Monday, August 19, 2013

အတိတ် ပစ္စုပ္ပန် အနာဂတ်


ဘဝ၏ တန်ဖိုးအကြီး မားဆုံးသော အရာဘဝ၏ တန်ဖိုး အကြီးမားဆုံးသော အရာမှာ အချိန်ဖြစ်သည်။ အချိန်များကို စုစည်းလိုက်သော အခါ ကာလဟူ၍ ဖြစ်လာသည်။ ကာလကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ကာလ(၃)မျိုး ထပ်မံပိုင်းခြား နိုင်သည်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းသည် ဤကာလ(၃) မျိုးကို ပိုင်ဆိုင်ကြသည်။
ဤသို့ ပိုင်ဆိုင်ကြသော် လည်း တိုးတက်အောင်မြင် နေပုံခြင်း မတူညီကြပေ။ တချို့က အရှိန်အဟုန်ဖြင့် တိုးတက် အောင်မြင်ကြသည်။ တချို့က သာမန်မျှသာ တိုးတက် အောင်မြင် ကြသည်။ တချို့ကမူ တိုးတက်အောင်မြင်မှု မရရှိဘဲ ဆုတ်ယုတ်၍နေသည်။ အဘယ်ကြောင့် ပါနည်း။ အကြောင်း နှစ်ချက်ကြောင့် ဖြစ်သည်။ ပထမ အချက်မှာ မိမိတို့ပိုင်ဆိုင် ထားသော ကာလ(၃)မျိုး အပေါ် ထားရှိသည့် သဘောထားနှင့် အမြင် မတူညီမှု။ ဒုတိယ အချက်မှာ ယင်းကာလ(၃)မျိုးကို အသုံးပြုပုံ ပြုနည်း ကွဲပြားခြားနားမှု တို့ကြောင့်ဖြစ်သည်။

အတိတ်ကာလ အပေါ်ထား ရှိရမည့် သဘောထားနှင့် အမြင်အတိတ် ကာလသည် အကြောင်း တရားဖြစ်ပြီး ပစ္စုပ္ပန်သည် အကျိုးတရား ဖြစ်သည်။ အတိတ်ကာလသည် ပစ္စုပ္ပန်၏ အခြေ အနေနှင့် အကြောင်းအရာ အမျိုးမျိုး တို့ကို ဖန်တီးပေးသူ ဖြစ်သည်။ အဓိကအကြောင်း တရားဖြစ်သော အတိတ်ကာလကို မေ့ပစ်ပါက အကျိုးတရား ဖြစ်သော ပစ္စုပ္ပန်ကို မှန်ကန်စွာ သိရှိနား လည်နိုင်မည် မဟုတ်။ အတိတ်ကာလတွင် ပစ္စုပ္ပန်ကာလ အတွက် အဖိုးတန်သင်ခန်း စာများ အဆင်သင့် ရှိနေသည်။ အတိတ်ကာလကို ဓမ္မဓိဋ္ဌာန်ကျကျ အမြဲဆင်ခြင် သုံးသပ်နေမှသာ အမှားအယွင်း အနည်းဆုံးနှင့် အောင်မြင်မှု အများဆုံးသော ပစ္စုပ္ပန်ကို တည်ဆောက်နိုင်မည်။ အတိတ်ကာလ ဆိုသည်မှာ တန်ဖိုး မရှိတော့သည့် ဟောင်းနွမ်း နေပြီဖြစ်သော ကာလအိုကြီး မဟုတ်။ ပစ္စုပ္ပန်ကို တိုးတက်အောင်မြင် စေရန် အသိတရားနှင့် သတိတရားများကို စုစည်းထားသည့် ဘဏ်တိုက်ကြီး တစ်ခုပင် ဖြစ်သည်ဟု မှတ်ယူရမည်။

