Thursday, February 14, 2013

ယုံကြည်ရတဲ့သူ ဆိုတာ

by Phio Thiha on Wednesday, February 13, 2013 at 6:13am ·
 
ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံး ကြားနေရတဲ့ စကားတစ်ခွန်းက Trust Building ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်း။ နိုင်ငံရေး နယ်ပယ်မှာ အကြားရများပေမဲ့ တကယ်တမ်းတော့ ယုံကြည်မှုဆိုတာဟာ လူပုဂ္ဂိုလ်တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းချင်း၊ နောက်ဆုံး နိုင်ငံအဆင့်ထိ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ယုံကြည်မှု မရှိဘဲ ဘာဆိုဘာမှ လုပ်လို့မရပါဘူး။ စားသုံးသူက မယုံတဲ့ စီးပွါးရေးလုပ်ငန်း၊ လူနာရဲ့ ယုံကြည်မှုကို မရတဲ့ ဆရာဝန်၊ ပြည်သူက အယုံအကြည် မရှိတဲ့ အစိုးရ၊ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲ လုပ်ပေးချင် လုပ်ပေးချင်၊ မအောင်မြင်နိုင်ပါဘူး။ ဒါဆို တစ်ဖက်ရဲ့ ယုံကြည်မှုကို ရဖို့၊ အများရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်သူဖြစ်ဖို့ ဘာတွေများ လိုအပ်ပါမလဲ။


(၁) ယုံကြည်မှုဟူသည် ရောမမြို့ကြီးနှင့် တူ၏ ။

“ရောမမြို့ကြီးကို အချိန်အကြာကြီး တည်ဆောက်ခဲ့ရပေမဲ့ ဖျက်ဆီးဖို့ဆိုရင်တော့ တစ်ရက် တစ်မနက်ပဲ လိုတယ်” ဆိုတဲ့ စကားလိုပါပဲ၊ ယုံကြည်မှုဆိုတာဟာလည်း အချိန်ကာလာကြာမြင့်စွာ၊ အဖြစ်အပျက်ပေါင်းမြောက်များစွာ၊ အကြောင်းအရာများစွာ ကုန်လွန်ဖြတ်သန်းပြီးမှ ရရှိလာနိုင်တာမျိုးဆိုပေမဲ့၊ အဲဒီယုံကြည်မှု ပျက်သုဉ်းသွားဖို့ကတော့ အမှားလေးတစ်ခုတစ်လေလောက်နဲ့လည်း ဖြစ်သွားနိုင်ပါတယ်။ အင်မတန် သိမ်မွေ့သလို၊ စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ အဆင်မပြေ ဖြစ်နေကြတဲ့ ချစ်သူစုံတွဲတွေမှသည် လက်နက်ကိုင်ပဋိပက္ခဖြစ်နေကြတဲ့ အဖွဲ့အစည်းတွေထိ ယုံကြည်မှုရဲ့ ဒီသဘောတရားလေးကို သတိထားမိဖို့ လိုပါတယ်။

(၂) ယုံကြည်မှုဟူသည် အတင်းလုပ်ယူ၍မရ၊ ခြိမ်းခြောက်၍ မရ၊ အလိုလိုဖြစ်ပေါ်လာသော စိတ်ခံစားချက်တစ်ခု ဖြစ်သည်။

သူ့ရဲ့ ယုံကြည်မှုကို ရချင်ပါတယ်ဆိုပြီး လက်ဆောင်ပဏ္ဍာတွေ ပေးလည်း မရသလို၊ တောင်းပန်၊ အသနားခံလို့လည်း မရ၊ တစုံတရာနဲ့ ခြိမ်းခြောက်ရင်လည်း မရနိုင်တဲ့ အရာဟာ ယုံကြည်မှုပဲ ဖြစ်ပါတယ်၊ သူ့အလိုလို စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်တစ်ခုပါ။ လုပ်ယူလို့ မရပါဘူး။ အဲ့ဒီလို ခံစားချက်မျိုး ဖြစ်လာအောင်ကလည်း စကားလုံးလှလှလေးတွေပဲ သုံးနေလို့တော့ အလကားပါပဲ။ အလုပ်နဲ့ပဲ သက်သေပြကြရမှာပါ။ စကားလုံးတွေကိုပဲ နားထောင်တတ်တဲ့၊ အဟုတ်ထင်တတ်တဲ့ ခေတ်က ကုန်သွားပါပြီ။

(၃) ယုံကြည်မှု ရရှိရန် ရိုးသားဖို့ လိုသည်။ (Honesty)

