Saturday, August 10, 2013

နိုင်ငံတော်သမ္မတ အကြံပေး ဦးမြင့်၏ထုတ်ပြန်ချက် (ဘာသာပြန်မူကြမ်း)


ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးက၊ ကျွန်တော့်ကို လာရောက်တွေ့ဆုံပြီး၊ ၄င်းတို့ ဆောင်ရွက်နေသော ရန်ကုန်မြို့ မင်းဓမ္မလမ်း မြန်မာကွန်ဗေးရှင်းစင်တာတွင် သြဂုတ်လ (၆) ရက်နေ့မှ (၈) ရက်နေ့အထိကျင်းပမည့် “ရှစ်လေးလုံးငွေရတုအထိမ်းအမှတ်ကွန်ဖရင့်” တွင်၊ စီးပွားရေး အဆောက်အအုံနှင့်ပတ်သက်၍ (၁၀) မိနစ်မျှ ပါဝင်ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

ထိုမေတ္တာရပ်ခံချက်အရ၊ သြဂုတ်လ (၆) ရက်နေ့တွင်၊ မြန်မာ့စီးပွားရေးနှင့်ပတ်သက်၍ (၁၀) မိနစ် မျှ ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးချက်ကိုလည်း ပူးတွဲဖေါ်ပြပါသည်။

ဆွေးနွေးတင်ပြအပြီး၊ အမေးအဖြေပိုင်းတွင်၊
ပရိတ်သတ်ထဲမှတစ်ဦးက၊ ယခင်စစ်အစိုးရက
ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများ၊
ဒုစရိုက်မှုများနှင့်ပတ်သက်၍၊ ဝန်ခံပြီး ခွင့်လွှတ်ရန်
တောင်းပန်မှုနှင့်ပတ်သက်သည့်၊
ကျွန်တော်၏သဘောထားကို မေးမြန်းခဲ့ပါသည်။

ထိုကိစ္စသည်၊ ကျွန်တော်နှင့် မသက်ဆိုင်ပါ၊ သို့သော်လည်း၊ အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

“အဲဒီလိုလုပ်ရင်၊ ထိပ်တိုက်ရင်ဆိုင်ရာရောက်မယ်။
အဲဒါမျိုး မလုပ်သင့်ပါဘူး။ ခုအချိန်မှာ အဲဒီလိုကိစ္စတွေ ဘေးဖယ်ထားပါ။
နောက်ကြောင်းပြန်မယ့်အစား၊
ရှေ့ဆက်သွားရအောင်ပါ၊
တပ်မတော်ထဲမှာလဲ အရာရှိကောင်းတွေ အများကြီးရှိပါတယ်။
ကျွန်တော် ကာကွယ်ရေးတက္ကသိုလ်မှာ၊ ဆယ်နှစ်ကျော် စာသင်ခဲ့ပါတယ်။
သူတို့ဟာ အရာရှိကောင်းတွေဖြစ်ပြီး၊ ကျွန်တော်တို့လိုပဲ၊
မြန်မာနိုင်ငံကို အခုထက် ပိုမိုကောင်းမွန်စေလိုတဲ့ စေတနာရှိတဲ့သူတွေ ဖြစ်ပါတယ်။ ခင်ဗျာတို့ထဲက အချို့သူတွေက၊ ထောင်ကျတဲ့သူတွေဟာ၊
အခြားသူတွေထက် မျိုးချစ်စိတ်ဓါတ် ပိုမိုထက်သန်တယ်လို့
ထင်နေကြတာ ဝမ်းနည်းစရာကောင်းတယ်၊
နိုင်ငံရေးဆန္ဒပြမှုတွေမှာပါရင်၊ အဖမ်းခံရမယ်
၊ သေနတ်ပစ်ခံရမယ်။ လုပ်ငန်းသဘောအရ၊ ဒီအတိုင်းဖြစ်နေတာပါ၊
ပိုပြီး မျိုးချစ်စိတ်ဓါတ် ထက်သန်တယ်လို့ ပြောလို့မရဘူး။”

ထိုပြောဆိုချက်ကို၊ အသံဖမ်းမှတ်တမ်းတင်ထားပြီး
တက်ရောက်သူ (၂၀၀၀) ခန့် ရှေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ယနေ့၊ (သြဂုတ်လ ရ) ရက်နေ့ထုတ် Voice နေ့စဉ်သတင်းစာတွင်၊
မျက်နှာဖုံး၌၊ “တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန်
သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို” ခေါင်းစဉ် တပ်ဆောင်းပါးတစ်ပုဒ် ဖေါ်ပြထားသည်ကို တွေ့ရှိရပါသည်။

ထိုသတင်းကို ဖတ်ရှုရပြီးနောက်၊ ယနေ့ဆွေးနွေးပွဲခန်းမရှိ
စင်မြင့်သို့သွားရောက်ကာ၊ ကျွန်တော်သည် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူမဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။
သို့သော် ထိုသတင်းနှင့်ပတ်သက်၍၊
ကျွန်တော်၏ ကိုယ်ပိုင်အမြင်ကို တင်ပြခွင့်ပြုပါ။

ကျွန်တော်သည် ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းတွင်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးဌာန၏ အကြီးအကဲဖြစ်ခဲ့ပါသည်။
ထိုအချိန်က၊ ရန်ကုန်ရှိ ဗီယက်နမ် သံရုံး၏ စီးပွားရေးအရာရှိသည်၊
ကျွန်တော့်ကို တစ်ချိန်လုံး အဆက်အသွယ်လုပ်နေပြီး စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေသော ၄င်းတို့နိုင်ငံအတွက်၊ သက်သာ သော ဈေးနှုန်းဖြင့် ဆန်ဝယ်ယူခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ပါသည်။

