Monday, August 19, 2013

ရှင်းရန်မလိုသည့်အမှိုက်များ

မောင်သာချို
(၁)
သမီးရေ….။
သည်တစ်ခါတော့ ဖေဖေတစ်ခါက နယ်ကောလိပ်လေးတစ်ခုမှာ တာဝန်ကျတုန်းက ဖေဖေတို့နေခဲ့တဲ့ကောလိပ်ရှေ့က အိမ်ကလေးနဲ့မလှမ်းမကမ်းမှာနေတဲ့ ဆရာဝန်မိသားစုရဲ့အကြောင်းကို သမီးကိုပြောပြခြင်တယ်။
ဖေဖေတို့ကလည်း သည်မြို့လေးကိုရောက်စ၊အဲ့သည်ဆရာဝန်မိသားစုလေးကလည်း ပြောင်းလာကာစ။ကောလိပ်ရှေ့ကရပ်ကွက်လေးကလည်း လူနေကျဲပါးလွန်းတာကြောင့် တစ်ယောက်နဲ့တစ်ယောက်၊တစ်အိမ်နဲ့တစ်အိမ် လွယ်လွယ်ကူကူပဲ ရင်းနှီးသွားကြတယ်လေ။ဖေဖေတို့
မိသားစုဟာ သာမန်ပြုံးပြနှုတ်ဆက်ရုံ၊မေးထူးခေါ်ပြောရုံမျှသာမကတော့ဘဲနဲ့ တစ်ယောက်ရဲ့စိတ်အရိပ်
အယောင်တွေကို တစ်ယောက်က အကဲဖမ်းနိုင်လောက်တဲ့အထိ ရင်းနှီးသွားခဲ့ကြတယ်လို့ ဆိုကြပါစို့
သမီးရယ်။

(၂)
ဆေးခန်းဖွင့်ထားတဲ့ဆရာဝန်အိမ်လို့ဆိုပေမယ့် မြို့စွန်ပိုင်းကိုတော်တော်ရောက်လို့လား မသိပါဘူး။
လူနာအ၀င်အထွက်ကတော့ တော်တော့်ကိုပါးရှားလွန်းလှပါတယ်သမီးရယ်။ညနေတိုင်ပြီဆိုရင်
ရောက်လာကြတာက နှာစေးချောင်းဆိုးသမားကလေးတွေ၊ကျောပူ ခေါင်းပူသမားကလေးတွေ
တစ်ယောက်စ နှစ်ယောက်စပါပဲ။

ဖေဖေကတော့ ဖေဖေ့မိတ်ဆွေဆရာဝန်ရဲ့ ဆေးခန်းလေးကိုရောက်ရောက်လာတတ်တဲ့ လူနာရှားရှား
ပါးပါးတွေထဲက မိသားစုသုံးယောက်ကိုတော့ထူးထူးခြားခြားကိုပဲ မှတ်မိနေခဲ့ပါတယ်။လူနာက အမျိုးသား
ကြီးပါ၊ရောဂါက ကင်ဆာလေ။လည်ပင်းတစ်ခုလုံးပွင့်ထွက်လို့။ဖေဖေ့စိတ်ထင် ပန်းဂေါ်ဖီပွင့် ခပ်ကြီးကြီး
တစ်ပွင့်လောက်တောင်ရှိမလားပဲ။မီးတောက်ပွင့်ထွက်နေတဲ့အတိုင်း အပေါက်တွေအပေါက်တွေက အနာ
ရည်တွေစီးကျလို့။သူ့ကိုလိုက်ပို့တာက သူ့မိန်းမခပ်ရွယ်ရွယ်ရယ်၊ဆယ်နှစ်ဝန်းကျင် သူ့သားလေးတစ်
ယောက်ရယ်။နောင်မှသိရတာက အဲ့ဒီချာတိတ်လေးက သည်တုန်းက သမီးနဲ့တစ်ခန်းတည်း သုံးတန်း
ကျောင်းသားလေးတဲ့။

