Saturday, August 17, 2013

မူကြိုမှာ ရခဲ့တဲ့ ဆု


ကြွားရမယ်ဆိုရင်တော့ ကျွန်မဟာ မူကြိုစတက်တဲ့နေ့ကစပြီး ကျောင်းသွားရမှာကို မငိုခဲ့ ပါဘူး ကျောင်းကြောက်တဲ့ကလေး ကျောင်းပျင်းတဲ့ကလေးတစ်ယောက် လည်းမဟုတ်ခဲ့ပါ ဘူး။ ကျောင်းဖယ်ရီ ကားပေါ်မှာ အလူးအလဲ နှပ်ချီးတွဲလောင်းနဲ့ ငိုယိုနေတဲ့ ရွယ်တူကလေးတွေ ကို မြင်ရင် ကျွန်မကရွံတတ်ခဲ့ပါတယ်။ ကျွန်မကို လာပေမှာလည်း အလွန်ကြောက်ခဲ့ပါတယ်။

ကျွန်မက သနပ်ခါး အဖွေးသားနဲ့ လက်ကိုင်ပုဝါလှလှလေးတစ်ထည်ကို ရင်ဘတ်မှာ အပ်ချိတ်နဲ့ တွယ်ပြီး ပေါင်ဒါတွေမွှေးနေအောင် ပုတ်ပြီးးး ကျောင်းကားလေးပေါ်တက် မေမေ့ကို တာ့တာပြပြီး အေးအေးဆေးဆေး လိုက်သွားခဲ့တာ ချည်းပါပဲ။လက်ကိုင်ပုဝါကိုလည်း စိတ်တိုင်းကျရွေးပြီး ကိုင်တာပါ။ ရိုးရိုးဗြောင်တွေ၊ အစင်းကြားတွေ၊ အရောင်မှိန်မှိန်တွေဆို လုံးဝမကိုင်ပါဘူး။ အရုပ်ပုံလှလှလေးတွေ ပါပြီး အရောင်အဆင်း တောက်တောက်ပပ ရှိတဲ့ လက်ကိုင်ပုဝါတွေမှ ကိုင်တာပါ။ မိုးပျံပူပေါင်း ရောင်စုံလေးတွေက အလယ်မှာပါပြီး တစ်ထည်လုံး မိုးပြာရောင်နုနု လက်ကိုင်ပုဝါလေးက ကျွန်မအကြိုက်ဆုံးဖြစ်ပြီး ခုထိမှတ်မိနေတုန်းပါပဲ။
အလကားလိမ္မာတာတော့ မဟုတ်ပါဘူးးး ကိုယ့်လောဘနဲ့ကိုယ်မို့ ကျောင်းပျော်ခဲ့တာပါ။ ကျွန်မ မမက ကျောင်းမှာဆုတက်ယူရတဲ့ ဆုပေးပွဲတွေကို လိုက်ကြည့်ခဲ့ရတော့ သိပ်အားကျခဲ့မိ တာလေ။ ငါလည်းကျောင်းတက်ပြီး ကျောင်းမှာဆုတွေယူမယ်လို့ပဲ အမြဲတွေးပြီး စိတ်ကူးတွေယဉ်နေခဲ့တာပေါ့။ ဒီတော့ကျောင်းပျော်လေးဖြစ်လာပါရော။ ကျွန်မက မမကို အမြဲတမ်း အားကျအတုယူပါတယ်။ သူလုပ်သမျှဟာ ကျွန်မအတွက် အထင်ကြီးစရာတွေ ချည်းပါပဲ။ စိတ်မကောင်းစရာကတော့ ကျွန်မကသူ့ကို အမြဲတမ်း လိုက်ပြိုင်နေတယ်လို့ မမက ထင်မှတ်လေ့ရှိတာပါပဲ။
မှတ်မှတ်ရရ အတန်းပိုင် မူကြိုဆရာမက ညနေကျောင်းဆင်း ခါနီးတိုင်း ဆုံးမသြဝါဒ ပေးလေ့ရှိပါတယ်။ သမီးတို့ သားတို့က လိမ်မာကြဖို့၊သူများပစ္စည်းကို မသိအောင်မယူဖို့၊လိမ်ညာမပြောကြဖို့၊ဘုရားမှန်မှန် ကန်တော့ဖို့ ၊မိဘစကား ဆရာမစကားနားထောင်ဖို့ ....စသဖြင့် သြဝါဒပေးလေ့ရှိပါတယ်။ဆုံးမပြီးရင် သူမကပြောပါတယ်.... "ကဲကျောင်းဆင်းတော့မယ်...သားတို့သမီးတို့ ဆရာမကို ကန်တော့ကြ ဆရာမက ဆုတွေအများကြီးပေးမယ် "တဲ့။
