Tuesday, November 27, 2012

လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း


by သစ္စာနီ on Friday, November 23, 2012 at 9:12pm ·

 ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ကွန်ဆာဗေးတစ် တချို့အတွက် ထမင်းလုံးတစ္ဆေ ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ အမှန်မှာ ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ရုတ်တရက် မိုးပေါ်က ကျလာသော အရာလည်းမဟုတ်၊ ကျွန်တော်တို့နှင့် သူစိမ်းပြင်ပြင် အရာလည်းမဟုတ်။ မသိလိုက် မသိဖာသာ သဘောနှင့် ကျွန်တော်တို့ နေ့စဉ် စီးမျောနေသော ဘဝ အထိအတွေ့ တစ်မျိုးသာ ဖြစ်လေသည်။


ဥပမာ မြန်မာပြည်က အိမ်တစ်အိမ်တွင် အင်ဒိုနီးရှားပါတိတ်၊ ယိုးဒယား ထမင်းပေါင်းအိုး၊ တရုတ် မီအားမြှင့်စက်၊ ကိုရီးယာ တီဗွီ၊ အိန္ဒိယ မီးပူ၊ ဂျပန်လုပ် မီးချောင်း၊ အမေရိကန် အားဆေး စသဖြင့် တပေါင်းတစုတည်း တွေ့မြင်နိုင်သည်။ ယင်းမှာ ဂလိုဘယ်လိုင်ဇေးရှင်း သဘောတရားပင်ဖြစ်သည်။ (သမိုင်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးခဲ့သည့် ဥရောပရေကြောင်းသွားလာမှု စခန်းသစ် ဖွင့်သည့်အချိန်ကာလကစ၍ ဂလိုဘယ် စီးပွားရေးသဘောတရား အခြေတည်လာခဲ့သည်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကာ ကမ္ဘာ့မဟာ စီးပွားပျက်ကပ်ဆိုက်မှုကြီးကာလ ၁၉၃၀ အထိကို ပထမ ဂလိုဘယ်လိုင်ဇေးရှင်းခေတ်ဟု သတ်မှတ်ခဲ့ကြသည်။ နည်းပညာ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်နေသော ယနေ့ ဂလိုဘယ်လိုင်ဇေးရှင်း “တတိယခေတ်” ဟု သမုတ်ကြသည်။)

ယနေ့ ခေတ်မှီ အပြင်အဆင်နှင့် လူငယ်တစ်ယောက်ကို ကြည့်လျှင် သူသည် ဆွစ်ဇလန်လုပ် နာရီ၊ ဂျာမဏီလုပ် ဘောင်းဘီ၊ စပိန်ဖြစ် ဂျာကင်၊ အီတလီ ရှူးဖိနပ်၊ အမေရိကန်လုပ် ရှပ်အင်္ကျိကိုဝတ်ကာ ပြင်သစ် စီးကရက်ကို သော်သုံးနေတာ မြင်ကောင်းမြင်နိုင်ပေသည်။ နည်းပညာကြောင့် ကမ္ဘာသည် ကြုံ့ဝင်သွားကာ နိုင်ငံအချင်းချင်း အကြား ကာဆီးထားသော တံတိုင်းတွေ ပြိုကျသွားဖြင်းဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံမှု လျှင်မြန်လာကာ ပြန့်နှံ့စိမ့်ဝင်မှု အားကောင်းလာသဖြင့် တသားတည်း တသွင်တည်း သဘောဆောင်လာခြင်း ဂလိုဘယ်လိုင်ဇေးရှင်း ပင်ဖြစ်သည်။


ကမ္ဘာပေါ်တွင် ပထမဆုံး ဂလိုဘယ်လိုင်ဇေးရှင်းဟု ဆိုနိုင်သော သဘောတရားမှာ စီးပွားရေး မျက်နှာစာမှ စတင်ခဲ့သည်ဟု တညီတညွတ်တည်း သဘောတူခဲ့သော်လည်း ယခုအခါ လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုအနုပညာ (တချို့က ကမ္ဘာ့ကူးစက်ရောဂါ ဖြစ်ပွားမှုကိုပါ ထည့်သွင်းတွက်ချက် ကြပါသည်။) မျက်နှာစာ အတော်များများတွင်ပါ ထိုသဘောတရား ပြန့်နှံ့တွင်ကျယ်၍ နေလေသည်။ ထိုအထဲတွင် ပညာရေး ကဏ္ဍလည်း ပါဝင်လာလေသည်။ ထိုပညာရေးကဏ္ဍမှာ ဂလိုဘယ်လိုင်ဇေးရှင်း ကဏ္ဍပေါင်းစုံတွင် ပြဿနာအနည်းဆုံးလည်း ဖြစ်လေသည်။

