Friday, November 30, 2012

ဦးပိုင်လူ များ မမြင်ချင်


by Nyein Chan Aye on Friday, November 30, 2012 at 1:43am 


လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း ဆန့်ကျင် ဆန္ဒပြနေတဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းတွေကို ဗိုလ်သိန်းစိန်ရဲ့ စစ်တပိုင်း အစိုးရ က အကြမ်းဖက်ဖြိုခွဲတဲ့ သတင်းဒီနေ့ပဲ ဖတ်ရတယ်။ ဒီအချိန်ဟာ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် တွေ ဗမာ့ နိုင်ငံရေး စစ်တမ်း ထုတ် ကောင်းကောင်း ဝေဖန်ထောက်ပြသင့်တဲ့ အချိန်ဖြစ်တယ်။
ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းမှား လုံးလုံး လွန်မသွားခင် လမ်းကြောင်းမှန်အပေါ်ပြန်တက်လာအောင် ဆွေးနွေး အဖြေရှာရမယ့် ကာလဖြစ်တယ်။ ဒီစာစုမှာတော့ ပညာရှင်၊ ကျွမ်းကျင်သူ တယောက်ရဲ့ အမြင်မဟုတ်ဘဲ သာမန် ပြည်သူလူထုထဲက တိုင်းပြည် အရေး စိတ်ဝင်စားတဲ့ သူတယောက် အနေနဲ့ စာရေးသူရဲ့ လက်ရှိနိုင်ငံရေး အပေါ် သုံးသပ်ချက် အမြင် အကျဉ်းကို တင်ပြချင်တယ်။

ကြင်စဦးမောင်နှံရဲ့ ပျားရည်ဆမ်းခရီး ရပ်သင့်ပြီ

နိုင်ငံတကာမှာ အစိုးရသစ်တွေတက်လာရင် သူတို့ရဲ့ ခြေလှမ်း၊ မူဝါဒ နဲ့ ရွေးကောက်ပွဲ ကတိ (ဝါ) ပြည်သူအပေါ် ပေးထားခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်နိုင်မှု စတဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ပုံတွေကို စောင့်ကြည့်လေ့လာ အကဲဖြတ်ကြတဲ့ ကနဦး ပျားရည်ဆမ်းကာလ (Honeymoon Period) ဆိုတာ ရှိလေ့ ရှိတယ်။ ဒီကာလတိုလေးအတွင်း မှာ အစိုးရ၊ အတိုက်အခံ၊ ပြည်သူ စတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ အရေးပါတဲ့ အုပ်စု အချင်းချင်း အများအားဖြင့် ဆက်ဆံရေးကောင်းမွန်လေ့ရှိကြတယ်။ ဒီကာလ နောက်ပိုင်းမှာတော့ အစိုးရသစ်ရဲ့ အမှား၊ အားနည်းချက်၊ ပျော့ကွက် တွေကို နိုင်ငံရေး အုပ်စု အသီးသီး နဲ့ လေ့လာသူ ပညာရှင်တွေက ဝိုင်းဝန်းထောက်ပြကြတယ်။ အစိုးရသစ်ကိုယ်တိုင်လည်း မိမိရဲ့ မူဝါဒ၊ လမ်းစဉ်တွေ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုကို ပြန်လည်ဝေဖန်ဆန်းစစ်ကြရတယ်။

