တစ်ယောက်သောသူ
ဇေယျသူ
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် တကယ်တမ်း ဆောင်ရွက် နိုင်သောသူမှာ တစ်ယောက်သောသူသာ ဖြစ်သည်။
ထိုတစ်ယောက်သော သူသည် တောသူတောင်သား ဆိုလည်း ဟုတ်၊ မြို့ကြီးပြကြီးသား ဆိုလည်း ဟုတ်သည်။ ချမ်းသာသလား ဆိုလျှင် ချမ်းသာပါသည်ဟု ဖြေရမည် ဖြစ်သလို ငွေကြေး ချို့တဲ့သူ ဆိုလျှင်လည်း မှန်သည်။ ကချင်လား၊ ကယားလားဟု မေးလျှင် ခေါင်းညိတ်ရသလို ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုလျှင်လည်း ခေါင်းမခါနိုင်။
ပြည်တွင်းနေ ပြည်ပရောက်၊ ပညာတတ် ပညာနည်း၊ ကျား မ၊ သက်ကြီး သက်လတ် သက်ငယ်မျိုးစုံ ဖြစ်နိုင်သည်။ ယခု လောက်ဆိုလျှင် ကျွန်တော် ပြောလိုသည့် တစ်ယောက်သော သူကို ရိပ်မိလောက်ပြီ။
ထိုတစ်ယောက်သော သူသည် မြန်မာပြည်သူ ပြည်သားတိုင်း တစ်ဦးချင်း တစ်ယောက်ချင်း ပင်ဖြစ်သည်။ တစ်ဦးချင်း တစ်ယောက် ချင်းကို ရည်ညွှန်းသဖြင့် တစ်ယောက်သော သူဟု ဆိုလိုက်ရခြင်း ဖြစ်သည်။
နိုင်ငံကြီးပွားရေး ဘာသာရပ် (development studies) တွင် နိုင်ငံကြီးပွားအောင် ဆောင်ရွက်နိုင်သည့် ဇာတ်လိုက်များ (actors)တွင် လူပုဂ္ဂိုလ် တစ်ဦးချင်း တစ်ယောက်ချင်း (individuals) သည် ထိပ်ဆုံးက ပါဝင်သည်။ နေထိုင်သည့် အရပ်၊ ပညာ အရည်အချင်း၊ စဉ်းစားနိုင်စွမ်း၊ ဝင်ငွေ၊ အသက်အရွယ် တို့ပေါ် မူတည်ပြီး နိုင်ငံ ကြီးပွားအောင် ပါဝင်နိုင်စွမ်း ကွာခြားသော်လည်း တစ်ဦးချင်း အားသည် စုစုပေါင်းလိုက်လျှင် အလွန်တာသွားသည်။ ဆင်လည်း ဆင်အထွာ၊ ကြွက်လည်း ကြွက်အထွာဖြင့် အားထည့် လုပ်ဆောင် လိုက်လျှင် နိုင်ငံ ရှေ့သို့ ရွေ့ရုံမက ခုန်ပျံ ကျော်လွှားနိုင်သည်။
နိုင်ငံတစ်နိုင်ငံ တိုးတက်ရန် လမ်းကြောင်းပေါ်သို့ ရောက်ချိန် သည် နိုင်ငံသူ နိုင်ငံသားတို့ နိုးကြားပြီး မိမိကိုယ်ကို ချစ်စိတ်၊ မျိုးချစ် စိတ်တို့ဖြင့် တစ်ခဲနက် ကြိုးစား အလုပ်လုပ်ကြချိန်နှင့် အမြဲ တိုက်ဆိုင် လေ့ရှိသည်။ ကျောင်းသားကလည်း ကျောင်းသား အလျောက်၊ ပြည်သူ့ ဝန်ထမ်းကလည်း ဝန်ထမ်း အလျောက်၊ လယ်သမားကလည်း လယ်သမား အလျောက် ကြိုးကြိုးစားစား အားထုတ်ကြခြင်းဖြင့် အရှိန် ကောင်းသထက်
