Sunday, November 25, 2012

တရုတ်၏ ခြိမ်းခြောက်မှု၊ ဖိအားများနှင့် မြန်မာ


by Myo Set on Sunday, November 25, 2012 at 11:11am 

"တရုတ်ကိုကြောက်နေရသည်"

ဒီစကားဟာ ဒီနေ့သာမက ကာလအနည်းငယ်ကြာအောင်ရိုက်ခတ်သွားမယ့်စကားတစ်ခွန်းပါပဲ။ ပြောသူက ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး) လို့သိရပါတယ်။

သူ့စကားကိုထောက်ခံသူ၊ ကန့်ကွက်သူ အမျိုးစုံနေအောင်တွေ့ရပေမယ့် ထူးခြားမှုတစ်ခုကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ ယခင်အစိုးရဟာ တရုတ်-မြန်မာဆက်ဆံရေးကို တည်ဆောက်ရာမှာ ဆရာ-တပည့်ဆက်ဆံရေး သာ ရှိခဲ့တယ်ဆိုတာကို ဦးအောင်မင်းက တရားဝင် ဝန်ခံလိုက်တာပဲဖြစ်ပါတယ်။


ယခင် စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ လူတစ်ဦးက အခုလိုပြောလိုက်ခြင်းအားဖြင့် နဂိုသိရှိပြီးအနေအထားဖြစ်တဲ့ တရုတ်ရဲ့ဗိုလ်ကျမှုကို မြန်မာအစိုးရပိုင်းကပါ လက်ခံလိုက်တယ်ဆိုတဲ့အနေအထားကို သက်ရောက်သွားစေပါတယ်။

ဗကပဥပမာကိုပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အနောက်ကမ္ဘာရဲ့ ဥသျှောင်အမေရိကန်ကတောင် စိုးရိမ်ပူပန်နေရတဲ့ တရုတ်ရဲ့ကြီးထွားမှုဟာ မြန်မာလို အိမ်နီးချင်းအတွက် ခြိမ်းခြောက်မှုတစ်ခုကို မလွဲမသွေဖန်တီးတွန်းပို့နေတာပဲဖြစ်ပါတယ်။ မြန်မာသာမက ကျန်အရှေ့တောင်အာရှနိုင်ငံများနဲ့ ပြိုင်ဘက် အိန္ဒိယတို့ကိုပါ ဖိအားတွေ ကျရောက်နေစေတာဖြစ်ပါတယ်။ ဆိုလိုတာက ဦးအောင်မင်း စကားအပြောမတတ်လို့၊ ဥပမာအပေးမတတ်လို့ ဝေဖန်ကြတာကတစ်ပိုင်းပါ။ တရုတ်သည် မြန်မာအတွက် မဆင်ခြင်ရင် ကြီးမားလှတဲ့အန္တရာယ်ကိုပေးနိုင်တယ်ဆိုတာကို သတိမူစေချင်တာပါပဲ။

အဲ့ဒီလိုအနေအထားမှာ အင်မတန် ဆိုးဝါးတဲ့အနေအထားတစ်ရပ်ကတော့ ဗဟိုအစိုးရနဲ့ အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားများကြား ညင်သာတဲ့ နိုင်ငံရေးအရွေ့နဲ့ ဟန်ချက်ပီပီပြင်ပြင် ဖြစ်ထွန်းလာမှုမရှိသေးခြင်းပဲဖြစ်ပါတယ်။အဲ့လို ဟန်ချက်တစ်ခု ဖြစ်ထွန်းလာမယ်ဆိုရင်တော့ တရုတ်ကို ပြန်လည်ရင်ဆိုင်တဲ့နေရာမှာ အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။