၂၀၀၈ စစ်ဖွဲ့စည်းပုံ နဲ့ သံမဏိ ကြိုးခတ် တုန့်နှောင်ပြီး စစ်အာဏာရှင် အသွင်ပြောင်း၊ အရေခွံလဲ၊ စစ်အုပ်စု အကျိုးစီးပွား၊ လုံခြုံမှုအတွက် သက်သက် စိတ်ကြိုက် ခြယ်လှယ် ထင်တိုင်းကြဲ လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှု လို့ ဆိုကြတဲ့ ဗမာ့နိုင်ငံရေး အပြောင်းအလဲမှာ အစကတည်းက ပျားရည်ဆမ်းကာလ ဆိုတာ မရှိသင့်ဘူး။ အခု ဗိုလ်သိန်းစိန် အစိုးရကို ပြည်တွင်း/ပြည်ပက ထောက်ခံပေးမှုတွေဟာ ထိုက်တန်တာထက်တောင် ပိုနေပါပြီ။ အပြောင်းအလဲ ဆိုတာ “နေ့ချင်း၊ ညချင်း မဖြစ်ဘူး..၊ အချိန်ယူရတယ်” ဆိုတာမျိုးကို နားလည် သည်းခံ စောင့်ကြည့်ပေးရတာက မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို သွားနေတဲ့ အခြေအနေမျိုးမှာသာ ဖြစ်သင့်တယ်။ တိုင်းပြည်ရှေ့လားရာ အုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေကကို အခြေမခိုင်၊ မူမမှန်ဘဲ စစ်အုပ်စု အလိုကျသက်သက် တခြား နိုင်ငံရေး အုပ်စု အသီးသီးနဲ့ ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက် ဖြစ်နေရတဲ့ အခြေအနေမျိုးကို ခုအချိန်မှာ ရပ်တန်းကရပ်ဖို့ နည်းလမ်းသစ် ရှာသင့်ပြီ။ ထောင်ခြောက်တွေ အပြည့်နဲ့ ဆူးခင်းလမ်း ကို ပန်းမွေ့ယာ၊ ရွှေကော်ဇော်ခင်း အလား အရာရာ အကောင်းမြင် စိတ်ကူးယဉ် လေထဲတိုက်အိမ်ဆောက်၊ မစားရဝခမန်း ပြောနေ၊တွေးနေ၊လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက် ကနေ နိုးထဖို့ သင့်ပြီ။ ကြင်စဦးမောင်နှံရဲ့ ချစ်ကြည်မဝ၊ အပြစ်မမြင်၊ နှစ်ကိုယ်တူချစ်သမျှ ဇာတ်လမ်းခင်း၊ ပျားရည်ဆမ်းခရီးထွက်နေတာကို ခုအချိန်မှာ ရပ်ပြီး ပြည်သူ့သွေး၊ ချွေး၊ မျက်ရည်တွေပြည့်နှက်နေတဲ့ ညှီစို့စို့၊ ခါးသက်သက် အမှန်တရားကို မျက်မှောက်ပြု၊ တိုင်းပြည်ရဲ့ ပကတိ ဖြစ်ရပ်မှန် အပေါ် အခြေတည်တဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ကို ရှေးရှုသင့်ပါပြီ။

နောက်ပြန်လှည့်မှာ မကြောက်နဲ့

လက်ရှိ ဗမာ့နိုင်ငံရေး မှာ ခေတ်အစားဆုံး ဖြစ်နေတဲ့ “နောက်ပြန်လှည့်မှာ စိုးလို့ သတိကြီးစွာထား၊ လုပ်နေရပါတယ် / လုပ်နေရတာပါ” ဆိုတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်ကို ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် သင့်ပြီ။ စစ်အုပ်စု သွားရာလမ်းဟာ အစကတည်းက ရှေ့တက်မယ့် ခြေလှမ်း လှမ်း၊ ဒီမိုကရေစီပန်းတိုင် အရောက် ရှေးရှုသွားနေတာမဟုတ်ပါ။ စစ်အာဏာရှင် ဗိုလ်နေဝင်းနည်း ဆိုရှယ်လစ် ဝါဒ နှမ်းဖြူး တော်လှန်ရေး ကောင်စီ ကနေ မဆလ အမည်ပြောင်း၊ စစ်ဘောင်းဘီချွတ်၊ ခါးကြားက သေနတ်ကို တောင်ရှည်ကြားဖွက်၊ လိုရင် ထုတ်သုံး တဲ့ လမ်းစဉ်အတိုင်း တသွေမတိမ်း လျှောက်မယ့် အခု ဗိုလ်သိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီ သကာရည် ကျဲကျဲလောင်း စစ်အာဏာရှင် အပင်းထိုးကျွေးပြီး ဘောင်းဘီချွတ်-တောင်ရှည်ပြောင်းဝတ်တဲ့ လူထု အော်ကျောလန် ဒီမိုကရေစီလမ်းဟာ အစကတည်းက ရှေ့ကို သွားနေတာမဟုတ်တဲ့အတွက် ခုလည်း နောက်ပြည်လှည့်သွားမှာ ကြောက်စရာမလိုပါ။ ဒါကြောင့် စစ်လွှတ်တော်နိုင်ငံရေး ဇောင်းပေးနေသူများ စစ်လွှတ်တော်ပြင်ပ လူထူအကျိုးပြု နိုင်ငံရေးလမ်းစဉ် နဲ့ အလုပ်တွေကိုလည်း အခုထက် ပိုမိုအလေးပေးဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ နှာစေး၊ ချောင်းဆိုး၊ အသံဝင်၊ ကိုယ်ခံအားနည်း၊ ဒူးခေါင်းတွေ ယိမ်းယိုင်၊ နားအူ ပြီး ဆွံ့အ၊နားမကြား၊ မျက်စိ တိမ်သလ္လာဖုံး (၉၆) ပါး ရောဂါ စုံ တဲ့ ခေတ်သစ်နိုင်ငံရေး ရောဂါဆိုးကပ်ကြီးသင့်မှု အမြန်ဆုံး ကုစားဖို့ စတင်ကြိုးစားသင့်ပါပြီ။