အတိတ်ကာလကို မှန်ကန်စွာ အသုံးပြုခြင်း အတိတ်ကာလကို အောက်ဖော်ပြပါ အချက် (၄)ချက်နှင့် အညီ အသုံးပြုရမည်။ ယင်းအချက် များမှာ(က) အတိတ် ကာလ၏ အောင်မြင်မှု များနှင့် ရှုံးနိမ့်မှုများကို သင်ခန်းစာများ အဖြစ် ဖော်ထုတ်ရမည်။ (ခ) အတိတ်ကာလ၏ အခြေ အနေများနှင့် ပစ္စုပ္ပန်အခြေ အနေများကို နှိုင်းယှဉ်ပြီး ပစ္စုပ္ပန်ကာလ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေမှန်ကို သုံးသပ်ရမည်။ (ဂ) ပစ္စုပ္ပန်ကာလ ပြဿနာ အခက်အခဲများ ကို ဆင်ခြင် သုံးသပ်ရာတွင် အတိတ်ကာလ၏ ပါဝင်ပတ်သက်မှုကို အမြဲထည့်သွင်းစဉ်း စားရမည်။ (ဃ) အတိတ်ကာလကို သမိုင်းမှတ်တမ်း အဖြစ် အလေးအနက် တန်ဖိုးထားပြီး အမြဲရည်ညွှန်း ကိုးကားနေရမည်။

ပစ္စုပ္ပန်ကာလ အပေါ်ထားရှိရမည့် သဘောထားနှင့် အမြင်ပစ္စုပ္ပန် ကာလအပေါ် အောက်ပါ အတိုင်း မှန်ကန်သော သဘောထားနှင့် အမြင်မျိုး ထားရှိရမည်။ ပစ္စုပ္ပန် ကာလသည် နောင်ဖြစ် လာမည့် အနာဂတ်ကာလ ၏ ရှေ့ပြေးအကြို ကာလဖြစ်သည်။ အနာဂတ်အခြေ အနေကို ကြိုတင် ဖော်ပြနေသော အရိပ်လက္ခဏာ ဟူ၍လည်း ယူဆနိုင်သည်။ ပစ္စုပ္ပန်အခြေ အနေ အရပ်ရပ်ကို ကြည့်ပြီးမည် ကဲ့သို့သော အနာဂတ် မျိုး ဖြစ်ပေါ်လာမည်ကို ခန့်မှန်း၍ ရသည်။ ပစ္စုပ္ပန်ကာလသည် မျှော်မှန်းထားသော အနာဂတ် အောင်မြင်ရေး အတွက် ကြိုတင် ပြင်ဆင်ရမည့် ကာလလည်း ဖြစ်ပြန်သည်။ ပစ္စုပ္ပန်ကာလသည် အတိတ်ကာလ၏ အမှားများ၊ ချို့ယွင်းချက်များကို ပြန်လည်ပေးဆပ် ရသကဲ့သို့ အတိတ်ကာလ၏ အသီးအပွင့်များကို ပြန်လည်ခံစား စံစားရသည့် ကာလလည်း ဖြစ်သည်။ အတိတ်ကာလသည် ကုန်လွန်ခဲ့ပြီ ဖြစ်၍ မိမိအသုံး မပြု နိုင်တော့ပါ။ အနာဂတ် ကာလသည်လည်း မိမိထံ မရောက်သေး။ ပစ္စုပ္ပန်ကာလ သည်သာ မိမိလက်ဝယ် ပိုင်ပိုင်ရှိနေသည်။ လူတစ်ဦး အနေဖြင့် အပြည့်အဝ ပိုင်ဆိုင်ပြီး စိတ်တိုင်းကျ အသုံးချနိုင်သော ကာလမှာ ပစ္စုပ္ပန်ကာလ သာဖြစ်သည်။ လူတစ်ဦး၏ ဘဝ အတွက် အရေးအကြီးဆုံး၊ တန်ဖိုး အရှိဆုံးနှင့် ဘဝကို အဆုံးအဖြတ်အပေးနိုင်ဆုံးသော ကာလမှာ ပစ္စုပ္ပန်ကာလသာ ဖြစ်သည်။

