Sunday, August 4, 2013

အနုပညာရှင်တို့၏ ဆုံမှတ် (လူဇော်ဟန်)



ဆုံမှတ်(၁)။ ။ အယ်ဖြူ ရေးဖွဲ့ပြီး ထူးအိမ်သင် သီဆိုခဲ့သော သီချင်းများ
`နည်းနည်းလေးတော့လွဲနေမယ်… လွဲလွဲလေးပဲကောင်းပါတယ်…
စိတ်ကျေနပ်ရင်ပြီးတာပဲ…နေတတ်ရင် အေးဆေးလေး´
ထိုသီချင်းက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အောင်မြင်မှုရခဲ့သည့်သီချင်းဖြစ်သည်။

သီချင်းအမည်က `တစ်နေ့စာအလွဲများ´ဖြစ်ပြီး တေးရေးက­ အယ်ဖြူ၊ တေးဆိုကထူးအိမ်သင်။ အခုတော့ သူတို့နှစ်ဦးစလုံး ကြွေလွင့်ခဲ့ကြပါပြီ။ ၂၀၀၄ ခုနှစ်တစ်နှစ်တည်းမှာပဲသူတို့နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြခြင်းဖြစ်သည်။ အယ်ဖြူက မေ ၂၇ မှာကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ထူးအိမ်သင်က သြဂုတ် ၂၄ မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးမကွယ်လွန်မီ နောက်ဆုံးထွက်ရှိထားသော သီချင်းဖြစ်တာကြောင့်တစ်ကြောင်း၊ ဆုံခဲလှသည့် တေးရေးဆရာနှင့်အဆိုတော်တို့ တစ်နှစ်တည်းကွယ်လွန်ခဲ့တာကြောင့်တစ်ကြောင်း ထိုသီချင်းက ထူးခြားလို့နေသည်။ထိုသီချင်းက တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိသွားပြီး ရေပန်းစားခဲ့သော်လည်း ထိုသီချင်းလောက်လူသိမများပေမယ့် အနုပညာမြောက်သည့် သီချင်းတချို့မှာလည်း သူတို့နှစ်ဦး ဆုံစည်းခဲ့ကြဖူးပါသည်။

သူတို့နှစ်ဦး၏ ပထမဆုံး ဆုံစည်းမှုကတော့ ၁၉၉၆ မှာ ထွက်ရှိခဲ့သောထူးအိမ်သင်၏ `မြို့ပြလရောင်တမ်းချင်း´album မှာဖြစ်သည်။ ထို album ထဲတွင် တက်သစ်စ နာမည်ရတေးရေးဆရာအတွဲဖြစ်သည့်မောင်မောင်ဇော်လတ်နှင့် အယ်ဖြူတို့ ပါဝင်လာသည်။ မောင်မောင်ဇော်လတ်နှင့် အယ်ဖြူသည် ဇော်ဝင်းထွဋ်၊တာရာ စသော နာမည်ကျော်အဆိုတော်များအတွက် ကိုယ်ပိုင်သံစဉ်သီချင်းများ ရေးဖွဲ့ပေးရင်းနာမည်ရလာသူများဖြစ်သည်။ `မြို့ပြလရောင်တမ်းချင်း´album မှာ အယ်ဖြူက `အိမ်ပြန်ချိန်များ´သီချင်းနှင့်မောင်မောင်ဇော်လတ်နှင့်တွဲဖက်ပြီး `အိပ်မက်ထဲကနှုတ်ခမ်းလေး´သီချင်းနှစ်ပုဒ်ကို ရေးဖွဲ့ပေးခဲ့သည်။
`ဒီနေ၀င်တာနောက်ထပ်ကြုံဦးမယ်…
အချိန်တန်လာရင်နှုတ်ဆက်ရမယ် ဒီအတိုင်းပဲ
သယ်ဆောင်ရာခြေလှမ်းတို့နောက်ကွယ်
ထင်ကျန်နေတဲ့တို့ရဲ့စိတ်တွေကြေကွဲ
အမှောင်ဝင်လာတဲ့လမ်းထဲ…
ယုံကြည်နေတဲ့အသိတို့ေ၀၀ါးဆဲ
ကြုံတာကိုဆုံလိုက်ဖို့ အသင့်ပြင်လို့ထားလည်း
ဝင်လာပါခေါ်လိုက်ဖို့ခက်တယ်
အရာရာအဆင်သင့်မဖြစ်သေးခင်အချိန်လေး
ပိုင်ဆိုင်ချင်ပေမယ့်လည်း…´
လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ချစ်သူနှစ်ဦးရဲ့ အိမ်ပြန်ချိန်ခွဲခွာကြရပုံကိုရေးဖွဲ့ထားသော `အိမ်ပြန်ချိန်များ´သီချင်းအား အယ်ဖြူက ကဗျာတစ်ပုဒ်လို သိမ်သိမ်မွေ့မွေ့ရေးဖွဲ့ထားပြီးထူးအိမ်သင်ကလည်း ပျော့ပျောင်းနူးညံ့သည့် သူ့ဆိုဟန်အတိုင်း သီချင်းကို သက်ဝင်ခံစား သီဆိုသွားသည်မှာသူတို့နှစ်ဦး၏ လှပသည့် ဆုံစည်းမှု၏ အစပင်ဖြစ်သည်။ ထို album ၏ နောက်ထပ်ထူးခြားချက်ကတစ်ခွေလုံးကို drum အစစ် အသုံးမပြုဘဲ computer programming နည်းပညာဖြင့် တီးခတ်ထားခြင်းဖြစ်သည်။နည်းပညာအသစ်၊ တေးရေးလက်တွဲဖော်အသစ်တွေနှင့် ခံစားမှုအသစ်တွေပေးခဲ့သည့် album တစ်ချပ်ပဲဖြစ်သည်။

