Tuesday, February 5, 2013

သွေးချင်းအစစ် နို့သစ္စာတည်

by ပြည်သူ့ဟစ်တိုင် on Tuesday, February 5, 2013 at 6:54pm ·


          မထင်မှတ်တဲ့ အဖြစ်ကလေး တွေ့ရ၊ မြင်ရရင် တစ်ခါတစ်လေမှာ သိပ်ကို ၀မ်းသာမိတယ်။ ဂုဏ်ယူ စရာလေးတွေလည်း ဖြစ်လာတယ်။ အထူးသဖြင့်တော့ ထင်မှတ်မထားတာမျိုး တွေ့မြင်လိုက်ရတဲ့ အခါမှာ သိပ်ကို အံ့သြမိတာပါပဲ။

          ကျွန်တော် အောင်မင်္ဂလာအဝေးပြေးကို လာဖို့ အင်းစိန်ပန်းခြံကနေ ၄၅ ကားကြီးကို စီးလာတယ်။ ကားပေါ်မှာ ရခိုင်အမျိုးသမီးကြီး နှစ်ဦး ၊ အမျိုးသားတစ်ဦးနဲ့ လသားအရွယ် ကလေးလေးတစ်ယောက် ပါလာ တယ်။ ကလေးက ကားပေါ်စတက်လာကတည်းက အူတက်မတတ် ငိုနေတယ်။ ကားပေါ်က ပါလာသူအားလုံး ကလည်း ကလေးအတွက် စိတ်မကောင်းဖြစ်နေကြတယ်။ စိတ်မကောင်းပေမယ့်လည်း ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဘယ်လို ကူညီလို့ ကူညီရမှန်းလည်း မသိကြဘူး။ အားလုံးကတော့ ကလေးအပေါ်မှာပဲ အာရုံရောက်နေကြ တယ်။ ဘယ်လိုမှ ချော့မရလောက်အောင်ကို အရွယ်နဲ့ မလိုက်အောင် ငိုနေတာ ဖြစ်တဲ့အတွက် အသနား ပိုမိ ကြတာပါ။
          ခရေပင်လမ်းကွဲလောက်ကို ရောက်တဲ့အခါမှာ ခပ်ရွယ်ရွယ် ကရင်အမျိုးသမီးတစ်ဦး ကားပေါ်တက်လာ တယ်။ ငိုနေတဲ့ကလေးငယ်က အခုထိ အရှိန်မသေသေးဘူး။ ကားပေါ်တက်လာတဲ့ ကရင်အမျိုးသမီးကလည်း ကလေးမိခင်ဖြစ်ဟန်တူပါတယ်။ ကလေးချီထားတဲ့ ရခိုင်အမျိုးသားကြီးကို ဦးလေး ကလေးက ဘာဖြစ်လို့လည်း ဗိုက်စာနေလို့လားလို့ မေးတယ်။ ရခိုင်အမျိုးသားကြီးလည်း အသံဝဲ၀ဲနဲ့ ဟုတ်တယ်။ သူ့အမေက ကားဂိတ်မှာ စောင့်နေတယ်။ ကလေးက နို့မစို့ရလို့ ငိုနေတာလို့ ပြောတယ်။ အဲဒါဆို ကလေးပေးပါ ဆိုပြီး ကားပေါ်မှာ နို့လှန်ပြီး ကလေးကို နို့တိုက်ပါတော့တယ်။
          ကလေးငယ်နို့ဘယ်လောက်ဆာလောင်နေလဲ ဆိုတာ အထင်းသား ပေါ်လွင်တယ်။ ကရင်အမျိုးသမီး ရဲ့ နို့ကို စို့မိတယ်ဆိုရင်ပဲ ငိုသံလုံးဝပျောက်သွားပြီ အငမ်းမရစိုတော့တယ်။ အဲဒီတော့မှပဲ အားလုံးလည်း စိတ်သက်သာရာ ရတော့တယ်။ သိပ်ကို အံ့သြမိတာပါပဲဗျာ။ ခရေပင်လမ်းကွဲကနေ စပြီး နို့စို့လာတဲ့ကလေး ဟာ နို့ကို မချွတ်တမ်းစို့နေတော့ ကရင်အမျိုးသမီး နို့ချွတ်ပြီး ကလေးကို ပြန်ပေးဖို့ အားနာတယ်။ သူမှာလည်း ကလေးငယ်ငယ်နဲ့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း သားသမီးချင်းကိုယ်ချင်းစာစိတ်နဲ့ ကလေးအပေါ်ကူညီ ပေးတာပေါ့။
          ကရင်အမျိုးသမီးက (၃)လမ်းဆုံးမှာ ဆင်းမယ်လို့ ပြောတယ်။ ကလေးကို နို့ချွတ်ကြည့်မယ်။ ရရင် လည်း ဆင်းတော့မယ်။ ကလေးဆက်ငိုနေမယ်ဆိုရင်တော့ ကလေးအမေဆီ ရောက်တဲ့အထိ ကားဝင်းထဲထိ လိုက်တိုက်ပေးပါမယ်လို့ ပြောတယ်။ မိခင်စိတ်ဓာတ်ကို လေးစားမိသလို ကိုယ်ဝမ်းနဲ့ လွယ်မမွေးရပေသည့် သားသမီးချင်း စာနာစိတ်ဟာ အမျိုးသားရေး စိတ်ထားတစ်ရပ်ပဲ။
          ကလေးကို နို့ချွတ်ကြည့်လိုက်တော့ ကလေးက ဆက်မငိုတော့တဲ့အတွက် ကရင်အမျိုးသမီးလည်း ကားပေါ်က ဆင်းသွားပါတော့တယ်။ သူသာ မပါရင် အငိုလွန်ပြီး ကလေးဘယ်လိုအဖြစ်မျိုးရောက်မယ်ဆိုတာ ကို ကျွန်တော် မတွေးတတ်အောင်ပါပဲ။ ဒီလိုအဖြစ်မျိုးလေးတွေ မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဟာ အချင်းချင်း အရေးကြုံလာတဲ့အခါမှာ ကူညီလို့ ကူညီလိုက်ရမှန်း မသိ ရိုင်းပင်း ကူညီစိတ် တွေရှိကြတာပဲလို့ ယုံကြည်လိုက်မိပါတယ်။
          ကျွန်တော် မြင်ရတွေ့ရတဲ့ မြင်ကွင်းကို သွေးချင်းအစစ် နို့သစ္စာတည် လို့ တင်စားလိုက်တာပါ။ ကရင် ဖြစ်စေ။ ရခိုင်ဖြစ်စေ။ ဗမာဖြစ်စေ။ မွန်ဖြစ်စေ တို့တွေအားလုံးဟာ တစ်မြေတည်းမှာနေတယ်။ တစ်စိတ်တစ်ဝမ်း တည်းရှိနေကြတယ်။ ဒီလိုစိတ်ထားတွေနဲ့ ကိုယ်ကျိုးမဖတ်တဲ့ ရိုးသားပွင့်လင်းမှုတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်း မှာ အနိုင်ကျင့်အမြတ်ထုတ် ၊ အမျိုးဖြုတ်ဖို့ ကြိုးစားနေသူတွေကို ပူးပေါင်းအင်အားနဲ့ ကာကွယ်သွားနိုင်ကြစေဖို့ စိတ်ကူးရည်မျှော် မိပါတယ်။

နောင်တော်လေး (ဘိုကလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...