Friday, February 15, 2013

“လေဟာပြင်ပါ အဆစ်ဝယ်ပေးပါ့မယ်”

by Soe Min on Friday, February 15, 2013 at 1:25am ·

          တချို့သောသူတွေက တစ်ပါတ်တစ်ခါ စင်္ကာပူကို ဘန်ကောက်ကို ရှော့ပင်ထွက် တယ်။ မြန်မာပြည်က ပစ္စည်းတွေကို မကြိုက်ဘူး။ ဟိုမှာပဲ သွားသွားဝယ်တယ်။ အဲလိုအဲလိုတွေ အိုဗာတင်းသောက်ကြတာ မြင်ရကြားရတာ ခဏခဏပါပဲ။ မနာလိုမရှိပါဘူး။ မုဒိတာပွားနိုင်ပါတယ်။ လူဆိုတာ သူ့ကုသိုလ်နဲ့ သူလာတာလေ။ ကိုယ်တွေက အစိုးရ၀န်ထမ်းဆိုတော့ နိုင်ငံရပ်ခြား အလည်အပတ်လမ်းသလားဖို့ဆိုတာ အိပ်မက်မက်ရင်တောင် ဆင်ဆာမလွတ်တဲ့အခန်းမဟုတ်လား။ အဲဒီအချိန်က ၁၅၇၅ိ/ ဆိုတဲ့လခနဲ့ တစ်နှစ်လုံး မစားပဲစုတောင် လေယာဉ်လက်မှတ်တစ်ကြောင်းစာမှ မရှိတာ။ လက္ခဏာဆရာတွေ ဟောထားတဲ့ နိုင်ငံခြားသွားရကိန်း ရှိတယ် ဆိုတာလည်း ယုံပါဘူး။
အသက်သာလေးဆယ်ကျော်တယ်။ အဲဒီကံ ပေါ်ကိုမပေါ်သေးပဲကိုး။ ဘူတန်သွားတဲ့အခါကျမှ လူကုန်ကူးခံရတဲ့ တောသားကလေးတွေလို မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာကြီး ကနေ လေယာဉ်ပျံပေါ်တက်ဖူးပေတော့တယ်။ ဈေးအသက်သာဆုံး ခရီးစဉ်တွေ စီစဉ်ပေးလိုက် တာမို့ နောက်ပြောင်းစီးရမယ့်လေယာဉ်လာအောင် တစ်ညလုံး သုဝဏ္ဏဘူမိလေဆိပ်ထဲမှာ စောင့်ရမတဲ့။ စိတ်မညစ်တဲ့ပြင် စူဠလိပ် ရေထဲလွှတ်သလိုတောင် ဖြစ်သွားသေးတယ်။
          ဧရာမလေဆိပ်ကြီးထဲ ခြေရာချင်းထပ်အောင် လည်ပလိုက်ပြီးတာတောင် ညက လှနေတုန်း။ သန်းခေါင်မကျော်သေးဘူး။ အတားအဆီး အစစ်အဆေးလည်းမရှိတဲ့ လေဆိပ်ထွက်ပေါက်ကနေ တက္ကစီငှားပြီး ညဈေးပို့ပေးခိုင်းတဲ့အခါ အင်မတန်စည်ကားတဲ့ ညဈေးတန်းကြီးတစ်ခုကို ရောက်သွားပြန် တယ်။ ခက်တာက အလုပ်ကမစရသေးဘူး။ လခကဘယ်တော့မှ ရမယ်မှန်းမသိသေးဘူး။ ခြေစောင့် လက်စောင့် ခြစ်ခြစ်ခြုတ်ခြုတ်ဆောင်လာတဲ့ ပိုက်ဆံကလေး မဖြစ်စလောက်နဲ့ဆိုတော့ ဘာမှ မ၀ယ်နိုင်ပါဘူး။ မြင်မြင်သမျှ သွားရည်ကျရုံပဲ တတ်နိုင်တယ်။ အာသာပြေ ဆင်ရုပ်ကလေးတွေထိုးထားတဲ့ ပိုးသားနံကထိုင်လေးတစ်ခုပဲ ၀ယ်ခဲ့တယ်။ လိုချင်တာတွေကတော့ တစ်ဈေးလုံးပေါ့။ နေနှင့်ဦးပေါ့ကွယ်။ ဘူတန်မှာ အလုပ်လုပ်ပြီး ပိုက်ပိုက်တွေ အများကြီးရတော့မှ လိုချင်တာတွေ အကုန်လျှောက်ဝယ်ပစ်မယ် လို့ တေးထားလိုက်တယ်။
