Monday, February 8, 2016

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး မတစ်ရာသားတွေထဲမှာ


ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာတွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံများကို ရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသောစာရေးဆရာများအား ရွေးထုတ်ဖော်ပြပေးလျက် ရှိပါသည်။ ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြောလည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍသစ်ကို ဖွင့်လှစ်၍ စာဖတ်ပရိသတ်အား အသိပညာမျှဝေပေးထားပါသည်။
ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာဖတ်ပရိသတ်များ ပွင့်လင်းမြင်သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)
ဝစီစရိုက် မျိုးရိုးလိုက်၏
အမိယုတ်တော့ နှုတ်ကြမ်းတယ်ဆိုတာ ဖန်တရာတေနေတဲ့ ဆိုရိုးစကား ပီပီရာခိုင်နှုန်းအားဖြင့် ၉ဝ ကျော် မှန်ပါတယ်။ ဘုရားဟော ကျေးညီနောင် ပုံပြင်ဆိုတာလည်း အထင်အရှား ရှိသားပဲလေ။
ကလေးတွေ စကားတတ်လာတာ မိဘမဟုတ်ရင်တောင်မှ သူတို့ကို မွေးကင်းစအရွယ်မှ စတင်ပြီး ရင်အုပ်မကွာ ထိန်းကျောင်းတဲ့ အုပ်ထိန်းသူတွေဆီကနေ တတ်လာတာဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဗမာကလေး ဗမာ စကားတတ်၊ ကချင်ကလေး ကချင်စကားတတ်၊ ရှမ်းကလေး ရှမ်းစကားတတ်၊ တရုတ်ကလေး တရုတ်စကားတတ်၊ ပြင်သစ်ကလေး ပြင်သစ်စကားတတ်ခြင်းဟာ လက်ဦးဆရာ မိဘဆီက တစ်ဆင့်၊ ဒါမှမဟုတ် ရင်အုပ်မကွာ ထိန်းခဲ့သူက တစ်ဆင့် တတ်မြောက်လာကြစမြဲမို့ ဆဲရေးတိုင်းထွားတတ်တာမှာလည်း မိဘဆီ က ဖြစ်ဖို့က ရာခိုင်နှုန်းအလွန်များပါတယ်။
ပြောရတာတော့ သိပ်မကောင်းဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အင်မတန်ဆဲတတ်ပါတယ်။ စုတ်စုတ်ပဲ့ပဲ့ကို ဆဲတတ်တာပါ။ ဒါပေသည့် ကျွန်တော့်အမေ ကျွန်တော်အားနာလို့ လူမြင်ကွင်းမှာဆို အတတ်နိုင်ဆုံးထိန်းပါ တယ်။
ကျွန်တော့်အမေက စကားအလွန်ချိုတဲ့ မန္တလေးသူစစ်စစ် ဖြစ်လင့်ကစား သူကြီးပြင်းရတာက မိဘလက်ပေါ်မှာထက် သူ့အိမ်က ပညာအခြေခံ လုံးဝမရှိ သူ အလုပ်သမားများရဲ့ လက်ပေါ်မှာ ဖြစ်ပါတယ်။ သူ့မိဘတွေက စီးပွားရေးကိုပဲ မဲတင်းနေခဲ့ကြတဲ့အတွက် သားသမီးကို လှည့်မကြည့်အားခဲ့ကြပါဘူး။ ဒါ့အပြင် မေမေ့ကို မလိုချင်ဘဲ မွေးလာတဲ့ ကလေးအဖြစ် ငယ်ငယ်ကတည်းက ကြဉ်ထားခဲ့ကြတာလည်း ပါပါလိမ့်မယ်။ အဲတော့ ပညာအခြေခံ လုံးဝမရှိသူ မိလက္ခူ လူတန်းစားရဲ့ ဝစီစရိုက်က မေမေ့ကိုယ်ထဲမှာ အုံနဲ့ ကျင်းနဲ့ ရှိပါတယ်။
