Monday, December 24, 2012

"ရွာသား ကိုလူပိန်" (၁)


by Ter Tee on Monday, December 24, 2012 at 2:41am 


" The Village"  by Donald Bertinshaw

ဤရွာကလေးသည် တွေ့ဘူးနေကျ ၊ မြင်ဘူးနေကျ သာမန်ရွာကလေး တရွာမှသာဖြစ်သည်။
ပိန်ပိန်ပါးပါး ရွာသား တဦးမှအပ ၊ ကျန်ရွာသား အားလုံးသည် ကြုံဘူးနေကျ ဆုံဘူးနေကျ သာမန် ရွာသူရွာသားများသာ ဖြစ်သည်။ သူတို့ တတွေသည် စိတ်အေးလက်အေး ၊ ငြိမ်းငြိမ်းချမ်းချမ်း
နေထိုင်စားသောက်လိုသူများဖြစ်ကြသည်။
သူတို့တတွေ၏ စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်း
နေထိုင်စားသောက်လိုမှုသည်ပင်လျှင် သူတို့ရွာကလေး ပျက်စီးရခြင်း၏ အကြောင်းရင်းခံ
ဖြစ်လေရော့သလားဟု ကျွန်တော် တွေးမိသည်။

ကြင်နာတတ်သော အသဲနှလုံး ၊ အေးဆေးတည်ငြိမ်သော အသံတို့ကို ပိုင်သသော
ပိန်ပိန်ပါးပါး ကိုလူပိန် ပျက်စီးရသကဲ့သို့ ၊ ကောင်းမွန်မှု ငြိမ်းချမ်းအေးဆေးမှု မှန်သမျှသည်
စစ်ကာလ အတောအတွင်း၌ မရှုမလှ ပျက်စီးကြရသည်မှာ ဓမ္မတာသဘောလိုလို ဖြစ်နေပါသည်။
ကိုလူပိန်သည် ထူးဆန်းစွာသေခဲ့ရသည်။ ကိုလူပိန် သေဆုံးခဲ့သည့်နှစ်ကား ကိုလူပိန်ကဲ့သို့ပင်
ထူးဆန်းစွာ သေခဲ့ရသော ခရစ်တော်အား မွေးဖွားပြီး ၊ နှစ်ပေါင်း တထောင့်ကိုးရာလေးဆယ့်တခု
လွန်သောနှစ်ဖြစ်ပေသည်။ ခရစ်တော်သည် လူသားများ ငြိမ်းချမ်း သာယာစွာ နေထိုင်နိုင်ရေးအတွက်
လက်ဝါးကပ်တိုင်တွင် ဒုက္ခခံခဲ့ရသည်။ အသတ်ခံခဲ့ရသည်။ ကိုလူပိန်သည်လည်း လူသားများ
ငြိမ်းချမ်းစွာ အသက်ရှင်နိုင်ရေးအတွက် အသတ်ခံခဲ့ရသည်။ သူ့အကြောင်းကို ကျွန်တော်တွေးမိတိုင်း
ကြေကွဲဝမ်းနည်းရလေသည်။

ကျွန်တော်တို့သည် စက်အမြောက် တပ်ခွဲမှ ဖြစ်သည့်အလျောက် ၊ ဂရိနိုင်ငံတလျှောက်တွင်
စက်သေနတ် တပ်ဆင်ထားသော ထရပ်ကားများနှင့် သွားလာချီတက်ခဲ့ရသည်။
တနေ့တွင် ကျွန်တော်တို့ တပ်ခွဲကလေးသည် အိုလံပတ်တောင်မှ စီးဆင်းလာသော
စမ်းချောင်းကလေးနံဘေးသို့ ရောက်လာခဲ့သည်။ စမ်းချောင်းကလေး၏ ကမ်းနဖူးတလျှောက်တွင်
ထင်းရှုးပင်များ တန်းစီ၍ပေါက်နေသည်။ ဗိုလ်မှုးက ဤစမ်းချောင်းဘေးတွင် သုံးရက်ခန့်
တပ်နားမည်ဟု ပြောသဖြင့် ကျွန်တော်တို့သည် စမ်းချောင်းတွင် စိမ်ပြေနပြေ ရေစိမ်ကြသည်။
ညနေစာကို အေးအေးလူလူ ချက်ပြုတ်ကြသည်။

