Friday, November 30, 2012

ဒီမိုကရေစီအသွင်ပြောင်းကာလ နောက်ပြန်ခြေလှမ်းလော



  • မနက်ဖန်ထုတ်မယ့် The Voice Weekly အတွက် ကျနော်ရေးထားတဲ့ ခေါင်းကြီးပါ။ ဝေဖန်၊ အကြံပြု၊ မှတ်ချက်ပေးနိုင်ပါတယ်။
    မကြာသေးခင်ကမှ တက်လာသောသတင်းများအရ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံပြည်သူ လူထုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားသူများက ယနေ့နံနက် လင်းအားကြီး ၃ နာရီ ခန့်တွင် အင်အားသုံးဝင်ရောက်ဖြိုခွင်း လိုက်ကြောင်း သိရပါသည်။ ထိုသို့ဖြိုခွင်းရာတွင် အင်အားပြင်း ရေပိုက်ဖြင့် ထိုးပက်ပြီးနောက် မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ထပ်ဆင့်အသုံးပြုခဲ့ရာ မီးခိုးဗုံးတွင် ပါဝင်သော ဖော့စဖိတ်ြေ ကာင့် ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး တဲစခန်းများမီးလောင်ခြင်း၊ ဆန္ဒပြ သံဃာတော်များနှင့် ဒေသခံများ မီးလောင်စုတ်ပြဲဒဏ်ရာများ ရရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ဒေသခံ သတင်းထောက်များပေးပို့သော မှတ်တမ်းဓာတ်ပုံများနှင့် ဆရာဝန်အချို့၏ မှတ်ချက်ပြုပြော ကြားချက်များအရ သိရပါသည်။ 
    ဆန္ဒပြ၊ သပိတ်မှောက်ခြင်းနည်းလမ်းဖြင့် အရာရာဖြေရှင်း၍မရဘဲ တစ်ခါတစ်ရံ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး အဖုအထစ်မဖြစ်သွားစေရန် ယခင်အစိုးရလက်ထက်က ချုပ်ဆိုထားသော စာချုပ်စာတမ်းများကိုတစ်ခါတရံ လူကြီးလူကောင်းဆန်စွာ လက်ခံရတတ်ပါသည်။ နောက်တစ်ချက်သိရှိနားလည်ထားရမည်အချက်မှာ တပ်မတော်မှ အရပ်ဘက်သို့ ကူးပြောင်းထားသူများ၊ ယခင်အစိုးရအဖွဲ့တွင်လည်း ပါဝင်ခဲ့သူများနှင့် ဖွဲ့စည်းထားသည့် လက်ရှိအရပ်သား အစိုးရသည် ယခင် တပ်မတော်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများအားလုံးကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမွေဆက်ခံရသည်ဆိုသောအချက် ဖြစ်ပါသည်။ ထို့ကြောင့် ယခင်အစိုးရတာဝန်ရှိသူတစ်ဖြစ်လဲ လက်ရှိ အစိုးရအဖွဲ့ အတွင်းရှိသူများ ပါဝင် လက်မှတ်ထိုးခွင့်ပြုထားသည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လက်ရှိအစိုးရဘက်မှ မဖြစ်မနေ စာချုပ်စည်းမျဉ်းစည်းကမ်းများအတိုင်း တရုတ်ကုမ္ပဏီကို ဆက်လက်လိုက်လျောရမည်ဆိုသည့်အချက်မှာလည်း နားလည်လက်ခံ၍ရပါသည်။

    အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်း ၅ဝခန့် အချုပ်အချယ်၊ အကန့်အသတ်များစွာဖြင့် ဖြတ်သန်းလာခဲ့ရသော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီအသွင်ပြောင်းကာလတွင် ယခင်မရခဲ့ဖူးသည့် မိမိတို့သဘောဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်၊ ကန့်ကွက်၊ ဆန္ဒပြခွင့် ရရှိလာကြပါသည်။ ထို့ကြောင့် ရာစုနှစ်တစ်ခုခန့် အောင့်အည်းမျိုသိပ်လာသော ခံစားချက်များကို ဖွင့်အံသည့်အနေနှင့်သော်လည်းကောင်း၊ ဒီမိုကရေစီအခြေခံရပိုင်ခွင့်များကို လက်တွေ့ကျင့်သုံးသည့် အနေနှင့်သော်လည်းကောင်း အရပ်သားအစိုးရသစ်လက်ထက်အတွင်း ဆန္ဒပြမှုပေါင်းများစွာဖြင့် စိတ်ထွက်ပေါက် ပေးခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီနည်းကျ မည်သို့သော ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုမျိုးမဆို ဒီမိုကရေစီ၏ အခြေခံ အလှတရားအဖြစ် ဆန္ဒပြသောကိစ္စရပ်နှင့် ဆန္ဒပြခြင်းအပေါ် သဘောတူခြင်း၊ မတူခြင်း မည်သို့ပင်ရှိစေ အသိအမှတ်ပြုရ မည်ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ်၏ အခြေခံစရိုက်လက္ခဏာများဖြစ်သည့် ဆန္ဒပြမှုများကိုမူ ဒီမိုကရေစီနည်း ကျကျ ရင်ဆိုင်ဖြေရှင်းရန် အထူးအရေးကြီးလှပါသည်။