          ရှစ်လလောက်ကြာတဲ့အခါ ရှောင်တခင်ခွင့်ယူလို့ ကာလကတ္တားမှာ စာမေးပွဲထွက်ဖြေရင်း ဘန်ကောက်ကို လည်ဖြစ်တော့မှပဲ ကိုယ်လုပ်ချင်တဲ့ ရှော့ပင်ထွက်ခြင်းအမှုကို အားရပါးရ ပြုနိုင်လေတော့တယ်။ မဟီဒေါမှာ ကျောင်းတက်နေတဲ့ ဖေ့စ်ဘုတ်မိတ်ဆွေကလေးက ဘန်ကောက်တမြို့လုံး ကြမ်းပိုးထိုးနည်းတွေ သင်ပေးတဲ့အပြင် ဈေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်ဆိုတဲ့ ဈေးလျှော့ရောင်းနေတဲ့ အချိန်နေရာတွေကို လမ်းညွှန်ပေးနိုင်လို့ အရာရာလျှော့ဈေးနဲ့ချည့် ၀ယ်ဖြစ်တယ်။ အဆက်အသွယ်ကောင်းတဲ့သူပီပီ နတ်လမ်းညွှန်ပေးမယ့်သူတွေလည်း မရှားတာမို့ ပက်ပုန်း၊ ခေါက်စံ၊ ပတ္တရားကိုလည်း ဗဟုသုတအလို့ငှာ ဈေးလည်ထွက်မိပြန်ပါတယ်။ မစားရ ၀ခမန်းလို့ ပြောပြော၊ မစားရ အညှော်ခံပဲဆိုဆို ၀ယ်လည်းမစား နှိုက်လည်းမမြည်းပဲနဲ့တော့ ရောဂါရစရာ အကြောင်းမရှိပါဘူးနော့။ (ဆင်သေကို ဆိတ်ရေနဲ့ ဖုံးနေတာလေ)
           တစ်နှစ်ကုန်လို့ ခွင့်ပြန်တော့ မိသားစုနဲ့လည်တဲ့အခါ ကိုယ်က လူလည်ကြီးသားသမီးဖြစ်သွားပြီ။ ဒါပေမယ့် သမီးက ဈေးဝယ်တာ စိတ်မ၀င်စားပဲ ကလေးကစားကွင်းတွေသာ သွားချင်တာမို့လို့ ဒီတခေါက်တော့ သူနဲ့ သူငယ်ပြန်ရတာပေါ့။ နောက်ကို အပြင်ပြန်ထွက်လို့ရတော့မှာ မဟုတ်ဘူး ဆိုတဲ့အသိစိတ်နဲ့ အလုပ်စာချုပ်နှစ်စေ့လို့ အိမ်ပြန်တဲ့အခါ စိတ်တိုင်းကျ ဈေးဝယ်ခြင်းအမှုကို ပြုရလေတော့တယ်။ လိုချင်တာတွေလည်းအများကြီး၊ လက်ဆောင်ပေးရမှာတွေလည်း အများကြီး၊ ပစ္စည်းပစ္စယတွေ သိမ်းလာရတာကလည်း မနည်းဆိုတော့ ပေါင်ပိုကြေးနဲ့တင် မွဲရချည်ရဲ့ဆို အတင်းဝိတ်တွေ ပြန်ပြန်လျှော့ယူရတယ်။ တန်တယ်မတန်တယ်ဆိုတာ ခေါင်းထဲမှာ မရှိတော့ဘူး။ 50% Discount လောက်ဆို ကြိုက်တာရွေးမိနေပြီ။ 30% ထဲကဆို တော်တော်ကြီးကြိုက်မှ ၀ယ်တယ်။ Discount မပါရင် မျက်စောင်းကိုထိုးမကြည့်ဘူး။ တော်တော်ကြာ ကြိုက်မိသွားမှ အခက်။ ဈေးဆစ်ပြီးဝယ်ရတဲ့ဆိုင်ဆို တော်ရုံတန်ရုံ မ၀ယ်ဘူး။ ကိုယ်ကလူစိမ်းဆိုတော့ သူတို့တင်ရိုက်သမျှ ခံရမှာစိုးလို့။