လူဆိုသည်မှာ မိမိသမိုင်းကို မိမိရေး၊ မိမိကြမ္မာကို မိမိဖန်တီး၊ မိမိတရားကို မိမိစီရင်သည် သာဖြစ်သည်ဟု အဆိုရှိသည်။

ပစ္စုပ္ပန်ကာလကို မှန်ကန်စွာ အသုံးပြုခြင်း ပစ္စုပ္ပန်ကာလကို မှန်ကန်စွာအ သုံးပြုရမည်။ သို့မှသာ မျှော်မှန်းထားသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်။ ပစ္စုပ္ပန်ကာလကို အောက်ဖော်ပြပါ အချက် (၆) ချက်နှင့် အညီ အသုံးပြုရမည်။ (က) အတိတ်၏ သင်ခန်းစာများကို သတိတရား အနေဖြင့် အမြဲလက်ကိုင် ထားရမည်။ (ခ) ပိုမို အဆင့်မြင့်သော အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို ထပ်မံ ဆည်းပူးရမည်။ (ဂ) ပိုမိုထိရောက် ကောင်းမွန်သော နည်းပညာ၊ နည်းစနစ် စသည်တို့ကို စမ်းသပ် သုတေသနပြု ဖော်ထုတ်ရမည်။

(ဃ) ပစ္စုပ္ပန် အခြေအနေ အရပ်ရပ်၏ ဖြစ်ပေါ်ပြောင်းလဲ နေမှုများကို အလေးအနက် ဆင်ခြင်သုံး သပ်ပြီး အနာဂတ်တွင် မည်သည့် အခြေအနေနှင့် အကြောင်းအရာများ ဖြစ်ပေါ် လာနိုင်သည်ကို မျှော်တွေးနေရမည်။ (င) ပစ္စုပ္ပန်ကို အနာဂတ် ကာလအတွက် ကြိုတင်ပြင် ဆင်သော ကာလအဖြစ် အသုံးပြုရမည်။ (စ)ပစ္စုပ္ပန် အချိန်များကို အဓိပ္ပာယ်ရှိရှိ၊ တန်ဖိုးရှိရှိ အသုံးပြု ရမည်။ အနာဂတ်ကာလ အပေါ်ထားရှိရမည့် သဘောထားနှင့်အမြင် အနာဂတ် ကာလသည် ပစ္စုပ္ပန်ကာလနှင့် သီးခြားကင်းလွတ်၍ ရပ်တည်နေရိုး ထုံးစံမရှိ။ မျှော်မှန်းထား သော အနာဂတ်သည် ကျွန်ုပ်တို့၏ ပစ္စုပ္ပန် အပြုအမူ၊ အနေအထိုင်နှင့် ကြိုးပမ်းအား ထုတ်မှုများ အပေါ် တစ်စုံတစ်ခုသော အတိုင်းအတာ အထိ လွှမ်းမိုးပြုပြင်သည်။ ထို့အတူ ကျွန်ုပ်တို့၏ ပစ္စုပ္ပန်အပြု အမူများသည် မျှော်မှန်းထားသော အနာဂတ် အောင်မြင်ရေးကို အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးပြုပြင် ပြန်သည်။ ကျွန်ုပ်တို့၏ အနာဂတ်ကို အခြားမည် သူကမျှ ရွေးချယ်ပေးခြင်း မဟုတ်။ ကျွန်ုပ်တို့ကိုယ်တိုင် ရွေးချယ်ခြင်း ဖြစ်သည်။ ပစ္စုပ္ပန်တွင် ကျွန်ုပ်တို့ စိတ်ကြိုက်ပြုမူ နေထိုင်နေခြင်းသည် အလိုရှိသော အနာဂတ်ကို တည်ဆောက် နေခြင်းပင် ဖြစ်သည်။ အနာဂတ်သည် ကျွန်ုပ်တို့အား တက်ကြွလန်းဆန်းမှု၊ အားမာန် တက်ကြွမှုကို ဖြစ်စေသည်။ မိမိ၏ အနာဂတ်ကို တန်ဖိုးထား လေလေ ပြင်းထန်စွာ ကြိုးပမ်း အားထုတ် လေလေဖြစ်သည်။ ထို့အတူ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ ဥပဒေ၊ အဆုံးအမ တရားများ စသည်တို့နှင့် ညီညွတ်စွာ နေထိုင်လေလေ ဖြစ်သည်။ ထို့အပြင် အဓိပ္ပာယ်ရှိရှိ၊ ဦးတည်ချက် ရှိရှိဖြင့် ဘဝခရီးကို ဖြတ်သန်းနေသော ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်ရှိစေသည်။

