Thursday, February 7, 2013

ရေးတော့အမှန်-၎

Photo: ရေးတော့အမှန်-၎
--------------------

နောင်တော်စာရေးဆရာတစ်ဦးနှင့်တွေ့သောအခါ-
"ဂျာနယ်မှာ မင်းရေးတာတွေဖတ်ရပါတယ်၊ မဆိုးပါဘူး၊ ရယ်ရသားပဲ"ဟု သူက အားပေးအားမြှောက်ပြုပြီး-
"အပတ်စဉ်ရေးပါလားကွာ"
"ဟာ... ရေးစရာအကြောင်းအရာက ရှားတယ်အစ်ကိုရဲ့" ဟု ကျွန်တော်က ညည်းသောအခါ-
"အံမယ်...ကြော်ငြာတွေရှိနေသမျှ မင်းအတွက် ရေးစရာအကွက်တွေ ရနေမှာပါပဲကွာ" သူက ထေ့လိုက်လေ၏။
ဟုတ်တော့လည်းဟုတ်သည်။ အခုလပိုင်းတွေမှာ ကျွန်တော်သည် 'စာပေကြော်ငြာ စတေ့ရှိုး'အပါအဝင် 
ကြော်ငြာတွေကို သရော်သည့်စာမျိုးလေးတွေရေးဖြစ်ခဲ့၏။ ဒီတော့ တချို့က ကျွန်တော့်ကို ကြော်ငြာ
ဆန့်ကျင်ရေးသမားဟု ထင်ကောင်းထင်ကြမည်။ မဟုတ်ပါ။ ကျွန်တော်သည် ကြော်ငြာကို စိတ်ဝင်စားသူသာ
ဖြစ်ပါသည်။ ကြော်ငြာကောင်းကောင်းလေးတွေ တွေ့လျှင် သဘောကျကျေနပ်စွာခံစားတတ်သူ ဖြစ်ပါသည်။

ခုဟာက တချို့ကြော်ငြာတွေ တရားလွန်လွန်းလို့ ငေါ့တော့တော့ရေးမိခြင်းဖြစ်ပါသည်။ တချို့မလိုအပ်ပဲ 
ငွေအမြောက်အမြားအကုန်ခံပြီး ကြော်ငြာကြသဖြင့် မဆီမဆိုင် ဝင်နှမြောတာလည်းပါသည်။ ဆီးထုပ်က အစ၊ 
အမျိုးသမီးသုံးပစ္စည်းကအစ ဖောဖောသီသီကြော်ငြာနေချိန်တွင် ရုပ်မြင်သံကြားနှင့် တိုက်ရိုက်သက်ဆိုင်သော 
ဗွီဒီယိုဇာတ်ကားအများစုမှာ ကြော်ငြာမထည့်နိုင်ဘဲ ဖြစ်နေရသည့်အတွက် စိတ်မကောင်းတာလည်း တစ်ကြောင်း။
အထူးသဖြင့် ပြီးခဲ့သော နှစ်ပိုင်းများဆီက ဗလာစာအုပ်တွေကို ငွေကုန်ကြေးကျခံ အကြီးအကျယ် ကြော်ငြာခဲ့ကြပြီး 
စာရေးဆရာကြီးများ၏ အဖိုးတန်ဂန္တဝင် စာအုပ်တွေကျတော့ တိတ်တိတ်ဆိတ်ဆိတ် ထုတ်ဝေဖြန့်ချိခဲ့ရတာကို 
အသည်းနာမိသောကြောင့် စိတ်ထွက်ပြီး ရေးမိခြင်းဖြစ်ပါ၏။

