Sunday, November 25, 2012

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအကြောင်း (အယ်ဒီတာထံပေးစာ)

by The Voice Weekly on Sunday, November 25, 2012 at 7:25pm ·

သို့
အယ်ဒီတာခင်ဗျား

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြောင်း ဂျာနယ် များတွင် ဖတ်ရှုရသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် က      မြန်မာနိုင်ငံရဲ့သတ္တုတွင်း လုပ်ငန်းကြီး စတင် အကောင်အထည် ဖော်ပုံလေးကို ကျွန်တော်သိသလောက် ရေးသား တင်ပြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး  COLOMBO PLAN t& AUSTRALIAနိုင်ငံ၌ဖွင့်လှစ်သော NTC ကောလိပ်သို့ ၁၉၅၅ ခုနှစ်တွင် မြန်မာလူငယ် ပညာတတ် ၁၅ ဦး စေလွှတ်၍ သတ္တုတွင်း   ပညာသင်ယူ စေပါသည်။ ယင်းပညာသင် စေလွှတ်သော အဖွဲ့တွင် ရခိုင်အမျိုးသား စံရွှေမောင် (ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်) လည်း ရွေးချယ် ခံခဲ့ရပါသည်။ သို့သော်သူသည် ပညာသင်သွား ရောက်ခြင်း မရှိခဲ့ပါ။


မြေအောက် သယံဇာတ ထုတ်ယူမည် ဆိုပါက ယင်းသယံဇာတ တည်ရှိရာ ဧရိယာ ပျက်ယွင်းမည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု  ရှိမည်။ မည်သည့် သယံဇာတကို ထုတ်လုပ်ပါက အကောင်းနှင့် အဆိုး ယှဉ်တွဲ နေမည်ဖြစ်သည်။ သတ္တုထုတ်လုပ်ရာတွင် Underground  နည်းစနစ်နှင့် Open Pit နည်းစနစ်ဟူ၍ နည်းနှစ်နည်း ရှိသည်။ ယခင် သတ္တုတွင်း လုပ်ငန်းများမှာ Underground နည်းစနစ်ဖြင့် ထုတ်လုပ်တူးဖော်ကြသည်။

ပညာသင် ကျောင်းသားများ ပြန်ရောက်လာသော အခါတွင် နမ္မတူ ဘော်တွင်း သတ္တုတွင်း မိုင်းနှင့် ကလေးဝ ကျောက်မီးသွေး သတ္တု မိုင်းတို့တွင် လုပ်ငန်းစတင် ဝင်ရောက် လုပ်ကိုင် ရပါသည်။ ထိုစဉ်က  နိုင်ငံခြားသားများနှင့် တွဲဖက် လုပ်ကိုင် စေခဲ့ပါသည်။

နမ္မတူဘော်တွင်း သတ္တုတွင်းအကြောင်း အနည်းငယ်ရှင်းပြ လိုပါသည်။ ယင်းသတ္တု တူးဖော်ရေး လုပ်ငန်းကို အင်္ဂလိပ်တို့ စတင် အုပ်ချုပ်စဉ်က Underground နည်းစနစ်ဖြင့် ထုတ်လုပ် ခဲ့ပါသည်။ ဆက်လက်၍ မြန်မာအစိုးရ လက်ထက်တွင် ထိုနည်းစနစ်ဖြင့် ဆက်လက် ထုတ်လုပ် ခဲ့ပါသည်။ နမ္မတူမြို့ သတ္တု သန့်စင် ကျိုချက် စက်ရုံ တည်ဆောက်ရာ၌ ငွေ၊ ခဲ သတ္တုတို့ကို ထုတ်လုပ်ခဲ့ပါသည်။ ယင်းစက်ရုံ၏ အဓိက ပြဿနာမှာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ခဲ့ ပါသည်။ ယင်းစက်ရုံမှ ထွက်ရှိသော မီးခိုးငွေ့မှာ အဆိပ် ပါဝင်သော ကြောင့် ယင်း မီးခိုးခေါင်းတိုင် ရှိရာ တောင်ကုန်း ပတ်ဝန်းကျင်၌ မည်သည့် သစ်ပင်မှ မပေါက်ရောက်နိုင်ပါ။ ယနေ့အချိန်ထိ သွားရောက် လေ့လာနိုင်ပါသည်။ ထို့ပြင် ယင်းမီးခိုးငွေ့ ရှူမိပါက အသည်းနှင့် ပတ်သက်သော ရောဂါဝေဒနာများ ရရှိ သေဆုံးနိုင်ပါ သည်။ အရွယ်မရောက်ခင် ကလေးသူငယ်များ ဆံပင်ဖြူခြင်း များကိုလည်း တွေ့ရှိရပါသည်။ ဒေသခေါ် ခဲအဆိပ်ဖြစ်သည်ဟု ပြောပါ သည်။ ထို့ကြောင့် ဝန်ထမ်း အများစုမှာ အရက်နှင့် ငှက်ပျောသီး စားသုံးလျှင် အနည်းငယ် ကာကွယ်သည်ဟု ပြောဆို၍ သိရှိရပါ သည်။ ထို့ပြင် Underground နည်းစနစ် ဖြစ်သောကြောင့် သစ်ကို အဓိက သုံးစွဲရ၍ သစ်တောများ ထိခိုက်ရပါသည်။