သူတို့နှစ်ဦး၏ ဒုတိယဆုံစည်းမှုကတော့ ၂၀၀၁ မှာ ထွက်ရှိခဲ့သောထူးအိမ်သင်၏ `အစိမ်းရောင်ရက်စွဲများ ´album မှာဖြစ်သည်။ album ၏ အဖွင့်သီချင်း `ညပုံပြင်´ကိုအယ်ဖြူက ရေးဖွဲ့ခဲ့သည်။ `ညပုံပြင်´ကို ၁၉၉၇/၉၈ တ၀ိုက်တွင် ဖိုးဖန်က သူ၏ `အပေါင်းတစ်´album တွင် သီဆိုခဲ့ဖူးပြီး ထူးအိမ်သင်က new version ဖြင့် ပြန်လည်သီဆိုခြင်းဖြစ်သည်။
`မရေရာတဲ့အိပ်မက်­­အပိုင်းအစနဲ့ မျှော်လင့်ခြင်းများနဲ့ နိုးခဲ့
ရွှေရောင်ဖိနပ်လေးတစ်ဖက်တွေ့တယ်…ဒီအခန်းလေးထဲ… ပုံပြင်ထဲကလိုပဲကွယ်…´
ညကပွဲတစ်ခုမှာ ဘယ်သူမှန်း ဘယ်ကမှန်း မသိတဲ့ မိန်းမချောလေးတစ်ယောက်နှင့်ဆုံစည်းခဲ့ပုံကို ခေတ်သစ်စင်ဒရဲလားပုံပြင်တစ်ပုဒ်လို ရေးဖွဲ့သွားတာက အယ်ဖြူ၏ ကိုယ်ပိုင်သံစဉ်ရေးဖွဲ့နိုင်မှုအရည်အချင်းကိုပြသနေသည်။ Iron Cross ၏ သေသပ်လှပသော တီးခတ်မှုနှင့် ထူးအိမ်သင်၏ harmonica သံကလည်း ထိုalbum ကို အဖွင့်သီချင်းမှာပင် စွဲလန်းသွားစေမိပါသည်။

သူတို့နှစ်ဦး၏ တတိယမြောက် ဆုံစည်းမှုကတော့ ၂၀၀၃ မှာ ထွက်ရှိခဲ့သောထူးအိမ်သင်၏ `တစ်နေ့စာအလွဲများ´album ထဲက title song `တစ်နေ့စာအလွဲများ´သီချင်းပဲဖြစ်သည်။ထို album က ထူးအိမ်သင်၏ အတွဲခွေများတွင် ပြန့်ကျဲနေသော ကော်ပီ/ကိုယ်ပိုင်သံစဉ်/ပြန်ဆိုတေးများကိုရောနှောစုစည်းထားသော album ဖြစ်ပြီး `တစ်နေ့စာအလွဲများ´သီချင်းကတော့ နိစ္စဓူဝ လူမှုဘ၀ထဲကအလွဲများကို သရော်ဟန်စွက်ပြီး ရေးဖွဲ့ထားလေသည်။

သူတို့နှစ်ဦး၏ နောက်ဆုံးအကြိမ် ဆုံစည်းမှုကတော့ သူတို့နှစ်ဦးစလုံးကွယ်လွန်ပြီး၂၀၀၅ မှ ထွက်ရှိလာသော ထူးအိမ်သင်၏ `ချစ်ခြင်းအားဖြင့်´album မှာဖြစ်သည်။ ထို albumတွင် အယ်ဖြူက `အလင်းဆိုင်ရဲ့သီချင်း´နှင့် ကိုအောင်နှင့် တွဲဖက်ရေးသားသော `ကြယ်တွေစုံတဲ့ည´သီချင်းနှစ်ပုဒ်ပါဝင်ရေးသားခဲ့သည်။ ထိုနှစ်ပုဒ်စလုံး ကိုအောင်၏ `ကြယ်တွေစုံတဲ့ည´တစ်ကိုယ်တော်album (၂၀၀၃) တွင် ကိုအောင် သီဆိုခဲ့ပြီးသားဖြစ်သည်။
`ကြယ်တွေစုံတဲ့ညအဝေးအိမ်ကို လွမ်းတယ်
ကြယ်တွေစုံတဲ့ညခရီးမိုင်တွေခြားလည်း
ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင်တို့ပြန်ဆုံဦးမယ်…´
ကြယ်တွေကို ငေးပြီး အဝေးတစ်နေရာက အိမ်နှင့် မိသားစုကိုလွမ်းဆွတ်တမ်းတနေသော သီချင်းလေး။ အမေ့အိမ်ကို တမ်းတနေတာလား၊ ဇနီးနှင့် သားသမီးတွေရှိသည့်အိမ်ကိုတမ်းတနေတာလား ဆိုတာကတော့ နားထောင်သူပရိသတ်၏ ခံစားမှုအပေါ်လိုက်ပြီး ပြောင်းလဲနေမည်ဖြစ်သည်။

အယ်ဖြူ ရေးသားသောသီချင်းများကိုသာ ထူးအိမ်သင် သီဆိုသွားခဲ့သော်လည်းထူးအိမ်သင် ရေးသားသော သီချင်းများကို အယ်ဖြူ သီဆိုထားတာကိုတော့ နားမထောင်ဖူးကြပါ။ သို့သော်ထူးအိမ်သင် ရေးသားသီဆိုခဲ့သော `အိပ်မက်ထဲက ရထားကြီး´သီချင်းကို အယ်ဖြူ ပြန်လည်သီဆိုပြီးသူ၏ တစ်ကိုယ်တော် album တွင် ထည့်သွင်းရန် ရည်ရွယ်ခဲ့ဖူးသည်ဟု El Phyu Fan Club facebook အင်တာနက်စာမျက်နှာမှတစ်ဆင့် ကြားသိရပါသည်။ အယ်ဖြူ၏ တစ်ကိုယ်တော်ခွေကိုလည်းအမြန်ဆုံးထွက်ရှိနိုင်အောင် သူ၏ညီဖြစ်သူ အယ်နောင်းက ကြိုးစားနေသည်ဟု အဆိုပါ အင်တာနက်စာမျက်နှာမှတစ်ဆင့်ကြားသိရပါသည်။
`အမှောင်နဲ့အလင်းမကွဲပြားတဲ့ကောင်းကင်
ညလွင်ပြင်ကိုဖြတ်သန်းတိုးဝင
မီးရထားကြီးတစ်စင်းငါ့ဝိညာဉ်ကို သယ်ဆောင်ခုတ်မောင်းရင်း
သံသရာရှည်မယ့်ခရီးဘယ်မှာဆုံးမယ် ငါလည်းမသိ
ဒီအိပ်မက်ကလန့်နိုးတိုင်းရင်မှာကြေကွဲမိ
အိပ်မက်ထဲကရထားကြီးခေါ်သံ ငါကြားမိ´
ဆိုသော သီချင်းစာသားများပါဝင်သည့် ထိုသီချင်းသည် တမလွန်ခရီးကိုထွက်ခွာသွားကြပြီဖြစ်သည့် အနုပညာရှင်နှစ်ဦးအား လွမ်းဆွတ်ကြေကွဲတမ်းတရစေဦးမည့် သီချင်းတစ်ပုဒ်အဖြစ်စောင့်မျှော်နားဆင်ရဦးမည်ဖြစ်တော့သည်။