မိအေး အခါခါ နာရတဲ့ အဖြစ်

ဂျာမန် အတွေးခေါ်ပညာရှင် ဟေဂယ် (၁၇၇၀-၁၈၃၁) က  “ကမ္ဘာ့ ရာဇဝင် မှာ သမိုင်းဝင် အဖြစ်အပျက်ကြီးတွေ နဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ် တွေဟာ နှစ်ကြိမ် နှစ်ခါ ပေါ်ပေါက်လေ့ရှိတယ်” လို့ ပြောဖူးခဲ့တယ်။ ဒါကို သူ့နောက်မှာ ပေါ်ထွန်းခဲ့တဲ့ အခြား ဂျာမန် အတွေးအခေါ်ပညာရှင် တဦးဖြစ်သူ ကား(လ)မာ့က် (၁၈၁၈-၁၈၈၃) က “ပထမ အကြိမ်ကတော့ ကြေကွဲစရာပေါ့.. ဒုတိယ အကြိမ် အတွက်တော့ လက်သင့်မခံနိုင်၊ မဖြစ်သင့်တဲ့ အဓိပ္ပာယ်မဲ့ အခြေအနေပဲ ဖြစ်တယ်” လို့ ထပ်ဖြည့် ပြောခဲ့တယ်။

ဗမာ့နိုင်ငံရေးမှာ စစ်အာဏာရှင် လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ ဗမာ့သမိုင်းဝင် အဖြစ်အပျက်ဆိုးတွေ အကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။ တခါ အပြင် နှစ်ခါအတွက် အကြောင်းပြချက်ကောင်းတွေ ရှာတွေ့နိုင်သေးပေမယ့် အကြိမ်ကြိမ်အခါခါ အဖြစ်ခံ၊ အလှည့်စားခံနေရတာကတော့ လှည့်စားသူ အာဏာရှင်အပြစ်ရယ်လို့တောင် မဆိုနိုင်တော့ပါဘူး။

ဗိုလ်နေဝင်း က “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ “ဂွေး” တက်အောင် ကခဲ့ကြတယ်။ ပြည်သူတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေ ကြည့်ပြီး ဟုတ်နိုးနိုးနဲ့ “ဆင်ဟဝါခွေးမျှော်” တဲ့ ဇာတ်လမ်းခင်းခဲ့ကြရတယ်။ ဗိုလ်ချုပ်ကြီး အစိုးရ ခင်းတဲ့ ဗမာ့ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးကို “ခွေးကတက်” ကနေပဲ လိုက်ရ.. လိုက်ရ ဆိုတဲ့ သူတောင်းစားနိုင်ငံရေးလမ်းစဉ် ခေတ်ထခဲ့ပြီး အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေး သမိုင်းမှာ အရေးပါ၊ အရာရောက်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေး သေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။

ခုလည်း ဗိုလ်သိန်းစိန် က “ဒီမိုကရေစီ” ဗျောသံပေးတော့ နိုင်ငံရေးခေါင်းဆောင်တွေ မနေနိုင်၊ မထိုင်နိုင် ဝင်ကနေကြတယ်။ မဟောသဓ သားတရားစီရင်ခန်း လို မိခင်ရင်းမလို့၊ ဘီလူးမနဲ့ ယှဉ် ပြည်သူဆိုတဲ့ “သား” ကို အနာခံပြီး မလုချင်လို့ အခြေအနေ၊ အချိန်အခါ အလျောက် အလိုက်သင့် ပြုမူဆောင်ရွက်နေရတာတချို့အတွက် နားလည်နိုင်ပေမယ့် “ဂွေး” တက်အောင်အထိတော့ လိုက်မကကြဘို့ လူထုခေါင်းဆောင် ဆိုသူများနဲ့ ပြည်သူလူထု အလုပ်အကျွေးပြု၊ ပြည်သူ့ဘက်တော်သား ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား အပေါင်းကို မေတ္တာရပ်ခံချင်တယ်။