၂ဝ၁ဝ မတိုင်ခင်ကာလတွေမှာ တရုတ်အစိုးရဆီက နိုင်ငံရေးအရ အကာအကွယ်ပေးမှုကို လိုအပ်ခဲ့တဲ့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တရုတ်လက်ထဲကို မြန်မာ့သယံဇာတတွေကို ထိုးအပ်ခဲ့ရပါတယ်။ နိုင်ငံရေးအာဏာလုံခြုံမှု (Securing Political Power)နဲ့ အမျိုးသားအကျိုးစီးပွား+နိုင်ငံတော်အချုပ်အခြာတစ်စိတ်တစ်ဒေသကို လဲလှယ်ယူလိုက်တဲ့ သဘောလို့ ပြောနိုင်ပါလိမ့်မယ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုမလုပ်ရင် ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးလို ထပ်မံကြုံတွေ့ဖို့အလားအလာရှိနေတဲ့ အတွက် မြန်မာအစိုးရပိုင်းက ပြုပြင်ပြောင်းလဲမှုတွေ စတင်အကောင်အထည်ဖော်လာခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်တိုင် တရုတ်အပေါ် စိတ်ပျက်မှုကိုတော့ ကန်-မြန်မာဆက်ဆံရေးကို ထူထောင်ပြီး ပြသခဲ့တာဖြစ်ပါတယ်။ အဲ့လိုအနေအထားမှာ မြန်မာဖက်ကထိပ်တန်းအစိုးရအရာ၇ှိတစ်ဦးရဲ့ ဒီလို မှတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီမှတ်ချက်ကို တစ်ဖက်ကထပ်ကြည့်ရင် မြန်မာအစိုးရဟာ တရုတ်အပေါ် စိတ်ပျက်ကုန်ခန်းစပြုလာနေပြီလို့ တစ်နည်းတွေးလို့ရကောင်းရနိုင်မှာပါ။ တရုတ်အငြိုငြင်ခံပြီးမြစ်ဆုံကိစ္စကို ၇ပ်တန့်ခဲ့ခြင်းနဲ့ ယခုလို တရားဝင်ထုတ်ဖော်ပြောကြားခြင်းကို ဘေဂျင်းကဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့ ရှင်ဟွာမှာစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။တုန့်ပြန်မှုကတော့ မြန်မာအစိုးရအနေနဲ့ တရုတ်အပေါ် ကျေးဇူးသိတတ်သင့်ကြောင်း၊ မြန်မာ့ပြည်တွင်းရေးကိုဝင်မစွက်တဲ့မူဝါဒနဲ့ မိတ်ဆွေရင်းချာမူဝါဒကိုသာ လက်ကိုင်ပြုထားကြောင်း ပြောဆိုနိုင်မယ်လို့မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာ ဝတပ်မတော်စစ်ရေးလှုပ်ရှားမှုနဲ့ ကေအိုင်အေနဲ့တိုက်ပွဲပိုမိုပြင်းထန်လာရင်တော့ ဒါဟာ သိပ်အံ့သြစရာမရှိလောက်ပါဘူး။

မြန်မာအစိုးရရဲ့ တရုတ်ကိုတန်ပြန်ဖို့ရွေးချယ်လိုက်တဲ့နည်းစံနစ်ကတော့ မဟာမိတ်ကိုဖိတ်ခေါ်ခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံအမေရိကန်ကို ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် တရုတ်အစိုးရအပေါ် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးခြေလှမ်းကို တစ်စိတ်တစ်ပိုင်း ထုတ်ဖော်ပြသလိုက်တယ်လို့ မြင်လို့ရနိုင်ပါတယ်။ ဘေဂျင်းဖက်က ဒါကို မတုန့်ပြန်ဘဲနေမှာမဟုတ်တဲ့အတွက် သမ္မတအိုဘားမားခရီးစဉ်အပြီး လာမယ့် ၂ဝ၁၅ အချိန်ကာလအတွင်း နိုင်ငံရေးခြေလှမ်းများကို သမ္မတဦးသိန်းစိန်အနေနဲ့ အထူးပင် ဂရုစိုက်ဖို့လိုပါလိမ့်မယ်။ နောက်ပြီး အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိန္ဒိယကို အပြစ်တင်စကားပြောခဲ့ပေမယ့် တရုတ်နဲ့ပတ်သက်လာရင် အတော်လေးပျော့ပျော့ပြောင်းပြောင်းပြောတတ်တာကို သတိထားမိကြမှာပါ။ ဒါဟာ မြန်မာနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးဖိအားတွေကို တွေးဆမိလို့ဖြစ်နိုင်ပါတယ်။ အိုဘားမားလာအပြီး တရုတ်အနေနဲ့ မြန်မာအပေါ် ဖိအားပေးဖို့ ဆုံးဖြတ်ပြီးလဲ ဖြစ်နေနိုင်ပါတယ်။



မြန်မာအစိုးရရဲ့ အမေရိကန်ကို ဖိတ်ခေါ်ခြင်းကိုမှားယွင်းတယ်လို့ဆိုလို့မရပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ အချိန်ကိုက်ရွေ့လျားမှုတွေကို လုပ်ဆောင်ဖို့ အားနည်းနေတာကိုတွေ့ရပါတယ်။ အချိန်ကိုက်လုပ်ဆောင်ဖို့လိုတာကတော့ ပြည်တွင်းက အင်အားစုတွေကို ညှိနှိုင်းမှုတွေစဉ်ဆက်မပြတ်လုပ်ပြီး စည်းရုံးနိုင်ဖို့ပဲဖြစ်ပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို တစ်ကယ်သာ စစ်စစ်မှန်မှန်လုပ်ချင်တယ်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေကို ချန်ထားလို့မရတာမို့ အားလုံးနဲ့ ပြေလည်အောင် စည်းရုံးနိုင်ဖို့လဲ လိုအပ်နေပါတယ်။ ဒီလို နိုင်ငံရေးအရ တည်ဆောက်မှု ပြုထားနိုင်မှသာလျှင် တရုတ်က စီးပွားရေးအ၇ ဖိအားပေးလာတာနဲ့ မြန်မာနိုင်ငံတောင့်ခံနိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးပဋိပက္ခတွေရှုပ်ထွေးနေဆဲကာလမှာ စီးပွားရေးဖိအားပြင်းပြင်းထန်ထန် အပေးခံရရင် ဆင်းရဲနေဆဲလူထုနဲ့ တ၇ုတ်အကျိုးလိုလားသူတို့ကြားမှာ ဦးသိန်းစိန်သာလျှင် တာဝန်ခံရဖွယ်ရှိနေပါလိမ့်မယ်။