သမီးရေ မြင်ရရုံနဲ့တင် သည်မိသားစုလေးဟာ လောကဓံရဲ့ အထုအနှက်အောက်မှာ စိစိညက်ညက်ကြေခဲ့ပြီး
သားဆိုတာ ပေါ်လွင်လှပါတယ်လေ။ကင်ဆာဖြစ်နေတဲ့လူကြီးဟာ သည်သုံးလေးနှစ်အတွင်းမှာ ဘာကိုမှမလုပ်နိုင်တော့ပါဘူး။ကောလိပ်နဲ့မလှမ်းမကမ်းကခြံဝန်းကြီးထဲမှာ ခြံစောင့်အဖြစ်ထားတဲ့ပိုင်ရှင်က ထားမြဲထားခဲ့လို့သာ သူတို့ခမျာ နေစရာလေးရှိနေခဲ့တာပေါ့။ခြံထဲကနှင်းဆီပန်လေးတွေ ခူးရောင်းလိုက်၊
မာလကာသီးလေးတွေခူးရောင်းလိုက်၊ဒန့်သလွန်သီးလေးတွေခူးရောင်းလိုက်။ဘ၀မှာအသက်ရှင်လို့ရတယ်
ဆိုရုံကလေး၊ငွေ့ငွေ့ကလေးနဲ့ သူတို့တစ်တွေဖြတ်သန်းနေထိုင်သွားခဲ့ကြတယ်။

တကယ့်တကယ်တမ်းကတော့ သည်လူကြီးဟာ ဘ၀ရဲ့နောက်ဆုံးတံခါးတစ်တစ်ချပ်ပွင့်ချိန်ကို ထိုင်စောင့်နေတဲ့အချိန် ရောက်ခဲ့ပါပြီလေ။ဆရာဝန်မိသားစုဟာ သူ့အပေါ်မှာ လူသားအဆန်ဆုံး ကြင်နာခဲ့ကြပါတယ်။အကိုက်အခဲပျောက်နိုင်ရာ စာဆေးထိုးဆေး အကုန်ပေးခဲ့တယ်။အပေါက်တွေ
ဗရပွနဲ့ပွင့်ထွက်နေတဲ့ လည်ပင်းကြီးကို အတတ်နိုင်ဆုံးဆေးကြောသန့်စင်ပေးခဲ့တယ်။ငွေးကြေးဥစ္စာ
ဘာတစ်ပြားတစ်ချပ်မှ မယူခဲ့ဘူး။

တစ်နေ့ ညနေခင်းမှာတော့ ရောဂါသည်လူကြီးမပါဘဲ သူ့မိန်းမရယ်၊သူ့သားကလေးရယ် ဆေးခန်းအိမ်
ကလေးရှိရာကို ရောက်လာကြပြန်ပါတယ်။အမျိုးသမီးက အပြောရခက်နေပုံနဲ့ ဆရာဝန်အိမ်ခေါင်းရင်းက
မြေကွက်လပ်ကြီးကို ငေးလို့။ကွက်လပ်ထဲမှာကတော့ တောထအောင်ပေါက်ချင်တိုင်းပေါက်နေတဲ့
မြက်ရိုင်းတွေ။အမျိုးသမီးက အဲ့ဒီမြက်ရိုင်းတွေကိုပဲ ငေးကြည့်လို့နေခဲ့တာပါ။ပြီးတော့မှ ဆရာဝန်လုပ်သူကို
သည်လိုပြောချခဲ့ပါတယ်။
“ ဆရာ…ကျွန်မနဲ့ ကျွန်မသား ဒီအမှိုက်တွေကို ရှင်းပေးချင်လို့ပါ ”
သြော် ဖေဖေရင်ထဲ စူးခနဲ၊စစ်ခနဲဖြစ်အောင် နာကျင်ရပါရဲ့သမီးရယ်။ဆေးဖိုးဝါးခတွေ၊ကုသလမ်းညွှန်မှုတွေ
အတွက် အလကားဆိုတာကြီးကို သူအနေရခက်နေရှာဟန် တူပါတယ်။ဒါ့ကြောင့်သူက မြက်ရိုင်းတွေ၊
အမှိုက်တွေကို ရှင်းပေးချင်ပါသတဲ့။ဆရာဝန်ကတော့ သည်အမျိုးသမီးကို တလေးတစားကြည့်လို့။
“ ဒီအမှိုက်တွေလား …ဘယ်ကရှင်းရမှာလဲဗျာ။တမင်ထားတာပါ…မလိုပါဘူးအစ်မရယ် ”
ဆရာဝန့်စကားကိုကြားတော့ ဖေဖေ့ရင်ထဲမှာ ပိုလို့ စူးစူးစစ်စစ်ဖြစ်ရပြန်ပါရဲ့။သည်အမှိုက်တွေက ရှင်းစရာ
မလိုတဲ့အမှိုက်တွေဆိုလား၊တမင်ထားတဲ့ အမှိုက်တွေတဲ့။တောထနေတဲ့မြက်ရိုင်းများ။

