Tuesday, August 20, 2013

ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အကျိုးစီးပွား ပဋိပက္ခ

August 19, 2013 at 6:25am

ဒီကနေ့ ကျွန်တော်ရယ်၊ တခြား မိတ်ဆွေ တစ်ယောက်ရယ်၊ တခြား ပညာရှင်တစ်ယောက်ရယ် သီးခြားစီ တွေ့တာ ဖြစ်ပေမယ့် အကြောင်းအရာ တစ်ခုထဲကိုပဲ ဆွေးနွေးဖြစ်ကြပါတယ်။

ပထမဆုံးတစ်ခုကတော့ ကျွမ်းကျင်မှုနဲ့ ပတ်သက်ပါတယ်။ ကျွန်တော့် အကြောင်း ပြောပြရရင် ကျွန်တော် ကျွမ်းကျင်တယ်လို့ အထင်ခံရတဲ့ နယ်ပယ်တွေမှာ တကယ့်တော့ ကျွန်တော်ဟာ ကျွမ်းကျင်သူ မဟုတ်ဘူးဆိုတာ ကိုယ့်ဖာသာကိုယ်တော့ သိတယ်။ ဘေးလူက သိချင်မှ သိမယ်။ ဘေးလူတွေက မသိတဲ့ ကျွမ်းကျင်မှု ထင်သလောက်၊ ထင်သလို မရှိတာတွေနဲ့ ကျွန်တော်တို့ မကြာခဏ ကြုံတွေ့နေကြရတယ်။ တာဝန်တွေ ပေးလိုက်ပေမယ့် သူ ကျွမ်းကျင်တာက တခြား ဖြစ်နေတတ်တယ်။ လူမှန်၊ နေရာမှန်ဆိုတာက ကြည့်တဲ့သူအပေါ် မူတည်တယ်။ တစ်ယောက်က လူမှန်လို့ ထင်ထားပေမယ့် နောက်တစ်ယောက်က အဲသလို သဘောတူ လက်ခံဖို့ ခက်တယ်။


ပြီးတော့ တာဝန်နဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ရင်လဲ ကျွန်တော်တို့မှာ မသဲကွဲဘူး။ ကိုယ့်ကိုကိုယ်ပဲ ဥပမာ ပေးရရင် ကျွန်တော်ဟာ အခါအားလျော်စွာ စာနယ်ဇင်းတွေနဲ့ အကျုံးဝင်ရ၊ ဆက်နွယ်နေရပေမယ့် ဒါဟာ ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ဟာ စာနယ်ဇင်းသမား မဟုတ်ကြောင်း မကြာခဏ ရှင်းပြရတယ်။

ဒီလိုပဲ စီးပွားရေး ပညာရှင် အထူးသဖြင့် ဘောဂဗေဒ ပညာရှင်၊ ဘဏ္ဍာရေး ပညာရှင်၊ စာရင်းကိုင်၊ စာရင်းစစ်၊ စီမံခန့်ခွဲမှု ပညာရှင်တွေကို ကျွန်တော်တို့ မခွဲခြားနိုင်ကြဘူး။ စာနယ်ဇင်းတွေကလဲ ဘွဲ့ပေးလို့ ရတာ မဟုတ်ဘူး။ စီးပွားရေး ပညာရှင်တွေနဲ့ ဖွဲ့တယ်ဆိုတဲ့ အသင်းအဖွဲ့ တချို့မှာ စီးပွားရေး ပညာရှင် တစ်ယောက်မှ မပါဘဲ ဖွဲ့ထားတာ တွေ့ရတဲ့အခါ ကျွန်တော် မအံ့သြပါဘူး။
နောက်တစ်ခုက အတွေ့အကြုံပါ၊ အတွေ့အကြုံ ရှိတာကို လိုလားကြတယ်ဆိုပေမယ့် ကောင်းတဲ့ အတွေ့အကြုံ၊ မကောင်းတဲ့ အတွေ့အကြုံ ရှိသလို စနစ်ဟောင်းရဲ့ အောက်မှာ ရခဲ့တဲ့ အတွေ့အကြုံကို စနစ်သစ်အောက်မှာ မပြုမပြင်၊ မပြောင်းမလဲ အသုံးချလို့ အကျိုးရှိတယ်ဆိုတာ အတော် ခက်ခဲတဲ့ ကိစ္စပါ။