ထမင်းစားခါနီးသောအခါ "ကွန်နာ" က ပြောသည်။

" ခံတွင်းကောင်းအောင်....ယမကာလေး ဘာလေး ရှာရအောင် ၊
  ဒီအနီးအနားမှာ ရွာတော့ ရှိတန်ကောင်းပါတယ် "

စက်သေနတ် တပ်ခွဲမှ ကျွန်တော်တို့ ငါးယောက်သည် "ကွန်နာ" နှင့်အတူ အရက်ရှာထွက်ခဲ့ပါသည်။
ထိုစဉ်ကမူ ကျွန်တော်တို့သည် ငယ်လည်း ငယ်ရွယ် ၊ သွေးလည်း ဆူလွယ်သောကြောင့်
ဘာကိုလုပ်ရလုပ်ရ ဂရုမစိုက်ခဲ့သူများ ဖြစ်သည်။ အရက်တွေ့လျှင် သောက်သည်။ အစာတွေ့လျှင်
စားသည်။ "ကွန်နာ" ကမူ ကျွန်တော်တို့နှင့်မတူ။ သူ့အဖို့ အရက်သည် ခံတွင်းပြေ သက်သက်မဟုတ် ၊
လိုအပ်ချက်တရပ် ဖြစ်သည်။ သူ၏စိတ်ဒုက္ခအပေါင်းကို ဖြေဖျောက်ရန် လိုအပ်ချက် တရပ်ဖြစ်သည်။
စစ်ဖြစ်စက သူ့ဇနီးနှင့် ကလေးနှစ်ယောက် ကွန်နာထံသို့ လိုက်အလာတွင် သူတို့စီးလာသော သင်္ဘောကို
တိုပီတို ထိမှန်ခဲ့ရာ ၊ ဇနီးနှင့် ကလေးနှစ်ယောက် ရေနစ်သေဆုံးခဲ့ရသည်။ ထိုအခါမှစ၍
ကွန်နာသည် အထီးကျန်ဘ၀တွင် နေခဲ့ရရှာသည်။ အကြပ်တပ်သား အရာခံ အရာရှိများနှင့်
ကျပ်ညပ်နေသောတပ်ထဲမှာပင် ကွန်နာသည် အထီးကျန်ဘ၀တွင် နေဆဲဖြစ်သည်။
သူသည် ရန်သူကို အခဲမကြေ အညှိုးမပြေ ရက်ရက်စက်စက် တိုက်သူဖြစ်သည်။
သားမယား သေဆုံးရသည့်အတွက် ကွန်နာသည် ရန်သူကို ခါးခါးတူးတူးမုန်းသည်။
ထိုအကြောင်း ထိုအကျိုးတို့ကြောင့် ကွန်နာကို ကျွန်တော်တို့ ချီးကျူးအားကျသည်ဟု ဆိုလျှင် မမှန်ပါ။
ကျွန်တော်တို့ ကွန်နာကို ချီးကျူးအားကျသည်မှာ သူ၏ ရဲစွမ်းသတ္တိကြောင့်သာ ဖြစ်ပါသည်။
သူသည် ဘ၀ကို အဖျော်ယမကာတွင် လည်းကောင်း ၊ မုန်းတီးရွံရှာမှု ပင်လယ်ကြောတွင် လည်းကောင်း ၊
မျှောထားသူဖြစ်သည်။ အနာဂတ်အတွက် မြှော်လင့်ချက် ဟူသမျှကိုလည်း ကွန်နာသည် ဘ၀နှင့်အတူ
ရောနှော၍ မျှောပစ်သည်ဟု ထင်ပါသည်။