ကံမကောင်း အကြောင်းမလှချင်တော့ ကျွန်တော့်အဖေဆိုတာလည်း ပညာအခြေခံနည်းလှတဲ့ အဖေ၊ ပညာအခြေခံ လုံးဝမရှိတဲ့ အမေတို့ဆီက ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ပေါက်ဖွားပြီး သူကိုယ်တိုင်ကလည်း အလယ်တန်း ပညာလောက်တောင် ဆုံးခန်းတိုင်အောင် မသင်ခဲ့ရရှာလေတော့ အဖေ့နှုတ်က လည်း ကြမ်းပါတယ်။
သည်တော့ကာ အဆဲစကားလုံး ပေါင်းစုံဟာ ကျွန်တော် လူမှန်းသိကတည်းက နားယဉ်နေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်လည်း ကောင်းကောင်း ဆဲတတ်တယ်ပေါ့ခင်ဗျာ။
ကနေ့ လူမှုမီဒီယာကြီးပေါ်မှာ
---------------------------------
သို့သော် ကျွန်တော့်ကိုကျတော့ အဖေတို့ အမေတို့က လူတန်းစေ့အောင် သူတို့ ပခုံးအသားမာ အတက်ခံပြီး ထမ်းတင်ပေးခဲ့ကြတာမို့ သိမ်မွေ့ချေငံတဲ့ ပတ်ဝန်းကျင်ကို မျက်ဝါးထင်ထင် မြင်လာရပါတယ်။ မောင်နှမချင်း ရန်ဖြစ်ရင်တောင် ချေချေငံငံ၊ မအေမိဘကို ပြန်ပြောရင်လည်း ညင်ညင်သာသာ သူငယ်ချင်းတွေများစွာနဲ့ ပေါင်းသင်းခွင့် ရတဲ့အခါ ကိုယ့်ပါးစပ်ကိုယ် ရှက်လာတတ်ပါတယ်။ သည်လိုနဲ့ ဆင်ခြင်နေခဲ့တာပါ။
သို့တိုင်အောင် ကျွန်တော် စိတ်တိုရင်တော့၊ အထူးသဖြင့် ကားမောင်းနေ စဉ်မှာတော့ နှုတ်ကကြမ်းချင်ဆဲ၊ ကြမ်းနေမိမြဲပါပဲ ခင်ဗျာ။
လူမှုမီဒီယာ တွင်ကျယ်လာသလို အင်တာနက်ဆက်သွယ်ရေးကြီးက လူတိုင်းလိုလိုရဲ့ လက်ထဲမှာ ရောက်လာတဲ့ အခါမှာတော့ အင်မတန် ယဉ်ကျေးဖွယ်ရာလှပါတယ်ဆိုပြီး ဂုဏ်ယူတတ်တဲ့ ကျွန်တော်တို့ မြန်မာတွေထဲမှာလည်း အမိယုတ်က ပေါက်ဖွားလာသူတွေ အများအပြား မဟုတ်တောင် အုံနဲ့ ကျင်းနဲ့ ရှိနေတာကို တွေ့ရတယ်လို့ဆိုလိုက်ရင် တချို့တွေ အနာပေါ် တုတ်ကျပြီး ဆွေ့ဆွေ့ခုန် ကုန်ကြလောက်ပါတယ်။ (ကိုယ်က မူလကတည်းက ချေငံဖွယ်ရာ သူဆိုရင်တော့ နာစရာဘာအကြောင်းမှ မရှိပါဘူးဆိုတာလေးလည်း သတိချပ် သင့်မယ် ထင်ပါသဗျ။)