ဒီလူက သိပ်ရိုးသားတာပဲ ဆိုလို့ရှိရင် ငွေကြေးနဲ့ ပတ်သက်ရင် ရိုးသားတယ်၊ စကားကိုလည်း ညာမပြောတတ်ဘူးလို့ ထင်လိုက်ကြပါတယ်။ လူတစ်ယောက်ချင်းအနေနဲ့တော့ လက်ခံနိုင်ပေမဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့တော့ ဒါဟာ မလုံလောက်ပါဘူး။ ယုံကြည်ထိုက်တဲံသူ ဖြစ်ဖို့ လိုအပ်တဲ့ ရိုးသားမှုဟာ သတ္တိနဲ့တွဲနေတဲ့ ရိုးသားမှုပဲ ဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း ရိုးသားဖို့ လိုသလို၊ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရိုးသားရပါမယ်။ မတတ်ရင် မတတ်ကြောင်း၊ မှားသွားရင် မှားကြောင်း ၀န်ခံရဲရမယ်၊ ကိုယ့်အမြင်၊ ကိုယ်စိတ်ကူးတွေ၊ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကိုလည်း ရဲရဲဝံ့ဝံ တင်ပြရဲရပါမယ်။

ဒီနေ့ခေတ်ဟာ ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မဖြစ်မနေ လိုအပ်တာကတော့ Open Society လို့ ခေါ်တဲ့ ပွင့်လင်းတဲ့၊ အကြောက်တရားကင်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပါပဲ။ အဲဒီလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့၊ ပွင့်ပွင့်လင်းလင်း ပြောကြ၊ ဆွေးနွေးနိုင်ကြဖို့ဆိုရင် ခေါင်းဆောင်တွေ၊ အကြီးအကဲတွေအနေနဲ့လည်း အဖြစ်မှန်ကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ အမှားကို အပြစ်မတင်ဘဲ ၀ိုင်းဝန်းအဖြေရှာတတ်တဲ့ အလေ့အကျင့်တွေ လိုအပ်ပါမယ်။ ဒါမှလည်း အကြောက်တရားကင်းကင်းနဲ့ အမှန်ကိုအမှန်အတိုင်း ပြောရဲ လုပ်ရဲ ရိုးသားရဲတဲ့သူတွေကို ရမှာပါ။

၎။ ယုံကြည်မှုရရန် အပြောနဲ့ အလုပ်ညီဖို့ လိုသည်။ (Actions are consistent with words)

ဆိုခဲစေ မြဲစေ ဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်ထိုက်တဲ့သူ ဖြစ်ချင်ရင် စကားတည်ဖို့လည်း အရေးကြီးပါတယ်။ စကားကိုတော့
အမှန်အတို်င်း ပြောပါရဲ့၊ ပြောပြီးရင် ပြောတဲ့အတိုင်း မလုပ်ဘူး။ ကိုယ့်စကားကိုယ် တာဝန်မယူဘဲ စကားကို အလွယ်ပြောမယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။ လူလေးစားခြင်းကိုလည်း မခံရပါဘူး။ ကိုယ့်ပါးစပ်က ထွက်တဲ့ စကားကို တန်ဖိုးထားသူ၊ ကိုယ်ထုတ်တဲ့ စည်းကမ်းကို ကိုယ်လေးစားလိုက်နာသူ၊ ကိုယ့်ရဲ့ နှုတ်ကတိကို စာချုပ်စာတမ်းတစ်ခုလို လေးစားတဲ့သူများသာ ယုံကြည်ထိုက်တဲ့သူများ ဖြစ်ပါတယ်။

၅။ ယုံကြည်မှု ရှိရန် အရည်အသွေးမြင့်ဖို့ လိုသည်။ (Competency)

အခုမှ ဘွဲ့ရတဲ့ ဆရာဝန်နဲ့ ဘွဲ့တွေအများကြီး အတွေ့အကြုံတွေအများကြီး ရှိထားတဲ့ ဆရာဝန်နှစ်ယောက်မှာ ဘယ်သူ့လက်ထဲ ကိုယ့်အသက် အပ်ချင်ပါသလဲ၊ အပ်ရဲပါသလဲ။ တကယ်တော့ မေးစရာတောင် မလိုတဲ့မေးခွန်းပါ။
စွမ်းဆောင်ရည် ပြည့်ဝမှုပဲ ဖြစ်ပါတယ်။ SAK လို့ အတိုကောက်ပြောလေ့ရှိကြတဲ့ Skill (အတတ်ပညာ)၊ Knowledge (အသိပညာ)နဲ့ Attitude (ခံယူချက်) အပိုင်း၃ပိုင်းလုံးမှာ ပေမီတန်းမီ ဖြစ်ဖို့ လိုပါမယ်။ ပညာခေတ်လို့ ပြောနေကြတဲ့အချိန်မှာ ပညာပြည့်ဝဖို့ လိုတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် မလိုပါဘူး။ ဘယ်လောက်ပဲ ရိုးသားပါတယ် ပြောပြော၊ စိတ်ကောင်းရှိပါတယ်ဆိုဆို အရည်အချင်း မရှိရင်၊ စွမ်းဆောင်ရည်ညံ့ဖျင်းရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ လူတွေရဲ့ ယုံကြည်မှုကို မရရှိလို့ပါ။ လူတော်လူကောင်းလား ၊ လူကောင်းလူတော်လား မငြင်းလိုပေမဲ့ 'ကောင်း' နေရုံနဲ့တော့ မရဘူး၊ 'တော်' ဖို့ပါ လိုတယ်ဆိုတာကို ပြောချင်တာပါ။

