက် ဦးနှောက်စား လှတဲ့အပြင် အဲဒီပရိုဂရမ်ကိုပဲ ပြန်ပြန် ဖြည့်စွက်မှာဖြစ်တဲ့အတွက် အလွယ်တကူပဲ “Yet Another” အီးမေးလ် ပရိုဂရမ်၊ “Yet Another” သတင်းဖတ်ပရိုဂရမ် စသဖြင့်ပေးပစ်လိုက်တတ်ကြပါတယ်။
ဒေ့ဗ်နဲ့ ဂျယ်ရီလည်း အဘိဓာန်တစ်အုပ်နဲ့ သူတို့ဆိုက်ဒ် နာမည်ရွေးဖို့ ထိုင်ရှာကြပါတယ်။
ဒေ့ဗ်အနေနဲ့ကတော့ “ရ” နဲ့စတာတွေပဲ သူ့ခေါင်းထဲမှာ လွှမ်းမိုးနေတော့
ဒေ့ဗ်။ ။“Yataghan!” ရော..
ဂျယ်ရီ။ ။“Yataghan? ဟုတ်လား.. မင်းဟာကြီးကလည်း ဘာအဓိပ္ပါယ်ကြီးလဲ”
ဒေ့ဗ်။ ။“.. အဲဒါ တူရကီစကားလုံးလေ.. အဓိပ္ပါယ်က ဘလိတ်ဓားတဲ့.. မိုက်တယ်မလား”
ဂျယ်ရီ။ ။“ဟာ… Yankee ဆိုရင်ရော…??”
ဒေ့ဗ်။ ။“Yang ဆိုရင်ရော.. မင်းနာမည်လေ.. ”
ဂျယ်ရီ။ ။“တော်ပါကွာ.. ရီချင်စရာကြီး”
အဲဒါနဲ့နာမည်အမျိုးပေါင်းများစွာကို ပါးစပ်ကရွတ်ကြည့်လိုက် ဟာသလုပ်လိုက်နဲ့ နောက်ဆုံးတော့သူတို့အတွက် စိတ်လှုပ်ရှားစရာ နာမည်တစ်ခုသွားတွေ့ပါတယ်..အဲဒါကတော့ Yahoo! ပါပဲ။ သူတို့လည်း နှစ်ယောက်သား အသံပြိုင်တူထွက်ကြည့်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ အသံထွက်ပုံကို သဘောကျသွားတာနဲ့ သူတို့ ဆိုက်ဒ် ကို Yahoo! လို့ နာမည်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
(အပိုင်း ၂၅ ဆက်ရန်)
မေသန္တာဝင်း
၂၀၁၂ ဒီဇင်ဘာ ၁၁ ရက်နေ့
ညနေ ၆ နာရီ ၃၀ မိနစ်
Ref: The Story of the Internet by Stephen Bryant
0 comments:
Post a Comment