မြန်မာတွေ အသုံးအများဆုံး လူမှုမီဒီယာဖြစ်လေတဲ့ စာအုပ်မျက်နှာစာကို သုံးနေသူဆိုရင်ကျွန်တော့်အဆိုမလွန်မှန်းတန်းခနဲသိမှာပါ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ပါးစပ်နဲ့ တစ်လုံးဆဲမယ်ဆိုတဲ့သူတွေက အများသားလားခင်ဗျ။
ဒါနဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျွန်တော့် ပင့်ကူအိမ်စာမျက်နှာမှာ ဘာသာပြန်တင်ဆက်ခဲ့တဲ့ စာလေးကို ကြေးမုံပရိသတ်အတွက် ပြန်လည် တင်ဆက်ပါရစေခင်ဗျ။ (Erica Johnson ရေးတဲ့ Are you well-versed in comment etiquette ၊ ကို တိုက်ရိုက်ပြန်ဆိုဖော်ပြလိုက်တာပါ။
မူရင်းကို https://en.blog.wordpress.com/2011/02/15/comment-etiquette/ မှာ ဖတ်နိုင်ကြကြောင်းပါ။)
သူ့ဟာက လွန်ခဲ့တဲ့ ငါးနှစ်ဆိုတော့ လူမှုမီဒီယာတွေ သိပ်မတွင်ကျယ်ခင် အချိန်က ဖြစ်ပါတယ်။ ဒါ့ကြောင့် ပင့်ကူအိမ်စာမျက်နှာ [ဘလော့(ဂ်)] 'ဆိုတာနဲ့ သူက အဓိကထားပြီး ရေးသွားပါတယ်။ အခုကာလအတွက်တော့ အဲဒါအစား လူမှုမီဒီယာများဖြစ်တဲ့ စာအုပ်မျက်နှာစာတို့၊ ထွစ်ထာတို့၊ အင်စထဂရမ် တို့ကို သုံးတဲ့အခါ ဒါလေးတွေတော့ ဆင်ခြင်ရင် ကောင်းမလားလို့ ဖြည့်စွက် စဉ်းစားပေးတော်မူကြစေချင်ပါတယ်။
ကွန်မန့် (မှတ်ချက်) ရေးတတ်ကြရဲ့လား
အောက်ဖော်ပြပါ ကွန်မန့်နှစ်မျိုးအနက်က ဘယ်လိုကွန်မန့်မျိုးကို လိုချင်ပါသလဲ။
''ကောင်းလိုက်တာ၊ ကျုပ်ဘလော့(ဂ်)ကို http://someblog.blogspot.com မှာ ကြည့်လိုက်ပါ''ဆိုတာနဲ့''တင်ပြပုံကောင်းတယ်။ X ဆိုတဲ့အကြောင်းရပ်နဲ့ ပတ်သက်ပြီး ခင်ဗျားဘာဆိုလိုချင်မှန်း ကျုပ်တန်းသိသွားတယ်။ ပြီးတော့လည်း အဲသလို ယူဆနေတာ ကျုပ်တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရလို့လည်း ဝမ်းသာတယ်။ ကျုပ်သာဆိုရင် A တွေ၊ B တွေ၊ C တွေတောင် ပါအောင် ထည့်ပြောမိဦးမှာ။ အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာကို အရမ်းသဘောကျ မိပါတယ်''ဆိုတာနဲ့ပေါ့။
ဒုတိယကွန်မန့်ကိုသာ ပိုလိုချင်ကြမယ်ဆိုတာ သေချာတာပေါ့နော်။ ဘာ့ကြောင့်လဲ။ နှစ်လိုစရာ ကောင်းနေတဲ့အချက် တစ်ချက်ကတော့ အဲဒီ့ ဒုတိယကွန်မန့်ဟာ အောက်မှာ ဖော်ပြထားတဲ့ ကျင့်ဝတ်ထုံးတမ်းလမ်းညွှန်တွေကို လိုက်နာထားတဲ့အတွက်ပါပဲ။ သို့သော် သည့်ထက်ပိုအရေးကြီးတာက သည်ဒုတိယကွန်မန့်ကိုရေးတာဟာ ခင်မင်မှုတစ်ရပ်ကို ခိုင်မာလာအောင် ဖြစ်ပါတယ်။ သူ့ကိုယ်သူ ဇန်းတင်ဖို့ ရေးလိုက်တာမျိုး မဟုတ်ဘူး။