ဆုံမှတ်(၂)။ ။ အနုပညာလှုပ်ရှားမှုများ ဆုံစည်းမှု

အထက်တွင် တင်ပြခဲ့သည့် ဆုံစည်းမှုတွေက အယ်ဖြူ ရေးဖွဲ့ပြီးထူးအိမ်သင် သီဆိုခဲ့သည့် သီချင်းများအကြောင်းဖြစ်သည်။ သူတို့၏ အခြားပုံသဏ္ဍာန်နှင့် ပတ်သက်ဆက်နွယ်သည့် အနုပညာဆုံစည်းမှုတွေလည်းရှိပါသေးသည်။ ၁၉၉၆ မှာ guitar-မောင်မောင်ဇော်လတ်၊ bass-အယ်ဖြူ နှင့် drum-အောင်ခန့်တို့သုံးယောက်ဖွဲ့စည်းထားသော The Ants band ပေါ်ထွက်လာပြီး ပွဲဦးထွက်အနေနှင့် `ရောင်စုံချောကလက်´albumကို ဖြန့်ချိခဲ့သည်။ ထို album တွင် The Ants အမည်သာ ခံထားပြီး နောက်ကွယ်မှ နာမည်ကြီးအဆိုတော်များပါဝင်အားဖြည့်သီဆိုခဲ့ကြသည်။ ထူးအိမ်သင်၊ ဟယ်ရီလင်း၊ လေးဖြူ၊ အငဲ၊ မျိုးကျော့မြိုင်၊ဘိုဘို၊ ညီပုလေး၊ အယ်နောင်း စသဖြင့် ပါဝင်သီဆိုခဲ့ကြပြီး ထူးအိမ်သင်က မောင်မောင်ဇော်လတ်ရေးဖွဲ့သောသီချင်းနှစ်ပုဒ်ဖြစ်သည့် `ငပျင်း´နှင့် `မိုးတိမ်အကြောင်း´(စာသား-ကေအေတီ) တို့ကို သီဆိုခဲ့သည်။

၁၉၉၈ တွင် ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်၊ မျိုးကျော့မြိုင်၊ဘိုဘို၊ စည်သူလွင် တို့ပါဝင်သော BIG V အဖွဲ့၏ `ချစ်သောကမ္ဘာမြေ´album ကို ထိုင်းနိုင်ငံမှာသွားရောက်အသံသွင်းခဲ့ကြသည်။ ထို album တွင် အယ်ဖြူလည်း သီချင်း(၄)ပုဒ် ၀င်ရောက်ရေးသားသည်။အယ်ဖြူတစ်ဦးတည်းရေးသော သီချင်းများကို ထူးအိမ်သင် မသီဆိုခဲ့သော်လည်း မောင်မောင်ဇော်လတ်၊အယ်ဖြူ၊ ညီထွဋ်၊ ရွှေဂျော်ဂျော်တို့ တွဲဖက်ရေးသားသော title song `ချစ်သောကမ္ဘာမြေ´ ကိုတော့BIG V အဖွဲ့၏ group song အဖြစ် သီဆိုခဲ့ကြသည်။ ကမ္ဘာမြေငြိမ်းချမ်းဖို့ ဆန္ဒပြုထားသည့်သီချင်းဖြစ်ပြီး
`အကျည်းတန်တဲ့ရန်ပွဲတွေက ဘယ်လိုအချိန်မှာ ရပ်သွားမလဲ
အငြိုးတွေနဲ့မာနတွေဖွဲ့ အမုန်းသည် မီးတောက်များပါပဲ
အို…လဲကျတဲ့သူ ထူဖေးမလို့ အားနည်းတဲ့သူ ကူရင်း
ဒဏ်ရာတွေအပြန်အလှန်မပေးကြနဲ့ လောကထဲ
တဒင်္ဂလေးဆုံလာတဲ့ ဧည့်သည်တွေပဲ…´
ဆိုသည့် Verse(2) စာသားတွေက သီချင်းတစ်ပုဒ်လုံး၏ အဓိပါယ်ကိုခြုံငုံဖော်ကျူးနေကြပါသည်။

၂၀၀၄ မှာ ထွက်ရှိခဲ့သော `Heart ဂီတည´ live show album မှာလည်းသူတို့နှစ်ဦးရဲ့ဆုံစည်းမှုကို တွေ့မြင်နိုင်ပါသည်။ ထို album မှာလည်း အယ်ဖြူရေးတဲ့သီချင်းကိုထူးအိမ်သင် မဆိုသော်လည်း The Ants အဖွဲ့၏ တီးခတ်မှုနှင့်အတူ percussion, harmonica စသည့်တူရိယာများကို ပံ့ပိုးတီးခတ်ပေးနေသော ထူးအိမ်သင်ကို လွမ်းဆွတ်ဖွယ် တွေ့မြင်ရပါသည်။