အာဏာရှင်ဆိုတာ

ကမ္ဘာ့သမိုင်းမှာ ဘယ်အာဏာရှင်မျိုးမှ အာဏာကို လွယ်လင့်တကူ စွန့်လွှတ်တယ်ဆိုတာ မရှိခဲ့ဖူးဘူး။ မင်းစည်းစိမ် ဆိုတာ လောကီစည်းစိမ်ထဲမှာ အကြီးတကာ့ အကြီးဆုံး စည်းစိမ် ဖြစ်တဲ့အတွက် တည်မြဲနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာချည်းပဲဆိုတာကို ပဒေသရာဇ် နဲ့ အာဏာရှင် သမိုင်းအဆက်ဆက်က သက်သေပြုတယ်။ ဒီလိုအနေအထားမှာ အင်အားကြီးတဲ့ စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ် ပျောက်ကွယ်သွားဖို့ အင်မတန်ခက်ခဲလှပါတယ်။ တိုင်းပြည်အကျိုးအတွက် စစ်အုပ်စုဟာ “သိက္ခာရှိရှိနောက်ဆုတ်ပေးနေပါပြီ (Graceful Retreat)” ဆိုတဲ့ အယူအဆဟာ စိတ်ကူးယဉ်၊ ရူးသွပ်မှုသက်သက်ထက် မပိုပါ။ ခုအချိန်မှာ ဒီအချက်ကို အလေးအနက်ထား စဉ်းစားသင့်ပါပြီ။

အာဏာရှင် နဲ့ တရားဝင်မှု

ခေတ်သစ် အာဏာရှင် တွေဟာ နိုင်ငံတကာ အသိုင်းအဝန်း နဲ့ မဖြစ်မနေ ဆက်ဆံလာရတော့ တရားဝင် ရပ်တည်နိုင်မှု Legitimacy အတွက် မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြရလေ့ရှိပါတယ်။ Legitimacy လုံးလုံးမရှိဘဲ အာဏာရှင် အစိုးရတွေဟာ ရေရှည်ရပ်တည်ဖို့ ခက်ခဲလှတယ်။ ဒီလိုအနေအထားမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို ဘီလူးဆိုင်းခင်း၊ ကြမ်းကြုပ်ရက်စက်၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်အစိုးရရဲ့ (အစကတည်းကလည်း မရှိခဲ့တဲ့) Legitimacy ဟာ သုညအမှတ် အောက်ကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် ရေရှည်တည်မြဲနိုင်ဖို့ နဲ့ စစ်အုပ်စု လုံခြုံရေး၊ အကျိုးစီးပွားအတွက် အခုမြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုကြတဲ့ ၂၀၀၈ စစ်ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေဟာ ကမ္ဘာမှာလည်း ဖြစ်ပေါ်လေ့ရှိတယ်။ ဒီလိုနဲ့ တရားဝင် (တယ်လို့ဆိုနိုင်တဲ့) အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိကြတယ်။

Liberalisation နှင့် Democratisation မတူ

နိုင်ငံရေး သဘော၊ သီအိုရီတွေမှာ မတရားတဲ့ ဥပဒေတွေ ဖြေလျှော့ပေးတာ၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတာ၊ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ဖြေလျော့သွားတာ စတဲ့ ပိုမိုလွတ်လပ်တဲ့ အခြေအနေမျိုးဖန်တီးပေးတဲ့ Liberalisation ဖြစ်စဉ် နဲ့ ဒီမိုကရေစီ စနစ် ပြောင်းလဲ ဖြစ်တည်မှု Democratisation ဖြစ်စဉ် တွေဟာ သဘောထား၊ လက္ခဏာ နဲ့ ရည်မှန်းချက်တွေ လုံးလုံးမတူညီပါဘူး။ လက်ရှိ ဗမာ့နိုင်ငံရေး ထင်ယောင်မှားမှု (Political Illusion) တခုက ဒီ ဖြစ်စဉ် နှစ်ခုကို ရောထွေးမြင်၊ လိုသလို ကောက်ချက်ချ အကောင်းမြင်လွန် နေခြင်းဖြစ်တယ်။ Liberalisation ဟာ အာဏာရှင်အစိုးရတွေ အထက်မှာ ဆိုခဲ့တဲ့ ရေရှည်ရပ်တည်နိုင်မယ့် တရားဝင် အာဏာရှင် ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေ လျှော့ချ၊ ပြုပြင်ပြောင်းလဲမှု တချို့ လုပ်ခြင်းသက်သက်သာဖြစ်ပြီး အာဏာလုံးလုံးလွှတ်ကာ တိုင်းပြည်မှာ  ဒီမိုကရေစီ အဆောင်အအုံ အခြေတည်စေပြီး ပြည်သူ့အာဏာဗဟိုပြု၊ ပြည်သူ့ဆန္ဒသဘောလုံးလုံး ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်း မဟုတ်ပါ။

ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေမှုဆိုတာကို အခြေခံသဘောအားဖြင့် အာဏာရှင်အစိုးရ လုံးလုံး ပြုတ်ကျမှသာ တွေ့နိုင်ပါမယ်။ “A Transition to Democracy = A Chang of Regime” ကသာ တကယ့် ပြည်သူလူထုအများစု အကျိုးရှိမယ့် ဒီမိုကရေစီ အပြောင်းအလဲကို ဖြစ်ပေါ်စေတယ်။ ဒီလို မဟုတ်ဘဲ အာဏာရှင်သက်ဆိုးရှည်ရေး သက်သက် ဟန်ပြ (Window Dressing) ပြုပြင်ပြောင်းလဲမှု၊ တနည်းအားဖြင့် “ငါ့အာဏာ၊ ငါ့အကျိုးစီးပွား ကိုတော့ မထိနဲ့၊ အထိုက်အလျောက် လွတ်လပ်ခွင့် နဲ့ အခွင့်အရေး ကို လူရွေးပြီးတော့ ပေးမယ်” ဆိုတဲ့ “ဒီမိုကရေစီ ကွက်ကြားမိုး” ရွာနေခြင်း ဟာ တိုင်းပြည် နဲ့ လူထုအများစု ကို ပိုပြီး ထိခိုက်နစ်နာစေပါတယ်။ ဒီလို အပေါ်ရံ အပြောင်းအလဲမျိုးကို အာဏာရှင်တိုင်းပြည်တိုင်းမှာ သြဇာရှိ၊ ပညာတတ်၊ ချမ်းသာတဲ့ ရေပေါ်ဆီ လူမလိုင်အသိုင်းအဝန်း အလိ(elite)  တွေက အားတက်သရော ထောက်ခံလေ့ရှိကြတယ်။ တိုင်းပြည်ရဲ့ အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင်း.. ဒုံရင်း ဆိုတာထက်ပိုဆိုးတဲ့ အခြေအနေမျိုးတွေကို ခံစားရတယ်။ ဒီအချက်ကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ် လူလတ်တန်းစားတွေ သိမြင် ခံစားပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။

လူမှုတရားမျှတမှု (Social Justice) မရှိရင် ဒီမိုကရေစီမဟုတ်

ဒီမိုကရေစီ စနစ်ရဲ့ အဓိက အကျဆုံး အချက်က တိုင်းပြည်မှာ ရှိတဲ့ လူထုလူတန်းစားအသီးသီးအတွက် တူညီတဲ့ အခွင့်အရး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေ ဖန်တီးပေးနိုင်ဖို့ ဖြစ်တယ်။ တဦး၊ တယောက်၊ တစု၊ တဖွဲ့၊ လူတန်းစား တရပ်အတွက် အခွင့်အရေးတွေ ဖန်တီး၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေရင် Liberalisation လို့ ဆိုကောင်း၊ ဆိုနိုင်ပေမယ့် Democratisation တော့မဟုတ်ပါ။

ဆိုတော့ “လူတစု ကောင်းစားရေး” သာ ကြံစည်၊ လုပ်ဆောင် နေဆဲ ဖြစ်တဲ့ လက်ရှိ ဗမာ့နိုင်ငံရေး မှာ “လူအများ ကောင်းစားရေး” အတွက် Democratisation စစ်စစ် ဖြစ်ဖို့ တိုင်းပြည်ရဲ့ အုပ်စုအသီးသီးက မဖြစ်မနေ တွန်းအား (Forces) တွေပေးဖို့ လိုနေပါပြီ။