            ထူးထူးခြားခြား သတိထားမိတာတစ်ခုကတော့ Duty free ဆိုတဲ့ဆိုင်တွေဟာ တစ်ကယ်တမ်းကျတော့ အပြင်ထက် ဈေးပိုကြီးချင် ကြီးနေတတ်တယ် လို့ သိသွားတယ်။ ဆေးလိပ်နဲ့ အရက်ကလွဲရင်ပေါ့။ ဒါပေမယ့် ၀ယ်တော့ဝယ်ဖြစ်တာပါပဲ။ လေယာဉ်ပေါ်တက်ခါနီးမှာ အိပ်ထဲကျန်သမျှ ပိုက်ဆံအရွက်သေးတွေကို ပစ္စည်းတစ်ခုခုအဖြစ် ပြန်သယ်သွားချင်တာကိုး။ ကိုယ့်ဆီမှာက အနွမ်းလည်းမယူ၊ အကြွေလည်းမ၀ယ်၊ မဟုတ်လား။ ရန်ကုန်မှာဝယ်တဲ့ဈေးနဲ့ ပြန်တွက်ကြည့်မှ တော်တော်ဆော်ထားမှန်းသိတယ်။ ဂျူတီများ မဖရီးရင် သေရချည်ရဲ့။ အိန္ဒိယမှာဈေးဝယ်ရတာ၊ စင်္ကာပူမှာဈေးဝယ်ရတာထက်စာရင် ဘန်ကောက်မှာ ဈေးဝယ်ရတာ တော်တော် စိတ်ချမ်းသာစရာကောင်းပါတယ်။ ကုန်ပစ္စည်းအရည်အသွေးကတော့ ဟိုဟာတွေကို မမီဘူး။ ဘန်ကောက် ရှိုးရွမ်းမှာဝယ်တဲ့ ဆိုနီအယ်ရစ်ဆန်ကြီးက လောက်ကိုင်မှာဝယ်တဲ့ ဆမ်ဆောင်းဆလိုက်ပြားကလေးလောက်တောင် မကောင်းဘူး။ ဈေးကသာ ပိုကြီးတာ။ ကိုယ့်ပစ္စည်းကိုယ်ပြောတာနော်။ တော်တော်ကြာ ကုမ္ပဏီက တရားလာစွဲနေဦးမယ်။ တကယ်တော့ လူဆိုတာ ကိုယ်နဲ့တန်ရာတန်ရာပဲလေ။ ဟွာဝေးလေးတွေလောက်ဆို တော်ရောပေါ့။ ပေါပေါပဲပဲ ပွတ်လို့ရတယ်။
ဒါပေမယ့် ဘန်ကောက်ကဈေးသည်လေးတွေက ဟိုးတုန်းက ဈေးချိုသူလေးတွေလိုပဲ။ အများအားဖြင့် ဖော်ရွေတယ်။ ၀ယ်ဝယ် မ၀ယ်ဝယ် စိတ်ချမ်းသာအောင် ဆက်ဆံတယ်။ စလုံးမှာလို မာရေကြောရေ မရောင်းဘူး။ တွန်းတွန်းတိုက်တိုက် ခလုတ်တိုက်နေကြတဲ့ လူအုပ်ချင်းအတူတူ စလုံးမှာတော့ ယောက္ခမအိမ်တက် သားမက်မျက်နှာငယ်ဘ၀၊ ဘယ်သူကမှ ကိုယ့် စေ့စေ့တောင် မကြည့်ဘူး။ သူ့အာရုံတွေနဲ့သူ။ ယပက်လက်တွေကျတော့ အထာကိုညက်လို့။ ဘရာသာရေဇေပါတယ် ငွေသာအရင် မစပါပဲ။ ဒါကြောင့် ဘန်ကောက်မှာဈေးဝယ်ရတာ ဘာပဲပြောပြော စိတ်ချမ်းသာတယ်။ ကိုယ့်ဆီမှာရော အဲသလိုမျိုး စိတ်ချမ်းသာလက်ချမ်းသာ ဈေးဝယ်ဖူးသလားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ငယ်ငယ်က ကိုယ်အမြဲဝယ်နေကျ ဈေးကလေးတစ်ခုကို သတိရသွားမိပါတယ်။ အဲဒါကတော့ ရေကျော်ဈေးပါ။ မိုးကြိုးတွေတော့ အတောင့်လိုက်ပစ်ကုန်တော့မှာပဲ။ မနှိုင်းကောင်းနှိုင်းကောင်း။