ကျွန်တော်တို့ လူသိုက်သည် စမ်းချောင်းကလေးနှင့် ယှဉ်လိုက်ကွာလိုက် ၊ ဖောက်ထားသောကားလမ်းအတိုင်း
လျှောက်လာကြသည်။ စမ်းချောင်းကမ်းနဖူးတွင် ထင်းရှုးပင်များ စီတန်းပေါက်နေသလို ၊ ကားလမ်း၏
တဖက်တချက်တွင်လည်း အခက်အလက်ဝေဆာသော ထင်းရှုးပင်များ ပေါက်ရောက်နေသည်။ ထင်းရှုးပင်များကို မျှော်လိုက်လျှင် မြင့်မားညိုမှိုင်းသော တောင်ထွတ် တောင်ဖျားများကို မြင်ရသည်။
တောင်ထွတ် တောင်ဖျားများကို ကောင်းကင်ပြာပြာကြီးက အုပ်မိုးထားသည်။ လှလိုက်ပါဘိ။
သို့သော် ကွန်နာသည်....အလှအပ ကန်းနေသူသာ ဖြစ်သည်။ ကွန်နာလို နှလုံးသားတွင် အမုန်းကိုသာ
သိုလှောင်ထားသူတိုင်းသည် ၊ သစ်ပင်၏ အလှ ၊ ကောင်းကင်၏အလှကို မြင်ရမည်မဟုတ်။
အလှရှိရာကို ကြည့်သည့်တိုင်အောင် ထိုနေရာတွင် သူ့ဇနီးနှင့် သူ့ကလေးများ စက်ဆီများ ပေကျံနေသော
ပင်လယ်ရေကွက်ကြီးတွင် ကယ်ပါယူပါ တစာစာ ဟစ်ကြွေးလျက်....ရေနစ်မြုပ်သွားသည့် ပုံကိုသာ မြင်ရှာသည်။
ကားလမ်းအတိုင်း တမိုင်ပျော့ပျော့လောက် လျှောက်မိသောအခါ ၊ တောင်တက်လမ်းခွဲကလေးကို တွေ့ရသည်။
ကွန်နာသည် လမ်းသိသူအလား .... လမ်းခွဲလေးအတိုင်း လိုက်လျက် တောင်ပေါ်သို့တက်သွားရာ ၊
ကျွန်တော်တို့ကလည်း သူ့နောက်က လိုက်သွားသည်။ တောင်ထိပ်ရောက်သောအခါ တဖက်တောင်ခြေတွင်
ရွာကလေးတရွာကို ဗြုန်းကနဲ တွေ့ရသည်။ ထိုရွာအလယ်တွင် စမ်းချောင်းကလေး ဖြတ်၍ စီးနေသည်။
စမ်းချောင်း တနေရာတွင် ကျောက်တုံးများဖြင့် ဆောက်ထားသော ချစ်စရာ တံတားကလေး ပတ်လည်တွင်
အိမ်ကလေးများ စု၍ ဆောက်ထားသည်မှာ မြေပြင်မှ အလိုအလျောက် ပေါက်လာသော
ပန်းပင်ကလေးများနှင့်ပင်တူလှသည်။ ၀န်းကျင်ရှိ တောနှင့်သော်လည်းကောင်း ၊ တောင်နှင့် သော်လည်းကောင်း ၊
တည်နေပုံ ၀ိရောဓိ မဖြစ်သည့်အပြင် ၊ လိုက်ပင် လိုက်ဖက်သေးတော့၏။ အိမ်စုလေးနှင့် မလှမ်းမကမ်းတွင်
ခပ်ကြီးကြီး အိမ်တလုံးရှိသည်။ အိမ်နောက်ခြံဝင်းထဲတွင် ကုလားထိုင် ၊ စားပွဲ သုံးလေးစုံ ချထားသည်။
ထိုအိမ်သည် ၀ိုင်အရက်ဆိုင်ဖွင့်ထားသော အိမ်ဖြစ်တန်ရာသည်။ ရွာကလေး၏ ၀န်းကျင်တွင် အခင်းများရှိသည်။
ထိုအခင်းများသည် ကောင်းကင်သို့ ထိုးတက်နေသော သစ်တောနှင့် တစပ်တည်းဖြစ်သည်။
အခင်းထဲတွင် သိုးကလေးများ ၊ ဆိတ်ကလေးများ အစုလိုက် အအုပ်လိုက် အေးအေးလူလူ
အစာစားနေကြသည်ကိုလည်း ၊ တောင်ပေါ်မှ အတိုင်းသား မြင်နေရသည်။ ဤနေရာသည်
ကျွန်တော်တို့ ကမ္ဘာသူကမ္ဘာသားများ မေ့လျော့ ထားခဲ့သော အလှအပနှင့် အေးချမ်းမှုတို့
ပေါင်းဆုံရာကလေးပင်ဖြစ်တော့သည်။
  