ဆုံမှတ်(၃)။ ။ အနုပညာဝိညာဉ်ချင်း ဆုံစည်းမှု

အထက်တွင် တင်ပြခဲ့သည့် ဆုံစည်းမှုတွေအကုန်လုံးသည် ဂီတလောကထဲတွင်သူတို့နှစ်ဦး၏ လူပုဂ္ဂိုလ်ချင်းဆုံစည်းမှုသက်သက်ပဲဖြစ်ပါသည်။ လူပုဂ္ဂိုလ်ချင်း မဆုံစည်းဘဲအနုပညာဝိညာဉ်ချင်း ဆုံစည်းမှုတွေလည်း ရှိပါသေးသည်။ အနုပညာဝိညာဉ်ချင်း ဆုံစည်းမှုဆိုသည်မှာသူတို့ဖန်တီးလိုက်သည့် အနုပညာလက်ရာတွေနောက်မှာ ကိန်းဝပ်နေသော စိတ်ခံစားချက်များ တူညီနေခြင်းကိုဆိုလိုပါသည်။ အသစ်ကို တပ်မက်တာချင်း တူတာ၊ အဝေးတစ်နေရာက ဇာတိမြို့နှင့် အမေ့အိမ်ကိုလွမ်းနေတာချင်း တူတာ၊ ကိုယ်ပိုင်သံစဉ်သီချင်းတွေ တစိုက်မတ်မတ် ရေးဖွဲ့တာချင်း တူတာ၊စာပေ/ကဗျာတွေမှာ မွေ့လျော်တာချင်း တူတာ၊ အတွေးအခေါ် ဒဿနပါသည့် သီချင်းတွေ ရေးဖွဲ့တာချင်းတူတာ စသဖြင့် အကျုံးဝင်ပါသည်။

အသစ်ကို တပ်မက်တာချင်း တူတာတော့ အသေအချာပင်။ နှစ်ဦးစလုံးကမတူညီသောခေတ်ကာလတွေမှာ လမ်းသစ်ဖောက်ခဲ့ကြသူများဖြစ်သည်။ ၁၉၈၆ မှာ ထွက်ရှိခဲ့သော ထူးအိမ်သင်၏ ပထမဆုံး album`နာရီပေါ်မှ မျက်ရည်စက်များ´သည် အနောက်တိုင်းဂီတစံချိန်စံညွှန်းများအတိုင်းအဆင့်မြင့်မြင့် ရေးဖွဲ့ထားသော ပထမဆုံး ကိုယ်ပိုင်သံစဉ်တေးစုအဖြစ် ဂီတလောကသားများကအသိအမှတ်ပြုခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး unplugged live show ကိုလည်း ၁၉၉၄ ၌အောင်ဆန်းကွင်း မိုးလုံလေလုံခန်းမမှာ ထူးအိမ်သင်၊လေးဖြူ နှင့် ချစ်ကောင်းတို့ စတင်ခဲ့ခြင်းဖြစ်ပြီး၁၉၉၆ မှာ ထွက်ရှိခဲ့သော ထူးအိမ်သင်၏ unplugged live album ကလည်း မြန်မာနိုင်ငံ၏ ပထမဆုံး unplugged album ဖြစ်ခဲ့ပါသည်။

အယ်ဖြူကလည်း သူ့ခေတ်သူ့အခါက လမ်းသစ်ဖောက်ခဲ့သူဟု ဆိုနိုင်ပါသည်။အယ်ဖြူသည် ၁၉၉၀ တွင် ဇော်ဝင်းထွဋ်၏ `နေရာသစ်´album အတွက် ကိုယ်ပိုင်သံစဉ် rock သီချင်းများရေးဖွဲ့ပြီး ဂီတလောကထဲ စတင်ရောက်ရှိခဲ့သည်။ rock copy တေးများ ခေတ်စားနေချိန်တွင် အယ်ဖြူသည်ကိုယ်ပိုင်သံစဉ် rock သီချင်းများ ရေးဖွဲ့ကာ သူ့လမ်းသူထွင်ပြီး ဖောက်ထွက်လာသူဖြစ်သည်။၁၉၉၆ တွင်လည်း အယ်ဖြူသည် The Ants အဖွဲ့နှင့်အတူ ကိုယ်ပိုင်သံစဉ် alternative သီချင်းများကိုမြန်မာပရိသတ်နှင့် မိတ်ဆက်ပေးခဲ့ပြန်သည်။ ၂၀၀၃ မှာတော့ လေးဖြူ၏ တတိယမြောက် ကိုယ်ပိုင်သံစဉ်album `လိပ်ပြာ´အတွက် ကိုယ်ပိုင်သံစဉ် modern rock/ metal သီချင်းများကို မောင်မောင်ဇော်လတ်နှင့်အတူရေးဖွဲ့ပြီး ပရိသတ်အတွက် ခံစားမှုအသစ်များ ပေးစွမ်းခဲ့လေသည်။ အယ်ဖြူသည် သူဖြတ်သန်းသည့်ခေတ်တွင်copy တေး၊ ပြန်ဆိုတေး၊ hip hop၊ R&B နှင့် dance ဂီတအမျိုးအစားများစွာ စီးဆင်းနေသည့်ကြားမှသူယုံကြည်ရာ ကိုယ်ပိုင်သံစဉ် rock, alternative နှင့် modern rock လမ်းကြောင်းပေါ် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

သူတို့နှစ်ဦး၏ အသစ်ကို တပ်မက်မှုအပေါ် သူတို့ရေးဖွဲ့သောသီချင်းများကလည်း သက်သေခံနေပါသည်။ ၂၀၀၆/၂၀၀၇ ၀န်းကျင်က ထွက်ရှိခဲ့သည့် Iron CrossAcoustic album တွင် ထူးအိမ်သင် ရေးဖွဲ့သည့် `အသစ်ကမ္ဘာသို့´သီချင်းက copy ဖြစ်သော်လည်းစာသားတွေက သူ၏ အသစ်ကို တပ်မက်မှုအား ဖော်ပြနေကြပါသည်။
`ဥာဏ်ပညာနဲ့ချစ်ခြင်းတရား... ရင်ထဲ လှပတဲ့ နေ့ရက်တွေ ရှိဦးမလား
ဥာဏ်ပညာနဲ့ချစ်ခြင်းတရား... ဘ၀မှာ ဆိုးလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား
ယုံကြည်တမ်းတတဲ့နှလုံးသားများ အားလုံးရဲ့ကမ္ဘာသစ်ရယ်…´
ထူးအိမ်သင်သည် သူဖြတ်သန်းသည့် ခေတ်ဆိုးစနစ်ဆိုးကြီးကိုလွန်မြောက်ချင်ပြီး တရားမျှတမှုကို လိုလားကြောင်း
ထိုသီချင်းက ဖော်ပြနေလေသည်။

