စာပေငွေပေါ်အရင်းပြုတ်ဈေးပွဲတော်ကြီး ( ဒုတိယပိုင်း-ဇာတ်သိမ်းပိုင်း)
by မင်းလူ၏ ၀တ္တုတိုများ on Saturday, November 17, 2012 at 7:44pm ·
စိတ်ကူးချိုချို စာအုပ်တိုက်ပိုင်ရှင် မောင်စန်းဦးသည် စာရေးဆရာ ကဗျာဆရာဖြစ်သလို မော်ဒန်ပန်းချီဆရာ တစ်ဦးလည်းဖြစ်၏။ ထို့ကြောင့် သူ၏စာအုပ်ဆိုင်ရှေ့မှာ ပါဖောမင့်ပြကွက်ဖြင့် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ပြီး ဖျော်ဖြေသည်။
မောင်စန်းဦးသည် ဖရဲသီးကြီးတစ်လုံးပေါ်တွင် ကပ်သီးကပ်သတ်တက်ပြီးဆောင့်ကြောင့် ထိုင်နေသည်။ ရှေ့တည့်တည့် မြေကြီးပေါ်က ခြတွေတရွရွတက်နေသော စာအုပ်ပုံကြီးကိုငိုင်တွေတွေကြီး ငေးကြည့်နေသည်။ ထိုပါဖောမင့်ပြကွက်ကို ' စိတ်ကူးမှိုင်မှိုင် 'ဟု အမည်ပေးထား၏။
ပရိသတ်တွေက အထူးအဆန်းသဖွယ် ဝိုင်းအုံကြည့်ရှုရင်းထင်မြင်ချက် အမျိုးမျိုးပေးကြသည်။ အများစုကတော့ ' ဂေါက် 'နေတာပဲဟုထင်ကြသည်။ အရေးထဲမှာ ကလေးငယ်တစ်ယောက်က ' ဖရဲသီးစားမယ်၊ ဖရဲသီးစားမယ် 'ဟုအော်နေသဖြင့် ' မုဒ် 'အောက်သွားရသေးသည်။
ဘာပဲဖြစ်ဖြစ် လူစိတ်ဝင်စားတာတော့ အမှန်ပဲ။ မောင်စန်းဦးရေးသားသော ' နာနာဘာဝမော်တော်ကား 'အမည်ရှိ မော်ဒန်ဝတ္ထုမှာလည်း အတော်အသင့် ရောင်းလိုက်ရသည်။
အမှန်ကတော့ စာအုပ်နာမည်ကို ကြည့်ပြီး တစ္ဆေသရဲဝတ္ထုမှတ်လို့ဝယ်သွားကြတာ။ ဖတ်ကြည့်တော့မှ ဘာတွေလျှောက်ရေးထားမှန်းမသိဘူးဆိုပြီး စိတ်ဆိုးမာန်ဆိုးနှင့် ပိုက်ဆံလာပြန်တောင်းကြသည်။
မောင်စန်းဦးကတော့ ဒါတွေဘာမှမသိပါ။ ပါဖောမင့်ပြကွက်၏ ဒုတိယအဆင့်အဖြစ် ကျွဲကောသီးကြီးတစ်လုံးကိုတောင် ခေါင်းပေါ်ထပ်တင်လိုက်ပြန်ပြီ။
" သစ္စာနီ၊ မင်းလူ၊ ပဉ္စမံဒီရိုင်း.. သုံးအုပ်တစ်ထောင်၊ သုံးအုပ်တစ်ထောင် "
' ငါတို့ 'စာပေမှ စန်းမွန်အောင်၏ ဈေးခေါ်သံဖြစ်၏။ သူတစ်ယောက်ထဲမအော်ရဲသဖြင့် လွန်းဆက်မြတ်နိုးနှင့် ဟန်ဇော်တို့ကိုပါ အကူအညီခေါ်ထားရသေးသည်။
" ဟင်း... ဒီစာအုပ်တွေများ သုံးအုပ်တစ်ထောင်ပေးရမလားကွ၊ ရပ်ကွက်ထဲက အငှားဆိုင်ကတောင် ဆိုင်မှာရှုပ်လို့ဆိုပြီး အလကားပြန်ပေးနေတာတောင် ယူမယ့်လူမရှိဘူး "
ဟုဆိုပြီး ဘယ်သူမှ မဝယ်ကြ။ စိတ်ဝင်စားတဲ့လူဆိုလို့ တစ်ယောက်ပဲရှိ၏။ အရောင်းဆိုင်သို့ ဆာလာအိတ်ထမ်းလာသော ကုလားလေးတစ်ယောက် ရောက်ရှိလာပြီး-
" သုံးပိဿာတစ်ထောင်ရမယ်ဆိုရင်တော့ အကုန်လုံးယူသွားမယ်အစ်ကို "
ဟု လာစပ်လေသည်။
စန်းမွန်အောင်မှာ ကြံရာမရဖြစ်ပြီး သူ့အစ်ကို သားစိုးကို အကူအညီတောင်းရလေသည်။
သားစိုးလာမယ်ဆိုတော့ စိတ်ဝင်တစားစောင့်ကြည့်သူတွေရှိလာသည်။ ရိုးရိုးတန်းတန်းတော့ လာမှာမဟုတ်။ သူ့ထုံးစံအတိုင်းတစ်ခုခု ထူးခြားအောင်တော့ လုပ်လာမှာပဲ။ သူငယ်တော်လိုပဲဝတ်စားလာမလား။ ဦးရွှေရိုးလိုပဲ ဆင်မြန်းလာမလား။ ဇော်ဂျီလိုပဲ တောင်ဝှေးထမ်းလာမလား။