ဤခေတ်တွင် ပညာရေးမှာ တိုးတက်လမ်းပွင့်သွားသည်။ နိုင်ငံခြားသို့ ပညာသွားသင်နိုင်သည်။ သို့မဟုတ် ကိုယ့်နိုင်ငံမှာပင် သင်တန်းတက်ကာ နိုင်ငံကြီးများရှိ အဆင့်မြင့်စာမေးပွဲများကို အလွယ်တကူ ဖြေဆိုနိုင်ကြသည်။ ပညာရှင်တွေ ယခင်က မိမိနိုင်ငံမှ ထွက်ခွာမှာကို ဦးနှောက်ယိုစီးမှုဟု အဆိုးမြင်ခဲ့ကြသော်လည်း ယခုတော့ ယင်းမှဖြစ်ပေါ်လာသည့် အကျိုးရလဒ်ကို ကောင်းစွာ သဘောပေါက်၍ လာကြသည်။ မိမိနိုင်ငံဖွား ပညာရှင်များသည် (တချို့အဖွဲ့အစည်းများဖွဲ့ကာ) မိမိနိုင်ငံကို အဝေးမှ အကျိုးပြုကြသည်။ သူတို့ပြန်လာသောအခါ တန်ဖိုးရှိလှသော အဆင့်မြင့်နည်းပညာတွေကို မိမိနိုင်ငံကို ယူဆောင်လာကာ တဆင့်ခံ ပြန်လည်ခွဲဝေ ဖြန့်ဖြူးနိုင်သည်။ တရုတ်နှင့် အိန္ဒိယမှာ အာရှနိုင်ငံများတွင် နိုင်ငံခြားသို့ ပညာသင် အများအပြား စေလွှတ်နေကြသည်။ ယင်းတို့မှာ လူငယ်များဖြစ်ရာ လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း သဘောတရား ဆက်စပ်မှုမှာ လေးနက်၍ တန်ဖိုးကြီးသော အသွင်ကို ဆောင်၍လာလေသည်။

ယနေ့ ကျွန်တော်တို့ နိုင်ငံမှ နိုင်ငံခြား စာမေးပွဲများကို ဤမှ စာပေးစာယူဖြင့် ဖြေကြသည်။ တိုင်းခြားဘာသာစကား လိုက်စားမှုနှုန်း၊ ကွန်ပျူတာ တတ်ကျွမ်းမှုနှုန်းတွေ မြင့်တက်လာသည်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်။ လေ့လာဆည်းပူးမှု ချို့ငဲ့နေလျှင် လျင်မြန်လွန်းခေတ်တွင် နောက်ကျ ကျန်ရစ်ခဲ့ပေမည်။ “အင်တာနက်သည် ကမ္ဘာကို ကြည့်ရှုရန် သင့်ပြတင်းပေါက် ဖြစ်သည်” ဆိုသော စကား ခေတ်စားလာသည်။ အင်တာနက်မှ တဆင့် ပီဇာမုန့်ဖုတ်နည်းကနေ အနုမြူဗုံး လုပ်နည်းအထိ၊ ဒိုင်နိုဆောများ အကြောင်းကနေ အသေးငယ်ဆုံး ဘက်တီးရီးယာများ အကြောင်းအထိ အချိန်မဆိုင်းဘဲ သိနေနိုင်လေသည်။