`လိပ်ပြာ´ album တွင် အယ်ဖြူရေးဖွဲ့သည့် `အသစ်´သီချင်းကလည်းအနုပညာဖန်တီးမှုအသစ်တွေကို ဆာလောင်ငတ်မွတ်နေသည်မှာ ထင်ရှားလှပါသည်။
`သီချင်းသစ်တွေရေးပါ ကြာလာရင် ရူးသွားလိမ့်မယ်
အဟောင်းချည်းတော့မလုပ်နဲ့ အားလုံးက ပျင်းတယ်
လိုချင်တာအသစ် လောလောဆယ်ပေးပါ
လိုချင်တာအသစ် တစ်ခုခုတော့ပေးပါ´
အယ်ဖြူသည် သူဖြတ်သန်းနေသော ခေတ်ကြီးထဲမှ ဖန်တစ်ရာထပ်နေသောပြန်ဆိုတေးများ၊ ငယ်ဘ၀က အောင်မြင်ခဲ့သော သီချင်းများကို မကြာခဏ ပြန်ဖော်ထုတ်ကြသည့်စုပေါင်းစပ်ပေါင်း live show များနှင့် နေ့မြင်ညပျောက် ဆိုလွယ်တေးများအပေါ် စိတ်ကုန်ငြီးငွေ့နေကြောင်းထိုသီချင်းဖြင့် ဖော်ပြထားခြင်းဖြစ်လေသည်။ ထိုနေရာတွင် ထူးအိမ်သင်၏ စိတ်နေသဘောထားနှင့်လည်းတိုက်ဆိုင်နေပြန်သည်။ ထူးအိမ်သင်က နာမည်ကျော်အဆိုတော်ဖြစ်သော်လည်း ပိုက်ဆံရလွယ်သောဆူလွယ်နပ်လွယ် live show များကို ရှောင်ရှားလေ့ရှိသူဖြစ်သည်။

သူတို့နှစ်ဦးသည် ကမ္ဘာတစ်ဝှမ်းတွင် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွားနေသော စစ်ပွဲတွေကို ရပ်တန့်စေလိုပြီး တစ်ကမ္ဘာလုံးငြိမ်းချမ်းနှင့်ဆိုင်သောသီချင်းများကို ရေးဖွဲ့လိုသူများလည်း ဖြစ်ပုံရလေသည်။ BIG V အဖွဲ့၏ `ချစ်သောကမ္ဘာမြေ´albumတွင် သူတို့နှစ်ဦး group song အနေဖြင့် ဆုံစည်းခဲ့ကြသော `ချစ်သောကမ္ဘာမြေ´သီချင်းကိုအယ်ဖြူ ပါဝင်ရေးဖွဲ့ခဲ့သလို ထူးအိမ်သင်ကလည်း ၁၉၈၉ တွင် ထွက်ရှိသော သူ၏တတိယ album `သက်ငြိမ်´တွင်`ငြိမ်းချမ်းပါစေ´သီချင်းကို ကိုယ်တိုင်ရေးဖွဲ့သီဆိုခဲ့လေသည်။
`ကမ္ဘာမြေငြိမ်းချမ်းပါစေ… ပန်းပွင့်တွေ ဆုတောင်းနေ
ကမ္ဘာမြေငြိမ်းချမ်းပါစေ… ကျေးငှက်တို့ တေးဆိုနေ´

ထူးအိမ်သင်နှင့် အယ်ဖြူတို့နှစ်ဦးသည် ရန်ကုန်သားများ မဟုတ်ကြဘဲဝါသနာပါရာ ဂီတအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ရန်ကုန်သို့ လာရောက်ခြေချရခြင်းဖြစ်ရာအဝေးတစ်နေရာက ဇာတိမြို့နှင့် အမေ့အိမ်ကို လွမ်းဆွတ်တမ်းတနေကြသော အလွမ်းဓာတ်ခံရှိသူများဖြစ်လေသည်။ပုသိမ်ဇာတိဖြစ်သော ထူးအိမ်သင်က သူ၏ ဒုတိယ album `မှော်ဆရာအိပ်မက်´(၁၉၈၈) မှာ `အမေ့အိမ်´သီချင်းကိုရေးသားသီဆိုအောင်မြင်ခဲ့သလို သူ၏ စတုတ္ထ album `အတ္တပုံဆောင်ခဲများ´(၁၉၉၁) မှာလည်း `အမေ့ရဲ့ဒုက္ခအိုးလေး´သီချင်းကို ထပ်မံဖန်တီးတင်ဆက်ခဲ့ပြန်သည်။
`အိမ်ပြန်ချင်တယ်…ဟူး… အငြိမ်းချမ်းဆုံး အမေ့အိမ်
အိမ်ပြန်ချင်တယ်…ဟူး… အနွေးထွေးဆုံး အမေ့အိမ်
အိပ်မရတဲ့ညများစွာထဲရထားဥသြသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေးတားမရဘူး´
ဆိုသော သီချင်းစာသားက တစ်နိုင်ငံလုံးရဲ့ ပါးစပ်ဖျားမှာစွဲလန်းခဲ့သလိ
`အမေ…ကျွန်တော့်ကို စိတ်မပျက်ဘူးလား
အမေယုံကြည်မျှော်လင့်ထားသမျှ ဘာတစ်ခုမှ ဖြစ်မလာ´
ဆိုသော blues တေးသွားကလည်း ဂီတပညာရှင်တွေအတွက် မေ့ထားလို့မရသောဂန္ထ၀င်သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပင်။ ထို့အပြင် ၁၉၉၇ မှာလည်း သူနှစ်သက်ရာ မိခင်မေတ္တာဘွဲ့သီချင်းတွေကိုစုစည်းသီဆိုထားသည့် `အကြွင်းမဲ့မေတ္တာတော်သီချင်း(သို့မဟုတ်)အမေ´ album ထွက်ရှိခဲ့လေသည်။

