မာယာကော့ဖ်စကီးရဲ့ အစည်းအဝေးနဲ့ ဒေါက်တာသန်းထွန်းရဲ့စ,တော့
Ju Thet San shared Miraculous Master For English Language's photo.
(တစ်)ကျွန်တော်တို့ခပ်ငယ်ငယ် ဘာသာပြန်စာအုပ်များကို အငမ်းမရ ဖတ်ကြစဉ်တုန်းက တော်တော်ကလေး အဖတ်အရှုများသည့် စာအုပ်များမှာ ရုရှနှင့် တရုတ်ကစာအုပ်များ ဖြစ်ခဲ့သည်ကို ပြန်ပြောင်းအမှတ်ရမိ ပါသည်။ ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ကို လူငယ်တို့ စိတ်ဝင်စားကြရာ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ ဆယ်စုနှစ် ကာလများဖြစ်ရာ ထိုဝါဒများ အားကောင်းမောင်းသန် ရှင်သန်ခဲ့သည့် ရုရှနှင့် တရုတ်တို့ကို စိတ်ဝင်စား ရာက ထိုနိုင်ငံထွက် စာပေလက်ရာများကို အဖတ်အရှု များခဲ့ကြပုံရပါသည်။
ရုရှစာရေးဆရာ ကဗျာဆရာများထဲ၌ လီယိုတော်စတွိုင်း၊ မက္ကဇင်ဂေါ်ကီ၊ တူရဂေညက်၊ ဆိုဇင်နစ်ဇင်၊ အန်တွန်ချက်ကော့ဖ်၊ ပွတ်ရှကင်၊ နီကိုလိုင်သြထရော့စကီ၊ ဂိုဂိုးလ်၊ မစ်ခေးရှိုလိုကော့ဖ်၊ ဒေါ့စတိုယက်စကီး၊ မာယာကော့ဖ်စကီး၊ ယက်တူရှင်ကို၊ ဘောရစ်ပါစတာညက် စသည် စသည် စသည်တို့သည်ကား မြန်မာစာဖတ်ပရိသတ်နှင့် အထူးကို ရင်းနှီးကျွမ်းဝင်သည့် စာရေးဆရာ၊ ကဗျာဆရာများ ဖြစ်ပါသည်။
သည်အထဲမှာ မာယာကော့ဖ်စကီးက ကျွန်တော်တို့၏ အသည်းစွဲဖြစ်ပါသည်။ နာမည်အပြည့်အစုံက ဗလာဒီမာ မာယာကော့ဖ်စကီး (Vladimir Mayakorsky) ။ ၁၉ ဇူလိုင် ၁၈၉၃ ၌မွေးကာ ၁၄ ဧပြီ ၁၉၃၀ ၌ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်ပြီး ဘ၀ကို အဆုံးသတ်ခဲ့သူ နာမည်ကျော် ကဗျာဆရာ စာရေးဆရာ။ သူ့လက်ရာ “A cloud in Trousers” ကို ဆရာမောင်သာနိုးက ဘာသာပြန်ပေးခဲ့သဖြင့် “ဘောင်းဘီဝတ် မိုးတိမ်”ဆိုသည့်ကဗျာကို ကျွန်တော်တို့ ဖတ်ခွင့်ရခဲ့ကြပါသည်။
မာယာကော့ဖ်စကီးက သရော်တတ်သည့် ဉာဉ်ကလေးရှိသူဖြစ်ရာ သူ့ကဗျာတချို့က ရိတိတိ ထေ့တေ့တေ့။ ဆိုဗီယက်ခေတ် ရုရှလူ့အဖွဲ့အစည်းက ကွန်မြူနစ်ပါတီ၏ လက်အောက်က လူ့အဖွဲ့အစည်းဖြစ်ရာ ထုံးစံအတိုင်း ဘာမှအလုပ်မဖြစ်သော အစည်းအဝေးတွေနှင့် နပန်းလုံးနေရသည့် လူ့အဖွဲ့အစည်းဖြစ်ပါသည်။ တော်ကြာနေ ဟိုနားက အစည်းအဝေးခေါ်လိုက်၊ တော်ကြာနေ သည်နားက အစည်းအဝေးခေါ်လိုက်။ ဒါကို စက်ဆုပ်ရွံရှာ အော့နှလုံးနာသည်ထင်ပါရဲ့။ မာယာကော့ဖ်စကီးက ကဗျာတစ်ပုဒ်ရေးပါသည်။
