Thursday, August 8, 2013

ယူနီဖေါင်း


ညနေမှောင်တွင်မိုးမှောင်ကျကာ မိုးကသည်းကြီးမည်းကြီးရွာနေသည်။ ငထွန်းတစ်ယောက် စိတ်ပျက်နေသည် အဖွားကိုကြည့်လိုက်တော့လဲ ပြောင်းဖူးဖတ်ဆေးလိပ်ကြီး ထိုင်သောက်ကာ သက်ပြင်းတွေချနေသည်.......
“အဖွား….ဘယ်လိုလုပ်မလဲ ကျုပ် အဖြူအစိမ်းလျှော်ထားတယ်လေ ဒီလောက်မိုးရွာနေတာ ချောက်မှာ
မဟုတ်ဘူး”

ငထွန်း စကားကြားတော့ ဒေါ်အေးကြည်လှည့်ကြည့်လိုက်သည်။
“ဟဲ့ နင့်ထက်ငါကစိတ်ညစ်တယ်….. မနက်အကြော်ဘယ်လိုကြော်ရမလဲမသိဘူး”
ဒေါ်အေးကြည်လဲ တကယ်ပင် စိတ်ညစ်နေရှာသည်။ သူတို့မြေးအဖွားနှစ်ယောက် အကြော်ကလေးရောင်းပြီး စားနေရတာဖြစ်သည်။ မိုးတွေမတိတ်လို့ အကြော်တဲလည်း ဒီလောက်ရှိ လျှင် ရေနစ်နေလောက်ပြီ။ တစ်ရက်ရောင်းရတဲ့ငွေလေးကို ဒီနေ့စားစရာဝယ်ခြမ်းပြီးနောက်တစ်ရက်အတွက် အရင်းအနှီးသွင်းနေရ။ အဲလိုနဲ့လည်ပတ်နေတာ အခုတော့ မုန့်နှစ်တွေလဲဖျော်ပြီးပြီ ဘူးသီးတွေလဲနွာပြီး တုံးထားပြီးပြီ.. ကြက်သွန်နီဥတွေလဲလှီးထားပြီးပြီ။ မနက်ဖြန်ရောင်းလို့အဆင်မပြေရင်နောက်နေ့ အရင်းအနှီးတောင်ဘယ်လိုလုပ်ရမလဲမသိဘူး ဆိုသော အတွေးတွေနှင့် ဒေါ်အေးကြည်လဲ စိတ်ညစ်ညစ်နှင့် ဆေးလိပ်ကိုတိုင်မာန်ခဲပြီး ဖွာနေမိသည်။
“ကျုပ်က မနက်ဖြန်ကျောင်းကို ပညာရေးမှူးလာမှာဗျ ဆရာကြီးကမှာလိုက်တယ် ယူနီဖေါင်း ၀တ်ခဲ့ရမယ်တဲ့လေ”
ကျောင်အုပ်ဆရာကြီးကလဲမှာလိုက်တယ် မနက်ဖြန်ပညာရေးမှူးလာမှာ မင်းကမြို့နယ်ကျောင်းမှာ ပထမဆိုတော့ မင်းကိုဆုချမယ်ပြောတယ် မင်းယူနီဖေါင်းလေး သေသေသပ်သပ်ဝတ်ခဲ့နော်။ ကျောင်းအုပ်ဆရာကြီးရဲ့အမှာကို ငထွန်းပြန်ကြားက စိတ်တွေညစ်နေသည်။
“ဟဲ့ အဲဒိ ယူနီဖေါင်းဆိုတာကြီးဝတ်မှ စာသင်လို့ရမှာလား စာတက်ဖို့ အဲဒီယူနီဖေါင်းကြီးက နင့်တို့ကိုဘာလုပ်ပေးလို့လဲဟဲ့ တကတည်း နားညည်းတယ် မနက်ဖြန်အကြော်မရောင်းရမှ နင်ရောငါရော စားစရာမရှိဖြစ်မှာ”
“အဖွားကလဲဗျာ အဲဒါကြောင့် ကျုပ်မပြောချင်တာ ကျောင်းမှာဆိုသူများတွေများ အဖြူအစိမ်းယူနီဖေါင်း ဆယ်စုံစီအနည်းဆုံးရြှိကတာဗျ ဟိုတစ်ခါက အဖွား နားကပ်ရောင်းတော့ ကျုပ်ဖို့ အဖြူအစိမ်းဝယ်ပေးခဲ့ရင်ဒီလိုမဖြစ်ဘူး အခုတော့ ကျုပ်ဘာဝတ်သွားရမလဲပြီးတော့ကျုပ်က ဆုရတာဗျ။ ကျုပ်ကို ပညာရေးမှူးက ဆုပေးမှာတဲ့လေ”
“အဲဒီတုန်းကနင့်ကို ၀ယ်ပေးလိုက်ရင် အခုနင်စားနေတဲ့ဆန်တွေမဖြစ်လာဘူးဟဲ့ ဘာဝတ်သွား၇မလဲ မပြောနဲ့ အခုနင်ဝတ်ထားတာကရော အ၀တ်တွေမဟုတ်လို့လား မလုံလို့လား ဒါနဲ့ဆုယူလဲရပါတယ်ဟယ် ငါစိတ်တိုလာပြီနော်”
ဒေါ်အေးကြည်လဲတကယ်တော့ စိတ်မကောင်းဖြစ်နေရပါသည်။ သူ့ရဲ့တစ်ဦးတည်းသောမြေးလေး ကို ဖြည့်စီးပေးချင်သည် ။ဒါပေမဲ့ ၀မ်းရေးကပထမမို့သာ ၀မ်းရေးကို ဦးစားပေးရအုန်း မည်။ ဒေါ်အေးကြည်ဆေးလပ်မိးငြိမ်းပြီး ဘုရားကို ပုဆိန်ပေါက်ကန်တာ့ကာ မနက်ဖြန်မနက် မိုးမရွာပါစေနဲ့လို့ဆိုတောင်းပြီး အိပ်မပျော်သောမျက်လုံးစုံကိုမှိတ်၍ သာနေလိုက်သည်။
=======