ကျွန်မကလည်း ဆု ဆိုတဲ့အသံကြား လိုက်တာနဲ့ အိပ်ငိုက်ချင်တဲ့ မျက်လုံးလေးတွေ ကျယ်သွားပြီး ဆရာမစားပွဲပေါ်နဲ့ ခြင်းတောင်းထဲကို မျက်လုံးနဲ့ ရှာဖွေတော့တာပါပဲ။ဘာဆုမှလည်း စားပွဲပေါ်တင်ထားတာ မတွေ့သလို ခြင်းတောင်းထဲ ထည့်ထားတာလည်း မတွေ့ပါဘူးးး။ဒီလိုနဲ့ကျောင်းဆင်းခဲ့ရတဲ့နေ့တွေ များလာတော့ ဆရာမကို တော်တော်စိတ်နာ လာပါတယ်။ ကျောင်းလည်း မတက်ချင်တော့ပါဘူးးး
တစ်ရက်မှာ "ဖေဖေ သမီးကျောင်းမသွားချင်ဘူးးး" "ဘာလို့လဲသမီးရဲ့ " "သမီးတို့ကို ဆရာမက မလိမ်ရမညာရဘူးပြောတယ် သူကကြတော့ နေ့တိုင်းလိမ်တယ်" "ဟုတ်လားးး ဖေဖေ့သမီးကို ဆရာမက ဘယ်လိုတွေလိမ်တာလဲ " "သူ့ကိုကန်တော့ရင် ဆုပေးမယ်ပြောပြီး ဘာမှလည်းမပေးဘူး ဖေဖေ။" "ဟေ....ဒါဖြင့်ရင် ကန်တော့ပြီးရင် ဘာတွေရောပြောသေးလဲ။ ဘုန်းကြီးပါစေ၊အသက်ရှည်ပါစေ အဲ့ဒါတွေရော မပြောဘူးလားးးး" "အဲ့လိုတော့ ပြောတယ်လေ။" "အဲ့ဒါဆုပေးတယ်လို့ခေါ်တယ်လေသမီးရဲ့။ သီတင်းကျွတ်နဲ့ နှစ်သစ်ကူးမှာ အမေကြီးတို့ ဘဘတို့ကို သွားကန်တော့ရင်လည်း သူတို့က ဒီလိုပဲ ဆုပေးတယ်လေ။ ဆရာမက သမီးကို မညာပါဘူးကွဲ့။" "ဒါဆိုဆုရအောင် ဘယ်လိုလုပ်ရမှာလဲ။သမီးက ဆုပဲတက်ယူချင်တာ။" "........ "
အဲ့ဒီကစပြီး မူကြိုမှာ ပြိုင်ပွဲမှန်သမျှ ပြိုင်လိုက်ရတာ ပုံပြင်ပြော၊ရခိုင်အက၊အပြေး၊ ဖားခုန်၊ကာယ၊ကဗျာရွတ်ဆိုပြိုင်ပွဲ တွေစုံပြီး ကျောင်းရဲ့ပါလေရာ ငပိချက်လေး ဖြစ်လာတော့တာပါပဲ။ဒီတော့ အုပ်စုအလိုက် ကာယပြိုင်မယ်ဆိုတော့ ကာယပြိုင်ပွဲမှာ ကျွန်မက အတန်းရဲ့ခေါင်းဆောင်အဖြစ် ရွေးခံရပါတယ်။ကြိုးစားလိုက်ရတာလေ... ဆုလိုချင်လို့။အိမ်ပြန်ရောက်ရင်လည်း ထပ်ပြီးလေ့ကျင့်တာ...။မေမေ့ကိုကြည့်ခိုင်းရင် တစ်မိနစ်ထက်ပိုမကြည့်ဘူးးးသူအလုပ်များနေလို့တဲ့။ဖေဖေကတော့ အမာခံပရိတ်သတ်ပေါ့။ မျက်စိနောက်ခံပြီး အချိန်ပေးကြည့်ရှာပါတယ်။ ဒီသမီးလေး ခုန်ဆွခုန်ဆွနဲ့ ဘာတွေမှန်းမသိအောင် လုပ်ပြသမျှကိုလေ။ဖေဖေက ကျွန်မရဲ့ပြိုင်ပွဲမတိုင်ခင် ဆယ်ရက်စာလောက် ဒုက္ခခံပြီး အားပေးခဲ့ရှာပါတယ်။