ခင်မင်မှုတည်ဆောက်ခြင်းဟာ ကိုယ့်စာမျက်နှာကို ဧည့်သည်စောင်သည် အသစ်များ တိုးပွားဝင်ရောက်လာအောင် ဆွဲဆောင်ရာမှာ ဇွတ်အတင်း ကြော်ငြာတွေ လိုက်ပို့တာထက် အများကြီး ပိုထိရောက်ပြီး အများကြီးလည်း ပိုအကျိုးများလာစေနိုင်တဲ့ မဟာဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ အဲတော့ကာ ကိုယ့်စာမျက်နှာကို ဝင်ဖတ်တဲ့သူတွေ များလာအောင် လုပ်ချင်တယ်ဆိုရင် တခြားသူတွေ တင်ထားတာတွေနဲ့ ပတ်သက်လို့ ကွန်မန့်ရေးတဲ့အခါတွေမှာ အောက်ဖော်ပြပါ အချက်များကို လိုက်နာသင့်တယ်လို့ အကြံပြုလိုက်ချင်ပါတယ်။
၁။ ရေရေရာရာ ရှိပါစေ။ ပုဂ္ဂိုလ်ရေးအရ ရင်းရင်းနှီးနှီး ရေးသားတဲ့ ကွန်မန့်များကြောင့် ကိုယ်ဟာ သူပြောတာကို အမှန်တကယ် စိတ်ဝင်စားပြီး သူရေးထားတာကို ဖတ်ဖို့အတွက် ကိုယ်တကယ်အချိန်ပေးခဲ့တယ်ဆိုတာကို တစ်ဖက်သား သိသွားအောင် ပြဆိုလိုက်ရာ ရောက်သွားပါတယ်။ သည်လိုဆိုတဲ့ အတွက် ကွန်မန့်အရှည်ကြီးရေးပါလို့ ပြောလိုက်တာ မဟုတ်ပါဘူး။ သည်ကွန်မန့်ကို ရေးဖြစ်သွားအောင် ကိုယ့်ကို လှုံ့ဆော်ခဲ့ပုံလေးကို ရှင်းရှင်းလင်းလင်း ရေးပြဖို့ပါပဲ။ ကိုယ်မသိသေးတာ သိလိုက်ရတာလား။ ဒါမှမဟုတ် ကိုယ့်မှာရော အလားတူ အတွေ့အကြုံမျိုး ရှိခဲ့သလား။ ဒါမှမဟုတ် ကိုယ့်ရဲ့တခြား အမြင်တစ်ခုကို ပြောလိုက်ချင်တာလား။ ကိုယ်ရေးနေတဲ့ ကွန်မန့်နဲ့ သက်ဆိုင်တဲ့ မူရင်းရေးသူရဲ့ ဝါကျတွေကို တိုက်ရိုက် ပြန်ကိုးကားတန် ကိုးကားသင့်ပါတယ်။ (''မျက်တောင်အဖွင့်အပိတ်''နဲ့ သူရေးထားတာကို ပြန်ကိုးကားနိုင်ပါတယ်။)
သူရေးထားတာကို ရိုးရိုးလေးပဲ ချီးမွမ်းချင်တယ်ဆိုဦးတော့တောင်မှ ဘာကို ကြိုက်တယ်ဆိုတာကို ရှင်းပြသင့်ပါတယ်။ ''အရမ်းကောင်းတာပဲ၊ ရှဲတဲ့အတွက် ကျေးဇူးပါ''ဆိုတာမျိုးလို မရေမရာ ရေးတာမျိုးကို ရှောင်သင့်တယ်။ ဘာပြောရမှန်းမသိဘူးဆိုရင် ကိုယ်သူ့ကို (သူရေးတာကို) ထောက်ခံအားပေး ကြောင်းပြဖို့ လိုက်(ခ်)ဆိုတာလေး နှိပ်လိုက်ရင် ရတာပဲဟာနော်။