အယ်ဖြူကလည်း တောင်ပေါ်သားတစ်ယောက်ဖြစ်တာနှင့်အညီ တောင်ပေါ်ရှုခင်းတွေ၊အိမ်ခေါင်မိုးနီနီတွေ၊ အညိုရောင်တောင်ကုန်းနှင့် မြက်ခင်းစိမ်းတွေ၊ ချယ်ရီနှင့် ထင်းရှူးပင်တောတန်းတွေအကြောင်းကိုသူ့သီချင်းတော်တော်များများမှာ ထည့်သွင်းရေးဖွဲ့လေ့ရှိသည်။ အိမ်ကို လွမ်းဆွတ်သည့်အကြောင်းကိုလည်း၁၉၉၈ မှာ ထွက်ရှိခဲ့သော `ချစ်ခြင်းမေတ္တာ၏ မှန်ကူကွက်များ´album တွင် ဟန်ထွန်း သီဆိုခဲ့သည့်`အိပ်မက်ခရီးသည်´သီချင်းတွင် တွေ့နိုင်ပါသည်။
`အိမ်ကိုပြန်ချင်တယ်နောက်ဆုံးစွန့်လွှတ်ပြီးကွယ် အရာရာကို အားလုံးစွန့်ထွက်ပြီး
ခိုလှုံနိုင်စရာအရိပ်လေးတစ်ခုကိုကွယ် အရူးအမူးစိတ်မှာရှာဆဲပဲ…´
ဆိုသောဆိုသော သီချင်းကို နောက်ပိုင်းတွင် အယ်နောင်းလည်းပြန်ဆိုခဲ့ဖူးပါသည်။

ချောစုခင်ရဲ့ ကိုယ်ပိုင်သံစဉ် album `မြက်ခင်းပေါ်က အိပ်မက်များ´(၂၀၀၃)တွင် ပါဝင်သော အယ်ဖြူရေးသားသည့် `အိမ်အလွမ်း´သီချင်းသည်လည်း အိမ်ပြန်ချင်လျက် အိမ်ပြန်မရောက်နိုင်သည့် ခံစားချက်ကို သရုပ်ဖော်ရေးဖွဲ့ထားခြင်းဖြစ်လေသည်။
`ဒီအချိန်ဆို အိမ်မှာ လူတွေစုံနေမှာ မှန်အိမ်ငယ်အလင်းလေးရဲ့အောက်က
နေ၀င်ချိန်တွေဆို မျှော်နေရှာမှာပါ အဖေအမေမောင်နှမနဲ့ အပေါင်းအသင်းများ
လေထန်နေစဉ်မှာ ကာရန်တွေ မညီညာ နေပူရင် အမိုးလည်းမလုံဘူးကွာ
ငိုယိုကာနေတာ လူတွေမမြင်နိုင်ပါ ကိုယ်အိမ်နဲ့ဝေး...
ပြန်လာမယ် စိတ်ထဲရှိပေမယ့်လည်းပဲ ဘာတစ်ခုမှ အဆင်မသင့်ခဲ့
မျှော်လင့်ချက်တွေ ရှိတုန်းပဲ အိမ်ပြန်ချင်တယ်...´

လေးဖြူ၏`လိပ်ပြာ´album ထဲက အယ်ဖြူရေးသားသည့် title song `လိပ်ပြာ´သီချင်းကလည်းငယ်ဘ၀ကို လွမ်းဆွတ်မှုနှင့် လက်ရှိဘ၀တွင် လမ်းပျောက်နေသော ခံစားချက်ကို ရေးဖွဲ့ထားတာဖြစ်သည်။
`လွင်ပြင်ကျယ်ဟိုတစ်ဘက်စွန်းက ဒဏ္ဍာရီပုံပြင်ထဲက
စံပျော်ရာဘုံဆောင်နန်းများ ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာခြေကုန်လက်ပန်းကျ အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီငါတစ်ယောက်တည်း အဝေးဆုံးမှာ လမ်းပျောက်နေပြီ…´

သူတို့နှစ်ဦးသည် မွေးချင်းညီအစ်ကိုမောင်နှမများရှိသောမိသားစုများမှ ဆင်းသက်လာသူများဖြစ်သည့်အလျောက် ညီငယ်၊ ညီမငယ်များကို လမ်းညွှန်ထိန်းကျောင်းရာရောက်သည့်ဒဿနအတွေးအခေါ်များပါဝင်သော သီချင်းများကိုလည်း ရေးဖွဲ့ခဲ့ကြသည်။ ထူးအိမ်သင်သည် မွေးချင်းခြောက်ယောက်အနက်အကြီးဆုံးသားမို့လားမသိ။ သူ့မသိစိတ်ထဲတွင် ကိန်းအောင်းနေသော စကားလုံးများကို `ညီလေးရေ´ဟူသောသီချင်းများအဖြစ် သီကုံးရေးဖွဲ့ခဲ့သည်။
`ညီလေးရေ…လမ်းမမှားအောင်ရွေးပါ
အချိန်များဟာနည်းလွန်းတယ် ဘ၀မှာ
ညီလေးရေ…မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရနိုင်တာ မင်းနားလည်ပါ…´
အစ်ကိုလိုခင်မင်ရသော သူငယ်ချင်းတစ်ယောက်ထံမှ ပေးစာများကိုအခြေခံ၍ ရေးဖွဲ့ထားသောသီချင်းများဖြစ်သည်ဟု သူပြောဖူးသော်လည်း သူ့မှာ မိသားစုနှင့်ပတ်သက်သည့် ခံစားချက်ဓာတ်ခံမရှိလျှင်ဖန်တီးနိုင်မှာ မဟုတ်သော သီချင်းများဖြစ်သည်။ `ညီလေးရေ(၁)´ ကို `နာရီပေါ်မှ မျက်ရည်စက်များ´album နှင့် `ညီလေးရေ(၂)´ ကို `မှော်ဆရာအိပ်မက်´ album တို့တွင် ထည့်သွင်းသီဆိုခဲ့သည်။
`ညီလေးရေ…ယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းက အကောင်းဆုံးပါ
ကမ္ဘာမြေကြီးအားမင်းတစ်ယောက်အတွက် သက်သက်ဝန်ပိုမလေးဖို့ရာ
သေချာစဉ်းစားလူတွေကောင်းဖို့ရည်ရွယ်ကြိုးစားကြတဲ့အခါ
မင်းအတ္တစိတ်ကိုမီးပုံရှို့နိုင်မှ… ´
`ညီလေးရေ´သီချင်းတွေသည် ခေတ်အဆက်ဆက် မျိုးဆက်သစ်လူငယ်များအတွက်စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသော အားပေးစကားများ ဖြစ်လို့နေသည်။