    ☼ ☼ ☼ ☼ ☼

တကယ်တော့ လူသုံးကုန်ပဲဖြစ်ဖြစ်၊ အနုပညာပစ္စည်းပဲဖြစ်ဖြစ် ကြော်ငြာအရေးကြီးကြောင်း၊ ကြော်ငြာကောင်းမှ 
တွင်ကျယ်မည်ဖြစ်ကြောင်း လက်ခံယုံကြည်ပါသည်။ ခုလည်းကြော်ငြာတွေထဲက သဘောကျနှစ်သက်မိတာလေးတွေ 
ရေးပြမလို့ပါ။ ကြော်ငြာကောင်းကောင်း ထိထိမိမိလေးကြည့်လိုက်ရ၊ မြင်လိုက်ရလျှင် ကိုယ်ဝယ်နိုင်တာ မဝယ်နိုင်တာ 
အပထားလို့ စိတ်အပန်းဖြေကြည်နူးရတာ အမှန်ပဲ။ ကြော်ငြာကောင်းလျှင် လူတွေပါးစပ်ဖျားမှာ အလိုလျောက် 'တွင်'သွား
တတ်၏။ တစ်ချိန်က နာမည်ကြီးခဲ့သော 'ဆေးဝယ်ရင် ဒီဆူဇာမှာစိတ်ချရတယ်' ဆိုတာမျိုး၊ ဆရာဦးဘဂျမ်း၏ အောင်ဆုပန်
ထီဆိုင်ကြော်ငြာမျိုး၊ ဆရာဦးဖေသိန်း၏ ပွင့်ကောင်းငါးပိငံပြာရည် ကြော်ငြာမျိုးတွေ။

    ☼ ☼ ☼ ☼ ☼

ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ဖူး၏။ စစ်ကြိုခေတ်တုန်းက (ဆရာဦးဘဥာဏ်လား၊ ဆရာဦးငွေကိုင်လား မမှတ်မိ) မြန်မာ
ပန်းချီကျော်ကြီး တစ်ဦးကို ကုလားမခြင်းတောင်းဆွဲ နို့ဆီကြော်ငြာအတွက် ပုံတစ်ပုံဆွဲပေးဖို့အပ်သည်။ ထိုအခါ ဆရာကြီးက 
မြတ်စွာဘုရားအား သုဇာတာ ဃနာနို့ဆွမ်းကပ်နေပုံကို ရေးဆွဲပေးလိုက်၏။ ထိုစိတ်ကူးသည် အလွန်အဆင့်မြင့်ပြီး ထိရောက်မှု
ရှိလှ၏။ အဓိပ္ပါယ်လည်း ကျယ်ဝန်းပြီး တာသွားလှသည်။ ဟိုအချိန်တုန်းကသာ ထိုနို့ဆီပေါ်ခဲ့လျှင် သုဇာတာသည် ဃနာနို့ဆွမ်း
ချက်ရာမှာ ယင်းနို့ဆီကိုပင် သုံးလိမ့်မည်ဆိုသော သဘော။

    ☼ ☼ ☼ ☼ ☼

ကျွန်တော့်အဖေ (ဦးသာဓု)သည်လည်း ကြော်ငြာကို ထူးထူးခြားခြားလုပ်တတ်သူဖြစ်၏။ သူစာရေးဆရာမဖြစ်ခင်က ပူတူတူး
ဆိုသောအမည်ဖြင့် ကလေးများအတွက် ဆေးပေါင်ဒါ ထုတ်ခဲ့ဖူးသည်။ လုပ်ငန်းအစတွင် ကြော်ငြာဖိုးမတတ်နိုင်သဖြင့် 
စာနယ်ဇင်းတွေမှာ မထည့်နိုင်။ ဒီတော့ အဖေတစ်မျိုးကြံသည်။ သိမ်ကြီးဈေးရှိ လူအစည်ကားဆုံးနေရာမှာ ကျောက်သင်ပုန်း
တစ်ခုထောင်ပြီး သိမှတ်ဖွယ်ရာ ဗဟုသုတဖြစ်စရာကလေးတွေ ရေးထားသည်။ (ကမ္ဘာ့အမြင့်ဆုံးတောင်မှာ ဧဝရတ်ဖြစ်ကြောင်း၊ 
လျှပ်စစ်မီးကို အက်ဒီဆင်က တည်ထွင်ခဲ့ကြောင်း စသည်ဖြင့်) အောက်ဆုံးကမှ ပူတူတူးပေါင်ဒါလုပ်ငန်းမှ စုဆောင်းတင်ပြသည်ဟု 
ရေးထားသည်။