၂။ ကိုယ့်ဘလော့(ဂ်)ရဲ့ လင့်(ခ်)ကို ထည့်မရေးပါနဲ့။ ဘလော့(ဂ်)တွေမှာက ကိုယ်လည်း အဲဒီ့ ဘလော့(ဂ်)ဖွင့်ထားရာ ပင်မစာမျက်နှာကို သုံးနေတယ်ဆိုရင် ကိုယ့်နာမည်နဲ့ ကွန်မန့်ရေးလိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်ဘလော့(ဂ်)နဲ့ အလိုအလျောက် ချိတ်ဆက်ပြီးသား ဖြစ်နေပါတယ်။ အဲတော့ နှစ်ခါပြန် ထည့်နေစရာ မလိုတော့ပါဘူး။ ပေါ်တင်ကြီး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာမျိုးကို လူတွေက သိပ်မကြိုက်ကြတာမို့ လျစ်လျူရှုဖြစ်သွားကြမယ့် အလားအလာက ပိုများပါတယ်။ အဲတော့ကာ ကိုယ့်ကို ဇွတ်အတင်းကြော်ငြာတွေ လိုက်ထိုးနေသူလို့ မြင်သွားပြီး ကိုယ့်နာမည် ကိုယ်ဖျက်မိရာ မရောက်လေအောင် သတိထား သင့်ကြပါတယ်။
တစ်ဆက်တည်းမှာပဲ ကိုယ့်ဘလော့(ဂ်)မှာ တခြား စာရေးသူတစ်ဦးကို ရည်ညွှန်းတဲ့အခါ သူတင်ထားတာရဲ့ ခေါင်းစဉ် ဒါမှမဟုတ် သူ့ဘလော့(ဂ်)ရဲ့ နာမည်ကိုသာ ဖော်ပြမယ့်အစား သူ့လင့်(ခ်)ကို ဖော်ပြပေးသင့်ပါတယ်။ အဲလို ဖော်ပြ ပေးလိုက်မယ်ဆိုရင် သက်ဆိုင်တဲ့ စာရေးသူအနေနဲ့ ကိုယ်က သူတင်ထားတာကို ရည်ညွှန်းခဲ့ကြောင်း နည်းပညာရဲ့ စောင်မမှုနည်းနဲ့ သိသွားနိုင်ပါတယ်။
၃။ ပြောထားတဲ့ အကြောင်းအရာကနေ မသွေဖည်ပါစေနဲ့။ မူရင်းတင်ထားတဲ့ အကြောင်းအရာနဲ့ မဆိုင်လှတာတွေဆီ သွေဖည်မသွားအောင် သတိထားသင့်ပါတယ်။ မူရင်းတင်ထားတဲ့စာနဲ့ ဘာမှမဆိုင်ဘဲ တခြား ကွန်မန့်ရေးသူတွေနဲ့ အပြန်အလှန် ပြောဖြစ်နေပြီဆိုရင် မူရင်းရေးသူ တင်ထားတဲ့ အကြောင်းအရာကို စိတ်မဝင်စားတော့ဘဲ တခြားဟာကို အာရုံပြောင်းကုန်အောင် လုပ်မိသလို ဖြစ်နေကြောင်း အဲဒီ့လူတွေဆီကို သီးခြား မက်ဆေ့(ခ်ျ)ပို့သင့်ပါတယ်။
သက်ဆိုင်ရာ လင့်(ခ်)တွေကို မျှဝေပေးတာက ကောင်းပါတယ်။ တစ်ခု ပါပဲ၊ မူရင်း တင်ထားတာနဲ့ ဘယ်လို သက်ဆိုင် နေကြောင်းတော့ ရှင်းပြပေးဖို့ လိုပါလိမ့်မယ်။
၎။ ယဉ်ကျေးပါ။ ကိုယ် သဘောမတူဘူးဆိုရင်တောင်မှ စော်ကားတာ၊ ဆဲရေးတာ၊ တခြားမဖွယ်ရာတဲ့ စကားလုံးတွေ သုံးတာမျိုးဟာ ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတွေပါ။ ရိုင်းပျတဲ့ ကွန်မန့်တွေဟာ ဘယ်ဆွေးနွေးချက်အတွက်မှ တန်ဖိုးမရှိပါဘူး။ ရေးသူရဲ့ အာဘော်ကနေ တခြားကို အာရုံပြောင်းသွားရုံသာ တတ်နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်ပေးတာ ဘာပြဿနာမှ မရှိပါဘူး။ ယဉ်ကျေးဖို့၊ ချေငံဖို့ပဲ လိုတာပါ။ အဲလို မလေးမစား၊ မဖွယ်မရာ ကွန်မန့်တွေ၊ ပြဿနာကို မီးထွန်းရှာတဲ့ ကွန်မန့်တွေကို