အခန်း(၂)
ဒေါ်အေးကြည် ဆုတောင်းကတော့ပြည့်ခဲသည် ။မနက်လင်းတော့ မိုးတွေစင်စင်လင်းနေသည်။ အကြော်တဲမှာရှိတဲ့ ထင်းတွေရေစိုကုန်မှာသေချာတော့ အိမ်ထဲသွင်းထားတဲ့ထင်းတွေနဲ့ အကြော်ကြော် ရမည့် ပစ္စည်းတွေနဲ့ ရေနံဆီမီးခွက်ယူကာ အိမ်ရှေ့ အကြော်တဲဆီသို့ ရောက်လာသည်။ မီးမွေးပြီး ဆီအိုးတည်ကာဆီပွက်အောင်စောင့်နေလလိုက်သည်။ ခဏနေတော့ ငထွန်းထွက်လာသည်။
“ဟဲ့ ကောင်လေး ဘာလို့အစောကြီးထလာတာတုန်း ငါမုန့်ဆယ်ခါနီးမှနိုးမို့ လုပ်နေတာ”
“ကျုပ် အင်္ကျီနဲ့ပုဆိုးကို မီးကင်မို့ဗျ ”
ပြောပြောဆိုဆိုနှင့် ငထွန်းတစ်ယောက် အ၀တ်တွေကိုကိုင်ကာ မီးဖိုနားကပ်နေလိုက်သည်။ အဖွားထည့်ထားတဲ့ အကြော်တွေကို ပေါ်လာတိုင်းဆည်ရင်း အ၀တ်တွေကိုလှည့်နေလိုက်သည်။
“ကဲကဲ ငထွန်း ကျောင်းသွားဖို့ပြင်တော့လေ ထမင်းကြမ်းခဲရှိတယ် ... အကြော်နဲ့စားလိုက်... ငါ အကြော်ရောင်းထွက်လိုက်ဦးမယ်”
ဒေါ်အေးကြည်ထွက်သွားသည်ကိုကြည့်ရင်း အ၀တ်တွေကို ကိုင်ကြည့်မိသည်။ အ၀တ်တွေကတော့စိုထိုင်းထိုင်းဖြစ်နေသည်။
======

အခန်း(၃)
ငထွန်းတစ်ယောက် ကျောင်းကိုသာထွက်လာသည် စိတ်ထဲမှာတော့ ငိုချင်နေမိသည်။ သူမှာ အဖြူအစိမ်းယူနီဖေါင်း မ၀တ်လာနိုင်သည်ကို တော်တော် စိတ်မကောင်းဖြစ်နေမိသည်။
“ဟေ့ ငထွန်း မင်းကွာငါသေချာပြောလိုက်တယ်.. ယူနီဖေါင်းဝတ်ခဲ့ပါလို့ ဘာလို့မ၀တ်တာလဲကွ”
“ကျွန်တော့်ယူနီဖေါင်း မခြောက်သေးလို့ပါ ဆရာကြီး”
“ဘယ်လိုလုပ်မတုန်းက ငါလဲအခုမင်းကိုလိုက်ရှာနေတာ ပညာရေးမှူးကရောက်နေပြီ အခု ဆုပေးပွဲ အစီအစဉ်စတော့မယ်”
“ဟုတ် ကျွန်တော်လဲ ခြောက်မလားနဲ့စောင့်နေတာပါဆရာကြီး... မခြောက်တော့တာနဲ့ ဒီတိုင်းပဲ ထွက်လာခဲ့လိုက်တာပါ… ကျွန်တော်ဒီလိုပုံနဲ့ဆုယူလို့မရဘူးလား ဆရာကြီး”
”မင်းဘယ်လိုပြောလိုက်တာလဲ ငါ့မျက်နှာပျက်မှာပေါ့ကွ ဒီလောက်စုတ်ပျက်သတ်နေတဲ့ မင်းကို ပထမဆုရတာလို့ ပညာရေးမှူးက ယုံမှာတောင်မဟုတ်ဘူး။ ကဲကဲ မင်းပြန်တော့ ငါကြည့်စီစဉ်လိုက်မယ်”
ငထွန်းလဲစိတ်မကောင်းစွာနဲ့ ကျောင်းအုတ်နံရံကိုမှီရင်း ရပ်နေမိပါသည်၊
ခဏနေတော့ “တစ်မြို့နယ်လုံးတွင် ပထမဆုရခဲ့သော စတုထ္တကျောင်းသား မောင်ထွန်းအား ဆုပေးရန် ပညာရေးမှူးအား စဉ်ပေါ်သို့ကြွရောက်ပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်ရှင့်” ဆိုသော နှစ်တန်းအတန်းပိုင်ဆရာမ၏ အသံကိုကြားလိုက်တော့ ငထွန်းကျောင်းခန်းမလေးထဲသို့ ချောင်းကြည့် မိလိုက်ပါသည်။
သူ့နေရာတွင် ရပ်နေသည်က ရွာမျက်နှာဖုံးသူဌေးသား မြတ်သာ ဖြစ်သည်။ ပညာရေးမှူးက ဆုကိုပေးပြီးမြတ်သာကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ လက်ခုပ်သံတွေကဖြောင်းဖြောင်းနှင့်ကြားနေ ရသည်။။။

ငထွန်းတစ်ယောက်ကတော့ စိတ်မကောင်းစွာဖြင့် .....


eiei htwe

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...