မြစ်ဆုံအပြီး လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း မှာ တင်းမာပြင်းထန်တဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့အတွက် တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲကို သွင်းနေတဲ့ ပို့ကုန်တွေကို ကစားတာမျိုးတွေလုပ်လာနိုင်မှာပါ။ နောက်ပြိး တ၇ုတ်ရဲ့ လက်ကြီးအဝယ်တော်တွေကို မြန်မာ့ဈေးကွက် လှုပ်ရှားပြီးမတည်မငြိမ်ဖြစ်သွားအောင်ကစားခိုင်းတာမျိုးလဲ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အိမ်ခြံမြေဈေးကွက်မှာကြိးစိုးထားသော ငွေမဲကိုင် တရုတ်တွေရဲ့ လှုပ်ရှားမှုကိုလဲ မြန်မာအစိုးရ မျက်စိဒေါက်ထောက်စောင့်ကြည့်ထားဖို့လိုပါလိမ့်မယ်။

ဒါပေမယ့် တစ်ကယ့်တစ်ကယ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ သတိထားကိုင်တွယ်သင့်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ အမေရိကန်လို နိုင်ငံမျိုးပင်လျှင် တရုတ်နဲ့ လက်တွဲအလုပ်လုပ်ချင်ပါတယ်လို့ အဆင်ပြေတဲ့စကားပြောတာကို သတိထားမိကြမယ်ဆိုရင် မြန်မာ-တရုတ်ဆက်ဆံရေးမှာ တရုတ်အပေါ်ထားတဲ့ ပေါ်လစီပိုင်းကိုမြန်မာခေါင်းဆောင်ပိုင်းတွေအနေနဲ့ အပူတပြင်း ပြန်လည်သုံးသပ်ဖို့ လိုနေပြီဆိုတာ သတိပြုမိမယ်ထင်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုများ Transparency ကင်းမဲ့နေခြင်း၊ ကြားပွဲစားများက အမြတ်ထုတ်နေခြင်း စတဲ့ အစိုးရတစ်ရပ် အရှက်ရဖွယ်ကိစ္စတွေကိုလဲ နိုင်ငံတွင်းက တည်ဆဲဥပဒေများနဲ့ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့ လိုလာနိုင်ပါတယ်။ ဒီကြားထဲမှာ တရုတ်နဲ့မိတ်ဘက် ဦးပိုင်က အရာ၇ှိဟောင်းသူဌေးတစ်ချို့ကိုတော့ စတေးကောင်းစတေးရနိုင်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု၊ တရုတ်နဲ့ ဆက်ဆံရေး စတဲ့အချက်တွေကို စဉ်းစားမယ်ဆိုရင် Statesman တွေေ၇ာ၊ နိုင်ငံရေးသမားတွေပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာမှာက တရုတ်ရဲ့ မြန်မာအပေါ်ပေးလာနိုင်တဲ့ စစ်ရေး၊ စီးပွားရေးဖိအားတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာပဲဖြစ်ပါတယ်။ ကိုယ်ခံအားမကောင်းသေးဘဲ ထိပ်တိုက်ရင်ဆိုင်ရင်တော့ ကိုယ်ပဲ အထိနာပါလိမ့်မယ်။ မိမိယုံကြည်တာကတော့ သံတမန်ခင်းအရ အကောင်းဆုံးဖြေရှင်းပြပြီး တိုင်းပြည်တွင်း တည်ငြိမ်မှုကို အမြန်ဆုံးတည်ဆောက်ယူထားပြီး စိးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းတို့ကို လိုအပ်နေတယ်လို့မြင်ပါတယ်။ အနောက်လိုလားသူများလို့ တရုတ်က မြင်မှာကို သံတမန်ခင်းအရ ကျကျနန ကိုင်တွယ်တတ်ဖို့လဲ လိုနေပါလိမ့်မယ်။ ဘယ်သူ့ထီးရိပ်မှမခို၊ မဟာမိတ်လို ဆက်ဆံဖို့သာလိုသည် ဆိုတာမျိုးကတော့ အဖြစ်သင့်ဆုံးလို့ ထင်တာပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...