လာမယ့်လာတော့လည်း နွေခေါင်ခေါင် ချွေးတပြိုက်ပြိုက်ကျနေတဲ့ အချိန်ကြီးမှာ စန်တာကလော့ခေါ် ခရစ်စမတ်ဘိုးဘိုးကြီးလိုလုပ်ချလာလေ၏။ ကျောမှာပိုးထားသော အိတ်ကြီးထဲမှာတော့ စီဒီခွေတွေပါလာသည်။
" စာအုပ်ဝယ်သူတိုင်းကို သားစိုး၏ လုံးဝမစီစဉ်ရသေးသော စီဒီတစ်ချပ်လက်ဆောင်ပေးမည် "
ဟုကြေညာလိုက်သောအခါ စာအုပ်တွေ အတော်ရောင်းလိုက်ရ၏။ ဒါတောင်တစ်ချို့ စာအုပ်မယူဘဲ စီဒီအခွေချည်းပဲ မရဘူးလားဟု မေးကြသေးသည်။
စန်းမွန်အောင်ကတော့ အသက်ရှူချောင်မယ်မှတ်နေတုန်း ဒေါသထွက်နေသော ဝယ်သူများ ဆိုင်ကိုလာဝိုင်းကြ၏။ အကြောင်းမှာသားစိုး၏ လုံးဝမစီစဉ်ရသေးသော စီးရီးဆိုတဲ့စကားနဲ့အညီ ဘာသီချင်းမှမပါသော အခွေလွတ်တွေဖြစ်နေလို့ပါပဲ။
ထို့ကြောင့် ပရိသတ်တွေကျေနပ်အောင် အစီအစဉ်တစ်ခုလုပ်ရပြန်သည်။ သားစိုးမှာ မထွင်ရမနေနိုင်သူဖြစ်တဲ့အတိုင်း အနုပညာရှင်က လက်မှတ်ထိုးပေးတာမျိုးမဟုတ်ဘဲ ပရိသတ်တွေက ပြန်ပြီး လက်မှတ်ထိုးပေးသော ပုံစံကို ပြုလုပ်လိုက်သည်။
သူသည် ဘောင်းဘီတိုကလေးကလွဲပြီး ဘာအဝတ်အစားမှမဝတ်ဘဲ ဒူးထောက်ထိုင်နေသည်။ ပရိသတ်များက သူ့ကိုယ်ပေါ်မှာဆော့ပင်နှင့် လက်မှတ်များထိုးကြသည်။ ခန္ဓာကိုယ်အနှံ့နားရွက်များပါမကျန် လက်မှတ်ဝိုင်းထိုးကြရုံမျှမက တချို့ဆိုလက်ဗွေရာတောင်နှိပ်သွားကြသေးသည်။ ဒီကြားထဲမှာ ကနွဲ့ကလျနဲ့ လူကြီးတစ်ယောက်က သူများတွေလက်မှတ်မထိုးရသေးတဲ့နေရာမှ ထိုးချင်ပါတယ်ဆိုပြီးအတင်းဝင်ဆွဲလို့ သားစိုးမှာ ' ဘူးသီးနုနုမခူးရ 'ဟုအော်ပြီး ထွက်ပြေးရသည်။
စန်းမွန်အောင်သည် ဒီစာရေးဆရာတွေရဲ့စာအုပ်တွေထုတ်နေလို့ကတော့ စီးပွားပျက်လိမ့်မယ်။ ကိုယ့်ဘာသာ ဝတ္ထုတွေကိုယ်တိုင်ရေးပြီး ထုတ်တော့မယ်ဟု ဆုံးဖြတ်လိုက်၏။ ကလောင်နာမည်ကိုလည်း သားစိုးထက်သာအောင် ' သားမြတ် 'ဟု မှည့်ခေါ်မည်ဟု စဉ်းစားထားသည်။
စာရင်းချုပ်လိုက်တော့ စာအုပ်ဈေးပွဲတော်မှာ အမြတ်ထွက်တဲ့စာအုပ်ဆိုင်ရယ်လို့မရှိသလောက်ပဲ။ အလဲဗင်းမီဒီယာဂရုသာ နည်းနည်းပါးပါး ခုမိကာမိရှိ၏။ ဒါကလည်း ဗလာစာအုပ်တွေ ရောင်းရငွေက ဝင်ကယ်သွားလို့။ အများစုမှာ ဆိုင်ခန်းခတောင်မကြေလို့ အခက်တွေ့ကြရသည်။
အခုလို စီးပွားရေး ထိုင်းမှိုင်းပြီး အရောင်းအဝယ်တွေပါးနေသော ကာလမှာတောင် အလုပ်ဖြစ်နေသေးသော လုပ်ငန်းတစ်ခုရှိသေးသည်။ လက်ဝှေ့ပွဲများပင်ဖြစ်၏။ ရုံဝင်ခသောင်းနဲ့ချီပေးရတာတောင် လူတွေက ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးကြရာ လက်မှတ်မှောင်ခိုတာတောင်ရှိသည်။
ထိုအခါ လက်ဝှေ့ပွဲသွင်းတဲ့ အတွေ့အကြုံရှိခဲ့ဖူးသော ဆရာကြီး ကျားဘငြိမ်းဘညိမ်း၏သားများဖြစ်တဲ့ ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ မျိုးမြင့်ညိမ်းတို့ညီအစ်ကိုများသည် အကွက်ကောင်းတွေ့ပြီဆိုပြီး ' စာပေလက်ဝှေ့စင်တင်ပွဲကြီး 'ကိုဦးစီးကျင်းပကြလေတော့သည်။
' ခွက်တူရင် ပုလင်းမရွေးပါဘူး
စက္ကူတွင် သတင်းရေးတဲ့
ယောက်ျားဘသား....