ထိုနည်းတူစွာ ကလေးဝ ကျောက်မီးသွေးမိုင်းတွင်လည်း Underground နည်းစနစ် သုံးစွဲသောကြောင့် သစ်တောများ ထိခိုက် ခြင်း၊ ဝန်ထမ်းများ ကျောက်မီးသွေး အမှုန့်များ နေ့စဉ် ရှူရှိုက်ရသော ကြောင့် အဆုတ်နှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားကြရ ပြီး အရွယ်မကုန်ခင် သေဆုံး ကြရပါသည်။

ထိုခေတ် ထိုအခါက နည်းပညာ သိရှိသော်လည်း ရင်းနှီးမြှုပ်နှံ  ငွေအားနည်းသောကြောင့် ကုန်ကျစရိတ် သက်သာသည့် Undergroundတူးဖော်သော နည်းစနစ်ကို အသုံးပြုရခြင်းဖြစ်ပါသည်။ ၁၉၈၂-၈၃ ခုနှစ်မှစ၍ရင်းနှီးငွေအနည်းငယ်ဖြင့် စက်ကား၊ ယန္တရား များကိုအသုံးပြု၍ နမ္မတူ သတ္တုမိုင်းကို Open pit
 နည်းစနစ်ဖြင့် စတင် စမ်းသပ် ထုတ်လုပ် ခဲ့ပါသည်။ သို့သော် အောင်မြင်မှု နည်းသည်။

ထိုနည်းတူစွာ ကြေးစင်တောင် ကြေးနီ သတ္တုတွင်း လုပ်ငန်းကို လည်း ၁၉၇၃ ခုနှစ်လောက်တွင် ဂျပန်နိုင်ငံ နည်းပညာဖြင့် စံပယ် တောင် လုပ်ကွက်ကို Underground နည်းဖြင့် စမ်းသပ် ထုတ်လုပ် တူးဖော်၍ Pilot Plant ရှေ့ပြေးစက်ရုံတည်ဆောက်ပြီး Concentrate ကိုစမ်းသပ် ထုတ်လုပ် ခဲ့သည်။ ထိုမှ တစ်ဆင့် ၁၉၈၀-၈၁ ခုနှစ်တွင် ယူဂိုဆလပ် နိုင်ငံမှ Flotation စက်ရုံကို လာရောက် ဆောက်လုပ်၍   စံပယ်တောင် လုပ်ကွက်တွင် အသုံးပြုမည့် ယန္တရားများကို အမေရိကန် မှထုတ်လုပ်သော CAT အမျိုးအစား စက်ကြီးများအား ဝယ်ယူ၍ Open Pit နည်းစနစ်ဖြင့် စတင် တူးဖော်ခဲ့ပါသည်။

၁၉၉၈ ခုနှစ်တွင် ယခုထုတ်လုပ်သော  SXEW နည်းစဉ် အသုံး ပြု ထုတ်လုပ်ရန် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အိုင်ဗင်ဟိုး ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်ပါသည်။ ထိုစဉ်က အိုင် ဗင်ဟိုးကုမ္ပဏီမှ SXEWစက်ရုံ တည်ဆောက်ခြင်း၊ Cell Line များ တည်ဆောက်ခြင်းကို ဂျပန်နိုင်ငံမှ CHIYODA ကုမ္ပဏီအား ငှားရမ်း  လုပ်ကိုင်ခဲ့ပါသည်။ ထိုမှတစ်ဆင့်  HAZAMA ကုမ္ပဏီအား ထပ်ဆင့် ကန်ထရိုက် ပေး၍ လုပ်ကိုင် စေပါသည်။ ယင်း HAZAMAကုမ္ပဏီမှ Cell Line1 to 8 ကို လုပ်ကိုင်ခဲ့ပါသည်။