နောက်တစ်ခုက မကြာခဏ တွေ့ရများတဲ့ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုပါ။

လုပ်ငန်းရှင်တစ်ယောက်ကို အဖွဲ့အစည်းတစ်ခုထဲ ထည့်လိုက်တဲ့အခါ အဲဒီလုပ်ငန်းရှင်က သူ့ရဲ့ လုပ်ငန်းကို စွန့်လွှတ်ရတယ်။ တချို့ဆို ၀င်ငွေ မြင့်မားတဲ့ လုပ်ငန်းကို စွန့်လွှတ်ရတယ်။ ဒါပေမယ့် တာဝန် ထမ်းဆောင်တဲ့အခါ မိမိရဲ့ လုပ်ငန်းဆိုင်ရာာ အကျိုးစီးပွားတွေကို တကယ် မဆောင်ရွက်ပဲ နေရင်တောင်မှ ဆောင်ရွက်မယ်လို့ သံသယ ရှိတာတွေကို တွေ့ရပါတယ်။

ဒါပေမယ့်လဲ တချို့နေရာမှာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှာကို စဉ်းစားသလို တခြားနေရာတွေကျတော့လဲ အဲသလို အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှာကို ထည့်မတွက်ပဲ စီစဉ်တာ တွေ့ရပြန်ပါတယ်။

ခုရက်ပိုင်း ဖတ်ရတဲ့ ဆောင်းပါးတစ်ခုမှာ ဂျင်နရယ် (ဗိုလ်ချုပ်) လဲ ဂျင်နရယ်၊ ဂျင်နရယ် မန်နေဂျာ (အထွေထွေ မန်နေဂျာ) လဲ သူပဲ ဆိုပြီး နိုင်ငံတချို့ရဲ့ အတွေ့အကြုံတွေ ရေးထားတာ ဖတ်လိုက်ရတော့ ဒါကလဲ တစ်ကမ္ဘာလုံးလိုလို တွေ့နေရတာမျိုးပါပဲလို့ သဘောပေါက်မိတယ်။ တချို့နိုင်ငံတွေဆို အစိုးရတာဝန်ကနေ ကုမ္ပဏီတာဝန်ကနေ ပညာရေးလောက စသည်ဖြင့် ဆုံလည်တံခါးကြီးကနေ ၀င်လိုက်၊ ထွက်လိုက် လုပ်နေရတာတွေကို တွေ့နေရတယ်။

ချွင်းချက်တစ်ခု ရှိတာက ကျွန်တော်တို့ဆီမှာ တစ်ခါတစ်လေ လူရွေးရတာ အတော်ခက်တာပါ။ တစ်ခါတစ်လေ အတွေ့အကြုံ ရှိတဲ့သူက အသက်ကြီးနေ၊ လူငယ် ဖြစ်နေပြန်ရင်လဲ အတွေ့အကြုံက ရှိမှ ရှိရဲ့လားဆိုတာ စဉ်းစားရ။ စေတနာ ဆိုတာကို ထည့်တွက်ဖို့ ဆိုတာကျတော့လဲ မြင်ရ၊ တွေ့ရ၊ တိုင်းတာရဖို့ဆိုတာက အခက်သားလား။

သေချာတာကတော့ အသိပညာ၊ အတတ်ပညာဆိုင်ရာ လိုအပ်ချက်နဲ့ ကျွမ်းကျင်မှု၊ လိုက်လျောညီထွေတဲ့ အတွေ့အကြုံ၊ အကျိုးစီးပွားချင်း ပဋိပက္ခ
မှုတွေ ကင်းရှင်းမှ အကောင်းဆုံး ရလာဒ်တွေ ထွက်ပေါ်နိုင်မယ်ဆိုတာပါပဲ။

 ခင်မောင်ညို (ဘောဂဗေဒ)

၁၉.၈.၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...