Sunday, January 3, 2016

ကံအ၀ယ်မှား အပါယ်သွား

ဓမ္မရတနာ

ချမ်းသာဖို့ရာ စီးပွားရှာ ၊ လူ့ရွာသဘာဝ ဟူသည်နှင့်အညီ ချမ်းသာသုခနှင့် ပြည့်စုံ လိုကြသည့် သူတိုင်း ကြီးပွားရေးအတွက် ကြိုးစားနေကြရသည့် စီးပွားရေးသမားတို့ ချည်း သာတည်း။ ပစ္စပ္ပန်စီးပွားရေးနှင့် တမလွန်စီးပွားရေ(သို့မဟုတ်) လောကစီးပွား ရေးနှင့် လောကုတ္တရာစီးပွားရေး လောက်မျှသာ ကွားခြားမှုရှိ၏။


စီးပွားရေးသမားမှန်လျှင် မည်သည့် စီးပွားရေး လုပ်ငန်း၌ မဆို ရောင်းခြင်း၊ ၀ယ် ခြင်း သဘောတရားနှင့် ကင်းကွာ၍ မရစကောင်းချေ။ ထိုသို့ လုပ်ငန်းသဘောအရ ၀ယ်ကြ၊ ရောင်းကြရာတွင် မိမိ ၀ယ်ယူမည့် ပစ္စည်းသည် ဈေးကွက်တွင် ရောင်းပန်း လှ မလှ၊ အကျိုးမြတ် ရ, မရ သာမက ပစ္စည်း စစ်,မစစ် အရည်အသွေး ပြည့်ဝမှု ရှိ,မရှိ ကိုလည်း စိစစ် တွက်ချက်၍ ၀ယ်ယူကြရပေသည်။ အမှားခံ၍ မဖြစ်ပေ။ အရင်းအနှီး များ လျှင် များသလောက် ဆုံးရှုံးနစ်နာမှု ကြီးမားနိုင်၏။

မိမိမကျွမ်းကျင်သော အရာမျိုးဖြစ်လျှင် နားလည် ကျွမ်းကျင်မှုရှိသူ၊ ကြားပွဲစား ( အကျိုးဆောင်သူ) ကို အားထားကြရလေသည်။ ထိုသို့ မဟုတ်မူ၍ မိမိနားမလည် မကျွမ်းကျင်သည့် ပစ္စည်းမျိုးကို မစဉ်းစား တွက်ချက်မှု လွဲမှား၍ ၀ယ်ယူမိလျှင် “ကုန်ရှုံးလျှင် တစ်ခေါက်” ဆိုသကဲ့သို့ ကြီးမားစွာ ဒုက္ခရောက်တတ်ပေသည်။

ထိုနည်းတူစွာ ဘ၀သံသရာ ခရီးသွားများ ဖြစ်ကြသည့် မိမိတို့သည်လည်း တမ လွန်စီးပွား ရေးသမားများ ဖြစ်ကြပေသည်။ ဘ၀သံသရာ စီးပွားရေးလုပ်ငန်းတွင်လည်း ကံအရင်းအနှီး ကုန်ပစ္စည်းနှင့် ကင်းကွာ၍ မရစကောင်းချေ။

ထိုသို့ သံသရာ ( သို့မဟုတ်) တမလွန် စီးပွားရေး သဘောအရ ကံကို ၀ယ်ကြ ရောင်းကြရာတွင် ဤ ဘ၀၌ မိမိတို့ ၀ယ်ယူကြမည့် ကံတည်းဟူသော ပစ္စည်းသည် နောင်ဘ၀ဈေးကွက်တွင် ရောင်းပန်း လှ,မလှ အကျိုးအမြတ် ရ,မရသာမက ပစ္စည်း စစ်, မစစ်၊ အရည်အသွေး ပြည့်ဝမှု ရှိမရှိကိုလည်း စိစစ် တွက်ချက်၍ ၀ယ်ယူကြရပေ မည်။ လုံးဝ အမှားခံ၍ မရပေ။