"ကဲ....ရဲဘော်တို့ အရက်ဆိုင်ကို ချီတက်ကြစို့ ၊ ကံကောင်းထောက်မရင်တော့
  ကော့ညက်အရက်ကလေးများ ရနိုင်ကောင်းပါရဲ့ ...."

ကွန်နာက ပြောပြောဆိုဆို စတင်၍ တောင်အောက်သို့ ဆင်းသွားသည်။ ကျွန်တော်တို့လည်း
ကွန်နာ၏ နောက်သို့လိုက်ကာ အရက်ဆိုင်သို့ တညီတညွတ်တည်း ချီတက်ခဲ့ကြပါသည်။
အရက်ဆိုင်၏ ကောင်တာအောက်တွင် ၀ကစ်ကစ် ၀က်ကလေး တကောင်သည် အေးအေးလူလူ
နားနေလျက်ရှိသည်။ အရက်ဆိုင်ခင်းသည့် နေရာကား ခပ်မှောင်မှောင် ၊ ခပ်လှောင်လှောင်။
ဒိန်ခဲနံ့ ၊ ၀က်ပေါင်ခြောက်နံ့များ ပျံ့နှံ့နေသည်။ နောက်ပြီး ၀က်နံ့ကလည်း သင်းနေသည်။
ကျွန်တော်တို့ကို အရက်ဆိုင်ရှင် လူ၀၀က အင်္ဂလိပ်စကား မတတ်တတတ်နှင့် မေးသည်။

 "ကဲ....ဆို....ရဲဘော်တို့ ၊ ဘယ်လို အဆိပ်မျိုးကို သောက်ကြမလဲ"
  
တောရိပ်တောင်ရိပ်များ လွှမ်းနေသော ဤလို ရွာကလေးမျိုးတွင် အမေရိကန်အနေအထားနှင့်
အင်္ဂလိပ်စကား ကဘောက်တိ ကဘောက်ချာ ပြောနေသည်ကို ကြားရသောအခါ
ခပ်ကြောင်ကြောင်ဖြစ်သွားသည်။ သုန်သုန်မှုန်မှုန် နေတတ်သော ကွန်နာသည်ပင်လျှင်
အရက်ဆိုင်ရှင် ကိုလူဝ၏ စကားသံကို ကြားရသောအခါ စပ်ဖြီးဖြီး ဖြစ်သွားသည်။