ကောင်းအောင် တောက်လောင်ပြီး ခပ်မြန်မြန် ပန်းဝင်ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် လူလေးယောက်လျှင် တစ်ယောက် ဆင်းရဲသား ဖြစ်သော ဆင်းရဲနိုင်ငံ ဖြစ်သည့်အတိုင်း ပေးထားသော အခြေအနေများ၊ ပေးချက် (given) သည် နိမ့်ကျမည် ဖြစ်သော် လည်း ပေးထား သော ပေးချက်နှင့်ပင် နိုင်ငံဖွံ့ဖြိုးရေး ပုစ္ဆာကို အဖြေထွက်အောင် တွက်ရ မည် ဖြစ်သည်။ ယနေ့ အရှေ့အာရှတွင် အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆက်လက် ချီတက်နေဆဲ၊ ချီတက်စ ပြုနေသည့် တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်တို့သည်လည်း နုံနဲ့သော ပေးချက် များဖြင့်ပင် ပုစ္ဆာများကို အဖြေ ထွက်အောင် တွက်နိုင် ခဲ့ကြသည်၊ တွက်နေကြဆဲ ဖြစ်သည်။
နိုင်ငံ အလိုက် ဖွံ့ဖြိုးရေး ပုစ္ဆာကို တွက်ကြသည် ဆိုရာတွင် ခေါင်းဆောင် နေရာ ရောက်နေသူတို့ တွက်ချက်ရန် လိုသလို တစ်ဦးချင်း တစ်ယောက်ချင်း မိမိပုစ္ဆာကို မိမိတွက်ရန်လည်း လိုသည်။ မိမိ မတွက်လျှင် မည်သူမျှ ကိုယ့်အတွက် သီးသန့် လာတွက်ပေးမည် မဟုတ်။ မိဘ၊ သားချင်း အပေါင်းအသင်း အစိုးရ စသည်တို့သည် ကူပံ့သာ ပေးနိုင်သည်၊ အစားဝင်တွက်ချက် ပေးနိုင်မည်မဟုတ်။
မိမိဖွံ့ဖြိုး တိုးတက်ရန် အရေး အကြီးဆုံးမှာ မိမိကိုယ်တိုင် ပင်ဖြစ် သည်။ “အတ္တဟိ အတ္တနော နာထော” “မိမိကိုယ်သာ ကိုးကွယ်ရာ” မဟုတ်ပါလား။ ကိုယ့်အချိန်ကို ကိုယ်အကောင်းဆုံး အသုံး ချနိုင်အောင်၊ ကျန်းမာရေး ပိုကောင်းအောင်၊ စီးပွားရေး၊ ပညာရေး ကောင်းအောင် အမြဲစဉ်းစား ကြံဆ လုပ်ဆောင်ရမည်။ ကိုယ့်ဝမ်းနာ ကိုယ်အသိဆုံး ဝါ ကိုယ့်ပေးချက် ကိုယ်အသိဆုံး ဖြစ်သောကြောင့် ကိုယ်သာလျှင် ကိုယ့်ပုစ္ဆာကို အတွက်ချက် နိုင်ဆုံးဖြစ်သည်။
မိမိအား ပေးလာသည့် အခြေအနေ၊ နိုင်ငံက ပေးလာသည့် အခြေအနေ “ကောင်း၊ သင့်၊ ညံ့” အပေါ်မူတည်ပြီး အားထည့် ရသည်ချင်း လည်း မတူနိုင်။ ပေးချက်ညံ့လျှင် ပိုစဉ်းစား၊ ပိုကြိုးစား၊ ပိုနှစ်မြှုပ် ရမည်။ ဥပမာ - ပညာရေး စနစ် ကောင်းလျှင် တစ်နှစ်တစ်တန်း အောင် အောင်ဖြေ၊ အလိုက်သင့် ပါသွားရုံဖြင့် ဘွဲ့ရချိန်တွင် လုပ်တတ်ကိုင်တတ် ဖြစ်နိုင်သည်။
ပညာရေးစနစ် အားနည်းလျှင် မျှောလိုက်ပြီး တစ်နှစ်တစ်တန်း အောင်ရုံဖြင့် မရ။ မိမိဘာသာ နည်းကုန်လမ်းကုန် အစွမ်းကုန် အားထုတ်နိုင်ပါမှ တကယ် တတ်မြောက်နိုင်သည်။ ဆရာ ဆရာမ များထံ ချဉ်းကပ် ဆည်းပူး၊ ကိုယ်တိုင်စဉ်းစား၊ သင်ခန်းစာတွင် မပါသည့် ပြဿနာများ၊ ပုစ္ဆာ များကို စဉ်းစားတွက်ချက် နိုင်ပါမှ တတ်သည့် အဆင့်သို့ ရောက်သည်။