ထိုအချိန်က၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူနေသောနိုင်ငံဖြစ်ခဲ့ပါသည်။
ယခုအခါ၊ ဗီယက်နမ်နိုင်ငံသည်၊ ဆန်တန်ချိန် တစ်နှစ်လျင်
(၆) သန်းမှ (၇) သန်းအထိ တင်ပို့ရောင်းချ နေသော နိုင်ငံဖြစ်ပါသည်။
မြန်မာ့သမိုင်းတလျှောက်တွင်၊
အများဆုံး ဆန်တန်ချိန် (၃.၅) သန်း တင်ပို့နိုင်ပြီး၊
၁၉၃၈ ခုနှစ်က ထိုသို့တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်က၊ ဗီယက်နမ်မိတ်ဆွေတို့အား
“အခုလို ဆန်နဲ့ပတ်သက်လို့ အကြီးအကျယ် အောင်မြင်အောင်လုပ်နိုင်တာ၊ ဘယ်လိုလျှို့ဝှက်ချက်ရှိသလဲ ?” ဟု မေးမြန်းခဲ့ပါသည်။

သူတို့က “ဦးမြင့် ခင်ဗျားတို့ အမေရိကန်နဲ့ တည့်ဖို့လိုတယ်၊
ကျွန်တော်တို့လူတွေ သန်းနဲ့ချီပြီး သေတယ်၊
သူတို့လူတွေလဲ သောင်းချီသေတယ်၊
ကျွန်တော်တို့နိုင်ငံလည်း ဒုက္ခရောက်သွားတယ်။
ဒါပေမယ့်၊ အခု ကျွန်တော်တို့၊ မိတ်ဆွေတွေ ဖြစ်နေကြပြီ။
ခင်ဗျားတို့နဲ့ အမေရိကန် ဘာဖြစ်လို့၊ အခုတောင် ဆက်ဆံရေးဆိုးသွားရသလဲဆိုတာ၊ ကျွန်တော်တို့ နားမလည်နိုင်ဘူး၊ ခင်ဗျားတို့ ဘာလို့ သူတို့ကို ဒီလောက်မုန်းနေရတာလဲ ?၊
သူတို့က ခင်ဗျားတို့ကို ဘာလုပ်ခဲ့လို့လဲ ?
၁၉၇၀ ပြည့်လွန်နှစ်များက၊ ထိုမေးခွန်း မေးခဲ့ရာ၊
ကျွန်တော် ပြန်မဖြေနိုင်ခဲ့ပါ။

ထို့နောက်၊ ကျွန်တော်သည်၊ ဟားဗတ်က္ကသိုလ် ကနေဒီစင်တာမှ ပါမောက္ခများနှင့် တွေ့ပါသည်၊ ၄င်းတို့သည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင်၊ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ ကျွန်တော်က အမေရိကန်နှင့် ဗီယက်နမ် ရင်ကြားစေ့ရေးကိစ္စကို မေးမြန်းပါသည်။

သူတို့က၊ “ဗီယက်နမ် တွေဟာ၊ တစ်ချိန်လုံး ကြိုးစားပမ်းစား လုပ်နေကြတာ၊ အမေရိကန်က တစ်ချိန်လုံး ဝက်အူတင်းနေတာ။
ဒါပေမယ့် အမေရိကန်တွေက ဘယ်လိုအဟန့်အတားတွေပဲလုပ်လုပ် ဗီယက်နမ်တွေက ဇွဲကောင်းတယ်၊ တောင်းဆိုသမျှ အကုန်လိုက်လျောတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ပြန်လည်သင့်မြတ်သွားကြတာပဲ” ဟု ဖြေဆိုပါသည်။

အကယ်၍သာ ဗီယက်နမ်တွေက အမေရိကန်တို့ကို၊ စစ်အတွင်းက
၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအားလုံးအတွက်၊ ဝန်ခံရန်နှင့် တောင်းပန်ရန်၊ တောင်းဆိုခဲ့လျှင်၊ ဗီယက်နမ်သည်၊ ယခုအချိန်အထိ၊ မြန်မာနိုင်ငံမှ ဆန်ကို ဝယ်ယူတင်သွင်းနေရပါမည်။

ကျွန်တော်က Egress မှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊
Voice နေ့စဉ်သတင်းစာနှင့် ဆက်နွယ်မှုလည်း ရှိသော ဦးလှမောင်ရွှေအား၊
သြဂုတ်လ (၆) ရက်နေ့က ကျွန်တော်ပြောဆိုခဲ့သော အသံသွင်းမှတ်တမ်းကို ပြန်ဖွင့်ကြည့်ပါ၊
သြဂုတ်လ (၇) ရက်နေ့တွင်၊ လူထောင်ပေါင်းများစွာတို့ရှေ့၌၊
စင်မြင့်ထက်တွင်၊ ဗီယက်နမ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်တို့ကိုလည်း ပြန်နားထောင်ကြည့်ပါ။
ထို့နောက်၊ ကျွန်တော်၏ ပြောဆိုချက် အမှန်အတိုင်း၊
Voice နေ့စဉ်သတင်းစာမှ၊ အလျင်မြန်ဆုံး ပြန်လည်ဖေါ်ပြပေးရန်အတွက်၊
Voice အယ်ဒီတာအား တဆင့်ပြောဆိုပေးရန် မှာကြားခဲ့ပါသည်။

လေးစားမှုဖြင့်
ဦးမြင့်

credit to Khin Maung Nyo

https://www.facebook.com/kmaungnyo/posts/10151565241675840

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...