ကံအရောင်းအ၀ယ် ကိစ္စ၌ မိမိမကျွမ်းကျင်ပါလျှင် နားလည် ကျွမ်းကျင်မှုရှိသူ ကြားပွဲစား( သတိ၊ ပညာ)ကိုသာ အားထားကြရပေမည်။ ထိုသို့ မဟုတ်မူ၍ လောဘ၊ ဒေါသ၊ မောဟ အလိုသို့ လိုက်ကာ မစဉ်းစား တွက်ချက်မှု လွဲမှား၍ ကံတု၊ ကံမှား မကောင်းသည့် ကံများကို ၀ယ်ယူမိလျှင် “ ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ရှုံးလျှင် တစ်ဘ၀လုံးမှောက်” ဆိုသကဲ့သို့ ကံရှုံးလျှင် တစ်သံသရာလုံး ဒုက္ခရောက်ရပါလိမ့်မည်။

ထိုသို့ ကံအ၀ယ် မမှားမိကြစေဖို့ တိပိဋကဓရ(ယော)ဆရာတော်သည် ဖော်ပြပါ ဓမ္မပုံပြင်တစ်ခုကို ဟောညွန်သမှု ပြုထားပါသည်။

မြတ်စွာဘုရား လက်ထက်တော်ကာလက သာသနာတော်မှာ အရှင်ဒေ၀ဒတ် ဆိုတာ အားလုံး ကြားဖူးကြမှာပါ။ သာကီဝင်မင်းသားတစ်ပါး။ ဘုရားရှင်ရဲ့ ၀မ်းကွဲ ညီတော်တစ်ယောက်ပါပဲ။ ရဟန်းပြုခါစက အင်မတန်တော်တဲ့ ပုဂ္ဂိုလ်ပေါ့။ ဘုရားရှင် အဆုံးအမအတိုင်း ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်လို့ သမာဓိတွေ ရ၊ ဈာန်၊ အဘိဉာဉ် တန်ခိုးတွေ တောင် ရပါသတဲ့။

ဒါပေမယ့် နှလုံးသွင်းက လမ်းချော်သွားတယ်။ ရထားတဲ့ ဈာန် တန်ခိုးတွေကို အလွဲသုံးစား လုပ်မယ်ဆိုတဲ့ နှလုံးသွင်းတွေက မှားယွင်းစွာ ၀င်ရောက်လာတော့….
“သိဒ္ဓတ္ထမင်းလည်း တန်ခိုးရှင်၊ ငါလည်း တန်ခိုးရှင်၊ သိဒ္ဓတ္ထလောက်တော့ ငါလည်း စွမ်းသား” ဆိုပြီးတော့ သူ ရထားတဲ့ တရားကလေးက ဘာမျှ မဟုတ်ဘဲနဲ့ ခိုရမယ့် အရိပ်ရဲ့ အကိုင်း၊ အခက်တွေကို ရိုက်ချိုးပါလေရော။ အမှန်ကတော့ အရိပ်ဆိုတာ ခိုရမှာပါ။ ဘုရားအရိပ်၊ တရားအရိပ် ဆိုတာ ခိုရမှာ၊ ခိုရမယ့် အရိပ်ကို အရှင်ဒေ၀ဒတ်က ရိုက်ချိုးတာ။