အယ်ဖြူကလည်း မွေးချင်းများထဲတွင် သူ့အောက်အငယ်များ ရှိသူဖြစ်ပြီး`ညီလေးရေ´ကဲ့သို့ သီချင်းတစ်ပုဒ်ကို ရေးဖွဲ့ဖန်တီးခဲ့ဖူးသည်။ ထိုသီချင်းမှာ ၂၀၀၂ တွင်ထွက်ရှိခဲ့သော The Ants အဖွဲ့၏ ဒုတိယ album `နှံကောင်လေးရဲ့နွေဦးပုံပြင်´တွင် ပါဝင်ခဲ့သော`နှံကောင်လေးအတွက်´သီချင်းဖြစ်ပြီး အယ်ဖြူကိုယ်တိုင် ရေးသားသီဆိုခဲ့လေသည်။
`ပုံပြင်ဟောင်းလေးပြန်သတိရပါ ဟိုအရင် ငါတို့ကလေးဘ၀က
အမေအမြဲပြောတတ်တာအပျင်းကြီးလွန်းတဲ့ ဇာတ်သိမ်းမလှတဲ့ နှံကောင်မှာ
ဒီလိုမင်းမဖြစ်ချင်စမ်းနဲ့ကွာရည်ရွယ်ချက်လေးထားစမ်းပါ
ဒီဦးနှောက်ကြီးခမျာဝိုးဟိုးဟိုး မှိုတက်ပြီးတော့ နေနေရှာ…´
ပုရွက်ဆိတ်နှင့်နှံကောင်ပုံပြင်ကို ဥပမာပေးပြီး ညီဖြစ်သူကိုဆုံးမလမ်းညွှန်ထားသည့် စာသားများဖြစ်ရာ The Ants ဟူသောအမည်နှင့် အလွန်လိုက်ဖက်သည့် စာသားများလည်းဖြစ်နေလေသည်။

သူတို့နှစ်ဦးစလုံး၏ တူညီသောနောက်တစ်ချက်မှာ စာပေလေ့လာလိုက်စားသူများဖြစ်ပြီးကဗျာရေးဖွဲ့ခြင်းကိုလည်း ၀ါသနာထုံကြလေသည်။ သူတို့ရေးဖွဲ့သော ကဗျာတချို့ကိုလည်း ဖတ်ရှုခံစားကြစေလို၍လက်လှမ်းမီသလောက် ထည့်သွင်းဖော်ပြလိုက်ပါသည်။

`သက်တံမြစ်´

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့်ကောင်းကင်မှ

ဟာ…
လှလိုက်တဲ့
သက်တံကြီးတစ်စင်း
စီးဆင်းနေတာ တွေ့တယ်။

ရုတ်တရက်ပဲ
ငါကြေကွဲခဲ့ရပေါ့။

ဘ၀ဆိုတာ
သက်တံလိုပါလား…
ရှိတော့ရှိရဲ့
ဒါပေမယ့်
အရှိမဲ့။
(ထူးအိမ်သင်)


`မှန်အိမ်လေး´

တကယ် အဓိက လိုအပ်တဲ့

အရာတွေဟာ

ဘာလဲလို့

ပိုပြီး သိလာကြတဲ့ အချိန်မှာ

ဒါတွေ ဒီအချက်တွေ

သူ့ဆီမှာ ကိုယ့်ဆီမှာ

ရှိရဲ့လားလို့

အသေအချာကြီး မဟုတ်တောင်

မတော်တဆတော့ ကြည့်မိကြမှာပေါ့။

ဒါဟာ

တစ်ယောက်ကို တစ်ယောက်

ထိပါးစရာ ဖြစ်နေမယ် ဆိုရင်တော့

ယထာဘူတတော့ ကျတာပဲ ။

မင်းဆီမှာရော

ငါ့ဆီမှာရော

အင်မတန်ပါးလွှာပြီး

ကြေမွလွယ်တဲ့

မှန်အိမ်လေးတွေရှိတယ် ။

အဲဒီအထဲမှာ

ငါ့ကို မင်းထည့်ထားတယ်

မင်းကိုငါ ထည့်သိမ်းထားတယ် ။
(အယ်ဖြူ)

ထူးအိမ်သင်နှင့် အယ်ဖြူတို့၏ တိုက်ဆိုင်မှုများထဲမှ နောက်ဆုံးဖော်ပြလိုသည်မှာသူတို့နှစ်ဦး ကွယ်လွန်ကာနီး ကာလများတွင် သေခြင်းတရားနှင့် ပတ်သက်သော နိမိတ်ပြသီချင်းများချန်ထားခဲ့ကြခြင်းပင်။ ၂၀၁၁ မှာ ထွက်ရှိခဲ့သော ထူးအိမ်သင်၏ `အစိမ်းရောင်ရက်စွဲများ´album မှ သူကိုယ်တိုင် ရေးသားသီဆိုသော `ပြန်မလာတော့ဘူးကွယ်´သီချင်းသည် သူကွယ်လွန်စဉ်ကလွမ်းဆွတ်ဖွယ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ရသည်
`ပြန်မလာတော့ဘူးကွယ်ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ဝေးရာ အဝေး အဝေး အဝေး…
နှလုံးသားကနာကျင်စွာနဲ့ နောက်ဆုံး နှုတ်ဆက်ခဲ့တယ်…´
ဆိုသည့် စာသားတွေက အပြီးအပိုင်နှုတ်ဆက်တော့မည့် အရိပ်အယောင်လက္ခဏာတွေ ဖြစ်လို့နေသည်။ ထို့ပြင် သူကွယ်လွန်ပြီးမှ ထွက်ရှိလာသော `ချစ်ခြင်းအားဖြင့်´(၂၀၀၅)album ထဲမှာလည်း နှုတ်ဆက်တော့မည့် အရိပ်အယောင်တွေ ပါဝင်သည့် သီချင်းနှစ်ပုဒ် ထပ်မံပါဝင်လာပြန်သည်။သို့သော် သူကိုယ်တိုင်ရေးဖွဲ့ထားခြင်းတော့ မဟုတ်။ ပထမတစ်ပုဒ်က တေးပြုစာဆို ဒေါက်တာစိုင်းခမ်းလိတ်ရေးဖွဲ့သော `နောက်ဆုံးသီချင်း´။ ထိုသီချင်းသည် စိုင်းထီးဆိုင် သီဆိုအောင်မြင်ခဲ့ဖူးသောသီချင်းတစ်ပုဒ်လည်း ဖြစ်သည်။ ထူးအိမ်သင်က ထိုသီချင်းကို modern rock ဟန် တီးခတ်မှုများဖြင့်ပြန်လည်ဆန်းသစ်သီဆိုခြင်းဖြစ်သည်။
`၀ါသနာထက်ဝမ်းရေးခက်တော့
ဒီသီချင်းဟာငါ့ရဲ့နောက်ဆုံးသီချင်းဖြစ်ရင်ဖြစ်မယ် မပြောတတ်ဘူး…´
ထိုသီချင်းသည် နိမိတ်မကောင်းသော သီချင်းဖြစ်၍ သူ့ဇနီးနှင့်အဆိုတော်စိုင်းထီးဆိုင်တို့က မဆိုစေချင်။ စိုင်းထီးဆိုင်ကိုယ်တိုင် ထိုသီချင်းဆိုပြီးကံဆိုးမိုးမှောင်ကျခဲ့ဖူးသောကြောင့်။ သို့သော် ဆုံးဖြတ်ပြီးပြီဖြစ်၍ သူ မဖြစ်မနေ သီဆိုသွားခဲ့သည်ဟုဆရာနိုင်ဇော် ရေးသားသော `အဆုံးမစမဲ့မိုးသားထဲ သွားရဦးမယ်´(ထူးအိမ်သင် ပုံတူကောက်ကြောင်း)စာအုပ်ထဲတွင် မှတ်သားဖူးပါသည်။