လူတွေ လူတွေ၊ တောင်ကိုသွားသူသွား၊ မြောက်ကိုသွားသူသွား၊ အရှေ့သို့ အနောက်သို့ သွားနေသူတွေကလည်း တစ်ပုံတစ်ခေါင်း၊ ဘယ်ကိုသွားနေကြတာလဲ မေးလိုက်တော့ သေသေချာချာ ပြန်ဖြေဖို့ပင် အချိန်မရကြ။ ခပ်သုတ်သုတ်လမ်းလျှောက်ရင်း ဖြေသွားကြတာက အစည်းအဝေးသွားမလို့တဲ့၊ တစ်ယောက်က မနက်ခင်း အစည်းအဝေးတစ်ခု ရှိရာကပြန်လာပြီး နေ့လယ်ခင်းမှာ နောက်အစည်းအဝေးတစ်ခု၊ ညနေခင်းမှာ နောက်အစည်းအဝေးတစ်ခု ထပ်ရှိနေသေးလို့တဲ့။ လူတချို့ကိုလှမ်းကြည့်တော့ ထူးထူးဆန်းဆန်း လူတစ်ခြမ်းပဲ့ကြီးတွေဖြစ်လို့ နေရှာသတဲ့။ မေးကြည့်တော့ ထိုလူတစ်ခြမ်းကြီးများက အစည်းအဝေးတစ်ခု သွားတက်ကြမလို့တဲ့။ နောက်ထပ်တစ်ခြမ်းက ဘယ်ရောက်နေသလဲမေးတော့ တခြားအစည်းအဝေးတစ်ခုရှိရာကို ခွဲပို့ထားရလေသတဲ့။
သြော်... ကဗျာဆရာ မာယာကော့ဖ်စကီး သူ့ကဗျာကို အဆုံးသတ်လိုက်ပုံက ရုရှနိုင်ငံမှာ အစည်းအဝေးတစ်ခု အမြန်လုပ်ပေးကြစမ်းပါတဲ့။ နောင်ဘယ်တော့မှ အစည်းအဝေးမလုပ်တော့ပါဘူးဆိုတဲ့ အစည်းအဝေးတဲ့။ ကျွန်တော်တို့ဖတ်ရင်း ပြုံးခဲ့ကြရပုံများ။
(နှစ်)
သမိုင်းပညာရပ်နယ်ပယ်၌ နေလိုလလို ထင်ရှားသည့် ဆရာကြီးတစ်ယောက် ရှိပါသည်။ ဒေါက်တာသန်းထွန်း။
၁၉၄၁ တွင် ရန်ကုန်ယူနီဗာစီတီမှ ဥပစာတန်းအောင်မြင်။ ၁၉၄၆ တွင် အရေးပေါ်ကောလိပ်မှ ၀ိဇ္ဇာဘွဲ့ရ။ ၁၉၄၇ တွင် ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရ။ ၁၉၅၂ တွင် ဥပဒေဘွဲ့ရ။ ၁၉၅၆ တွင် လန်ဒန်တက္ကသိုလ်မှ ပါရဂူဘွဲ့ရ။ ၁၉၉၀ တွင် လန်ဒန်တက္ကသိုလ်မှ စာပေပါရဂူဘွဲ့ရ။