    လက်ပန်းတောင်းတောင်စီမံကိန်းအား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူများအပေါ် ယနေ့နံနက်လင်းအားကြီး အချိန်မတော်ကာလတွင် ရဲတပ်ဖွဲ့ဝင်များက ရုတ်တရက် ဝင်ရောက်စီးနင်းကာ ပြင်းအားပြင်းရေပိုက်ဖြင့်ထိုးခြင်း၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးတို့ဖြင့် တိုက်ခိုက်ဖြိုခွင်းခဲ့ခြင်းသည် နိုင်ငံတကာကသတ်မှတ်ထားသော အဓိကရုဏ်းနှိမ်နင်းသည့် စည်းကမ်း ဥပဒေများကို လက်တစ်လုံးကြား ချိုးဖောက်ခြင်းဟု ဆိုနိုင်ပါသည်။ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားသော်လည်း ပြင်းပြင်းထန်ထန် ပြန်လည်ခုခံသူများရှိမှသာ အသုံးပြုရမည့်နည်းလမ်းများဖြင့် အကြမ်းနည်းသုံး ဖြိုခွင်းခဲ့ခြင်းကမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းစွာဆောင်ရွက်နေသည်ဟု ကြွေးကြော်ထားသည့် နိုင်ငံတော်သမ္မတကြီးနှင့် အစိုးရအဖွဲ့ တစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးလုပ်ငန်း စဉ်များကို အသိအမှတ်ပြု အားပေးထောက်ခံခဲ့ကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မထေမဲ့မြင်ပြုသကဲ့သို့ ဖြစ်သွားစေနိုင်ပါသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ အနှိမ်ခံဘဝမှ ရုန်းထွက်စ ဝမ်းသာကြည်နူးနေကြသော မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်ကိုလည်း ဝေဝါးသွားစေနိုင်ပါသည်။ အာဏာရှိသူများကို အကျိုးအမြတ်ပေး၍ ရင်းနှီး မြှုပ်နှံအလုပ်လုပ်တတ်သော တရုတ်ကုမ္ပဏီများ၏ ထုံးစံအတိုင်း ဤသို့ အကြမ်းနည်းဖြင့် ဖြိုခွင်းလောက်သည်အထိ နောက်ကွယ်တွင် အာဏာပိုင်များ၏ ကိုယ်ပိုင်အကျိုးအမြတ် မည်မျှပါဝင်နေသနည်းဟု စောကြော မေးခွန်းထုတ်စရာ ဖြစ်သွားစေနိုင်ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှုများတွင်ပင် သွေးအေးအေးဖြင့် စိတ်ရှည်လက်ရှည် ရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင်မှ အဘယ်ကြောင့် အကြမ်းနည်းဖြင့် ဖြိုခွင်းရပါ သနည်းဆိုသော မေးခွန်းကမူ အသံအကျယ်ဆုံးမေးခွန်း ဖြစ်လာနိုင်ပါသည်။

    စနစ်ပြောင်း၊ လူမပြောင်း ဒီမိုကရေစီအသွင်ပြောင်းကာလတွင် ခေတ်နောက်ပြန်ဆွဲလိုသူများ၏ အခုအခံများ ကြီးစွာရှိနေသေးသည့် မြန်မာနိုင်ငံတွင် မည်သည့်အရေးကိစ္စမဆို ပြည်သူလူထုနှင့် ပြုပြင်ပြောင်းလဲမှုလိုလားသော အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူတို့အကြား အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ကိုင်ခြင်းမျိုး ရှိနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ကျိုးစီးပွားသည်သာ အဓိက သဘောထားရှိသူ အဆိုပါ ခေတ်နောက်ပြန်ဆွဲလိုသူများသည် လက်ရှိ အပြောင်းအလဲများကြောင့် ၄င်းတို့၏ အကျိုးစီးပွားများ၊ ၄င်းတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၊ ၄င်းတို့ အကျိုးအမြတ် ခံစားနေသည့်နယ်ပယ်များ၊ ၄င်းတို့ တန်ခိုးထွားသြဇာထက်ခဲ့သည့် လုပ်ပိုင်ခွင့်အာဏာများ တစ်နည်းအားဖြင့် ၄င်းတို့၏ တရားဝင်ဖြစ်တည်မှုတို့ ယုတ်လျော့သွားမည်ကို ၄င်းတို့ အသက်တမျှ အရေးကြီးသည်ဟု ခံယူထားတတ်ကြပါသည်။ ထို့ကြောင့် ဤသို့သော ဆန္ဒပြသူများဘက်မှ အကြမ်းဖက်မှုလုံးဝမရှိသည့်အခြေအနေတွင် ဤမျှအကြမ်းနည်းဖြင့် ဖြိုခွင်းခြင်းမှာ နောက်ပြန်ဆွဲလိုသူများက အာဏာကို လိုသည်ထက်ပိုသုံးခြင်းဖြင့် အခြေအနေပိုဆိုးသွားစေရန် ကြံစည် ခြင်းပေလောဟု မေးခွန်းထုတ်စရာရှိပါသည်။

    မည်သို့ပင်ဖြစ်စေThe Voice Weeklyအနေနှင့်မူ ဆန္ဒပြကန့်ကွက်သည့် အကြောင်းအရာကို သဘောတူခြင်း၊ မတူခြင်းထက် ဒီမိုကရေစီနည်းကျ ဆန္ဒပြကန့်ကွက်ခြင်းအပေါ် မည်ကဲ့သို့သော အကြမ်းနည်းသုံး ဖြေရှင်းနည်းကိုမျှ သဘောမတူ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေးကိုသာ အားပေး ထောက်ခံပါကြောင်းနှင့် ဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်အတွက် ဤသို့ အကြမ်းနည်းသုံး ဖြိုခွင်းခဲ့သည့် တာဝန်ရှိသူများက မြန်မာပြည်သူလူထုကို အမြန်ဆုံး ထုတ်ပြန်ရှင်းလင်းရန်လိုအပ်ပါကြောင်း အထူးတိုက်တွန်းလိုက်ရပေသည်။

    အယ်ဒီတာ (၂၉-၁၁-၂ဝ၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...