နောက်ပိုင်း လုပ်ငန်းအောင်မြင်စပြုလာတော့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်များမှာ အလှချိတ်လို့ကောင်းသော ရုပ်ပုံကားလေးတွေ 
ရှာသည်။ ပုံ၏အောက်ခြေတွင် စက္ကူပိုင်းလေးနှင့်ဖုံးအုပ်ထားပြီး-
"သတိ...လှန်မကြည့်ပါနှင့်"ဟုရေးထားသည်။
မကြည့်ပါနဲ့ဆိုလျှင် ပိုကြည့်ချင်သော လူ့သဘာဝကို အသုံးချလိုက်ခြင်းဖြစ်၏။ မနေနိုင်သူက အလစ်မှာ ဖျတ်ခနဲလှန်ကြည့်သောအခါ 
အောက်မှာ-
"ပူတူတူး ဆေးပေါင်ဒါနှင့် နံ့သာခဲတို့ကို သုံးစွဲကြပါ" ဟုရေးထားတာတွေ့ရလေ၏။
ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တဲ့အခါမှာလည်း ကြော်ငြာကို ထူးထူးခြားခြားလေးတွေ လုပ်တတ်၏။
"ဧည့်သည်"ဇာတ်ကားပြသောအခါ လက်နှစ်လုံးစာလောက် ရှိသည့်စာရွက်ကလေးတွေပေါ်မှာ "ဧည့်သည်ကတော့ စားမှာပဲ"ဆိုသော 
စာသားကို ရိုက်နှိပ်သည်။ မနက်လေးနာရီလောက်မှာ ထိုစာရွက်ပိုင်းကလေးများကို ရန်ကုန်မြို့အနှံ့ကားနှင့်လျှောက်ကြဲသည်။ 
(ထိုစဉ်က လေယာဉ်ပေါ်မှကြဲချသည်ဟူ၍တောင် တချို့ကထင်ကြ၏။)

"အကယ်၍သာ"ဇာတ်ကားမှာကျတော့ သတင်းစာကြော်ငြာထဲတွင် 'ရှိကြီးခိုးပါရဲ့၊ ဇာတ်သိမ်းခန်းကိုတော့ နှုတ်လုံကြပါခင်ဗျာ' ဟု
ထည့်သွင်းကြော်ငြာသည်။ ဇာတ်သိမ်းခန်းတွင် လှည့်ကွက်ပါကြောင်း သွယ်ဝိုက်၍အသိပေးလိုက်ခြင်း၊ ပရိသတ်၏စိတ်ကို 
ဆွပေးလိုက်ခြင်းဖြစ်၏။ "ဗိုလ်ကာတွန်း"ဇာတ်ကားကျတော့ တစ်မျိုး။ ဟိုအချိန်က ပုဂ္ဂလိက ရုပ်ရှင်ရုံတွေမှာ ညလာကြည့်သူတို့၏ 
ကားများကို စောင့်ရှောက်ဖို့ ဝန်ထမ်းတွေခန့်ထားသည်။ အဖေ့ဇာတ်ကားပြမည့် အချိန်က မိုးတွင်းဖြစ်၏။ အဖေက ယောက်ျားဆောင်း
ထီးကြီးတွေပေါ်မှာ 'ဗိုလ်ကာတွန်း' ဆိုသော စာတန်းကို ရိုက်နှိပ်ပြီး ကားစောင့်ဝန်ထမ်းတွေကို တစ်ယောက်တစ်လက်စီ လိုက်ဝေ
ပေးထားသည်။ မိုးရွာလို့ သူတို့ထီးဆောင်းတိုင်း အဖေ့ဇာတ်ကားကြော်ငြာပြီးသားဖြစ်နေ၏။

နောက်တစ်ခါ သတင်းစာကြော်ငြာထဲတွင် မင်းသား၊ မင်းသမီးပုံမထည့်ဘဲ နားရွက်တစ်ဖက်ကို လက်ဝါးနှင့်ကာပြီး နားစွင့်နေသည့်
ပုံကိုသာ အကြီးကြီး ထည့်ထားပြီး 'ကြည့်ပြီးသူများထံ နားစွင့်ပြီးမှ အပြေးကြွတော်မူ'ဆိုသော စာသားရေးထား၏။
"အကြင်တို့လင်မယား"ဇာတ်ကားအတွက် မီးရထားဘူတာကြီးဝင်းမှာ ကြော်ငြာပိုစတာကြီး ထောင်သောအခါ ဘာရုပ်ပုံမှ
မထည့်ဘဲ တံမြက်စည်းတစ်ချောင်းနှင့် ထွေးခံတစ်လုံး (တကယ့်အစစ်)တို့ကိုသာ ချိတ်ဆွဲပြီး အိမ်ထောင်ရေးဇာတ်ကားဖြစ်ကြောင်း 
အသိပေးခဲ့သည်။ အဖေသည် သူ၏ဇာတ်ကားများကို ဒုတိယအကြိမ်၊ တတိယအကြိမ်ပြန်ပြသည့်အခါတိုင်း သတင်းစာထဲမှာ "ဆီဖိုး 
ဆန်ဖိုးလေးမှ ရလိုရငြား ပြရပြန်ပါပြီခင်ဗျာ"ဆိုသောစာသားလေးဖြင့် ကြော်ငြာလေ့ရှိ၏။ ထိုစကားလုံးလေးသည် ဘယ်ခေတ်
ဘယ်အခါမှာမှ မတိမ်ကောနိုင်သည့် စိတ်ကူးပင်ဖြစ်လေ၏။