ကျွန်တော်တို့သည် ၀ိုင်အရက် ၊ ကော့ညက်အရက်များ ၀ယ်ယူပြီး ခြံဝင်းထဲ၌ ခင်းထားသော
စားပွဲ ကုလားထိုင်များ၌ ထိုင်မိသည်နှင့် ရွာသားများသည် ကျွန်တော်တို့ဆီသို့ လာရောက်ကာ
စကားစမြည် ပြောကြသည်။  အရက်ဝိုင်းဖွဲ့ကြသည်။ စကားစမြည်ပြောသည်သာဆိုရပါသည်။
တကယ်တော့ သူတို့ပြောသောစကားကို ကျွန်တော်တို့ နားမလည်ပါ။ ကျွန်တော်တို့ပြောသောစကားကိုလည်း
သူတို့နားမလည်ပါ။  သို့သော် ၀ိုင်အရက် ပြင်းပြင်းကလေးက ဘာသာစကားအစုံကို ပြောတတ်စေပါသည်။
နားလည်စေပါသည်။ ထိုသို့ ၀ိုက်အရက်က စကားပြောနေစဉ် ကျွန်တော်တို့ တပ်ခွဲမှလူများ
နောက်ထပ်ရောက်လာလိုက်ရာ ပို၍၀ိုင်းစည်လာပါသည်။ ရယ်သံမောသံ သောသောညံ၍ မြိုင်လှပါသည်။
သောသောညံသော ရယ်သံထဲတွင် ကွန်နာ၏ ရယ်သံတော့ မပါပါ။ သူ့ဘ၀တွင်….. ၀ိုင်းဖွဲ့၍ ရယ်ရယ်မောမော
ပြောဆိုနေထိုင်တတ်သည့် လူ့အလေ့အထတခု နစ်မြုပ်ပျောက်ကွယ်နေခဲ့ပါပြီ။ ကွန်နာသည်
လူဝိုင်း အရက်ဝိုင်းနှင့် မလှမ်းမကမ်းတွင် တယောက်ထီးတည်း အရက်ကို မှန်မှန်သောက်နေပါသည်။
ဤသို့ဖြင့် သူသည် ပူဆွေးဆင်းရဲခြင်းမှ သက်သာခွင့်ရအောင် ဖန်တီးနေပါသည်။
ကျွန်တော်သည် ကွန်နာထိုင်ရာ စားပွဲသို့သွားကာ အရက် အတူသောက်ပါသည်။
  
ရွာသားမျာက ကျွန်တော်တို့နှင့် အရက်ဝိုင်းဖွဲ့သော်လည်း ရွာမှမိန်းမများကမူ အိမ်တွင်း၌ အောင်းနေပါသည်။
ဤမိန်းမများသည် ရှေ့တခေါ် မျှော်ကြည့်တတ်သော မိန်းမများဖြစ်ဟန်တူပါသည်။ အရက်ဝိုင်းဖွဲ့နေသော
ရွာသားအတော်များများသည် အရွယ်ခပ်ကြီးကြီးများသာ ဖြစ်ပါသည်။ လူငယ်ဆို၍ ဒဏ်ရာရသည်မှ နာလှန်ထခါစ
ဂရိစစ်သား အနည်းငယ်သာ ပါပါသည်။ အရက်ဆိုင် ခြံဝင်းထဲ၌ အများဆုံး ပရိသတ်ကား
ကလေးပရိတ်သတ်သာဖြစ်ပါသည်။ သူတို့တတွေသည် ခြံဝင်းနယ်နိမိတ်တွင် ပျော်ပါးပြုံးရွှင်စွာ
ဆော့ကစားနေကြသည်။ ကလေးများအနက် ကောင်မလေးတယောက်နှင့် ကောင်ကလေးတစ်ယောက်ကို
ကျွန်တော် အလွန်သတိထားမိသည်။ သူတို့သည် မောင်နှမဖြစ်ဟန်တူသည်။ ရုပ်ချင်း အလွန်ဆင်သည်။
ရှေးကျသော အမျိုးအနွယ်တခုမှ ဆင်းသက်လာသော ကလေးများတွင် တွေ့မြင်နေကျဖြစ်သော ဆွဲငင်အားသည်
သူတို့မောင်နှမထံ၌လည်း ရှိနေပေသည်။ မောင်နှမနှစ်ဦးသည် တဦးလက်ကို တဦးကချိတ်တွဲလျက်
သီချင်းတပုဒ်ကို အတူဆိုနေသည်။ ကျွန်တော်တို့လူသိုက် ကြားစေရန် ရည်ရွယ်၍ဆိုနေသည်။
သူတို့ဆိုသော သီချင်းအမည်မှာ “ကာရဆီ” ဖြစ်သည်။ “ကာရဆီ” ကား ဤအရပ်ဒေသတ၀ှမ်း၌
လျှမ်းလျှမ်းတောက် ကျော်ကြားသော ၀ိုင်အရက်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဤနယ်ပယ်သို့
စစ်ကြောင်းဝင်ကတည်းက ကာရဆီဝိုင်နှင့်သော်လည်းကောင်း ၊ ကာရဆီသီချင်းနှင့် သော်လည်းကောင်း ၊
အကျွမ်းဝင်ပြီး ဖြစ်ရကား သံပြိုင်အပိုဒ်သို့ ရောက်သည်နှင့် ၀ိုင်း၍လိုက်ဆိုကြပါသည်။