ပြိုင်ပွဲမှာ ရေကုန်ရေခန်း ပြိုင်ပါတော့တယ်။ ရှေ့ဆုံးကနေ လုပ်လိုက်ရတာမောနေတာပဲ။ နောက်ကသူငယ်ချင်းတွေကတော့ သိပ်ပြီးတက်တက်ကြွကြွ ပြင်ဆင်လေ့ကျင့်ထားကြဟန်မတူပါဘူးးး။ ဆုကြော်ငြာတော့ ပထမ ဒုတိယ တတိယနဲ့လွဲရုံတင်မကဘူး နှစ်သိမ့်ဆုလေးနဲ့ပါလွဲပါလေရော။ ကျွန်မကလည်း ဒီအတိုင်းငြိမ်မခံပါဘူးးး။ တစ်ရှုံ့ရှုံ့နဲ့ငိုနေလိုက်တာ နေ့လည်ထမင်းစား တာတောင် အငိုမပျက်ဘဲ ထိုင်စားနေတာပါ။ နောက်ဆုံးတော့ အတန်းပိုင်ဆရာမက "သမီးလေးနေထက်ထက်အောင်... မငိုနဲ့တော့နော်။ဆရာမက သမီးအတွက်ဆုသွားယူပေးမယ်။" ဆိုပြီးတော့ ဆုချီးမြှင့်ပြီး အပိုကျန်နေခဲ့တဲ့ ဦးထုပ်တစ်လုံးရယ်... မော်တော်ဆိုင်ကယ်ရုပ်ကလေးရယ်.... ဘီစကစ်လေး တစ်ထုတ်ရယ်ကို ယူလာပေးရှာပါတယ်။
ဒီတော့မှပဲ အငိုတိတ်ပြီး အေးရာအေးကြောင်း နေထိုင်ပါတော့တယ်။ ညနေကျောင်းဆင်းတော့လည်း ဟန်ပါပါနဲ့ ဆုရတဲ့ပစ္စည်းတွေပိုက်ပြီး အိမ်ပြန်ပါတယ်။ ဖယ်ရီပေါ်ကဆင်းတော့ အိမ်က လူကြီးတွေက ဝမ်းသာအားရ ကြိုကြတာပေါ့။ငါ့သမီးလေး ဆုတွေရခဲ့တယ်ပေါ့တဲ့။ ဒီကလည်း ခပ်တည်တည်နဲ့ ညာတာပေါ့။ ဟုတ်တယ် ပထမရခဲ့တယ်လို့.....ခိခိ။ညာကောင်းတုန်း ရှိသေးတယ် တစ်လမ်းထဲအတူတူနေတဲ့ လမ်းလျှောက်တတ်ကတည်းက နှစ်အိမ့်တစ်အိမ် ကူးပြီးကစားနေကြ ကစားဖော်.. မူကြိုမှာ အတန်းအတူတူတက်... ဖယ်ရီအတူစီးတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်က ရောက်လာပြီး ဖော်ကောင်လုပ်ပါလေရော။
"သူရောသမီးတို့ရော ဘယ်သူမှဆုမရဘူးးပြိုင်ပွဲမှာ ရှုံးတယ်လေ။ သူကအတင်းကြီး ထိုင်ငိုနေလို့ ဆရာမက ဆုပေးပွဲက ပိုတာတွေပေးလိုက်တာပါတဲ့" အဲ့မတာမ လက်ချက်နဲ့ ကျွန်မရဲ့ အဖြစ်အပျက်ဟာ မိသားစုထဲမှာရော ဆွေမျိုးတွေ အလယ်မှာပါ ထပ်ပြန်တလဲလဲ စနောက်စရာ ဟာသကိစ္စတစ်ခုဖြစ်တော့ တာပါပဲ။လူကြီးတွေက ကလေးမို့ ချစ်လို့စတာဆိုပေမယ့် ထပ်ခါတလဲလဲ ဖြစ်လာတော့ ကျွန်မက အရွယ်နဲ့ မလိုက်အောင် ရှက်တတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မဘဝမှာ လိမ်ညာပြောတတ်တဲ့အကျင့်ဟာ မရှိသလောက် ရှားသွားပါတော့တယ်။ သူငယ်ချင်းအချင်းချင်း အပြောင်အနောက် ပြောတာလုပ်တာ တချို့ကတော့ ခြွင်းချက်ပေါ့လေ...ခိခိ။

နေထက်ထက်အောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...