နိုင်ငံရေးသမား နိုင်ငံရေး အလုပ်လုပ်

ဒီလို ဖြစ်လာဖို့အတွက် နိုင်ငံရေးသမားဆိုသူတွေက နိုင်ငံရေးအလုပ်စစ်စစ်ကို လုပ်ဖို့ လိုတယ်။ တိုင်းပြည်ရဲ့ ပင်မ ရောဂါ နိုင်ငံရေးပြဿနာ ကို မဖြေရှင်းဘဲ အဆွယ်အပွား ရောဂါ နဲ့ သူရဲ့ လက္ခဏာတွေကိုသာ ဖြေရှင်းဖို့ ကြိုးစားနေရင် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အဖြေမှန်ရှာတွေ့နိုင်မှာ မဟုတ်ပါ။ တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမတတ်တာ၊ ရောဂါဘယ ထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွား ပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ ရေသောက်မြစ် ပြဿနာကြီး အမြစ်ပြတ် မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှ ပြေပျောက်မှာ မဟုတ်ပါ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရ စီးပွားရေး ပညာရှင် မိုဟာမက် ယူနွတ်စ် ရဲ့ လူမှုစီးပွားရေးလုပ်ငန်း (Social Business) သီအိုရီမှာ “a charity dollar has one life; a social business dollar has endless lives!” ဆိုတဲ့ “လူမှုစီးပွားရေးလုပ်ငန်းမှာ သုံးတဲ့ ပိုက်ဆံဟာ တခါသုံးမဟုတ်၊ ရာသက်ပန် အကျိုးရှိခံစားရစေတယ်” ဆိုတဲ့ သဘော တခု ရှိတယ်။ ဆိုလိုချင်တာက ဆင်းရဲသား တယောက်ကို ပိုက်ဆံ တကျပ် ပေးလိုက်ရင် သူတကျပ်ပဲ ရမယ်..၊ အဲ့ပိုက်ဆံ တကျပ်ကို လူမှုစီးပွားရေးလုပ်ငန်းမှာ အသုံးပြုပြီး ဆင်းရဲသားကို အကျိုးခံစားခွင့်ပေးရင် သူ့အနေနဲ့ ရေရှည်အကျိုးခံစားခွင့် ရသွားစေတဲ့ သဘော ဖြစ်တယ်။ ဒီလိုနဲ့ ဘင်္ဂလားဒေ့ရှ်က တောင်းရမ်းစားသောက်နေရတဲ့ လူတန်းစားတွေ ကိုယ်ပိုင် အလုပ်အကိုင် နဲ့ အမှီအခိုကင်းကင်း ရပ်တည်လာနိုင်ကြတယ်။

“နိုင်ငံရေး လုပ်တယ်” ဆိုတာလည်း ဒီသဘောပဲ ဖြစ်တယ်။ တိုင်းပြည်ရဲ့ ပြဿနာတိုင်းအတွက်၊ တိုင်းပြည်မှာ ရှိတဲ့ အတိဒုက္ခရောက်နေတဲ့ လူအများစု အတွက် တခါသုံး အကူအညီ တွေပေး၊ ဖြေရှင်းမှုတွေ လုပ်မယ့်အစား လူအများစု ရေရှည် အမြဲတမ်း အကျိုးစီးပွားဖြစ်၊ အမှီအခိုကင်း ရပ်တည်နိုင်ဖို့အတွက် တိုင်းပြည်မှာ စနစ်ကောင်း၊ အုပ်ချုပ်မှုကောင်း၊ ဥပဒေကောင်းတွေ ပေါ်ဖို့ စနစ်အဖွဲ့အစည်းဆိုးကြီးကို တော်လှန်ပြောင်းလဲနိုင်ဖို့ “နိုင်ငံရေးဆိုတာ” လုပ်ရခြင်းဖြစ်တယ်။ ဒီသဘောမှာ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ အဓိက အလုပ်ဟာ အရေးပေါ်ရင် ကူညီပေးရတာမျိုးဖြစ်တဲ့ လူမှုရေးလုပ်ငန်း မဟုတ်ဘဲ စနစ်ကို တော်လှန် (သို့) ထိန်းကျောင်းပြုပြင် ရတဲ့ နိုင်ငံရေး အလုပ်ဖြစ်တယ်။

ဆိုတော့ကာ နိုင်ငံရေးသမား နဲ့ အဖွဲ့အစည်းတွေ လူမှု၊ စီးပွား၊ကျန်မား ရေး တခဏတာ ဖြေရှင်းပေးတဲ့ ဆေးမြီးတို လုပ်ဆောင်ချက်တွေနဲ့ချည်းပဲ ရောင့်ရဲတင်းတိမ်မနေဘဲ တိုင်းပြည်ရဲ့ ပင်မ ရေသောက်မြစ် ရောဂါ ဒီမိုကရေစီ ခေါင်းပါးမှု၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နေမှုကို အားစိုက် ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးလမ်းစဉ်၊ မူဝါဒ ရှာကြံ ချမှတ်ပြီး နိုင်ငံရေး အလုပ်တွေ အခုထက်ပိုမိုလုပ်ဖို့ အားသွန်ခွန်စိုက်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။ ခု နိုင်ငံရေး အင်အားစု အများစု လျှောက်လမ်းနေတဲ့ စစ်လွှတ်တော် နိုင်ငံရေး တခုတည်းနဲ့တော့ သိပ်အလုပ်မဖြစ်ဘူးဆိုတာ တိုင်းပြည်ရဲ့ မဖြေရှင်းနိုင်သေးတဲ့၊ ဖြေရှင်းနိုင်ဖို့ လမ်းစရှာမရဖြစ်နေသေးတဲ့ တိုင်းရင်းသား ပြဿနာ၊ အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစား တွေရဲ့ ပြဿနာ တွေက သက်သေပြုနေပါတယ်။