အဲဒါနဲ့ ဘာမျှမဟုတ်တဲ့ တန်ခိုးလေးကို အကြောင်းပြုပြီးတော့ ဘုရားကို ပြိုင်တော့တာပေါ့။ သာသနာတွင်း ပုန်ကန်မှုတွေ နည်းအမျိုးမျိုးနဲ့ လုပ်တော့တာပေါ့။ ဘုရာကို ဆန့်ကျင်ဘက်မျိုးစုံ အကုန်လုပ်တော့တာပေါ့။ ဘုရားကို ပြိုင်မယ်ဆိုတဲ့ စိတ် ပေါ်လာကတည်းက ရထားတဲ့ ဈာန်၊ တန်ခိုး၊ အဘိဉာဉ်တွေ အကုန်လုံး ပျောက်ကွယ် သွားတယ်။ နောက်ထပ် ဘယ်လောက် အားထုတ် အားထုတ် ရလည်း မရတော့ဘူး။ ဗလာသုညကြီး ဖြစ်သွားတယ်။ ဗလာသုည ဖြစ်ပေမယ့် မလျှော့ဘူး။ တော်လှန်ပုန်ကန်မှုတွေက တစ်ခုပြီး တစ်ခု တိုးလာလိုက်တာ ကံကြီးနှစ်ခု ကျူးလွန်မိပြီးသား ဖြစ်သွားတယ်။

သံဃာကို ကွဲပြားစေတဲ့ သံဃဘေဒက ကံရယ်၊ မြတ်စွာဘုရားကို သွေးစိမ်း တည်၊ သွေးခြည်ဥအောင် ပြုတဲ့ လောဟိတုပ္ပါဒက ကံရယ်၊ အ၀ိစိငရဲကို တန်းပြီး ရောက်စေနိုင်တဲ့ အင်မတန် ကြီးလေးတဲ့ ကံကြီး နှစ်ခုကိုတောင် အလိုဆိုး လောဘနဲ့ မခံချင်စိတ် ဒေါသ၊ ဒီနှစ်ပါးက ဖျက်ဆီးလို့ သင်္ကန်းဝတ်ကြီးနဲ့ကို ၀ယ်မိသွားတယ်။ လွန်ကျူးမိသွားတယ်။

ဒီလိုနဲ့ တိုတိုတုတ်တုတ် ချုံပြောရရင် နောက်ဆုံး သူလုပ်တဲ့ အလုပ်တွေဟာ ချမ်းသာကြောင်း၊ အပေါ်ကို တက်ကြေင်း။ အထက်ကို တက်ကြောင်းက တစ်ခုမျှ မပါ တော့၊ ကြာလေ ဆိုးလေ၊ ကြာလေ ဆိုးလေနဲ့ ဆိုးလာလိုက်တာ အရှင်ဒေ၀ဒတ်ဟာ သွေးပွက်ပွက်အန်၊ အိပ်ယာထဲက မထနိုင်တော့တဲ့ လူမမာကြီး ဖြစ်ရရှာတယ်။ လူမမာကြီးဘ၀နဲ့ အိပ်ယာထဲမှာ လဲနေတာ ကိုးလနီးပါးတောင် ကြာသွားတယ်။

အဲဒီလို ကိုးလလုံးလုံး အိပ်ရာထဲမှာ စိတ်လည်း ဆင်းရဲ၊ ကိုယ်ကလည်း ဆင်းရဲ၊ ဆင်းရဲလိုက်တာ ပင်ပန်းလိုက်တာတဲ့။ အဲဒီလိုနဲ့ ကိုးလ ပြည့်ခါနီးတော့ ဆင်းရဲပင်ပန်း ပူလောင်လွန်းလို့-
“ သြော်- လောကကြီးမှာ ငါ့အဖို့ ခိုစရာ အရိပ် တစ်ခုမျှ မရှိတောဘူး၊ ငါ သင်္ကန်း သာ ၀တ်ထားတာ၊ အေးစရာအရိပ် ဘာမျှမရှိ၊ ဆွေတွေ မျိုးတွေကလည်း အရိပ် မပေး နိုင်၊ တပည့်တွေကလည်း ဘာမျှ မတတ်နိုင်တော့ဘူး၊ ငါ့ကို ငါလည်း ပေးစရာအရိပ် တစ်ခုမျှ မရှိတော့ဘူး” ဆိုပြီး အားကိုးရာ ရှာလိုက်တာ၊ “ဘုရားက လွဲရင် ငါ အားကိုး စရာ မရှိဘူး”လို့ အဖြေထွက်လာတယ်။