အနာဂတ်ကာလ အောင်မြင်ရေး အတွက် လိုက်နာရမည့် အချက်များ မိမိမျှော်မှန်း ထားသော အနာဂတ်ကာလ အောင်မြင်ရေး အတွက် လိုက်နာရမည့် အချက် (၅)ချက် ရှိသည်။ ယင်းတို့ မှာ (က) မိမိ၏ အနာဂတ်ကို ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသား နားလည် သိရှိရမည်။ (ခ) မိမိ၏ အနာဂတ်ကို လေးစားတန်ဖိုးထား မြတ်နိုးရမည်။ (ဂ) ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး အပြုအမူ တစ်ခုပြုမည် ကြံတိုင်းမျှော်မှန်းထားသော အနာဂတ်နှင့် သင့်လျော်မှု ရှိ၊ မရှိ ကို အမြဲချင့်ချိန် ဆုံးဖြတ်ရမည်။ (ဃ) ဘဝခရီးအတွက် လျှောက်လှမ်း မည့် လမ်းကို ရွေးချယ်ရာတွင် မျှော်မှန်း ထားသော အနာဂတ်ဆီသို့ ရောက်ရှိစေနိုင်ခြင်း ရှိ၊ မရှိကို အမြဲသုံးသပ်ရမည်။ (င) မိမိကြိုးပမ်း အားထုတ်မှုများကို လျှော့ချပစ်မည် ကြံတိုင်း မိမိသည် မည်ကဲ့သို့သော အနာဂတ် မျိုးကို မျှော်မှန်းထားသည် ဟူသော အချက်ကို အမြဲသတိရှိ နေစေရမည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် ကျွန်ုပ်တို့သည် လူ့လောကကြီးထဲသို့ တာဝန်(၃)ရပ်နှင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ပထမတာဝန်မှာ အောင်မြင်ပြီး အေးချမ်းသာယာသော ဘဝကို တည်ဆောက်ရန်။ ဒုတိယ တာဝန်မှာ ဂုဏ်သိက္ခာနှင့် တန်ဖိုး မြင့်မားသော ပုဂ္ဂိုလ်အဖြစ် ရပ်တည် နေရန်၊ တတိယတာဝန်မှာ လောက ကောင်းကျိုး မှန်သမျှကို ဆောင်ရွက်ရန် ဖြစ်သည်။ ဤတာဝန်(၃)ရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် နည်းလမ်းမှာ ကျွန်ုပ်တို့၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများ အပေါ် မှန်ကန်သော သဘောထားနှင့် အမြင်များ ထားရှိပြီး ထိရောက်မှန်ကန်စွာ၊ မွန်မြတ်စွာ ဘဝတစ်လျှောက်လုံး အသုံးပြုသွားရန် ပင်ဖြစ်ပါကြောင်း တင်ပြ အပ်ပါသည်။ ။

ကျော်ကျော်သန်း (မဟာဝိဇ္ဇာ) - မြဝတီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...