သမိုင်းဆရာအဖြစ် အချိန်ပိုင်း နည်းပြဆရာကလေးဘ၀မှသည် ပါမောက္ခအထိ တာဝန်ထမ်းဆောင်ခဲ့ရုံမျှမက ၁၉၈၃ တွင် တိုကျိုနိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် ဧည့်ပါမောက္ခ။ ၁၉၈၇ တွင် မြောက်အီလီနွိုက်စ်တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးတွင် ဧည့်ပါမောက္ခ။ ၁၉၈၈ တွင် အမေရိကန် မြောက်အီလီနွိုက်စ်နှင့် ဂျပန် မီရှီဂန်တက္ကသိုလ်များတွင် သမိုင်းဧည့်သည်ပါမောက္ခ စသည် စသည်ဖြင့် တာဝန်ထမ်းဆောင်သွားခဲ့ရုံမျှမက ပြုစုရေးသားသွားသည့် စာတွေက အများအပြား။ ကျွန်တော့အိမ်က စာအုပ်စင်ပေါ်၌ပင်လျှင် ဆရာကြီး၏ စာအုပ်လေးဆယ်နီးပါး ရှိနေပါသည်။
ဆရာကြီးနှင့်ပတ်သက်၍ ကျွန်တော့်စိတ်ထဲ နှလုံးသားထဲ၌ ငြိနေတာကလေးတစ်ခု ရှိပါသည်။ စာတမ်းဖတ်ပွဲတစ်ခု၌ ဆရာကြီးကို သဘာပတိမိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားလိုက်သောအခါ ဆရာကြီးက တိုက်ပုံတွေဘာတွေနှင့် သပ်သပ်ရပ်ရပ်ဝတ်စားကာ စကားပြောခွက်ရှိရာဆီသို့ လျှောက်လာပါသည်။ ပြီးတော့ သဘာပတိ မိန့်ခွန်းပြောပါသည်။ နှစ်လုံးတည်း။ မင်္ဂလာပါတို့ စကားပြောခွင့်ရလို့ ကျေးဇူးတင်ပါတယ်လို့ ဘာမှမပါ။
စ,တော့ .... တဲ့။
အတိုဆုံးသော သဘာပတိမိန့်ခွန်း။ ဟုတ်ပါသည်။ စ,တော့တဲ့။ အခမ်းအနားထဲက ပရိသတ်အားလုံး ဆရာကြီးကို လေးစားချစ်ခင်စိတ်ဖြင့် သဘောကျသွားကာ လက်ခုပ်များ တဖြောင်းဖြောင်းတီးလျက် အားပေးလိုက်ကြသည်မှာ ညံမစဲ။
ဘယ်အချိန်မှာ ပြန်ပြောပြော၊ ဘယ်သူ့ကို ပြန်ပြောပြော၊ ဘယ်နေရာမှာ ပြန်ပြောပြာ သည်အကြောင်းကို ကြားသူတိုင်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ ဆရာကြီးကို ကြည်ညိုသွားကြမြဲဖြစ်ပါသည်။ သူတစ်ပါးရဲ့အချိန်ကို တန်ဖိုးထားတတ်လိုက်တာ... တဲ့။
ဟုတ်ပါသည်။ လူကြီးလူကောင်းတို့ကား ကိုယ့်အချိန်ကို ကိုယ်အကျိုးရှိရှိ အသုံးချတတ်သကဲ့သို့ သူတစ်ပါး၏အချိန်ကိုလည်း အကြောင်းမဲ့သက်သက် အရည်မရ အဖတ်မရ ဖြုန်းတီးပစ်ဖို့ကို အားနာတတ်ကြပါသည်။
နောက်တွင် ဆက်ကျင်းပမည့် အခမ်းအနားကမှ တကယ့်အခမ်းအနားဖြစ်ရာ သူ့အနေနှင့် ဘာတစ်ခွန်းမှ အပိုပြောကာ အချိန်မဖြုန်းလိုဘဲ စ,တော့ဟု ခွင့်ပေးလိုက်ခြင်းဖြင့် သွက်လက်မြန်ဆန်သွားသော အခမ်းအနားကိုကြည့်ကာ လူတိုင်းက ဆရာကြီးကို သာဓုခေါ်ကြပါသည်။