စောစောတုန်းကတော့ ဘုရားကို တော်လှန်တယ်၊ တရားတွေ ထွေးအန်ပစ် တယ်။ ခု နောက်ဆုံး ဖြေစရာ မရှိတော့တဲ့ အချိန်၊ ဆင်းရဲ ဒုက္ခ ကြီးစွာရလို့ ပူလောင် ပင်ပန်းလာတဲ့ အချိန်ရောက်မှ ဘုရားကို သတိရလာတယ်။ တရားကို အားကိုးချင် လာတယ်။

အဲဒီလို ဘုရားအရိပ်၊ တရားအရိပ်အောက်မှာ ခိုလှုံချင်တဲ့ စိတ် ဆန္ဒတွေ ပြင်းပြစွာ ဖြစ်ပေါ်လာတော့ တပည့်တပန်းတွေ အနာခေါ်ပြီး “ငါကွာ နောင်တော်ကြီးဘုရားကို ဖူးချင်လိုက်တာ နောင်တော်ကြီးဘုရားရဲ့ အေးချမ်းတဲ့ မေတ္တာအရိပ်ပါတဲ့ တရားစကား တွေ ငါ နာကြားချင်လိုက်တာ၊ ငါ့ကို နောင်တော်ကြီးဘုရားထံ ပို့ပေးကြစမ်းပါ”လို့
တပည့်တွေကို နောင်တရသံနဲ့ ပှူဆာတော့ တပည့်တွေက“ ဆရာဘုရားဟာ အချိန်ရှိ သမျှ မြတ်စွာဘုရားကို တော်လှန်ပုန်ကန် ရန်လုပ်နေခဲ့တာ ဆိုတော့ ဘုရားထံသွားဖို့ ဆိုတာ မတော်တော့ပါဘူး ဘုရား၊ မြတ်စွာဘုရားထံ မသွားချင် စမ်းပါနဲ့တော့လို့ ကန့်ကွက်ကြသတဲ့ ၊

ဒါပေမဲ့ အရှင် ဒေ၀ဒတ်က-
“ မဖြစ်ဘူးကွယ် ငါ့မှာ နောင်တော်ကြီးဘုရားကလွဲရင် အားကိုးစရာ မရှိတော့ဘူး နောင်တော်ကြီး ဘုရားကိုမှ မဖူးရရင် ဒီဘ၀ အေးချမ်းမှာလဲ မဟုတ်တော့ဘူး၊ နောင် တော်ကြီးရဲ့ အင်မတန် အေးချမ်းလှတဲ့ စကားတွေကိုမှ ငါမနာရရင် ငါ့နှလုံးသားတွေ ချစ်ချစ်တောက် ပူလောင်ပြီးတော့မှ ကျွမ်းကုန်တော့မယ်ကွယ်၊ ဒါကြောင့် ဖြစ်တဲ့ နည်းနဲ့ နောင်တော်ကြီးဘုရားထံ ပို့ပေးကြပါ။

ပို့ပေးကြစမ်းပါကွယ်လို့ တတွတ်တွတ် ပူဆာတော့ တပည့်တွေကလဲ ဆရာကို သနားတာနဲ့ ဆောင်ရွက်ပေးကြပါတယ်။ လူမမယကြီး ဖြစ်နေတဲ့ ရှင်ဒေ၀ဒတ်ကို ကုဋင်ညောင်စောင်းပေါ်မှာ တင်ပြီး ထမ်းစင် အဖြစ်နဲ့ တပည့် ရဟန်းလေးပါးက ထမ်းပြီး ခြေကျင် ကုန်းကြောင်းခရီးနဲ့ ဘုရားရှင် သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့ ၊ ဇေတ၀န်ကျောင်းတော် အရောက် ပို့ပေးပါတယ်။ တစတစနဲ့ ဇေတ၀န်ကျောင်းတော်နားကို ရောက်လာပြီ၊ အဲဒီအကြောင်း ဇေတ၀န်ကျောင်းမှာ ရှိတဲ့ ရဟန်းတော်တွေက ကြားရတဲ့အခါ ဘုရားထံ သွား လျှောက် ကြသတဲ့။