လက်ဇပ်ကားနှင့် သံလွင်ပင် (The Lexus and Olive tree) စာအုပ်ကို ရေးသားပြုစုခဲ့သော ဂလိုဘယ်လိုင်ဇေးရှင်း ဂုရုကြီးတစ်ဦးဖြစ်သူ သောမတ်စ် အယ်ဖရက်မန်း သည် မကြာသေးမီက The World Is Flat ကမ္ဘာကြီးဟာ ပြားတယ်ဆိုသော စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေလိုက်သည်။ သူက (၂၁) ရာစု၏ သမိုင်းအကျဉ်းဟု ခေါင်းစဉ်ပေးထားကာ ထိုစာအုပ်တွင် ရှန်ဟိုင်း (သို့မဟုတ်) မွန်ဘိုင်းကနေ ဆီလီကွန် တောင်ကြားအထိ၊ အယ်လ်ကေဒါကနေ ဝေါမတ် (ကမ္ဘာအနှံ့ဖွင့်ထားသော အမေရိကန်ဈေးစတိုး Walmart) အထိ ကမ္ဘာဟူသော ကစားကွင်းသည် အချိုင့်အဝှက် အမို့အမောက်မရှိ၊ အခွင့်တူ ယှဉ်ပြိုင်ကစားနိုင်မည့် တပြေးတည်းညီ မြေပြင်ဖြစ်နေသည်ဟု ဆိုခြင်းဖြစ်သည်။

စီးပွားရေးလောကတွင် Barries ဟု ခေါ်ကြသည်။ လွတ်လပ်စာ ယှဉ်ပြိုင်၍ ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်သည်။ အထူးသဖြင့် သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်သည်။ ထိုကဏ္ဍတွင် တရုတ်နှင့် အိန္ဒိယမှာ နတ်ရေကန်ထဲ ပစ်ချခံလိုက်ရသလို တဟုန်ထိုး တိုးတက်နေသည်။ အမေရိကန်လို နိုင်ငံမျိုးကပင် သိပ္ပံနှင့် နည်းပညာ ကျွမ်းကျင်သူတွေကို ထိုနိုင်ငံတွေက ပြန်လည် တင်သွင်းနေရသည်။ ကျွမ်းကျင်မှုခြင်း အတူတူ သူတို့က လုပ်ခသက်သာသည်။ မွန်ဘိုင်း (အိန္ဒိယ နိုင်ငံ၏ မြို့တော်) ပတ်ဝန်းကျင် ဖုန်တောထဲ၌ အိုင်တီ Park တွေ အလျှိုလျှို ပေါ်ထွန်းလာကာ၊ နိုင်ငံခြား (အထူးသဖြင့် အမေရိကန်) Software ကုမ္ပဏီများမှ အလုပ်တွေ လက်ခံလုပ်ပေးနေကြရသည်။

အသိဉာဏ်လုပ်သား (Knowledge Workers) ဟု ခေါ်နိုင်သော သူတွေကို ထိုတရုတ်နှင့် အိန္ဒိယနိုင်ငံ တက္ကသိုလ်များက အလျင်မပြတ် မွေးထုတ်ပေးနေသည်။ သူတို့နောက်က လိုက်ပါလာသော နိုင်ငံများမှာ စင်္ကာပူနှင့် ဖိလစ်ပိုင်ဖြစ်သည်။ ဤလို ကိစ္စမျိုးတွေကို ကျွန်တော်တို့လူငယ်တွေ အားကျစေချင်သည်။ ပညာလိုလားခြင်းမှာ တပ်မက်ရူးသွပ်ကြစေချင်သည်။ ဖရီးမန်းကို အင်တာဗျူးဆရာက အမေရိကန်လူငယ်တွေအတွက် ဘာများအကြံပေးချင်လဲဟု မေးသောအခါ-

“ကျွန်တော်တို့ အရွယ်ရောက်စက မိဘတွေ ပြောတတ်ကြတယ်၊ ညစာကို ပြီးအောင်စား၊ အိန္ဒိယနဲ့ တရုတ်က လူတွေက သိပ်ဆာလောင်နေကြတယ်တဲ့။ အခုတော့ ကျွန်တော့သားသမီးတွေကို ကျွန်တော် ပြောရတယ်၊ အိမ်စာ (Homework) တွေ ပြီးအောင်လုပ်ကြ၊ အိန္ဒိယနဲ့ တရုတ်က လူတွေက နင်တို့အလုပ်တွေကို ဆာလောင်နေကြတယ်လို့”


“ကျွန်တော်တို့ လူငယ်များရော အိမ်စာပြီးအောင် လုပ်ကြပါသလား”



(လူငယ်များသို့ ဂလိုဘယ်အိုင်ဒီယာ စာအုပ်၊ ၁၉၉၆)



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...