    ☼ ☼ ☼ ☼ ☼
 
ခုချိန်မှာ နည်းပညာသစ်တွေ ပေါ်လာသဖြင့် ကြော်ငြာကို အမျိုးမျိုးဆန်းသစ်အောင် ပြုလုပ်နိုင်သည်။ သို့တိုင်အောင် စိတ်ကူးကောင်းမှ
ထိရောက်နိုင်ပါသည်။ ဥပမာတစ်ခု...မိတ်ဆွေအိမ်တစ်အိမ်ကို သွားလည်ရင်း ဂြိုလ်တုရုပ်မြင်သံကြားမှကြော်ငြာတစ်ခုကို ကြည့်ရသည်။ 
ဖျတ်ခနဲ ကြည့်လိုက်ရသောကြောင့် တိတိကျကျတော့မမြင်မိ။ လေကြောင်းလိုင်းကြော်ငြာတစ်ခုလို့ ထင်၏။ လူတစ်ယောက်က 
ကမ္ဘာ့မြေပုံကားချပ်ကြီးရှေ့မှာ ရပ်နေသည်။ သူက ကမ္ဘာ့မြေပုံပေါ်ရှိ မြို့ကြီးများကို ဆော့ပင်တစ်ချောင်းဖြင့် ခရီးစဉ်တွေဆွဲပြနေသည်။ 
ခရီးစဉ်တွေက အများကြီး။ မြေပုံပေါ်မှာ ခရီးစဉ်မျဉ်းကြောင်းတွေ ရှုပ်ပွကုန်သည်။ နောက်ဆုံးတော့ ဆော့ပင်က မင်သာကုန်သွားသည်။ 
ခရီးစဉ်တွေက မပြီးသေး။ သူကဆော့ပင်ကို တစ်လှည့် မြေပုံကိုတစ်လှည့်ကြည့်ပြီးမှ ပရိသတ်ဘက်လှည့်၍ ပခုံးတွန့်ပြလိုက်၏။

ဒီကြော်ငြာမှာ ကွန်ပျူတာအထူးပြုလုပ်ချက်တွေ၊ သီချင်းတွေ၊ မော်ဒယ်လ်တွေမပါ။ ကင်မရာရှုထောင့် အပြောင်းအလဲတွေတောင်မပါ။ 
လူတစ်ယောက်၊ ဆော့ပင်တစ်ချောင်း၊ မြေပုံတစ်ချပ်သာပါ ပါသည်။ ပြီးတော့ သူတို့ဆီမှာ မီးဖိုချောင်သုံးပစ္စည်းများ၊ စားသောက်ကုန်များ
ကြော်ငြာရာတွင် သရုပ်ဆောင်တွေကို ဂရုတစိုက်ရွေးချယ်ကြောင်း သတိပြုမိ၏။ သိပ်လှ၊ သိပ်တောင့်တာမျိုးမဟုတ်။ သာမာန်ကြည့်ပျော်သော
ရုပ်ရည်၊ သာမန်အိမ်နေရင်း အဝတ်အစားအပြင်အဆင်တို့ရှိသော တစ်နည်းအားဖြင့် တကယ့်အိမ်ရှင်မနှင့်တူသော သရုပ်ဆောင်များသာပါသည်။
ဒီအချက်က စိတ်ပညာသဘောကို အသုံးချထားသည်ဟု ထင်မိ၏။ တကယ့်အပြင်မှ အိမ်ရှင်မအများစုသည် သာမာန်ရုပ်ရည်ရှိကြသူများသာ
ဖြစ်ကြ၏။ ကြော်ငြာထဲက အမျိုးသမီးသည် သူတို့လိုပင် သရုပ်မှန်သော အိမ်ရှင်မပုံပေါက်နေခြင်းအတွက် ပိုပြီးစိတ်ဝင်စားကြသည်။ အိမ်ရှင်မ
အချင်းချင်း "ဒီပစ္စည်းသုံးကြည့်ပါလား"ဟု သတင်းပေးသလိုမျိုးခံစားကြရသည်။ အိမ်ရှင်မတို့မည်သည် သူတို့အချင်းချင်း လက်တို့ပြောသော
စကားကို ပို၍ယုံကြည်တတ်ကြသည် မဟုတ်ပါလား။