၆။ ယုံကြည်မှုရရန် တစ်သမတ်တည်း ရှိဖို့လိုသည်။ (Consistency)

ကောက်ရိုးမီး စိတ်ဓါတ်ပိုင်ရှင်များဟာ လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို မရနိုင်ပါဘူး။ ကိုယ့်ရဲ့ လုပ်ရပ်တွေ၊ အားထုတ်မှုတွေ ခံယူချက်တွေဟာ တသမတ်တည်း စွဲမြဲခိုင်မာနေဖို့ လိုပါမယ်။ ပြောင်းလွယ်ပြင်လွယ် ဖြစ်တာနဲ့ လူများတဲ့ဘက် လိုက်တာဟာ မတူပါဘူး၊ ယုံကြည်ချက်စွဲမြဲခိုင်မာတာနဲ့ မှားမှန်းသိသိကြီ်းနဲ့ ဆက်လက်ဆုပ်ကိုင်ထားတာကိုလည်း ကွဲပြားကြဖို့ လိုပါတယ်။ စိတ်ပါတုန်းခဏ အလုပ်တွေ အရမ်းကြိုးစားပြီး နောက်တော့လည်း ဒုံရင်းက ဒုံရင်းပဲ ဆိုတာမျိုးဟာ အောင်မြင်သူတွေရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး။ ခံယူချက်တွေ အမြဲမှန်နေအောင် အသိကပ်ထားရပါမယ်။ စိတ်ဓါတ်တွေ အမြဲတက်ကြွနေအောင် နှိုးဆွထားရပါမယ်။ ခံယူချက်တစ်ခု၊ လုပ်ငန်းအစီအစဉ်တစ်ခု၊ မဟာဗျူဟာတစ်ခုဟာ လုံးဝကို မပြောင်းလဲရဘူးလို့တော့ မဟုတ်ပေမဲ့ ခဏခဏ ပြောင်းလွန်းပြင်လွန်းခြင်းဟာ လူတွေရဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေပါတယ်။ ။


ပြောခဲ့ပြီးတဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဥပမာတစ်ခုကို ပြပါဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းပါပဲ။
တိုင်းပြည်အကျိုးကလွဲလို့ ကိုယ်ကျိုးနည်းနည်းမှ မရှာခဲ့တာ၊ အရှိကိုအရှိအတိုင်း ခပ်ဘွင်းဘွင်း ပြောတတ်တာ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့မယ် ဆိုပြီး တကယ်လည်း ဖြစ်အောင် လုပ်ပြခဲ့တာ။ အသက်အရွယ်နဲ့မှ မလိုက်၊ အများလက်ဖျား ခါလောက်အောင် တော် လွန်းခဲ့တာတွေက ပြည်သူအများရဲ့ တစ်ခဲနက် ယုံကြည်ထောက်ခံမှုကို ရရှိစေခဲ့ပါတယ်၊ ယနေ့အချိန်ထိလည်း ကျွန်တော်တို့ပြည်သူတွေ ဗိုလ်ချုပ်ကို တသသ ရှိနေကြရဆဲ မဟုတ်လား။ ဗိုလ်ချူပ်ဓါတ်ပုံကို အိမ်ရှေ့ခန်းမှာ ချိတ်ထားရုံနဲ့တင် မလုံလောက်ဘဲ၊ ဗိုလ်ချုပ်လို အများက ယုံကြည်အားကိုးရတဲ့သူဖြစ်အောင် ကြိုးစားကြမှသာ ကျွန်တော်တို့တွေ ဗိုလ်ချုပ်အပေါ် တာဝန်ကျေရာ ရောက်မှာပါ။
အားလုံးပဲ ယုံကြည်မှုနဲ့ ထိုက်တန်သူများ ဖြစ်ကြပါစေ ရည်သန်လျက်။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...