ဆင်းရဲသော ဒေသများမှ လာပြီး ချို့တဲ့သော မိဘများမှ ပေါက်ပွားသော်လည်း နောင်တွင် ထိပ်ရောက်လာသည့် သူများကို ကြည့်လျင် ပေးချက် (given) တူသည်ချင်းပင် ခရီးပေါက်ပုံချင်း မတူ ကြောင်း အလွယ်တကူ မြင်နိုင်သည်။
အမေရိကန် သမ္မတများ အနက် အပြောင်မြောက်ဆုံး ထဲတွင် ထိပ်ဆုံးက ပါသော လင်ကွန်းသည် ငယ်စဉ်တောင်ကျေး ကလေး ဘဝကို ချို့ချို့တဲ့တဲ့ဖြင့် ကျော်ဖြတ်ခဲ့ရသူ။ မီးလင်းဖိုဘေးတွင် စာကျက် ခဲ့ရသည်။ လင်ကွန်း ဘဝတွင် စုစုပေါင်း ကျောင်းတက်ချိန်(formal education)သည် တစ်နှစ်ခွဲ ခန့်သာရှိသည်။ ရှေ့နေစာမေးပွဲကို ကျောင်းမတက်ဘဲ မိမိဘာသာ ဥပဒေ စာအုပ်များ လေ့လာဖတ်ရှုပြီး ဖြေဆိုရသည်။ စနစ်ကောင်းသည့် အမေရိက တွင်ပင် ကျောထောက် နောက်ခံ ပေးချက် အားနည်းသည့် လင်ကွန်း တစ်ယောက် ကိုယ်တိုင် ကြိုးစားအားထုတ် သောကြောင့်သာ သူလည်းကောင်းစား၊ နိုင်ငံလည်း ကောင်းစားခဲ့သည့် ဥပမာဖြစ်သည်။
နိုင်ငံကို ရှေ့သို့တွန်းရန် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင် များ လိုအပ်လှသလို ကိုယ် တတ်နိုင်သည်ကို အကောင်းဆုံး လုပ်ဆောင် သော တိုင်းသူပြည်သားများ၊ အဖွဲ့သား များသည်လည်း မရှိမဖြစ်ပင်။ တစ်ဦးချင်း ဘဝတိုးတက်အောင် လုပ်ဆောင်ရင်း မိသားစု ဘဝ တိုးတက်လာမည်။ ထိုမှသည် ရပ်ကွက် ကျေးရွာ မိမိအဖွဲ့အစည်း လုပ်ငန်း၊ မြို့နယ်၊ ပြည်နယ်တိုင်း ဒေသကြီး၊ တစ်နိုင်ငံလုံး တိုးတက် လာမည်။ နိုင်ငံကို တည်ဆောက်ထားသည့် အခြေခံ အကျဆုံး ယူနစ် မှာ လူတစ်ယောက်ချင်း တစ်ဦးချင်း ဖြစ်သည့်အတိုင်း တစ်ဦးချင်း တစ်ယောက်ချင်း ကစပြီး တိုးတက်လာလျှင် တစ်နိုင်ငံလုံး လိုက်ပါ တိုးတက်လာမည်။
“မိမိကိုယ်ကို ကောင်းအောင် ကြိုးစားနေသည့်” သန်းခြောက်ဆယ် သော မြန်မာပြည်သူ ပြည်သားတို့ အားများ စုပေါင်းလိုက်ပါက မျိုးဆက်တစ်ဆက်၊ နှစ်နှစ်ဆယ် အတွင်း မြန်မာ့အံ့ဖွယ် Myanmar Miracle ကို မြင်တွေ့ရမည် ဖြစ်သည်။
တစ်ယောက်သော သူကို မြန်မာနိုင်ငံက အလိုရှိနေသည်။ ထို တစ်ယောက်သော သူကို ကြည့်မှန်ထဲတွင် သင် တွေ့မြင်နိုင်သည်။
0 comments:
Post a Comment