စူ့ထက်စူ……(၁)
by Seaman Nayminthu on Friday, December 7, 2012 at 7:01pm
ရုံးသွားတဲ့အခါ တောင်ဥကလာပ ညောင်ပင်မှတ်တိုင်အနီးက ပါရမီကားဝင်းထဲကနေ လိုင်းကားစီးသွားလေ့ ရှိပါတယ်။ ထိုင်ခုံရအောင် လို့ပါ။ ဖြတ်လမ်းကသွားတဲ့ ပါရမီ-၁၇၃(အနီ) လိုင်းကားကို စီးတာများပါတယ်။
တနေ့…. ကားပေါ်မှာ စပယ်ယာကို ကားခ ၅၀ တန်တရွက် ထုတ်ပေးလိုက်တဲ့အခါ သူက စုတ်ပြတ်နွမ်းဖတ် နေတဲ့ ၂၀ တန်တရွက် ပြန်အမ်းပါတယ်။ အဲဒီ ၂၀ တန် ပြန်လဲပေးဖို့ ကျနော်သူ့ကိုပြောတော့ မသိသလို မကြားသလို လုပ်နေတယ်။
စိတ်ထဲမှာ ကလိကလိဖြစ်လာတယ်။
ဒါနဲ့ သူကျနော့်နားက ဖြတ်လျှောက်တုန်း သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး ‘င့ါကို ဒီ ၂၀ တန်ပြန်လဲပေး’ လို့ ခပ်တင်းတင်းပြောလိုက်တော့ သူက ဘုကြည့်ကြည့်တယ်။ အဲဒီချိန် ခေါင်းထဲမှာ အသိတခုဖျတ်ခနဲ ရလာတယ်။ ပါရမီကားလိုင်းဆိုတာ ဦးပိုင်က ထောင်ထားတာ။ ဦးပိုင်ဆိုတာ တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်း။ အိုကေ…ကိုယ်က စစ်သား။ ဒီစပယ်ယာ ဆက်ဆံရေးလူပါးဝတယ် ကျောင်းမှန်းကန်မှန်းသိအောင် ပညာပေးလိုက်အုံးမှ တွေးမိပြီး..
‘ဟေ့ကောင်.. ငါကစစ်သား မင်းဒီပိုက်ဆံ ပြန်လဲပေးမလား မပေးဘူးလား ပြော’ လို့ ဟောက်ထည့်လိုက်တော့.. ‘ကျုပ်လည်း စစ်သားဟောင်းပဲဗျ… (……) တပ်က ထွက်လာတာ’ ဆိုပြီး သူ့ကိုယ်ပိုင်နံပတ်တောင် ရွတ်ပြ သွားသေးတယ်။ ကိုယ်တော်ချောလေးက မဖြုံတဲ့ပုံ။
သူ့ကို ဘာမှဆက်မပြောတော့ပဲ ယာဉ်မောင်းကိုတိုင်မယ်လို့ လှမ်းကြည့်လိုက်တော့ ယာဉ်မောင်းရဲ့ ပုခုံးတဖက်မှာ စစ်သဘက်အသေး တထည်တင်ထားတာ တွေ့လိုက်ရပြန်တယ်။
ကျနော် သဘောပေါက်သွားပြီ။
ဒါနဲ့ပဲ…..