          ကလေးဘ၀တုန်းက မနက်လင်း အိပ်ယာထတိုင်းအဖွားလုပ်သူက သနပ်ခါးလိမ်း။ ဘုရားရှိခိုးပြီးတာနဲ့ သူ့မြေးလေးကိုနှိုးပြီး ဈေးသွားပါတယ်။ မြေးအဖွားနှစ်ယောက် မနက်ဘရိတ်ဖတ်ဆိုတာ ဈေးထဲမှာစားနေကျဆိုတော့ သည်ကလည်း မလိုက်မရှိပါဘူး။ ဈေးခြင်းထောင်းကလေး နောက်ကဆွဲပြီးလိုက်တာပေါ့။ နေ့တိုင်းလာနေကျဆိုတော့ တစ်ဈေးလုံး မသိသူမရှိသလို ဘယ်ဆိုင်က အလေးမမှန်ဘူး။ ဘယ်ဆိုင်က ဈေးမမှန်ဘူး ဆိုတာ လူမပြောနဲ့ ခြေထောက်ကတောင် အလိုလို သိနေတယ်။ အသားတန်းငါးတန်း တစ်ချက်လျှောက်လိုက်ရင် ဒီနေ့ ဘယ်အသားငါးလတ်တယ် ဘာတွေရှားရှားပါးပါးရတယ် လို့ ခွပ်ကနဲဓါတ်သွားပြီ။ ရေထိုးတာ ဆေးဆိုးတာ၊ အလေးခိုးတာ၊ ဘယ်ဟာမှ သူ့ကိုနှပ်ချလို့မရဘူး။ ငါးဖယ်ခြစ်ထဲ ငါးပုတ်သင်ရောထားရင်တောင် မြင်တာနဲ့သိတယ်။ ကြက်ဇလုပ်ထဲ ဆန်ကွဲသိပ်ထားတာ၊ ပုဇွန်ခေါင်းထဲ ခဲထည့်ထားတာလာမလုပ်လေနဲ့။ သူ့မျက်စိနဲ့ မှန်းကြည့်လိုက်ရင် သမာဓိချိန်ခွင်ထက် တိကျတယ်။ ဈေးဝယ်သက်က အနှစ်ခြောက်ဆယ်ကျော်မှပဲကိုး။ အတွက်အချက်ကျတော့ ကယ်ကူလေတာ မလိုဘူးဗျ။ အဖွားတွက်တဲ့ ဈေးတွက်နည်းဆိုတာ ကိုယ်တွေ အလယ်တန်းရောက်မှ သင်္ချာမှာ သင်ယူရတာ။ စကားမဆုံးခင် အဖြေထွက်တယ်။ ချက်စရာ အသားတစ်မယ်နှစ်မယ်ရရင် ဟင်းစပ်တွဲဖို့ ဟင်းရွက်တန်းကိုရောက်ကြပြန်တယ်။ ခုခေတ်လူတွေ တွဲဘက်၍မစားသင့်သော အစားအစာများဆို ပိုစတာထုတ်ယူရတာ အဖွားသိရင်တော့ ရယ်မှာပဲ။ သူက တွဲဘက်၍ရသော ဟင်းစပ်များ တန်းစီပြလိုက်ရင် ဦးကြီးပုစာအုပ်ထက်တောင် ထူဦးမှာ။ ဒါပြီးရင် မုန့်စားပွဲကြီး ရောက်ပြီဗျာ။ ဒီအခန်းရောက်ဖို့ ဈေးခြင်းတောင်းကိုင်လာတာဆိုတော့ စောင့်ခဲ့ရတာ ကြာပေါ့။ မြန်မာမုန့်ပဲသွားရည်စာတွေဆိုတာ စုံလည်းစုံ၊ ဈေးလည်းပေါ၊ တစ်မတ် ငါးမူးရယ်။
           တခါတလေတော့လည်း အထည်ဆိုင်တန်းဘက်လျှောက်ပြီး ပုဆိုးလေး အင်္ကျီလေး ၀ယ်ဆင်လေ့ရှိတယ်။ သူကြိုက်တာတွေ့လည်း ၀ယ်ဝတ်တယ်။ ပိုက်ဆံကတော့ ဈေးလာတိုင်း နည်းနည်းစီခွဲပေးတယ်။ လုံးကနဲခဲကနဲလည်း မကုန်ဘူး။ နေ့တိုင်းလည်း ဆိုင်ရောက်ပြီး ဟိုရွေးသည်ကြည့် ကြည့်နိုင်တယ်။ ဒါတွေပြီးရုံနဲ့ Mission Accomplished လို့ မပြောနိုင်သေးဘူးဗျ။ အဖွားက ဈေးထဲလာတာ တခြား function တစ်ခုရှိသေးတယ်။ ပေတစ်ရာလျှောက်ပြီး