ခေါင်းဆောင် ဆိုတာ ခေါင်းဆောင် ရမယ်

Democratisation စစ်စစ်ဖြစ်ဖို့ အတွက် လူထုခေါင်းဆောင်ဆိုသူများ၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ခေါင်းဆောင်များ က လူထုရှေ့က မားမားရပ်၊ အပြောနဲ့ မဟုတ် လက်တွေ့ ဦးဆောင် ပြဖို့လည်း လိုပါတယ်။ အပြောင်းအလဲ တချို့ ကြောင့် ယုံထင်၊ကြောင်ထင် ဖြစ် အတွေးအခေါ် ဝေဝါးနေတဲ့ ပြည်သူလူထု ကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကို ချပြ၊ ရှေ့က ခေါ်ဆောင် လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့ လိုပါတယ်။ ပြည်သူတွေ အာဏာရှင် က နှိပ်စက်လို့ အတိဒုက္ခရောက်မှ ဝင်ရောက် ဖြေရှင်း စေ့စပ်ရတဲ့ အလုပ်ဟာ လူထုခေါင်းဆောင်ဆိုသူများ နဲ့ လူထုကိုယ်စားပြုအဖွဲ့အစည်းတွေရဲ့ အလုပ်မဟုတ်ပါ။ ပြည်သူတွေနဲ့ အတူ ရပ်တည်ပြီး ပြည်သူ့ပြဿနာ တွေကို ရှေ့က ထုတ်ဖော် ဟစ်ကြွေး၊ မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ ဦးဆောင် ဆန့်ကျင်ပြမှသာ လူထုခေါင်းဆောင်း၊ လူထုကိုယ်စားပြုအဖွဲ့အစည်း ဖြစ်နိုင်ပါမယ်။

လူထုက လူထု အလုပ် လုပ်

ကမ္ဘာ့သမိုင်းရဲ့ Democratisation ဖြစ်စဉ်တိုင်းမှာ လူထု အလုပ်မပါဘဲ၊ လူထု လှုပ်ရှားမှု မဖြစ်ဘဲ အောင်မြင်ပြီးမြောက် ဆုံးခန်းတိုင် ရောက်သွားတယ်ဆိုတာမရှိပါ။ လူထုဟာ မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ဘာသာပဲ ကြိုးစားလုပ်ကိုင်သွားရတာပါ။ ဗမာ့လူထု အနေနဲ့လည်း ဒီလို လူထုလူပ်ရှားမှု တာဝန်တွေကို စစ်အာဏာရှင်ခေတ် အဆက်ဆက်ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ လက်ရှိ အခြေအနေမှာလည်း လူထုအတန်းစားအသီးသီးရဲ့ အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုတွေကို ပြန်လည် တွန်းလှန် တုန့်ပြန် အံ့တုတဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ လှုပ်ရှားမှုတွေ နိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်လျက်ပါပဲ။ ဆိုတော့ အမြဲတမ်းတာဝန်ကျေတဲ့ လူထုကတော့ ဇွဲမလျှော့၊ စိတ်မပျက်ဘဲ၊ “ကိုယ့်ဘာသာ ကိုယ်ထူမှသာ ငါတို့ထနိုင်မှာပဲ” ဆိုတဲ့ စိတ်ဓာတ်နဲ့ လူထု လုပ်ရမယ့် အလုပ်တွေကို ဆက်လုပ် ဖို့ပါပဲ။