ကျက်သရေရှိကာ ခေတ်နှင့်လျော်ညီသော ဘ၀နေထိုင်မှုဟန်ပန် (Life Style)ဆိုသည်မှာ ဒါမျိုးကိုခေါ်တယ် ထင်ပါရဲ့။
(သုံး)
စင်ပေါ်၌နေရာယူကာ လူပေါင်းများစွာ၏အချိန်ကို ဖြုန်းတီးပစ်နေသော လူတို့ ရှိတတ်ပါသည်။
ဘောလုံးပွဲ အဖွင့်မိန့်ခွန်းကလေး ချီးမြှင့်ခိုင်းရာ နှစ်နာရီလောက်ပြောနေသဖြင့် မှောင်သွားသောကြောင့် ဘောလုံးပွဲကို နောက်တစ်နေ့သို့ ရွှေ့လိုက်ရသောအဖြစ် ရှိခဲ့ဖူးပါသည်။ ဟောပြောပွဲ အဖွင့်အမှာစကားလေး ပြောခိုင်းရာ တစ်နာရီနှင့်လည်းမဆင်း၊ နှစ်နာရီနှင့်လည်း မဆင်းသဖြင့် “ရပ်ပါတော့ဆရာ” ဟူသည့် စာရွက်အတိုကလေးကို ရေခွက်နှင့်အတူ တက်ပေးပြီး တောင်းပန်ခဲ့ရသောအဖြစ် ရှိခဲ့ဖူးပါသည်။ စာရေးဆရာနှစ်ဦး ဟောမည့်ပွဲ၌ ဒေသခံငါးယောက်လောက်က မိတ်ဆက်စကား၊ အဖွင့်စကား၊ ကျေးဇူးတင်စကား စာရင်းရှင်းတမ်းစကားတွေ တက်ပြောနေသည့်အဖြစ် ရှိခဲ့ဖူးပါသည်။ အစည်းအဝေးခန်းမကြီးထဲ၌ ငါးမိနစ်ပြောလျှင်ရမည့် အကြောင်းအရာကို နှစ်နာရီလောက် ပြောနေသဖြင့် နားထောင်သူ ရာဂဏန်းတို့၏ နာရီပေါင်းများစွာကို ဖြုန်းတီးပစ်နေသည့် အဖြစ်လည်း ရှိခဲ့ဖူးပါသည်။
ရုရှကဗျာဆရာ မာယာကော့ဖ်စကီးက အကြောင်းမဲ့ အချိန်ဖြုန်းသည့် အစည်းအဝေးများကို ရွံရှာစက်ဆုပ်ကာ ဘယ်တော့မှ အစည်းအဝေးမလုပ်တော့ပါဘူးဆိုသည့်
အခု... ကြည့်။
ဆရာကြီး ဒေါက်တာသန်းထွန်းက သဘာပတိအဖွင့်အမှာ စကားပြောခဲ့ပုံ။ စ,တော့တဲ့။ ကျွန်တော် သူ့လို ပြောတတ်ချင်လိုက်တာ။ လူတွေကိုလည်း သူ့လို ပြောစေ့ချင်လိုက်တာ။ စ,တော့... ဆိုတဲ့ စကားကလေးနှစ်လုံးတည်းနဲ့ ကိုယ့်နှုတ်ကိုကိုယ် ဘရိတ်ဖမ်းနိုင်လိုက်တဲ့အတွက် တစ်ယောက်ချင်းဆီက ပိုထွက်လာတဲ့အချိန်တွေဟာ ဘယ်လောက်တန်ဖိုးရှိလိုက်လေမလဲ။ အချိန်ကိုလုယက်ကာ ရုန်းကန်နေကြရတဲ့သူတွေအတွက် ဘယ်လောက် အလုပ်ဖြစ်လိုက်လေမလဲ။
စ,တော့ ... ဆိုတဲ့ ဘ၀နေနည်း ဟန်ပန်နဲ့အတူ သူတစ်ပါးအချိန်တွေကို အနုကြမ်းစီးထားမိတဲ့ အလုပ်မျိုးတွေ မလုပ်မိရလေအောင် အခုဆို အခု စ,လိုက် ကြရအောင်လား။ ။
ရေးသားသူ- မောင်သာချို
7Day News Journal
0 comments:
Post a Comment