မောင်နှမ နှစ်ယောက်နှင့်အတူ သီချင်းဆိုနေခိုက် ပိန်ပိန်ပါးပါးလူတယောက်ကို ကျွန်တော် သတိပြုမိပါသည်။
သူသည် ကလေးနှစ်ယောက် သီချင်းဆိုနေသည်ကို ပီတိဖုံးသောမျက်လုံး ၊ အချစ်ရည်ရွှန်းလဲ့သော
မျက်လုံးတို့နှင့် ကြည့်နေသည်။ မောင်နှမ နှစ်ယောက်ကလည်း သီချင်းဆိုရင်းကပင် သူ့ကိုပြုံးပြနေသည်။
ထိုသို့ ကိုလူပိန်ကို ကျွန်တော်သာမဟုတ် ၊ ကွန်နာကလည်း သတိပြုမိပုံရသည်။
အဘယ်ကြောင့်ဆိုသော် ကွန်နာက ဆိုင်ရှင်အား ….

“ ဟို….ကလေးနှစ်ယောက်နားမှာ ရပ်နေတာ ဘယ်သူလဲဗျ ” ဟုလှမ်း၍ မေးလိုက်သည်ကို
ကြားလိုက်ရသောကြောင့်ပင်ဖြစ်သည်။

“ ဒီလူလား …. ကောင်းတဲ့လူ မဟုတ်ပါဘူးဗျာ ၊ ဟိုဟာပြော …. ဒီဟာပြောနဲ့ ၊ လူတွေ ကောင်းအောင်လုပ်ရမယ် ၊
လူကိုချစ်ရမယ် ၊ ပိုက်ဆံဆိုတာ မကောင်းဘူး ၊ ပိုက်ဆံဟာ "စစ်" ကိုလုပ်တယ်လို့ပြောတယ် ၊
ပြောမှာပေါ့ သူ့မှာ ပိုက်ဆံမှ မရှိဘဲ ၊ သူလုပ်တာက ဟိုဟာဗျာ-ဘယ်လိုခေါ်သလဲဗျာ ၊
သစ်သားနဲ့ အလုပ်လုပ်တာလေ ၊ အဲ-အဲ-ဟုတ်ပြီ ၊ လက်သမား လက်သမား ၊
ဒါကြောင့် သူပြောရင် လူတွေက ၀ိုင်းရယ်တာပေါ့ ၊ ခြံထဲမှာတွေ့ရတဲ့ ကလေးပရိတ်သတ်ဟာ
စစ်ကြောင့် မိဘမဲ့ရတဲ့ ကလေးတွေလေ ၊ ဟို-နေရာကခေါ်လာ - ဒီနေရာကခေါ်လာပြီး ဒီမှာလာစုထားတာ….”

ဆိုင်ရှင်သည် ထို ပိန်ပိန်ပါးပါး ထို လူပိန်အကြောင်းကို ပြောနေစဉ်ဝယ် လူတသိုက်ရောက်လာပြန်သဖြင့်
ကျွန်တော်တို့ စာပွဲအပါးမှထွက်ခွာသွားသည်။ ဆိုင်ရှင်နှင့် မရှေးမနှောင်းဆိုသလိုပင် ကွန်နာသည်လည်း
ကိုလူပိန်ထံသို့ ထွက်သွားကာ နှစ်ယောက်သား စကားစမြည်ပြောနေကြသည်။ ထို့နောက် ကွန်နာသည်
ကလေးနှစ်ယောက် ၊ ကိုလူပိန်တို့နှင့်အတူ ထွက်လိုက်သွားရာ တညနေခင်းလုံး အရက်ဆိုင်သို့ ပြန်မရောက်တော့ချေ။

( ဒုတိယပိုင်း ဆက်ဖတ်ပါ ... )

 ရေးသူ - Donald Bertinshaw
ဘာသာပြန်သူ - ညွန့်ကြူး


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...