သမီးရေ နောက်မကြာခင်ရက်ပိုင်းမှာတော့ သည်လူကြီးလည်း ဆုံးသွားခဲ့ရှာပါပြီ။မိတ်ဆွေအိမ်ခေါင်းရင်းက
မြက်ရိုင်းတွေ၊အမှိုက်တွေလည်း ရှင်းလင်းသွားခဲ့ပါပြီ။ဒါတွေကိုရှင်းပေးခဲ့သူကတော့ ရှင်းပေးပါရစေလို့
တောင်းဆိုလာတဲ့ အမျိုးသမီးမဟုတ်ဘဲ အခကြေးငွေနဲ့ယူလုပ်တဲ့ ရပ်ကွက်ထဲကအလုပ်သမားတစ်ယောက်
ဆိုရင် သမီးအံ့သြသွားလေမလားပါပဲ။ဟုတ်တယ်သမီးရဲ့ တစ်ခါတစ်ခါကြတော့ လောကကြီးထဲမှာ ရှင်းစရာ
မလိုတဲ့ အမှိုက်တွေ ရှိနေခဲ့တတ်ကြတယ်လေ။

(၃)
သမီးရယ်…။
သမီးတို့ ဖေဖေတို့တစ်တွေ လူသားတစ်ဦးက လူသားတစ်ဦးအပေါ်မှာ ထားရှိအပ်တဲ့ မေတ္တာတွေ၊ကရုဏာ
တွေ၊စေတနာတွေမှာ ဘာမျှော်လင့်ချက်၊ဘာနှောင်ကြိုး၊ဘာအတုံ့အပြန်မှ မထားရှိဘဲနဲ့ ကျောက်ခက်
ကျောက်လက်တွေကြားကနေ စိမ့်စမ်းရေတွေစီးကျလာပုံမျိုးနဲ့ စီးဆင်းလာခဲ့ကြရင် မကောင်းပေဘူးလား
ကွယ်။ဘာကြောင့်များ ဖေဖေတို့တစ်တွေက နေရာတိုင်းမှာ အရောင်းအ၀ယ်ဆန်ချင်နေကြရတာပါလဲ။
ဘာကြောင့်များ အပေးအယူတည့်ချင်နေကြရတာပါလဲ။အစွန်းအထင်းတွေ များပြားလွန်းလိုက်တာ။
သမီးရယ်....စိတ်ကူးထည် ဂွမ်းစိုင်ဖြူဖြူကြီးတွေကို သူ့ဘာသာ ရှင်းသန့်နေပါစေတော့လားကွယ်။

ဆရာမောင်သာချို ရေးသားသော “ သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ ”စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
စိတ်ကူးချိုချိုစာအုပ်တိုက်တွင် စုံစမ်းဝယ်ယူဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...