Wednesday, August 21, 2013

((( ကျွန်တော် မှတ်မိသော ပုံပြင်လေးတစ်ပုဒ်...)))


အမျိုးကောင်းသား shared ကွန်ဆူး မား's photo.

တစ်ခါက သားအဖနှစ်ဦးဟာ လုပ်ငန်းတစ်ခုအတွက် ခရီးတစ်ခုကို အစပြုခဲ့ကြတယ်... မြင်းကလေးနဲ့ပေါ့....။
ခရီးကလည်းရှည်... ဝေးကလည်း ဝေးလေတော့ လမ်းမှာ အဆင်ပြေသလို သွားခဲ့ကြတယ်တဲ့....။

ပထမ ခရီး အစမှာ သားအဖနှစ်ဦးဟာ လိုအပ်တဲ့ ၀န်စည်စလယ်တွေနဲ့အတူ မြင်းကလေးကို စီးလာခဲ့ကြတယ်တဲ့...။

ဒီအချိန်မှာ လယ်တဲကို လုပ်ငန်းခွင် ၀င်ဖို့ သွားနေသူတစ်ဦးက
`` ဒီသားအဖကလည်း ကိုယ်ချင်းမစာဘူး၊ မြင်းကိုလူတင်စီးတာ မဟုတ်ဘူး... ပစ္စည်းတွေကိုပါ မဆန့်မပြဲ တင်ထားသေးတယ်....´´လို့ ပြစ်တင်ဝေဖန်ခဲ့သတဲ့...။

ဒီလိုနဲ့ နေနည်းနည်း မြင့်လာတဲ့ အခါမှာ ဖခင်ဖြစ်သူက မြင်းပေါ်ကဆင်းပြီး လမ်းလျှောက်ပါသတဲ့.... မြင်းကလေးကိုစာနာလို့နဲ့ တူပါတယ်။

ဒီအချိန်မှာ ဘုန်းကြီးကျောင်းကို ဥပုဒ်စောင့်သွားတဲ့ အမေကြီးတစ်ဦးနဲ့ လမ်းမှာဆုံတော့ `` သားဖြစ်တဲ့သူကလည်း ဂါရ၀တရားကို မရှိဘူး.... ဖအေက လမ်းလျှောက်နေရတယ်... တကယ်ပါပဲ...´´လို့ ညီးတွားသတဲ့။

နေ့လည်ခင်းကို ရောက်တော့ သားအဖနှစ်ယောက်လည်း နေ့လည်စာစား...၊ မြင်းကလေးကိုလည်း အစာ ကျွေးပြီးတော့ နေ့လည်ခင်း နေပြင်းတာကြောင့် သားအဖနှစ်ယောက်လမ်းလျှောက်ပြီး မြင်းကျောပေါ်မှာတော့ပစ္စည်းတွေကိုသာ တင်ပြီး မြင်းကလေးကို ဆွဲလာပါသတဲ့၊

ဒီအချိန် တစ်နယ်တစ်ကျေးက လာတဲ့ ကုန်သည်တစ်ဦးနဲ့ လမ်းမှာဆုံတော့ ကုန်သည်ကြီးက `` မိုက်လိုက်တာဗျာ ခင်ဗျားတို့ မြင်းကို အလှမွေးထားတာလား မြင်းဆိုတာ စီးဖို့လေဗျာ...တကယ့်လူမိုက်တွေပါပဲ´´ လို့

မချိတင်ကဲ ပြောသွားပါသတဲ့....။

ဒီလိုနဲ့ ခရီးဆက်လာလိုက်တာ နေ နည်းနည်း စောင်းလာတော့ သားဖြစ်တဲ့သူက ဖခင်ကို မြင်းစီးစေပြီးသူကတော့ မြင်းကလေးကိုဆွဲပြီး ဆက်လက်ထွက်ခွါလာကြတယ်တဲ့.....၊

ဒါကို အလုပ်သိမ်းပြီး ပြန်လာတဲ့ သူတစ်ဦးက တွေ့လေတော့
``ဖအေကလည်းကွာ ကလေးကို မညှာမတာ သူကျတော့ မြင်းစီးလာတယ်... ဘယ်လိုလူမှန်းကို မသိပါဘူး´´လို့ ငြီးတွားခဲ့တယ်တဲ့...။

ဒါပေမဲ့လည်း အချိန်တန်တော့ သားအဖနှစ်ယောက်ဟာ လိုရာခရီးကို မြင်းကလေးနဲ့အတူ အောင်အောင်မြင်မြင် အခက်အခဲမရှိ ရောက်ရှိခဲ့ကြပါတယ်တဲ့....။

သူတို့ ဖြတ်သန်းလာတဲ့ လမ်းခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ သူတွေရဲ့ မှတ်ချက်စကားတွေ ညီးတွားမှုတွေနဲ့ ပါတ်သက်ပြီး ဖခင်ဖြစ်သူက သားဖြစ်သူကို ဆုံးမပြောကြားရာမှာ...

`` သား...... လူဆိုတာ အမြင်အမျိုးမျိုး ရှိကြတယ်...
ရှုရပ် အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့အမြင်တွေအတိုင်း ခိုင်းနှိုင်း ဆုံးဖြတ်ကြတယ်၊ သူ့တို့အမြင် သူ့တို့ အတွေးတွေက အခြေအနေနဲ့ အချိန်အခါအရ မှန်ကန်ကြလိမ့်မယ်၊ သို့သော်လည်းတကယ်တမ်း ခရီးသွားကြတာက ဒို့သားအဖနှစ်ယောက်ပဲ.... ဒို့အတွက် အကောင်းဆုံး အဖော်အဖြစ်နဲ့ လိုရာခရီးကို ကောင်း မွန်စွာ ရောက်ရှိနိုင်စေဖို့ အထောက်အပံ့ပေးတာက ဒို့ရဲ့ မြင်းကလေးပဲ... ဒါကြောင့် အချိန်အခါနဲ့ အခြေအနေအရ ဒို့သားအဖအချင်းချင်း နားလည်စွာနဲ့ မြင်းကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ရင်း မပျင်းမရိ ခရီးဆက်ခဲ့ကြလို့ အခု ရည်မှန်းချက်ကိုရောက်ခဲ့ကြပြီ၊ ဒါကြောင့် သားရေ မှန်ကန်တဲ့ ရည်မှန်းချက်ကို စိတ်ရှည်ရှည်ထားပြီး တော်တည့်မှန်ကန်စွာ ခရီးဆက်ပါ...´´လို့ မှာကြားခဲ့တယ်တဲ့...။

ပုံပြင်လေးကို ဖတ်ရှုရင်း တစ်စုံတစ်ခု ရရှိနိုင်ကြပါစေကြောင်းခင်ဗျာ....

(ကွန်ဆူးမား)(၂၁-၈-၂၀၁၃)

(၇-၁၂-၂၀၁၂)နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြန်လည်တင်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...