မြင်သလောက်ပြဖို့လေ။ ကိုယ့်အိမ်က အမအပျိုတွေကို တင်မိုးလွင်ကြီး Talent and Model သင်တန်းပေးသလို ၀တ်ပုံစားပုံ၊ သွားပုံလာပုံ၊ နေပုံထိုင်ပုံတွေ သွန်သင်ရင်း သမီးမယ်ထွေးဈေးတင်ဖို့ လုပ်တဲ့အချိန်။ မနက်လင်းလို့ မျက်နှာသနပ်ခါးမရှိ။ ခေါင်းစုပ်ဖွားနဲ့ဆို ဆူလိုက်ပြောလိုက်တာ ရစရာမရှိဘူး။ သူကိုယ်တိုင်က လှလှပပ သနပ်ခါးအဖွေးသားနေတတ်သလို မြေးအပျိုတွေကို နောက်ကဈေးခြင်းတောင်းကိုင်လိုက်ခိုင်းပြီး ဈေးထဲကို ခေါင်းကလေးမော့လို့ ၀င်တတ်တယ်။ နောက်တော့ မြေးလူပျိုလေးအလှည့် ရောက်လာပြန်တာပေါ့။ သူ့မြေးလေး ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့ကဆို ရေကျော်ဈေးထဲ သုံးခေါက်လောက် လျှောက်တယ်။ ဘယ်သူ့မှ လိုက်မကြွားပါဘူး။ သူများတွေ မေးလေးငေါ့ငေါ့ပြီး ပြောတာကလေးကို ငါးသလောက်ပြုံးကလေးနဲ့ မကြားချင်ယောင်ဆောင်ပြီး နားစွင့်တာ။ အဖွားမြေးလေး ဘယ့်နှယ်လဲ လို့ မေးတဲ့ဆိုင်မှန်သမျှ ၀ယ်တယ်။ လက်စသတ်တော့ ရေကျော်ဈေးဆိုတာ သူ့ရဲ့ဆိုရှယ်နက်ဝပ်ခ်ကြီးလည်း ဖြစ်ပေတာကိုး။ (ခုနေများ ရှိသေးရင် ချက်ထားတဲ့ဟင်းတွေ ဓါတ်ပုံရိုက်ပြီးများ တင်မလား မသိဘူး)။ အဲဒါကြောင့် အဖွားဟာ မနက်လင်းလာရင် ဈေးသွားတဲ့ဝတ်ကို တော်ရုံနဲ့ မပျက်စေရဘူး။ နေထိုင်မကောင်းဖြစ်ရင်တောင် နာလန်ထတာနဲ့ သနပ်ခါးဖွေးနေအောင်လိမ်းပြီး ဈေးသွားဖို့ ပြင်တယ်။ ဆုံးမယ့်မနက်ကတောင် ဘုရားရှိခိုးပြီး ဈေးသွားဖို့ သနပ်ခါးလိမ်းရင်း ကျောက်ပြင်ရှေ့မှာ နှလုံးသွေးရပ်တယ်။
         ကိုယ်ကိုယ်တိုင် အသက်ကြီးလာတဲ့အခါကျတော့ ဈေးတကာ့ဈေး ဆိုင်တကာဆိုင် စုံနေအောင် ၀ယ်ဖူးသွားပြီ။ ကိုယ့်အတွက်တင်မဟုတ်ဘူး။ အမေ့အတွက်၊ နှမတွေအတွက်၊ မိန်းမ နဲ့ သမီးအတွက် ကိုယ့်ပိုက်ဆံအိပ်ပါးပါးကလေးနဲ့ ချင့်ချိန်ပြီး လိုချင်တာလိုက်ရှာဝယ်ဖူးတယ်။ အခုဆို ရန်ကုန်မှာလည်း အဆင့်မြင့် ရှော့ပင်းမောလ်ကြီးတွေ အပြိုင်အဆိုင်ပေါ်လာပြီ။ ငယ်ငယ်တုန်းက အဖွားဈေးဝယ်သလို ပစ္စည်းမှန် စှေးမှန်ဆိုတဲ့စံနစ်မျိုးတော့ မရှိတော့ဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်ပဲ။ မုန့်ဟင်းခါးတစ်ပွဲကို သုံးရာရောင်းတဲ့ဆိုင်ရှိသလို တစ်ထောင်ရောင်းတဲ့ဆိုင်လည်းရှိတယ်။