ထိုစဉ် အခါက တည်ဆောက်ရေး ကာလတွင် ဂျပန်ပညာရှင် များ Cell Line များ လုပ်ကိုင်ပုံကို အနည်းငယ် ရှင်းပြ လိုပါသည်။ Cell Line လုပ်မည့်နေရာကိုဦးစွာ Original Ground
 သို့ရောက် အောင် အပေါ်ယံမြေကို ဖယ်ရှား ရပါသည်။ ထိုသို့ ဖယ်ရှားပြီးပါက ၄င်းပေါ် ခင်းပြီး ပြုပြင်ရန် (Clay Liner) မြေသားကို အဓိကထား ရွေး ချယ် ရပါသည်။ Original Ground
ပေါ်သို့ တွေ့ရာမြေ တင်၍ မရပါ။ အဘယ်ကြောင့် ဆိုသော် Compact မာကျောမှု ရရှိရန် ဖြစ်ပါသည်။ ယင်း Cell Line ပြုလုပ်ရာတွင်လည်း HAZAMA ကုမ္ပဏီ၏ လုပ် ဆောင်မှုကို  CHIYODAကုမ္ပဏီ Quality Controlအဖွဲ့မှ အမြဲ စောင့်ကြည့်ပြီး Soil Testကိုစဉ်ဆက်မပြတ်လုပ်ပါသည်။ Soil Testအ ပြုလုပ်ရာတွင် ငါးမူးလုံး သံချောင်း သုံးမတ် သံချောင်းတို့ကို ချွန်၍ အရွယ် အမျိုးမျိုးဖြင့် ရိုက်ပါသည်။ ယင်းမြေကြီး မည်မျှ မာသည်ကို သံချောင်းများ ကွေးသည်ထိ ရိုက်ကြည့် ပါသည်။ ထို့အပြင် စိုထိုင်း ဆရှိ မရှိ စသည်ဖြင့် စမ်းသပ်၍ အရည်အချင်း ပြည့်မီလာမှ လက်ခံ ပါသည်။ ၄င်းတို့စမ်းသပ်၍ အရည်အချင်း မပြည့်မီပါက မြေသား အားလုံး တူးထုတ်၍ အသစ် ပြန်လုပ်ဆောင်ရပါသည်။ အဘယ်ကြောင့် Quility Control အဖွဲ့မှ ၄င်းတို့ သတ်မှတ်သော အရည်အချင်း ရှိမှသာ ဖိအားမြင့်ခံ ပလတ်စတစ် (HDPE) ကိုခင်းပါသည်။ ယင်း HDPE Linerပေါ်သို့ သဲများကို သတ်မှတ် ထုထည် ရအောင် ခင်းပါ သည်။ ထိုအပေါ်မှ သတ္တု ပါဝင်သော ကျောက်များကို တင်ပါသည်။ သဲခံခြင်းမှာ ယင်း HDPE လိုင်နာပေါ်သို့ သတ္တုရိုင်း (Ore) များတင် ရာတွင် မပေါက်ပြဲ မထိခိုက်ရန် ဖြစ်ပါသည်။ Cell Line အပုံ၏ အမြင့်မှာ မီတာ ၂၀ မှ ၄၀ အထိ အမြင့် ရှိနိုင်ပါသည်။ ယင်းသတ္တုပါ (Ore) ပုံများသည် HDPE Liner အစ ပေါ်တွင် တန်ပေါင်းများစွာ နှစ်ပေါင်းများစွာ ဖိထားမည် ဖြစ်သောကြောင့် အောက်ခံ မြေကြီး၏ ခံနိုင်ရည် Compact ရှိမှသာဖြစ်ပါမည်။ Compact ခံနိုင်ရည် မရှိပါက အစများသည် မြေကြီး ကျွံကျသွားသည်နှင့် HDPE အစများ ပေါက်ပြဲ၍ အက်စစ်များ မြေကြီးအတွင်း စိမ့်ဝင်၍ ပတ်ဝန်းကျင်ကို ဒုက္ခပေးမည် ဖြစ်ပါသည်။ နည်းစနစ် အတိုင်း အရည်အချင်း ပြည့်မီ အောင် လုပ်ပါက ပတ်ဝန်းကျင် ထိခိုက်မှု မရှိသလောက် ဖြစ်ပါသည်။