မြတ်စွာဘုရား ရှင်ဒေ၀ဒတ်ကြီးတော့ ယခု စိတ်ကောင်းတွေ ၀င်လာပြီတဲ့ဘုရား၊ အခု မြတ်စွာဘုရားကို ဖူးမျှော်မယ်ဆိုပြီး သူလာနေပြီတဲ့ ဘုရားလို့ လျှောက်တဲ့အခါ မြတ်စွာဘုရားက ဒေ၀ဒတ်ဟာ ဒီဘ၀ ငါ့ဘုရားကို မဖူးထိုက်တော့ပါဘူး၊ ဖူးထိုက်တဲ့ ကံ သူမှာ ကုန်သွားပါပြီလို့ အမိန့်ရှိသတဲ့။

လောကပြော ပြောရရင် အလာတော့ ကောင်းပါရဲ့ ဦးဒေ၀ဒတ်ရယ်၊ ဒါပေမယ့် အခါတော့ နှောင်းသွားပြီလို့ ပြောရမှာပါ။ ဒီတော့ ရဟန်းတော်များက မြတ်စွာဘုရား ကျောင်းပေါက်ဝ ဟောဟို နားတောင် ရောက်ပြီးတဲ့ဘုရားလို့ လျှောက်တော့ ကျောင်းပေါက်ဝ နားမက ဟောဒီ ဇေတ၀န်ကျောင်းထဲရောက်ရင် တောင်မှ ငါဘုရားကို မဖူး ထိုက်တော့ပါဘူးကွာ၊ ဖူးထိုက်တဲ့ ကံ သူ့မှာ ကုန်ပါပြီလို့ မြတ်စွာဘုရားရှင်က မိန့်တော်မူပါတယ်။ အဲဒီလို မိန့်တော် မူနေတဲ့ အချိန်မှာပဲ အရှင်ဒေ၀ဒတ်ကို ထမ်းပို့လာကြတဲ့ ရဟန်းတော် များက ခြေကျင် ကုန်းကြောင်း လျှောက်ထမ်း လာခဲ့ကြ တာ မောလဲမော၊ ပင်ပန်းလဲ ပင်ပန်းလှပြီ။

ဇေတ၀န်ကျောင်းပေါက်နားရောက်တော့ ရေကန်ကြီး တစ်ကန် တွေ့ရပါရော၊ ရေကန်နား ရောက်တော့ ပင်ပန်လွန်းလို့ ရေလဲ သောက်မယ်၊ ရေလဲ ချိုးမယ်၊ ခဏ အပန်းဖြေအုံးမယ် ဆိုပြီး အရှင်ဒေ၀ဒတ်ကို တင်လာခဲ့တဲ့ ထမ်းစင် ညောင်စောင်းကို မြေကြီးပေါ် အသာချထားပြီး ရေကန်ထဲ ဆင်းပြီး ရေသောက်ကျ ချိုးကြသတဲ့ ။

အရှင်ဒေ၀ဒတ်ကလဲ ထမ်းစင်ပေါ်မှာ ပက်လက်အိပ်ရင်းက ဟယ် ငါ့တပည့်တွေ ကလည်း ကြာလှချည်လား ငါက ဘုရားဖူးချင်လှပြီ သူတို့က အချိန်တယ် ဆွဲတာပဲ ငါ့ ဟာ ငါ သွားနိုင်ရင် ကောင်းရဲ့လို့ တွေးမိသတဲ့ အဲဒါနဲ့ အိပ်နေရာက ရလို ရငြား ထိုင်စမ်း ကြည့်တယ်၊ ထိုင်လို့ရသတဲ့။ သူမထိုင်နိုင်တာ ကြာလှပြီ။ နောက် ညောင်းလွန်းလို့ ဆိုပြီး မြေကြီးပေါ် ခြေထောက် ချစမ်းကြည့်တော့လဲ ချလို့ရသတဲ့ ရပ်ကြည့်တော့လဲ ရပ်လို့ ရသတဲ့၊ တော်တော်လေး နေကောင်းလာတယ်ပေါ့၊ ဒါပေမယ့် ၀မ်းမသာနဲ့အုံး လောက သဘာဝ၊ လောကမာယာဘဲလေ။