လေးငါးခြောက်ထောင် ရောင်းတဲ့ဆိုင်လည်း ရှိတယ်။ အရသာတော့ ကွာလှလို့ မဟုတ်ဘူး။ ကြိုက်မှစား။ မကြိုက်မစားနဲ့။ ဘေးဖယ်။ စားမယ့်သူတွေ ပုံလို့။ မုန့်ဟင်းခါးရဲ့ အရသာနဲ့တန်ဖိုးကိုရောင်းတာ မဟုတ်ဘူး။ စားတဲ့သူရဲ့တန်ဖိုးကို ရောင်းနေတာ။ ကိုယ်က သုံးရာတန်ဆို သုံးရာတန်ဆိုင်မှာပဲ သွားစားချေ။ ဒီက သုံးထောင်တန်တွေ လာစားတဲ့ဈေးသည်။ အရင်းစကားလာမပြောနဲ့။ အဲသလိုမျိုး ဖြစ်ကုန်ပြီ။ ဒီအခါမှာ ဈေးဝယ်တိုင်းဝယ်တိုင်း တန်ရဲ့လားဆိုတာ ဘယ်တော့မှ မတွေးနဲ့တော့။ ကြိုက်သလား။ အိပ်ထဲပါတဲ့ ပိုက်ဆံနဲ့ လောက်သလား။ ၀ယ်လိုက်။ နောက်တခါ ပြန်လာရှာလည်း ရှိချင်မှရှိတယ်။ ပိုက်ဆံများများပေးရင် အရည်အသွေးကောင်းကောင်းရမယ်လည်း ထင်မနေနဲ့။ ရေကျော်ဈေးထဲက အဖွားချုပ်ပေးခဲ့တဲ့ ငယ်ငယ်က အင်္ကျီကလေးတွေထက် မနှစ်တုန်းက MK Fashion shop က မိန်းမ၀ယ်ပေးတဲ့ Harard အင်္ကျီက အရင်စုတ်ချင်စုတ်တယ်။ မီးပူတိုက်လို့လည်း မရဘူး။ အမြဲတမ်းကြေပြီး ဘိုသီဘတ်သီနဲ့။ (အကြေသား မဟုတ်ပါ) နောက်တော့လည်း သဘောပေါက်သွားပါတယ်။ မတန်ဘူးဆိုတာ မရှိဘူး။ ကုန်ပစ္စည်းတန်ဖိုးကိုပေးဝယ်တာမှ မဟုတ်တာ၊ ဒါ စားသုံးသူရဲ့တန်ဖိုးကို ပေးဝယ်နေတာ။ ဖြစ်မှဖြစ်ရလေ။ ကိုယ့်တန်ဖိုးကို သူများဆီက ပိုက်ဆံပေးပြီး ပြန်ဝယ်နေရတဲ့ဘ၀။
          နောက်ဆုံးတော့ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ဈေးဆိုင်တန်းကြီးတွေမှာ ဘယ်လိုပဲ အဖိုးထိုက်အဖိုးတန် ပစ္စည်းတွေကို ငွေထုပ်ကြီးပိုက်ပြီး (ခရက်ဒစ်ကဒ်မှ သုံးမရသေးတာ၊ ဂုံနီအိတ်နဲ့မသယ်ရ ကံကောင်း) လိုက်ဝယ်နေသော်ငြားလည်း ငယ်ငယ်တုန်းက အဖွားနဲ့ ရေကျော်ဈေးထဲ မနက်ခင်း ပတ်ရတဲ့အရသာလောက် ဘယ်ဟာမှ စိတ်ချမ်းသာစရာ၊ လွမ်းမောတသစရာ ကောင်းတာ မရှိဘူး မှတ်တယ်ဗျာ။ ချောကလက်လည်းကောင်းပါတယ်။ ပီဇာလည်းကောင်းပါတယ်။ KFC လည်းကြိုက်ပါတယ်။ မုန့်ပျားသလက်နဲ့တော့ မလဲနိုင်ပေါင် ဆရာ။ (ဒါထက် စကားမစပ်၊ ရေကျော်ဈေးကလေးကတော့ အထပ်မြင့်ဈေးကြီးဆောက်တော့မလို့ ဖယ်ပေးရတော့မယ် လို့ ကြားမိသဗျား)။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...