တခြားသူတွေက ရေးလာရင်ဖြစ်ဖြစ်၊ ကိုယ့်ဘလော့(ဂ်)မှာ အဲလို ကွန်မန့်မျိုးရလာရင်ပဲဖြစ်ဖြစ် အဲလို ကွန်မန့်မျိုးတွေကို လျစ်လျူရှုလိုက်ပါ။ ဒါမှမဟုတ် ဖျက်သာပစ်လိုက်ပါ။ အဖက်လုပ်ပြီး တစ်ခုခု ပြန်ပြောနေမယ်ဆိုရင် အဲလိုလူတွေကို အားပေးအားမြှောက်လုပ်ရာ ရောက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အချိန်ကို အလဟဿ အဖြစ် မခံပါနဲ့။
၅။ လိုတိုရှင်းပါ။ ကွန်မန့်က ကျစ်လျစ်လေလေ၊ တခြားသူတွေအတွက် ဖတ်ရတာ၊ ပြန်ရေးရတာ ပိုလွယ်လေလေပါပဲ။ အတော်များများမှာ ဝါကျနှစ်ကြောင်း၊ သုံးကြောင်းဆိုရင်ကို ပြည့်စုံနေပါပြီ။
သို့ပေမယ့် အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်လို့ အခိုင်အမာ အခြေအတင်ပြောချင်လာပြီး ပြောစရာတွေ အများကြီး ရှိလာတယ်ဆိုရင် ဘယ့်နှယ့်လုပ်မတုံး။ ကွန်မန့်အရှည်ကြီး ရေးသင့်သလား။ ဒါမှမဟုတ်လည်း ကိုယ်ရေးချင် တာကို ကိုယ့်ဘလော့(ဂ်)မှာ အားရပါးရ ရေးပြီး ကိုယ်တင်ထားတာရဲ့ အတိုချုပ်ကိုပဲ ကွန်မန့်မှာ ရေးပြသင့်သလား။
ဒါကတော့ တစ်ဦးချင်းစီရဲ့ သဘောပါပဲ။ တချို့ ဘလော့ဂါတွေကတော့ ကွန်မန့်အရှည်ကြီးတွေက သိပ်လွန်လွန်းတယ်၊ အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆကြပါတယ်။ တချို့ကကျပြန်တော့လည်း ဆွေးနွေးချက် အားလုံးကို တစ်နေရာတည်းမှာပဲ စုစုစည်းစည်း ရှိနေစေချင်ကြတယ်။ ခင်ဗျားကရော အဲဒါကို ဘယ်လို သဘောရသလဲ မသိဘူးနော်။
သူ့မူရင်းက အဲဒီ့နေရာမှာ ဆုံးပါတယ်။
မပြောရဲ ပြောရဲ
-----------------
ကျွန်တော်လည်း ထပ်ဖြည့်ချင်တာ သိပ်မရှိတော့ပါဘူး။ သည်ဆောင်းပါး ကြေးမုံမှာ ပါလာပြီးတဲ့နောက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးတို့ရဲ့ စာမျက်နှာများမှာ တင်လာတဲ့အခါကျမှသာ မိကောင်းဖခင် သားသမီးတွေ ဟုတ် မဟုတ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ဆက်လက် တွေ့မြင်ရဦးမှာကို မြင်ယောင်ကြည့်နေမိပြန်ပါတယ်လို့သာ မရဲတရဲနဲ့ ဇွတ်မှိတ် ပြောလိုက်မိရပြန်ပါပြီ။ အားလုံးအတွက် တွေးဆ ဆင်ခြင်စရာ တစ်ခုခုတော့ ရသွားတန်ကောင်းရဲ့လို့ မျှော်လင့် မိကြောင်းပါခင်ဗျား။

ဆူဒိုနင်
6.2.2016...ကြေးမုံ ဆောင်းပါး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...