ရံဖန်ရံခါ ဘ၀မှာ အကောင်း အာရုံလေးတွေနဲ့ တွေ့ရပေမယ့် ရုပ်တစ်ရက်တော့ ၀မ်းမသာနဲ့အုံး ကောင်းခြင်းသည် ဆိုးဖို့ကောင်းပေးတာလဲ ဖြစ်တတ်တယ်၊ တစ်ခါတစ်ရန် အဆိုး အာရုံတွေနဲ့ တွေ့တဲ့အခါ ရုတ်တစ်ရက် စိတ်ဓာတ်မကျနဲ့အုံး ၀မ်းမနဲ နဲ့အုံး ၊ ဆိုးချင်းသည် ကောင်းဖို့ ဆိုးပေးတာလဲ ရှိတတ်တယ်။ လောကမှာ အဲဒီ သဘောတရားလေးတွေက ရှိတတ်တယ်။

အခု အရှင်ဒေ၀ဒတ်ကြီး အိပ်ယာထဲ ဗုံးဗုံးလဲ နေရာကလဲ ထလို့ရ ထိုင်လို့ရ ဆင်းလို့ရတယ်ဆိုတာ ဆိုးဘို့ကောင်းလာတာ၊ ဘာ ကြောင့်လဲဆိုတော့ အရှင်ဒေ၀ဒတ်ကြီး မြေကြီးပေါ် ခြေထောက် နှစ်ဘက်ချပြီး မတ်တတ်ရပ်လို့ ရတယ်လဲ ဆိုရော မြေကြီးက ပင့်တော့တာပဲတဲ့။ ကိုယ်တော်ကြွတော့ ကြွခဲ့တော့ ဘယ်သူမျှ မလာသေးခင် ကိုယ်တော်တစ်ပါးတည်း ကြွခဲ့တော့ ဆိုပြီး မြေကြီးက ပင့်တဲ့သဘောနဲ့ မြေမျိုတော့တာပဲ၊

အဲဒီလို မြေမျိုတဲ့အခါမှ အရှင်ဒေ၀ဒတ်က“ ဟယ် ငါ့ခြေထောက်တွေ မြေကြီးထဲ နစ်ဝင်နေပြီကော အမလေး အောက်ကလဲ ပူလိုက်တာ ပူလိုက်တာ ဆိုပြီး ခုန်ကြည့်တယ်၊ ခုန်လိုက်တော့ ခြေမျက်စိ မြုပ်သွား၊ နောက်တစ်ခါခုန် ဒူးဆစ်မြုပ်သွား၊ တစ်ခါ ထပ်ခုန်ပြန်တယ် ခါးမြုပ်သွား၊ ဒီလိုနဲ့ ခုန်လေ မြုပ်လေနဲ့ နောက်ဆုံး လည်ပင်းအထိရောက်လာပြီ အော်သူလု့ပ်ခဲ့တဲ့ အလုပ် သူဝယ်ခဲ့တဲ့ ကံတွေက အထက်ရောက်မယ့် အလုပ်၊ အပေါ်တက်မည့် ကံတွေ မှ မဟုတ်ပဲကို အခုတော့ သူ့မှာ ခေါင်းပိုင်းလေးပဲ ကျန်တော့တယ်၊ အဲဒီအခါ ကျတော့ မှ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီကျောင်းတော် ဘက်ကို အာရုံပြုပြီးတော့ မှ လေးလေးနက်နက် ကန်တော့ပါတယ်။