စာနယ်ဇင်း မီဒီယာ ရဲ့ အလုပ်

ဗွီ. အိုင်. လီနင် (၁၈၇၀-၁၉၂၄) က “မော်စကို အုံကြွမှု၏ သင်ခန်းစာများ” စာအုပ်မှာ “တော်လှန်ရေးအောင်မြင်ဖို့အတွက် ခေတ်နည်းပညာ ကို အသုံးချပြီး အလုပ်သမားတပ်ဖွဲ့တွေကို ခေတ်မီ လက်နက်၊ ဗုံး၊ သေနတ်တွေ တပ်ဆင်ပေးရမယ်” လို့ ဆိုခဲ့တယ်။ အခု (၂၁) ရာစု ခေတ်သစ် အာဏာရှင် ဖိနှိပ်မှု တော်လှန်ရေးတွေမှာလည်း ခေတ်နည်းပညာ၊ ဆက်သွယ်ရေး တိုးတက်ပြောင်းလဲမှုတွေကို အသုံးချပြီး အလုပ်သမား၊ လယ်သမား၊ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ လွတ်မြောက်ရေး တိုက်ပွဲတွေကို အားဖြည့်ပေးရပါမယ်။ ဒီနေရာမှာ စာနယ်ဇင်း မီဒီယာရဲ့ ကဏ္ဍ က အင်မတန် အရေးကြီးပါတယ်။ ခေတ်မီလက်နက်အပြည့်အစုံနဲ့ အာဏာရှင် ဒေါက်တိုင် အင်အားကြီး စစ်တပ် နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို လက်နက်နဲ့ ပြန်လည် တိုက်လို့ကတော့ ဘယ်လိုမှ အရာမရောက်နိုင်ပါ။ ဒါကြောင့် လူထုကြား လှုပ်ရှားမှုတွေ ပြန့်ပွားအောင်၊ အာဏာရှင်ရဲ့ လုပ်ရပ်ဆိုးတွေ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာရပ်တွေကို အသုံးချပြီး လှုံ့ဆော်၊ ဖြန့်ဝေ၊ တင်ပြတဲ့ မီဒီယာဆိုတဲ့ လက်နက်နဲ့ တိုက်မှသာ အာဏာရှင်တွေ၊ သူတို့ရဲ့ လက်ပါးစေ “ဘယ်သူသေသေ ငတေမာ” ရင်ပြီးရော လူတန်းစား စီးပွားသောင်းကျမ်း၊ ရမ်းကားတဲ့ လက်တဆုပ်စာ ခရိုနီတွေ အထိနာမှာ ဖြစ်တယ်။ လူထု သပိတ်တိုက်ပွဲ သတင်းတွေတင်မကဘဲ အာဏာရှင်တွေ နဲ့ အပေါင်းအပါတွေရဲ့ အကျင့်ပျက်၊ ခြစား၊ ကိုယ်ကျိုးရှာ ထင်ရာဆိုင်း နေတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို စုံစမ်း၊တူးဖော်၊ရှာဖွေ၊တင်ပြ တဲ့ “investigative journalism” စာနယ်ဇင်း အလုပ်တွေလည်း အများအပြား လုပ်နိုင်လာဖို့ လိုပါတယ်။

ဦးပိုင်လူ မဖြစ်စေနဲ့

အထက်မှာ တင်ပြခဲ့တဲ့ တိုင်းပြည် လူထု၊ လူတန်းစား အသီးသီးဖြစ်တဲ့ လူထုခေါင်းဆောင်၊ လူထု အဖွဲ့အစည်း၊ နိုင်ငံရေးခေါင်းဆောင်၊ နိုင်ငံရေး အဖွဲ့အစည်း၊ သာမန် ပြည်သူ နဲ့ သတင်းမီဒီယာ တွေ ကိုယ့်တာဝန်၊ ကိုယ်ကျေ၊ တက်ညီလက်ညီ ဝိုင်းဝန်း ဖိအားပေး (Force) လုပ်နိုင်မှသာ တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန် အမြစ်တွယ် ခဲ့တဲ့ တိုင်းပြည်ရဲ့ အဓိက ပြဿနာ စစ်အာဏာရှင် စနစ် အလုံးစုံ ပျက်သုန်းပြီး ဒီမိုကရေစီ အသီးအပွင့်တွေ လူအများစု အားလုံးတန်းတူ ခံစားနိုင်မှာ ဖြစ်တယ်။

လူမှုတရားမျှတမှု အခြေပြု တင်းပြည့်၊ ကျပ်ပြည့် ဒီမိုကရေစီ စစ်စစ် တိုင်းပြည်မှာ ရှင်သန်စေဖို့အတွက် အထက်မှာ ဆိုခဲ့တဲ့ တိုင်းပြည်ရဲ့ အစုအဖွဲ့အသီးသီးမှာ အာဏာရှင်လက်ဝေခံ၊ အာဏာရှင် စစ်အုပ်စု အကျိုးပြု “ဦးပိုင်လူ များ” မမြင်ချင်ပါ။ “ဦးပိုင်လူ များ” အမြန်ဆုံး ကျဆုံးပါစေ။

လက်ပန်းတောင်းတောင် လူထုကို ဦးညွတ်၊ အလေးပြုလျက်

ငြိမ်းချမ်းအေး
၂၉ ၊ နိုဝင်ဘာ ၊ ၂၀၁၂

( လစဉ်ထုတ် ခေတ်မောင်း အွန်လိုင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ)
(ဘလော့များ၊ ဖိုရမ်များတွင် ပြန်လည် ဖော်ပြလိုပါက "ခေတ်မောင်း စာစောင် ၊ အတွဲ (၁) ၊ အမှတ် (၇) မှ" ဟု ဖော်ပြပေးပါရန်။
ဓာတ်ပုံ - ခေတ်မောင်း
ဓာတ်ပုံ - ခေတ်မောင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...