ဒုတိယတစ်ပုဒ်ကတော့ မြင့်မိုးအောင် ရေးသားသည့် `နှုတ်ဆက်တေး´။
`နှုတ်ဆက်ခဲ့ပါတယ်အလင်းရောင်အခန်းလေးရေ
အမှောင်လမ်းမတွေထဲကိုငါသွားတော့မယ်
အတိတ်ရဲ့နေ့တွေကိုမီးပုံရှို့ပြီး ငါပြန်မလာတော့ဘူး… အခန်းလေးရေ…´
ဆိုသည့် သီချင်းက album ၏ နောက်ဆုံးပိတ်သီချင်းအဖြစ် နှုတ်ဆက်စကားတွေဆိုနေသယောင်…

အယ်ဖြူကွယ်လွန်ပြီး ၂၀၀၅ မှ ထွက်ရှိလာသော The Ants ၏ တတိယalbum `ပထမ ဒုတိယ တတိယ´ထဲတွင် `သတိ´ဆိုသည့် သီချင်းတစ်ပုဒ်ပါလာခဲ့သည်။ ၂၀၀၄ နှစ်ဦးပိုင်းမှာကြွေလွင့်သွားသည့် သူငယ်ချင်းဖြစ်သူ ဒိုးလုံးကို ရည်ညွှန်းရေးသားထားသည့်သီချင်းဟု ဂီတအသိုင်းအ၀ိုင်းကယူဆကြသည်။ သို့သော် ထိုသီချင်းက သူ့ကိုယ်သူအတွက် ရေးထားသလိုများ ဖြစ်သွားခဲ့သလား။
`မနက်ဖြန်တွေ့ဖို့ရောက်အောင်လာပါ မင်းမမေ့နဲ့ဦး
ငါ့ကိုချိန်းပြီး အဲဒီနေ့ကတည်းက နောက်တစ်ခါ ဘယ်တော့မှ
ပြန်မတွေ့ရတော့တဲ့သူငယ်ချင်းတစ်ယောက်
လက်ပြပြီးတော့ကားပေါ်တက်သွား ဆေးလိပ်ဖြတ်ဦးတဲ့
ကျန်းမာရေးကသိပ်ချူချာတာ ငါ့ကို သတိပေးသွား
နောက်ဆုံးတွေ့လိုက်တဲ့နေ့တုန်းက…´
ထို album ထွက်ရှိလာတော့ The Ants အဖွဲ့၏ bass player ကအယ်ဖြူ မဟုတ်တော့။ Metal Zone တီးဝိုင်းမှ ဖိုးဇော်က ၀င်ရောက်ကူညီတီးခတ်ပေးထားခဲ့သည်။ဖိုးဇော်သည် `မြို့ပြလရောင်တမ်းချင်း´ နှင့် `အစိမ်းရောင်ရက်စွဲများ´ album များတွင်အယ်ဖြူနှင့်အတူ ထူးအိမ်သင်အတွက် သီချင်းများ ပါဝင်ရေးစပ်ခဲ့ဖူးသူလည်းဖြစ်သည်။ `ပထမဒုတိယ တတိယ´album cover တွင် This album is dedicated to El Phyu (1972-2004) ဟု ရေးထိုးမှတ်တမ်းတင်ထားခဲ့သည်။`ပထမ ဒုတိယ တတိယ´album နှင့်ပတ်သက်၍ MRTV-4 အင်တာဗျူးပရိုဂရမ်တစ်ခုတွင် မောင်မောင်ဇော်လတ်ပြောပြခဲ့သော စကားသံတချို့ကိုလည်း ကောက်နှုတ်ဖော်ပြလိုပါသညိ။
``ဒီသီချင်း(သတိ)ကို အယ်ဖြူ ဆိုသွားပါသေးတယ်… ဒါပေမယ့်အဲဒီအချိန်မှာ သူ တော်တော် နေမကောင်းဖြစ်နေပြီ… chorus တွေ သူ မအော်နိုင်တော့ဘူး… ဒါကြောင့်သူဆုံးသွားတော့ chorus တွေကို ကိုလေးဖြူ ၀င်ဆိုပေးခဲ့ရတယ်… verse ကတော့ အယ်ဖြူဆိုတာကိုပဲယူထားလိုက်တယ်…´´
ဟု အယ်ဖြူ၏ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်သူ မောင်မောင်ဇော်လတ်ကပြောပြခဲ့လေသည်။

လူဇော်ဟန်

(ဤဆောင်းပါးသည် ၂၀၀၆ ခုနှစ်က ဂီတဂျာနယ်တွင် ဖော်ပြခံခဲ့ရသောဆောင်းပါးကို အနည်းငယ် ပြင်ဆင်ဖြည့်စွက်ထားခြင်းဖြစ်ပါသည်။)

This article is dedicated to Htoo Ein Thin(1963-2004) and El Phyu (1972-2004), the great Myanmar musicians.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...