‘အေးပါကွာ အဲဒါဆိုလည်း ဒီ ၂၀ တန်တော့ ပြန်လဲပေးအုံး နို့မို့ဆို ငါဈေးဝယ်ရခက်နေမယ်’ လို့ လေပြေထိုး လိုက်မှ… ‘စောစောကတည်းက ပြေပြေလည်လည် ပြောရောပေါ့ဗျ’ ဆိုပြီး ၂၀ တန် ခပ်လတ်လတ်လေးနဲ့ လဲပေးတယ်။ တော်သေးပါရဲ့… ၂၀ တန်မှာ ဗိုလ်ချုပ်ပုံမပါလို့… ပါများပါခဲ့ရင် ဗိုလ်ချုပ်ပုံကိုမှအားမနာ သူမလိုချင် ငါမလိုချင် ဘော်လီဘောပုတ်သလို ဖြစ်နေရအုံးမှာ။
၂၀ တန်တရွက် အကြောင်းပြုပြီးတော့လည်း အကျယ်အကျယ် မငြိမ်းဖွယ် ဆက်မဖြစ်ချင်ဘူးဗျ။ တော်ကြာ ကိုယ်ဆင်းမယ့်မှတ်တိုင်ရောက်မှ သူပညာပြလိုက်ရင် ဆရာမောင်ဝံသ လို နောင်တရနေမှာ စိုးလို့။
ကျနော်ပြန်ပေးလိုက်တဲ့ ၂၀ တန်လေး သူငွေအပ်တဲ့ဆီ ပါသွားလား…. တခြားခရီးသည် တယောက်လက်ထဲ ရောက်သွားလား မသိတော့ပါ။
တပ်ထဲမှာလည်း အဲလိုပဲဗျ..။ သူလိုကိုယ်လို အများစုတွသာ နေရာတကာ တန်းစီနောက်ကျလို့ တုတ်ဝေတာနဲ့ချည့် ညားနေတာ…. သွက်လက်ထက်မြက်သူတွေကျ စစ်မှုထမ်းသက် မများလှသေးဘဲ ဟိုဌာနခုန်ကူးလိုက်၊ ဒီဌာန ရောက်သွားလိုက်နဲ့။
ကျနော့်အထင် ဒီစပယ်ယာလေး သူ့အဘနဲ့အတူ ဦးပိုင်ကို ပါသွားတာဖြစ်နေမလားလို့..။ တချို့..တချို့ အဘတွေက ဌာနပြောင်းတဲ့အခါ အိမ်တော်ပါတွေကို တခါတည်း မ,သွားတတ်တယ်လေ။ သံယောဇဉ်တရား သိပ်ကြီးမားသူတွေ မလား။
အရည်အချင်းကိုက်ညီလို့ ပါသွားတာဆိုရင်ဖြင့် ပြောစရာမရှိပါဘူး။ ဆရာတပည့် အလိုက်သိမှုတခုတည်းနဲ့ ခေါ်သွားတာဆိုရင်တော့ ရောက်ရာဌာနမှာ ဖွတ်မိချောင်းဖြစ်တဲ့ ကိန်းဆိုက်သွားနိုင်တယ်။
ကျောသားရင်သားမခွဲခြားပါဘူးဆိုတဲ့ တပ်မတော်မှာ အိမ်တော်ပါလူယုံမွေးတဲ့ကိစ္စက ခိုးလို့ခုလုဖြစ်စရာ။
တလောကတောင် အိမ်တော်ပါတွေအတွက် ထောက်ပံ့ကြေးဆိုလား… နစ်နာကြေးဆိုလား.. တောင်းဆိုသံ တချို့ကြားလိုက်မိသလိုပဲ။ သူတို့သာ လမ်းပေါ်ထွက်လာရင်….. ကိုယ်တွေပဲ သေနတ်ပြန်ကိုင်ရတော့ မလိုလို။
မနာလိုမဖြစ်ပါဘူး။ စာသင်ခန်းထဲမှာ ကျောင်းသားဘယ်လောက်များများ ပထမဆုရတာ တယောက်တည်း။
ဘာပဲဖြစ်ဖြစ် .. သူတော်လို့ သူရတာပဲ။ လူတော်တွေ ကောင်းစားတဲ့ခေတ် မလား။
သူများ ပထမရတာကို မကျေနပ်လို့ ကျောင်းထွက်လည်း ကိုယ်စာမတ်ရုံပဲရှိမှာ… ဒီတော့ကာ စိတ်ထဲမှာ ကျိတ်တေးထားရင်း သိလျက်နဲ့မသိသလို နေလိုက်ရတာပဲ။ ကိုယ်မှ သူ့လိုမကြိုးစားနိုင်တာ ဘာတတ်နိုင်မလဲ။
ဘာရယ်ဟုတ်ပါဘူးဗျာ… လက်ပံတောင်းတောင်အရေး ဟိုတွေးဒီတွေး တွေးမိရင်း အကြောင်းတိုက်ဆိုင် သွားလို့ အမှတ်ရမိတာလေးကို လက်အရှိန်တက်ပြီး ရေးမိသွား တာပါ…။
ဖတ်မိရင် ပြုံးချင်စရာလေးပေါ့နော…… ဟိ။
နောက်ထပ် ရေးသားပါဦးမည်။
နေမင်းသူ
၅-၁၂-၂၀၁၂
0 comments:
Post a Comment