    ☼ ☼ ☼ ☼ ☼

ကျွန်တော်တို့ဆီမှာလည်း စိတ်ကူးကောင်းသည့် ကြော်ငြာတွေ ရှိပါသည်။ ဆရာအော်ပီကျယ် ရေးဆွဲသည့် ငါးနှစ်ကောင် ပဲဆီကြော်ငြာသည် 
ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦး၏ လူ့ဘဝအပေါ်ခိုင်းနှိုင်းသည့်အတွေးအမြင်ကို ဆင့်ပွားခံစားပြီး တင်ပြထားသည်။ အဆင့်အတန်း
မြင့်လှသော ကြော်ငြာတစ်ခုပင်ဖြစ်၏။ ရွိုင်ရယ်လစ်ပိုကြော်ငြာတွင် ရွှေဓူဝံနှင့် မော့စ်တို့ကို ထူးခြားစွာတွဲပေးထားသဖြင့် လူစိတ်ဝင်စားမှုရခဲ့၏။
စတားကိုလာနှင့် ရှီရှဲဒိုးကြော်ငြာတို့ကတော့ စူပါမင်းသား၊မင်းသမီးများ၏ အားကိုခေတ်မီနည်းပညာများနှင့်ပေါင်းစပ်ပြီး ထိထိမိမိတင်ပြနိုင်သဖြင့် 
လူကြိုက်များသည်။ 

လူရွှင်တော်များဖြစ်ကြသော ဦးမိုးဒီ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူ၊ ကုသိုလ်တို့နှင့် မြူးမြူးကြွကြွ ရိုက်ကူးထားသော
ထက်လင်းရင်လူးဆေး၊ မြို့တော်မုန့်ကြွပ်၊ ဖူဂျီဆပ်ပြာ ကြော်ငြာများလည်း အောင်မြင်ကြပါသည်။ ကြည့်မိသည့်အခါတိုင်း သဘောကျ 
ကျေနပ်စွာ ပြုံးမိသည့် ကြော်ငြာလေးတစ်ခုလည်းရှိသေးသည်။ ဂါဂါးငါးမုန့်ကြော်ငြာပင်ဖြစ်၏။ ရေးထားသော စာသားက-
"သင့်ရဲ့ အဖိုးတန်လှတဲ့ဆီကို ဘာငါးမုန့်နဲ့ကြော်မလဲ"
လှပသော၊ ဆန်းသစ်သော၊ ကြော်ငြာစိတ်ကူးလေးပင်ဖြစ်၏။

    ☼ ☼ ☼ ☼ ☼

ဒီဆောင်းပါးမှာ သဘောကျသောကြော်ငြာလေးတွေအကြောင်းသာ ရေးဖို့ဖြစ်သောကြောင့် မျက်စိနောက်မိသော ကြော်ငြာများအကြောင်း
မရေးတော့ပါ။ ဒါတွေရေးမယ်ဆိုလျှင်တော့ လေးပတ်စာလောက် ဆက်ရေးရလိမ့်မည်ထင်၏။ တကယ်တော့ကြော်ငြာဆိုသည်မှာ ကိုယ့်ကုန်
ပစ္စည်းကို လူသိများအောင်လုပ်ကြခြင်းသာဖြစ်ပါသည်။ သိလျှင်ပြီးတာပဲဆိုပြီး လုပ်ချင်တာလုပ်လို့မရပါ။ ကြည့်သူတွေ၊ ဖတ်သူတွေ 
သာယာနာပျော်ဖွယ်ဖြစ်အောင်၊ ကြည်နူးပျော်ရွှင်ရအောင် ဆန်းသစ်လှပသော စိတ်ကူးလေးတွေနှင့် ဖန်တီးပြလျှင်၊ ရသလေးပါ
ထည့်ပေးနိုင်လျှင် ကြော်ငြာချစ်သူတွေ တိုးပွားလာပါလိမ့်မည်။

----------------------------------------

မင်းလူ
(အလင်းတန်းဂျာနယ်)၊
၁၆-၃-၁၉၉၉။

13

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...