Wednesday, November 28, 2012

အကယ်ဒမီ


by Thaw Zin Ohn on Wednesday, November 28, 2012 at 5:58am ·


 သူ့ကိုကျွန်တော်တို့တစ်ဖွဲ့လုံးက“ကိုစိုးကြီး”လို့ခေါ်ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့လေးမှာတော့ သူဟာလူငယ်တွေရဲ့ အကိုကြီးပေါ့။ ရန်ကုန်မှာ နေဘူးတယ်၊ သူ့မိဘရဲ့ကားကို သူကိုယ်တိုင်မောင်းတယ်၊တေးသံသွင်းဆိုင်လဲ ဖွင့်ထားတယ်။

   တစ်ခါတလေ ဘုံဆိုင်မှာ ဆုံကြတဲ့အခါ-
   “အရက်ဆိုတာ နည်းနည်းသောက်သောက် များများသောက်သောက်
     သောက်တာကအရေးမကြီးဘူး၊မူးဘို့က အဓိက၊တစ်ခွက်ထဲသောက်လဲ မူးဘို့ကအဓိက၊
     ကိုယ့်ရေချိန်ကိုက်ရင် အရက်ကို မနှမျောနဲ့ကွ ၊ချန်ခဲ့”
  ဒီလို အဘိဓမ္မာနဲ့ အကိုကြီးပေါ့…………
 ကိုစိုးကြီးရဲ့ရင်ဘတ်ထဲမှာ ပိုးတစ်ကောင်တော့ အမြဲရှင်သန်နေပါတယ်။မြို့ကပွဲလမ်းသဘင်မှာ စတိတ်ရှိုးပွဲရှိရင် တက်ဆိုလိုက်ရမှ၊စတိတ်ရှိုးဆိုတာကလဲ မြို့ကလူငယ်တွေရဲ့ ကိုယ်ပိုင်ပိုက်ဆံ စုပြီး ဟင်္သာတ၊ပုသိမ် မြို့ကြီးတွေမှာ စက်နဲ့တီးဝိုင်းတူရီယာပစ္စည်းတွေ ငှားလို့ ဘူတာရုံရှေ့က ကွင်းပြင်မှာ စင်ဆောက်၊နိုင်ငံကျော် အဆိုတော်တွေရဲ့သီချင်းတွေကို ဆိုကြတဲ့ ပွဲလေးပါ။ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အဆိုတော်လုပ်ကြတဲ့ ပွဲလေးပေါ့။ဘာပဲဖြစ်ဖြစ် မြို့ငယ်လေးရဲ့ အနုပညာပိုးရှိတဲ့ အဆိုတော်သစ်လေးတွေကို အားပေးတဲ့ပရိတ်သတ်ကလဲ မြို့ကြီးတွေရဲ့ စတိတ်ရှိုးတွေအတိုင်းပါပဲ။
  ဒီနှစ် တန်ဆောင်တိုင်မှာလဲ စတိတ်ရှိုးပွဲထည့်မယ်တဲ့။မြို့နယ်လူကြီးတွေကခွင့်ပြုမိန့်ပေးလိုက်ပါတယ်။
လူငယ်ခေါင်းဆောင် ကိုစိုးကြီးက ထုံးစံအတိုင်းဒီပွဲရဲ့ ဦးစီးဦးဆောင်ပေါ့။ပွဲမှာပါဝင်ကြမယ့် လူငယ်တွေအားလုံးဆီက ငွေစုလိုက်တာ နည်းနည်းလိုနေတယ်။၅၀၀၀(အဲဒီအချိန်က မြို့နယ် အရာရှိ လစာမှ၄၅၀/)တဲ့၊ကိုစိုးကြီးက “အဲဒီ၅၀၀၀ငါစိုက်မယ်”တဲ့။
  ဟင်္သာတက စက်ကိုသွားငှားတယ်၊ပွဲတိုက်နေလို့မရခဲ့ဘူး။
  ပုသိမ်ကိုသွားမှ ရခဲ့တယ်။စရန်ငွေပေးခဲ့တယ်။စက်ရောက်ရင်အပြီးငွေချေပေါ့-
စတိတ်ရှိုးစဖို့က ငါးရက်ပဲလိုတော့တာ။ကိုစိုးကြီးပျောက်နေတယ်။သူ့ဆီက ငါးထောင်ရမှ ပွဲကဖြစ်မှာ။
ကျွန်တော်တို့ အားလုံး ကိုစိုးကြီးအိမ်ကိုလိုက်သွားခဲ့ကြတယ်။
   တွေ့ပါပြီ……..