မျိုးမြင့်ညိမ်းတဲ့ဟေ့...
ဗေပုံထီး၊ ဗေပုံထီး... '
လက်ဝှေ့ရေးပြ စိန်ခေါ်သံတွေညံနေသည်။ အကယ်ဒမီခင်မောင်ကြီးအဖွဲ့ကလည်း ဗိန်းဗောင်းဆိုင်းသံဖြင့် သွေးကြွအောင်နှိုးဆွပေးသည်။ ' ဟိုက်ရော... ဟိုက်ရော 'ဆိုသော ဦးဝင်းငြိမ်း၏ ဆော်ဩသံကလည်း တစ်ချက်တစ်ချက်မှာ မိုးလုံးဟိန်းမျှထွက်ပေါ်လာနေ၏။
စာပေသမားများမှာ ကိုယ့်အုပ်စုနှင့်ကိုယ် အသင်းတွေဖွဲ့ပြီး ဝင်ပြိုင်ကြ၏။ မန္တလေးအသင်း၊ နေပြည်တော်၊ ပျဉ်းမနားအဖွဲ့၊ ကွမ်းခြံကုန်းအုပ်စု၊ အင်းစိန်သားများ၊ ရီယယ်လစ်ဇင်ဂရု(ပ်)၊ မော်ဒန် ပို့စ်မော်ဒန်ညွန့်ပေါင်း၊ ပီပီ၊ အယ်လ်ပီ၊ ပီအယ်ပီ စသည်ဖြင့်...
လက်ဝှေ့ပွဲများမှာအကြိတ်အနယ် ရှိကြသည်။ ပရိသတ်တွေကလည်း ဝက်ဝက်ကွဲအောင် အားပေးကြသဖြင့် လက်မှတ်များရောင်းမလောက်ဖြစ်ပြီး မှောင်ခိုဈေး သုံးသောင်းအထိ တက်သွားသည်။ လုပ်ပွဲညာပွဲမဟုတ်ဘဲ တကယ်ထိုးကြသဖြင့် အလွန်ကြည့်ကောင်းသည်။
အထူးသဖြင့် ကဗျာဆရာအချင်းချင်း၊ စာနယ်ဇင်းသမားအချင်းချင်း ထိုးသတ်ကြသောပွဲများမှာ ပိုပြီး သည်းထိတ်ရင်ဖိုရှိလှသည်။ မူလစည်းကမ်း သတ်မှတ်ချက်မှာ ကတ္တီပါလက်အိတ်စွပ်ပြီးထိုးရမည်ဖြစ်၏။ သို့ရာတွင် ထိုးရင်းက စိတ်ပါလာပြီး လက်အိတ်တွေချွတ်၍ ဗလာချီထိုးကြသည်။ တခြားပွဲတွေလို ငါးချီဆယ်ချီကန့်သတ်မှုမရှိတော့ဘဲ ကြောက်ရှုံး ကွဲရှုံး ရေကုန်ရေခမ်းဆော်ကြလေသည်။ ကြာတော့ နည်းပြဆရာတွေပါ အချင်းချင်း စိန်ခေါ်လာကြသည်။ ဒိုင်လူကြီးတွေတောင် လက်ခမောင်းထခတ်ချင်သလိုလိုဖြစ်လာလေတော့သည်။
ဤသို့ဖြင့် ကာလအတန်ကြာ လေးလံ ထိုင်းမှိုင်းနေသော စာပေလောကကြီးမှာ ပြန်လည်လှုပ်ရှား စည်ကားသိုက်မြိုက်လာခဲ့လေ၏။
-------------------------------------
မင်းလူ
(ရယ်စရာမဂ္ဂဇင်း၊ အမှတ်၄၂၊ မေ၊ ၂၀၀၉)
0 comments:
Post a Comment