သို့သော် ယနေ့ ဦးစီး လုပ်ကိုင်နေသော မြန်မာ အင်ဂျင်နီယာများ ၏လက်တွေ့ လုပ်ဆောင်နေသည်မှာ Compact မည်မျှအဆင့် ရယူ ထားခြင်း၊ Soil Test
 ပြုလုပ်ခြင်း၊ Quility Controlအဖွဲ့မရှိခြင်း နည်းစနစ် မမှန်ကန်မှုများကို တွေ့ရပါသည်။ မိမိအဖွဲ့မှ Cell Line လုပ် မိမိတို့အဖွဲ့မှ လက်ခံခြင်း ဖြစ်နေပါသည်။ အဓိက အရေးကြီး သော HDPE Liner ကို တစ်စနှင့် တစ်စ ဆက်သော ပလတ်စတစ် ဂဟေဆော်ခြင်း ကိုလည်း စစ်ဆေးပေးသည့် အဖွဲ့ မရှိပါ။ ယင်းပလတ်စတစ် ဂဟေဆော်ခြင်း မလုံပါက အက်စစ်များ မြေကြီးထဲသို့ စိမ့်ဝင် သွားနိုင်သည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်ပါ။ လုပ်ကွက် အတွင်း လုပ်ကိုင်နေသော ဝန်ထမ်းများ အသိ ဖြစ်ပါသည်။ ဒေသခံ ဝန်ထမ်း များလည်း ဝင်ရောက် လုပ်ကိုင် နေကြရာ လုပ်ဆောင်ချက်များ၊ လုပ်ကွက် အတွင်း ဖြစ်ပျက် ခဲ့သမျှတို့ကို  ကျေးရွာနေ ပြည်သူများအား ပြန်လည် ပြောပြကြပါသည်။ ထို့ကြောင့် မိမိတို့ ကုမ္ပဏီပေါ် ယုံကြည်မှု လျော့နည်း လာပါသည်။ လုပ်ကိုင်ရာတွင် ရှေ့မှ နည်းစနစ် နမူနာကောင်းများကို ယူပါ။ မိမိ မတတ်လျှင်လည်း တတ်သည့် ပညာရှင်ထံ ဆည်းပူးပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မည့် အရေးကိစ္စ ဖြစ်၍ ဂရုစိုက်သင့် ပါသည်။

ပြည်ပ နိုင်ငံများမှ ဒေါ်လာသန်းပေါင်း များစွာ ရင်းနှီး လုပ်ကိုင် နေသော်လည်း ကိုယ့်နိုင်ငံမှ အုပ်ချုပ်သော ပညာရှင်၊ လုပ်ကိုင် ကြီးကြပ်သော အင်ဂျင်နီယာများ ကိုယ့်နိုင်ငံရှိ ကိုယ့်မြေ ကိုယ့်ရေ ကို ချစ်မြတ်နိုးသောစိတ် ကလေးမွေးပြီး သဘာဝ ပတ်ဝန်းကျင်ထိ ခိုက်မှုနည်းအောင် ရှေ့မှ နိုင်ငံခြားသား ပညာရှင်များ လုပ်ကိုင်နည်း အတိုင်း ဆောင်ရွက်ပါက ဒေသခံ ပြည်သူများလည်း ယုံကြည် လက်ခံ  လာပါလိမ့်မည်။ ခေတ်စနစ်များ ပြောင်းသွားပြီး ဖြစ်၍ ကိုယ်ကျိုးမရှာ  စိတ်ကောင်း နှလုံးကောင်း မွေး၍ စည်းကမ်း ကျနစွာ လုပ်ကိုင်ပါက နိုင်ငံတော်နှင့် ပြည်သူ အကျိုးအတွက် အထောက်အကူပြုမည့် လုပ်ငန်းများ ဖြစ်လာပါလိမ့်မည်။ ပြည်သူလူထု လက်ခံလာရန် အလုပ် နှင့် သက်သေ ပြကြပါစို့လို့ တိုက်တွန်း ဆန္ဒပြုလိုက် ပါသည်။ နှစ်ဦး နှစ်ဖက် လိုအင်ဆန္ဒများ ပြည့်ဝ၍ ဒီမိုကရေစီ စနစ်သို့ ချောမွေ့စွာ  လျှောက်လှမ်းနိုင်ကြပါစေ။      

 ရေစင် (မေတ္တာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...