   ဘောင်းဘီတို၊စွတ်ကျယ်လက်ပြတ်ဝတ်လို့ ..သူ့အိမ်ရှေ့က သရက်ပင်မှာ လက်ဝှေ့လေ့ကျင့်တဲ့ သဲအိတ်ကြီးချိတ်လို့၊သဲအိတ်ကိုခြေနဲ့ကန်လိုက်၊လက်သီးနဲ့ထိုးလိုက်၊ခေါင်းနဲ့တိုက်လိုက်၊ဒူးနဲ့တိုက်လိုက်၊
နဲ့..သူ့တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲလို့……ကိုစိုးကြီး။
   သူ့ဘေးမှာသူ့အမေက ငိုပြီးရပ်လို့
   ကျွန်တော်တို့တွေလည်းမနေနိုင်လို့ မေးမိတယ်။
  “ဘာလုပ်နေတာလဲ ကိုစိုးကြီး”
  “ငါလေ့ကျင့်နေတာကွ”
  “ဘာလုပ်ဖို့လဲ”
   “မနက်ဖြန် ကျုံပျော်တပ်ထဲမှာ လက်ဝှေ့ပွဲရှိတယ်၊သွားထိုးမလို့ကွ”
သူ့စကားကြောင့် ကျွန်တော်တို့ အံ့အားသင့်သွားကြပါတယ်။တစ်ခါမှလဲလက်ဝှေ့ထိုးတယ် မကြားမိပါဘူး။ ဘာတွေဖြစ်ကုန်ပြီလဲ။ငိုနေတဲ့ ကိုစိုးကြီးအမေက ကျွန်တော်တို့ကို စကားလှမ်းပြောပါတယ်-
   “ပြောကြပါအုန်း သားတို့ရယ်၊မင်းတို့အကိုကြီးလေ ၊တစ်ခါမှ လက်ဝှေ့ထိုးဘူးတာလဲမဟုတ်ပဲနဲ့
   ခုထိုးမလို့တဲ့၊ဒုက္ခပါပဲ၊အသက်ကြီးမှ ကျိုးပဲ့တော့မှာ၊ပြောကြပါအုန်း သားတို့ရယ်”တဲ့
 ကိုစိုးကြီး ရဲ့အမေလေ မျက်ရည်စမ်းစမ်းနဲ့ပြောရှာတယ်။ကိုစိုးကြီးကတော့ မျက်နှာထားတင်းတင်းနဲ့
   “ဒီမှာအမေ၊ သားသီချင်းဆိုဘို့ ငွေငါးထောင်တောင်းတာ အမေမှမပေးတာ၊ခု လက်ဝှေ့ထိုးလို့ နိုင်ရင်
    တစ်သောင်းရမှာ  ငါးထောင်တောင်ပိုသေး ငိုမနေစမ်းပါနဲ့အမေရာ၊အမေ့သားစိုးကြီးပါဗျ၊နိုင်မှာ”
   ပြောလိုက်၊လက်ဝှေ့ကျင့်သဲအိတ်ကြီးကိုထိုးလိုက်
   ပြောလိုက်၊လက်ဝှေ့ကျင့်သဲအိတ်ကြီးကိုထိုးလိုက်
   ပြောလိုက်၊လက်ဝှေ့ကျင့်သဲအိတ်ကြီးကိုထိုးလိုက်
ကိုစိုးကြီးနဲ့သူ့အမေကြားမှာ ဘာလုပ်ရမှန်းကို မသိတော့ဘူး။မိနစ်နှစ်ဆယ်လောက်တော့ ကြာမယ်ထင်ရဲ့။
ကိုစိုးကြီးရဲ့ အမေဆီက စကားသံထွက်ပေါ်လာတယ်-
  “ရပ်၊ခုရပ်စမ်း စိုးကြီး၊ငွေငါးထောင်အတွက်နဲ့တော့
   လက်ဝှေ့မထိုးနဲ့၊ငါပေးမယ်၊ခုရပ်လိုက်စမ်း စိုးကြီး” တဲ့။

အဲဒီ စကားသံကြားလိုက်ရတော့ ….
လက်ဝှေ့အိတ်ကိုထိုးနေရင်းက ဗြုန်းကနဲရပ်
ဆတ်ကနဲ ကျွန်တော်တို့ဘက်ကိုလှည့်၊သူ့အမေဆီကိုပြေးသွားပြီးတော့
ပါးပြင်ကို နမ်းလိုက်တဲ့  ကိုစိုးကြီးရဲ့ အပြုံးမျက်နှာဟာ……..
 …………..တကယ့်ကို…………………………..
                  (သော်ဇင်အုန်း)
 အလင်းသစ် မဂ္ဂဇင်း အမှတ်(၈)ဇန္န၀ါရီလ၂၀၁၁



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...