အော် ငါ့အသက်၊ ငါ့ခန္ဓာ၊ ငါ့အရိုးတွေ အကုန်လုံး ငရဲမီးစာ ဖြစ်တော့မယ်၊ ငါ မြေမျို ခံရပြီ၊ ဤအသက် ဤခန္ဓာ ဤအရိုးတွေနဲ့ နောက်ဆုံး နောင်တော်ကြီးဘုရားကို ပူဇော်ခဲ့တော့မယ်ဆိုပြီး မြတ်စွာဘုရားကို လှိုက်လှိုက်လှဲလှဲ ရိုရို ကျိုးကျိုးနဲ့ နောက်ဆုံး ပူဇော်ကန်တော့ ခဲ့တော့တယ်။ ကန်တော့အပြီးမှာ အရှင်ဒေ၀ဒတ်ရဲ့ တစ်ကိုယ်လုံးကို မြေမျိုသွားပါသတဲ့၊ အလာကောင်းပေမယ့် အခါနှောင်းသွားရရှာတာပေါ့လေ။

အရှင်ဒေ၀ဒတ်ဘ၀ ဘယ်လောက် သနားစရာကောင်းလိုက်တာလဲ ဆိုတာ အခု ထက်ထိ ငရဲမှာ ဒုက္ခကြီးစွာနဲ့ ခြောက်ခြောက်ချားချား ခံစားနေရတုံး ရှိပါသေးတယ်၊ ငရဲ ခံရတဲ့အခါ မကြားဝံ့ မကြည့်ရက် စရာပါပဲ၊ အဲဒါ ဘာလဲ ဆိုရင် ကံအ၀ယ်မှား အပါယ်သွားပေါ့၊ အဲဒီလို သတိ၊ ပညာ ပွဲစားမပါဘဲ ကံအ၀ယ်မှားမိရင်ဖြင့် အပါယ်လား ကြရမယ် ဆိုတာ အရှင် ဒေ၀ဒတ်က သင်္ခန်းစာ ပေးသွားတာပါပဲ။

ဤဓမ္မပုံပြင်ဖြင့် (ယော)ဆရာတော်သည် -
(၁) ဘ၀သံသရာ ခရီးသွား တမလွန် စီးပွားရေးသမားများ ဖြစ်ကြသည့် မိမိတို့အနေဖြင့်
ကံအ၀ယ် မမှားဘို့လိုကြောင်း။
(၂) မကောင်းမှု ဒုစရိုက်များသည် အပြစ်နှင့်တကွ ဖြစ်ခြင်း၊ ဆိုးကျိုးပေးခြင်းတို့ကြောင့်
မ၀ယ်သင့် မ၀ယ်ထိုက်သည့် ကံညစ် ကံမှား များဖြစ်၍ ကောင်းမှု ကုသိုလ်ကံများ သည်သာ အပြစ်ကင်း၍ ကောင်းကျိုးသုခကို ပေးတတ်သောကြောင့် ၀ယ်ယူသင့်
ဝယ်ယူထိုက်သည့် ကံစစ် ကံကောင်းများ ဖြစ်ကြောင်းနှင့် ၊
(၃) မိမိတို့သည် သာသနာတော် ပွင့်လင်းရာကာလ လူ့ဘ၀ ရခိုက်ဖြစ်၍ အလာလည်း
ကောင်းသကဲ့သို့ အခါလည်းမနှောင်းသေး သောကြောင့် ကျိုးစားသလောက် ထွန်း
တောက်နိုင်ကြောင်းကို ဖေါ်ပြလိုရင်းဖြစ်ပါသည်။

စာရှုသူများလည်း ဆရာတော် ပေးလိုသမျှ လက်ခံ ရယူနိုင်ကြ၍ ကံအ၀ယ်မှား အပါယ် သွားမည့်ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

တော်ဝင်နွယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...